Switch Mode

Chapter – 201

အခန်း (၂၀၁) ကောင်းကင်ရုံးတော်၏ အုတ်မြစ်၊ စွမ်းအားကြီးရန်သူ၏ တိုက်ခိုက်မှု
ဟန်ကျွယ်ဟာ ကျန်းကူရှင်းရှေ့ကလူကို မနေနိုင်ဘဲ သေချာကြည့်လိုက်ပေမဲ့ ငွေရောင်အရိပ်တစ်ရိပ်ကိုသာ မြင်ရပြီး မျက်နှာကို ရှင်းရှင်းလင်းလင်း မတွေ့ရပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း ဆန်းကြယ်အမတဖြစ်တာကြောင့် နတ်အာရုံနဲ့ စစ်ဆေးလိုက်တဲ့အခါ တစ်ဖက်လူရဲ့ ပုံရိပ်ကို သေချာမြင်တွေ့လိုက်ရပါတယ်။
ဒီလူဟာ အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးမှာ ဓားတစ်လက် ချိတ်ဆွဲထားပါတယ်။ နောက်ပြီး ဟန်ကျွယ်လိုပဲ တော်တော်ချောမောပါတယ်။ အသက်သုံးထောင်တည်းနဲ့ မဟာညီညွှတ်မှု အမတစစ်ဖြစ်လာတဲ့အတွက် အထင်ကြီးထိုက်စရာပါ။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ချီးကျူးလိုက်ပြီး လက်သီးဆုပ်ပြီး နှုတ်ဆက်လိုက်ပါတယ် “ကျုပ်က ဟန်ကျွယ်ပါ၊ တွေ့ရတာ ဝမ်းသာပါတယ် တာအိုရောင်းရင်း”
ငွေရောင်ရုပ်သွင်ကလည်း လက်သီးဆုပ်ပြီး ပြန်နှုတ်ဆက်ပါတယ် “ရှန်နန်းတော်က ကျူကျန်းပါ”
‘ကျူကျန်း… နာမည်ကောင်းသားပဲ’
ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ ကျူကျန်းရဲ့ ခံစားချက်မရှိတဲ့ အမှုအရာကြောင့် ဘာဆက်ပြောရမှန်း မသိတော့ပါဘူး။
ကျန်းကူရှင်းက အပြုံးနဲ့ မေးလိုက်ပါတယ် “မက်မွန်သီးပွဲတော်က စတော့မယ်၊ မင်းအရည်အချင်းနဲ့ဆိုရင် ကောင်းကင်ရုံးတော်က ကျိန်းသေပေါက် ဖိတ်စာပို့မှာပါ… ဟုတ်တယ်မလား”
“ကျွန်တော်က ပြဿနာတွေကို ကြောက်တယ်လေ၊ အဲဒီတော့ ကိုယ့်နေရာမှာပဲ အေးဆေးနေပြီး ကျင့်ကြံအားထုတ်တာ ပိုကောင်းတယ်”
ကျူကျန်းက ပြုံးပြီး ပြောလိုက်ပါတယ် “ခင်ဗျားပြောတာ အမှန်ပဲ၊ မက်မွန်သီးပွဲတော်မှာ ကျုပ်တို့ ရှန်နန်းတော်ရဲ့ ဓားနတ်ဧကရာဇ်က လူတိုင်းရဲ့အာရုံကို သိမ်းပိုက်လိမ့်မယ်၊ ကောင်းကင်ရုံးတော်က ဘယ်သူမှ သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး”
‘တကယ်ကြီးလား… ကြည့်ရတာ ရှန်နန်းတော်က အခွင့်အရေးယူပြီး အစွမ်းပြချင်နေပုံပဲ’
ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်အတွက် နည်းနည်းတောင် မစိုးရိမ်ပါဘူး။ ကောင်းကင်ဧကရာဇ်က ရှန်နန်းတော်ကို မက်မွန်သီးပွဲတော်လို ကြီးကျယ်ခမ်းနားတဲ့ ပွဲတော်တစ်ခုတက်ဖို့ ဖိတ်ခေါ်ရဲတာ ကျိန်းသေပေါက် ယုံကြည်ချက်အပြည့်ရှိလို့ပါ။
“စီနီယာ… ကျွန်တော် အရင်သွားတော့မယ်”
ကျူကျန်းဟာ ကျန်းကူရှင်းကို ဦးညွှတ်ပြီး ထွက်ခွာသွားပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် ရှန်နန်းတော်မှာ ကျန်းကူရှင်းရဲ့ အဆင့်အတန်းက အရမ်းမြင့်မားတယ်ဆိုတာကို သိနိုင်ပါတယ်။ ရှန်နန်းတော်ကနေ ထွက်လာတာတောင် ရှန်နန်းတော်ရဲ့ ပါရမီရှင်တွေ လေးစားတာကို ခံရတုန်းပါပဲ။
ဟန်ကျွယ်ဟာ ကျူကျန်းကို မကြိုက်ပါဘူး။ ဒါကလည်း မထူးဆန်းပါဘူး။ ကျူကျန်းကမှ သူနဲ့ မိတ်ဆွေဖြစ်ဖို့ စိတ်မဝင်စားတော့ ဟန်ကျွယ်ကလည်း လေကုန်ခံပြီး မိတ်ဖွဲ့မနေပါဘူး။ ဘာပဲဖြစ်ဖြစ် ရန်သူမဖြစ်ရင် ပြီးတာပါပဲ။
ကျူကျန်း ပျောက်ကွယ်သွားတဲ့အခါမှာတော့ ကျန်းကူရှင်းက ပြုံးပြီး ပြောလိုက်ပါတယ် “ရှန်နန်းတော်ရဲ့ လူငယ်တွေက မင်းလိုပဲ၊ တစ်ချိန်လုံး ကျင့်ကြံနေကြတာဆိုတော့ လူမှုရေး သိပ်နားမလည်ကြဘူး”
ဟန်ကျွယ်ဟာ ခေါင်းညိတ်ပြီး ပြုံးလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ကျွန်တော်က အဲဒီလောက်ထိ စိတ်သဘောထား မသေးသိမ်ပါဘူး”
ဟန်ကျွယ်ဟာ စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “စီနီယာ… ကောင်းကင်ဧကရာဇ်နဲ့ ရှန်စစ်သူကြီးရဲ့ ဆက်ဆံရေးကို စီနီယာသိလား”
“မင်းက သူတို့နဲ့တောင် ဒီလောက်မြန်မြန် သိလာပြီလား၊ ကောင်းကင်ဧကရာဇ်နဲ့ ရှန်စစ်သူကြီးက ဆက်ဆံရေးမကောင်းဘူးလို့ ကောလဟာလတွေ ရှိတာတော့ အမှန်ပဲ၊ ရှန်စစ်သူကြီးက သူ့ကိုယ်သူ အမြင့်ကြီးတွေးတယ်၊ သူ ကြီးပြင်းလာတော့ ကောင်းကင်ဧကရာဇ်ရဲ့ ဆုံးဖြတ်ချက်အများကြီးကို သဘောမကျဘူး၊ နောက်ပြီး သူက ကောင်းကင်ရုံးတော်အတွက် အကျိုးထူးအများကြီး ဆောင်ခဲ့တော့ ကောင်းကင်ဧကရာဇ်ထက် နာမည်ကြီးပြီး အင်အားစုအသီးသီးရဲ့ အာရုံစိုက်ခြင်းကို ခံရတယ်လေ၊ ဒါပေမဲ့ ဒါတွေအားလုံးက ကောလဟာလတွေပဲ၊ နောက်ဆုံး အမြစ်စစ်လိုက်ရင် ရှန်စစ်သူကြီးကို ကောင်းကင်ရုံးတော်က ပိုင်ဆိုင်ထားတုန်းပဲ”
“မင်း တကယ်ပဲ ကောင်းကင်ရုံးတော်ထဲ ဝင်မယ်ဆိုရင် သူတို့ရဲ့ဆက်ဆံရေးကို မခန့်မှန်းနဲ့၊ သူတို့နှစ်ယောက် ဆက်ဆံရေးကို သူတို့နှစ်ယောက်ကိုယ်တိုင်ပဲ သိလိမ့်မယ်၊ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ရှန်စစ်သူကြီးက ကောင်းကင်ဧကရာဇ်စကားကိုပဲ နားထောင်တယ်”
ဟန်ကျွယ်ဟာ ကျန်းကူရှင်းနဲ့ အမြင်တူတာကြောင့် ခေါင်းညိတ်ပြီး သဘောတူလိုက်ပါတယ်။
ဧကရာဇ်စိတ်ကို မှန်းလို့မရဘူးဆိုတာ အလကားစကား မဟုတ်ပါဘူး။
ဟန်ကျွယ်နဲ့ ကျန်းကူရှင်းဟာ နောက်ထပ်နည်းနည်း စကားပြောပြီးမှ လူခွဲလိုက်ကြပါတယ်။
နောက်ထပ်နှစ်တွေမှာလည်း ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ကို အကြိမ်တော်တော်များများ ရောက်လာပါတယ်။
ဒီအဖြစ်ကြောင့် ကျန်းကူးရှင်းဟာ သက်ပြင်းချလိုက်ပါတယ်။
‘ဓားတာအိုမြစ်ကို စောင့်ကြပ်သူက ဘယ်သူလဲ၊ ဒီကောင်လေးက ဓားတာအိုမြစ်ကို သူ့အိမ်လို သဘောထားနေပါရောလား’
အချိန်အတော်ကြာ ယူပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ သူ့ဓားတာအိုကို အဆုံးစွန်ထိ တိုးမြှင့်လိုက်ပါတယ်။ ဒီအချိန်မှာ ဟန်ကျွယ် ရှာတွေ့သွားတာတစ်ခုက ကောင်းကင်ဓားတာအိုကို နောက်ထပ်စွမ်းအားကြီးအောင် လုပ်လို့မရဘူးဆိုတာပါပဲ။ ကောင်းကင်ဓားတာအိုက ကန့်သတ်စည်းကို ရောက်နေပါပြီ။ ဒီဓားတာအိုကို တီထွင်ဖန်တီးခဲ့တဲ့လူက တော်တော်ကို စွမ်းအားကြီးမှာပဲလို ဟန်ကျွယ် တွေးလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ မက်မွန်သီးတစ်လုံး ထုတ်ပြီး ကိုက်စားလိုက်ပါတယ်။ မက်မွန်သီးဟာ ဟန်ကျွယ် ပါးစပ်ထဲရောက်တာနဲ့ အရည်ပျော်ကျသွားပြီး ထူထပ်သိပ်သည်းလှတဲ့ အမတချီအသွင် ပြောင်းလဲသွားပါတယ်။ ဟန်ကျွယ်ဟာ သူ့ဝိညာဉ်စွမ်းအားကို လှည့်ပတ်ပြီး ဒီများပြားလှတဲ့ အမတချီကို သန့်စင်ပါတယ်။
လေးငါးဆယ်ရက် အကြာမှာတော့ ဟန်ကျွယ်ဟာ မက်မွန်သီးမှာပါတဲ့ အမတချီတွေကို သန့်စင်လို့ ပြီးသွားပါတယ်။
ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်းအားဟာ ကြီးမားစွာ တိုးတက်သွားပြီး နှစ်လေးငါးဆယ် ဂူအောင်းကျင့်ကြံတာထက်တောင် တာသွားပါတယ်။ ဟန်ကျွယ်ရဲ့ သက်တမ်းကလည်း နောက်ထပ် နှစ်တစ်သောင်း ထပ်တိုးသွားပါတယ်။ ဟန်ကျွယ်ရဲ့ သက်တမ်းက သန်းရာချီနေပြီမို့ နှစ်တစ်သောင်းက မပြောပလောက်ဘူးဆိုပေမဲ့လည်း အသားက အသားပါပဲ မဟုတ်ပါလား။
ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း ဆန်းကြယ်အမတ အလယ်အဆင့်နဲ့ အလှမ်းဝေးနေတုန်းပါပဲ။ ဆန်းကြယ်အမတအဆင့်မှာ အဆင့်တက်ဖို့က အမတစစ်အဆင့်မှာထက် ဆယ်ဆကျော် ပိုခက်ပါတယ်။
အခုကြည့်ရသလောက် ကောင်းကင်မက်မွန်သီးက ဆန်းကြယ်အမအတွက်‌ သိပ်ပြီးတော့ အကျိုးသက်ရောက်မှု မရှိပါဘူး။ ကောင်းကင်မက်မွန်သီးရဲ့ စွမ်းအားကသာ ကန့်သတ်ချက်မရှိဘူးဆိုရင် ကောင်းကင်ဧကရာဇ်က အမတဧကရာဇ်နဲ့ ကောင်းကင်ဘဝဂ် ကျင့်ကြံသူတွေကို ဟင်းသီးဟင်းရွက်လို ဒလောဟော ထုတ်နိုင်နေမှာပါ။
ဟန်ကျွယ်ဟာ ကျန်တဲ့ မက်မွန်သီးသုံးလုံးကို သိမ်းထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီမက်မွန်သီးတွေက နောင်တစ်ချိန်မှာ အသုံးမဝင်လာနိုင်ဘူးလို့ ဘယ်သူမှ အတပ်မပြောနိုင်ပါဘူး။
ဟန်ကျွယ်ဟာ ကျန်ရှိတဲ့ မက်မွန်သီးစေ့ကိုတော့ ဖူစန်းသစ်ပင်အောက်မှာ ဝူတောက်ကျန့်ကို စိုက်ခိုင်းလိုက်ပါတယ်။ ကံကောင်းထောက်မရင် ကောင်းကင်မက်မွန်ပင် ထပေါက်ချင် ပေါက်လာမှာပါ။
လူတစ်ယောက်မှာ အိပ်မက်ရှိသင့်ပါတယ်။ မဟုတ်ရင် ဘဝကြီးက အဓိပ္ပာယ်ရှိတော့မှာ မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် မပေါက်လည်း ဘာမှမဖြစ်ပါဘူး။ ဘာမှအပန်းကြီးတဲ့ကိစ္စမှ မဟုတ်တာ။ ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ပြောတဲ့အတိုင်း မက်မွန်သီးစေ့ကို ဖူစန်းသစ်ပင်အောက်မှာ မြှုပ်နှံလိုက်ပါတယ်။ အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။
၁၀ နှစ် ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ကျင့်ကြံတာရပ်ပြီး ကြမ္မာဆိုးစာအုပ် ထုတ်ယူကာ ရန်သူတွေကို ကျိန်စာတိုက်ပါတော့တယ်။ ထုံးစံအတိုင်း ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ကျိုးဖန်သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ တိုက်ခိုက်မှုကို အာကာသ ဆန်းကြယ်စွမ်းအားသုံးပြီး ရှောင်တိမ်းလိုက်ရာ သေမျိုးကမ္ဘာမှာ မတော်တဆ ထွက်ခွာမိသွား၏။]
[သင့်မြေးတပည့် မုရုံချီသည် နတ်ဆိုးသားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၂၈၉၀၀၄
[သင့်ရန်သူ မြေခွေးနက် နတ်ဆိုးဧကရာဇ်သည် သင့်မြေးတပည့် မုရုံချီ၏ တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရသွားပြီး သေလုမျောပါး ဖြစ်သွား၏။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် သင့်မိတ်ဆွေ ဓားနတ်ဧကရာဇ်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ဓားနတ်ဧကရာဇ်သည် အမတနတ်ဘုရားတစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၆၇
[သင့်မိတ်ဆွေ လုံရှန်သည် သင့်မိတ်ဆွေ ဓားနတ်ဧကရာဇ်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ဓားနတ်ဧကရာဇ်သည် အမတနတ်ဘုရားတစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်တပည့် စုချီသည် ကြမ္မာဆိုးကို ဖြန့်ကျက်ခဲ့သောကြောင့် တာအိုသခင်တန်ချင်း၏ သက်တမ်းသည် နှစ်တစ်သောင်း လျော့ကျသွား၏။ နဂါးအမတကျွန်း၏ ကောင်းကင်ဘေးဒုက္ခ ရင်ဆိုင်ရနှုန်းလည်း များပြားသွား၏။]
စာအိတ်တော်တော်များများက အပြင်းအထန် ဒဏ်ရာရတာတွေချည်းပါပဲ။
‘တော်တော် အန္တရာယ်များတာပဲ’
ဟန်ကျွယ်ဟာ ဓားနတ်ဧကရာဇ် ပြင်းထန်စွာ ဒဏ်ရာရသွားတာကို တွေ့လိုက်ရတဲ့အခါမှာတော့ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ရှန်နန်းတော်က ကောင်းကင်ရုံးတော်ကို မနှိပ်ကွပ်နိုင်ဘူးဆိုတာ ထင်ရှားပါတယ်။ ဟန်ကျွယ်ကလည်း ကောင်းကင်ရုံးတော်ကို ရှန်နန်းတော်ရဲ့ နှိပ်ကွပ်တာ မခံစေချင်ပါဘူး။
ဟန်ကျွယ်ဟာ သူ့အတွေးတွေက တော်တော်လေး ယုတ္တိမရှိဘူးလို့ ခံစားလိုက်ရပါတယ်။ ကောင်းကင်ရုံးတော်ထဲ မဝင်ခင်တုန်းကတော့ ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်ကို မြင့်မိုရ်တောင်လို ကြီးမားတာကြောင့် အသက်မရှူနိုင်အောင် ခံစားခဲ့ရပြီး ကောင်းကင်ရုံးတော်ထဲ ဝင်ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်အတွက် စိုးရိမ်နေပါတယ်။
တစ်ချို့ဇာတ်လမ်းတွေမှာဆို ကိုယ်နဲ့ ရန်သူဖြစ်နေရင် စွမ်းအားအရမ်းကြီးပြီး ကိုယ့်ဘက်ရောက်လာတဲ့ အခါကျတော့ တော်တော်လေး အားနည်းသွားတက်ပါတယ်။
‘ဓားနတ်ဧကရာဇ်ကို ဒဏ်ရာရအောင် ဘယ်သူလုပ်လိုက်တာလဲ’
ဟန်ကျွယ်ဟာ တော်တော်လေး သိချင်သွားပါတယ်။ စာထဲမှာ ဒီလူရဲ့နာမည် မပါတဲ့အတွက် ဒီလူက ဟန်ကျွယ်နဲ့ အဆက်အစပ်လုံးဝမရှိမှန်း ထင်ရှားပါတယ်။ ဒါကြောင့် ကျိန်းသေပေါက် ရှန်စစ်သူကြီး မဟုတ်ပါဘူး။
‘ကောင်းကင်ရုံးတော်က တကယ်ကို နဂါးတွေ ပုန်းအောင်းနေတာပဲ’
ဟန်ကျွယ်ဟာ တွေးတောရင်းနဲ့ ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။
၂ နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ် မော့ကြည့်လိုက်တဲ့အခါ ကြက်သွေးရောင်တိမ်ကမ္ဘာရဲ့ ဟင်းလင်းပြင်အထက်မှာ ရုပ်သွင်တစ်ခု ပေါ်လာတာကို တွေ့လိုက်ရပါတယ်။
ဒီပုဂ္ဂိုလ်ဟာ ပေတစ်‌ထောင် မြင့်မားပြီး ပေတစ်ထောင် ရှည်လျားတဲ့ ရေလွှမ်းနဂါးပေါ်မှာ မတ်တတ်ရပ်နေပါတယ်။ သူဟာ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကြက်သွေးရောင် တိမ်ကမ္ဘာကို လက်ပိုက်ကြည့်နေပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီလူက ဘယ်သူလဲ’
ဝတ်ရုံနက်ဟာ မျက်မှောင်ကြုတ်သွားပြီး ညာလက်ကို မြှောက်လိုက်တဲ့အခါ သွေးရောင်လွှမ်းတဲ့ ဓားတစ်ချောင်း ပေါ်လာပါတယ်။ ဝတ်ရုံနက်ဟာ ဓားရိုးကို ဆုပ်ကိုင်လိုက်ပါတယ်။
‘အို မကောင်းတော့ဘူး’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လိုက်ပြီး ကြက်သွေးရောင် တိကမ္ဘာအထက်ကို ရောက်လာပါတယ်။
ဝတ်ရုံနက်ကို ဓားကို ဝှေ့ယမ်းလိုက်တဲ့အခါမှာ ဟန်ကျွယ်ကလည်း ဓားဆွဲထုတ်ပြီး ကောင်းကင်ကို ခုတ်ချလိုက်ပါတယ်။
ကောင်းကင်ဓားတာအို။
ကောင်းကင်ထိုးဖောက်ခြင်း။
ကောင်းကင်ဓားတာအိုရဲ့ အနက်ရောင်ဓားချီဟာ ဝတ်ရုံနက်ရဲ့ သွေးရောင်ဓားချီနဲ့ တိုက်မိပါတယ်။
“ဝုန်း…”
ဓားချီတွေ ပေါက်ကွဲထွက်သွားပြီး အရပ်ဆယ်မျက်နှာကို ရိုက်ခတ်သွားပါတယ်။ ဟန်ကျွယ်နဲ့ ဝတ်ရုံနက်ရဲ့ ဝတ်ရုံတွေဟာ လူးလွန့်ပြီး တဖျတ်ဖျတ်ခတ်သွားပါတယ်။
ဝတ်ရုံနက်က ဟန်ကျွယ်ကို တအံတဩ ကြည့်လိုက်ပါတယ်။
‘ဒီသေမျိုးကမ္ဘာလေးမှာ ဆန်းကြယ်အမတ ရှိနေတာလား’
ဝတ်ရုံနက်ဟာ သူ့ဘာသာ တွေးတောလိုက်ပြီးနောက် မျက်လုံးထဲမှာ ရက်စက်တဲ့ အရိပ်အယောင်တွေ ထွက်ပေါ်လာပါတယ်။ အဲဒီနောက် ဝတ်ရုံနက်ဟာ ဓားကို ထပ်မံဝှေ့ယမ်းလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဝတ်ရုံနက်ရဲ့ အပြုအမူကြောင့် စိတ်ဆိုးသွားပါတယ်။
‘သေချင်နေပြီပဲ’
ဟန်ကျွယ်ဟာ ဘာမှမပြောဘဲ ဟွမ်သွမ့်ဓားကို မြှောက်လိုက်ပြီး သုံးလောကသန့်ရှင်းခြင်းကို ထုတ်ဖော်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်‌ရှေ့မှာ ဓားချီပင်လယ်ကိုးစင်း ပေါ်လာပါတယ်။ ဓားချီပင်လယ်ကိုးစင်းဟာ ဒေါင်လိုက်အနေအထားနဲ့ တစ်ခုနဲ့တစ်ခု ထပ်နေပြီး မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေ ဖြစ်ပေါ်လာပါတယ်။
ဝတ်ရုံနက်ဟာ ဒီအဖြစ်ကြောင့် အံအားသင့်သွားပြီး သူ့ဆန်းကြယ်စွမ်းအားကို ထုတ်ဖော်လိုက်ပါတယ်။ ဝတ်ရုံနက်အောက်က ရေလွှမ်းနဂါးဟာ ကြောက်မက်ဖို့ကောင်းတဲ့စေတီအသွင် ပြောင်းလဲသွားပြီး ဝတ်ရုံနက်ကို လွှမ်းခြုံသွားပါတယ်။
ဟန်ကျွယ်ရှေ့မှာရှိတဲ့ ဓားချီပင်လယ်တစ်ခုစီကနေ ဓားအရိပ်ဆယ်သန်းစီ ဝတ်ရုံနက်ဆီ ပျံသန်းသွားတာကြောင့် ဓားအရိပ်ပေါင်း သန်းရာချီ ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ တစ်စက်ကလေးတောင် အလျော့မပေးဘဲ လမ်းခြောက်သွယ် ဝိညာဉ်စွမ်းအားကို အင်တိုက်အားတိုက် ထုတ်သုံးပါတယ်။
ဓားအရိပ်တွေ တဖြည်းဖြည်းနဲ့ နီးကပ်လာတဲ့အခါမှာတော့ ကြောက်မက်ဖို့ကောင်းတဲ့ စေတီထဲက ဝတ်ရုံနက်ဟာ ငယ်သံပါအောင် အော်ဟစ်လိုက်ပါတယ်။
“အို… မဟုတ်ဘူး…”

Comment

Leave a Reply

Options

not work with dark mode
Reset