Switch Mode

Chapter – 198

အခန်း (၁၉၈) ပြန်လည်မွေးဖွားခြင်း အမတစစ် နောက်ဆုံးအဆင့်၊ ပါရမီရှင်တို့၏ တိုက်ပွဲ
“သူ့အကျိုးဆောင်မှုက ကြီးမားတာ ဟုတ်တယ်၊ ဒါကြောင့်လည်း သူက ဘဝမြင့်လာတာ၊ ပြီးခဲ့တစ်ခေါက် မသေမျိုးဧကရာဇ်ကို သတ်ဖို့တောင် တော်တော်လေး နားချလိုက်ရတယ်” ကောင်းကင်ဧကရာဇ်ဟာ ခေါင်းခါပြီး မဲ့ရွဲ့တဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်စကားကို ယုံရမလား မယုံရမလား မသိပါဘူး။ ဒါပေမဲ့ ရှန်စစ်သူကြီးက ဟန်ကျွယ်အပေါ်မှာ အကောင်းမြင်စိတ် ရှိနေပါတယ်။
ဒီမျက်နှာသာပေးမှုက ကြယ်သုံးပွင့်တောင်ပါ။ အရင်တုန်းက ကောင်းကင်ဧကရာဇ်ရဲ့ မျက်နှာသာပေးမှုနဲ့ အတူတူပါပဲ။
“အနည်းဆုံးတော့ အရှင်မင်းကြီးက သူ့ကို မြေတောင်မြှောက်ပေးခဲ့တာပါ၊ မစိုးရိမ်ပါနဲ့၊ ကျွန်တော် စွမ်းအားကြီးလာရင် အရှင်မင်းကြီးရဲ့ ကြင်နာမှုကို မမေ့ပါဘူး”
“ကောင်းကောင်းမွန်မွန် ကျင့်ကြံချည်၊ ငါရှိနေသမျှ ကာလပတ်လုံး မင်းကျင့်ကြံမှုကို ဘယ်သူမှ မနှောင့်ယှက်စေရဘူး”
စကားဆုံးတာနဲ့ ကောင်းကင်ဧကရာဇ်ဟာ ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်လည်း ကျင့်ကြံခြင်းလိုဏ်ဂူကို အမြန်ပြန်ပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ် သူ့ဆီလာရတဲ့ ရည်ရွယ်ချက်ကို စဉ်းစားကြည့်လိုက်ပါတယ်။
‘ကောင်းကင်ဧကရာဇ်နဲ့ ရှန်စစ်သူကြီးက အချင်းများကြတော့မှာလား’
ဟန်ကျွယ်ဟာ ရှန်စစ်သူကြီးက ကောင်းကင်ဧကရာဇ်ရဲ့ လူယုံတော်လို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ အခု ကောင်းကင်ဧကရာဇ်ရဲ့ စကားအရ ဒီလိုမဟုတ်ပုံပါပဲ။ ကောင်းကင်ဧကရာဇ်ရဲ့ လူယုံတော်က တိထိုက်ပိုင်ပဲ ဖြစ်နိုင်ပါတယ်။ တစ်ခြားလူယုံတော်တွေကိုတော့ လောလောဆယ်မှာ ဟန်ကျွယ် မသိသေးပါဘူး။
‘သစ္စာဖောက်သာ တကယ်ရှိမယ်ဆိုရင် စနစ်ကနေ ငါ စစ်ဆေးလို့ရတာပဲ’
ဒါကို တွေးမိလိုက်တဲ့ ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်အကြောင်းကို ခေါင်းထဲကနေထုတ်ပြီး ကျင့်ကြံခြင်းကို အာရုံစိုက်ပါတယ်။ ဟန်ကျွယ်သာ စွမ်းအားကြီးမားလာရင် ကောင်းကင်ရုံးတော်မှာ ဘာပဲဖြစ်ဖြစ် ကြောက်စရာ မလိုတော့ပါဘူး။
တကယ်တော့ ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်အတွက် အလုပ်လုပ်ပေးဖို့ တစ်ခါမှာ မတွေးခဲ့ဖူးပါဘူး။ ကောင်းကင်ဧကရာဇ်ရဲ့ ကျေးဇူးကို ပြန်ဆပ်မှာဆိုပေမဲ့ သူ့အသက်ကိုတော့ စွန့်စားမှာ မဟုတ်ပါဘူး။
လောကမှာ ရှင်သန်ဖို့က အရေးကြီးဆုံးပါပဲ။
ငါးနှစ်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ ကျိန်စာတိုက်ပါတယ်။ ဒါက ဟန်ကျွယ် ချမှတ်ထားတဲ့ စည်းမျဉ်းတစ်ခုပါ။ ဟန်ကျွယ်ဟာ သူ့ရန်သူတွေ သူ့ကို ပြဿနာရှာဖို့ မတွေးတောနိုင်အောင် ဆယ်နှစ်တိုင်းမှာ ကျိန်စာတိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မြေးတပည့် မုရုံချီသည် သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်၏ တိုက်ခိုက်မှုကြောင့် နှစ်ယောက်စလုံး ဒဏ်ရာရရှိသွားသည်။]
[သင့်မြေးတပည့် ဖန်းလျန်သည် သင့်မိတ်ဆွေ မော့ဖူချိုနှင့် ကျိုးဖန်တို့၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး အန္တရာယ်ကြားထဲ ကျရောက်သွားသော်လည်း ဆန်းကြယ်စွမ်းအားကို သိမြင်နားလည်ပြီး အောင်မြင်စွာ ထွက်ပြေးနိုင်ခဲ့သည်။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နတ်ဆိုးသားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၆၀၁၀၅
[သင့်မိတ်ဆွေ ရွှမ်ရှီရှီသည် ဘုံပျံတက်သွားသည်။]
[သင့်မိတ်ဆွေ ဗိုလ်ချုပ်ချန်ဖောင်သည် ကောင်းကင်ရုံးတော်၏ အမတနနှင့် နတ်ဘုရားများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မြေးတပည့် ချူရှီရန်သည် မိုးမြေအဓိပ္ပာယ်စစ်ကို သိမြင်ပြီး ကျင့်ကြံမှု များစွာ တိုးတက်သွားသည်။]
[သင့်အိမ်မွေးသားရဲ ပဋိပက္ခကောင်းကင်ခွေးသည် နတ်ဆိုးသားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၃၁၀၂၂၉
[သင့်မြေးတပည့် ဖန်းလျန်သည် မိုးမြေနတ်စွမ်းအားကို သိမြင်နားလည်ပြီး တစ်ထိုင်တည်းနှင့် နတ်ဘုရားဖြစ်သွားသည်။]
ဟန်ကျွယ်ဟာ စာအိတ်တွေကို တစ်ခုချင်းဖတ်ပြီး သက်ပြင်းချလိုက်ပါတယ်။ အဖြစ်အပျက်တွေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းပြီး စိတ်လှုပ်ရှားစရာပါ။
ကြည့်ရတာ ကံတရား အ‌ထောက်အပံ့ရှိသူတွေ အချင်းချင်း စတိုက်ကြပုံပါပဲ။ သူတို့တွေ တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင် ကြိုးစားကြလို့ ကြက်သွေးရောင် တိမ်ကမ္ဘာရဲ့ ကံတရားအထောက်အပံ့က အများကြီး တိုးတက်သွားတာလည်း ဖြစ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ မော့ဖူချို၊ ကျိးဖန်၊ မုရုံချီနဲ့ ဖန်းလျန်တို့ကြားက တိုက်ပွဲကို ဝင်မပါချင်ပါဘူး။ သူတို့တွေရဲ့ ကံတရား အထောက်အပံ့နဲ့ဆိုရင် သေဆုံးသွားရင်တောင် ဒီထက်ပိုပြီး အင်အားကြီးလာမှာပါ။
လေးငါးခြောက်လ ကြာပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကောင်းကင်တာအို တိုကင်ကို ထုတ်ယူပြီး အနန္တကမ္ဘာစာရင်းကို စစ်ဆေးလိုက်ပါတယ်။
ဒီတစ်ခါမှာလည်း ကြက်သွေးရောင် တိမ်ကမ္ဘာရဲ့ အဆင့်က ထိုးတက်ပြီး ၃၀၁၂ နေရာကို ရောက်ရှိသွားပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးပြူးသွားပြီး ကြက်သွေးရောင် တိမ်ကမ္ဘာကို အကဲခတ်တဲ့အခါမှာ ထိပ်သီးကျင့်ကြံသူတွေ အများကြီး ပေါ်လာတာကို တွေ့လိုက်ရပါတယ်။
မုရုံချီ၊ ဖန်းလျန်၊ မော့ဖူချို၊ ကျိုးဖန်နဲ့ ဟွမ်ဂျိဟောင်တို့က စွမ်းအားကြီးတယ်ဆိုပေမဲ့ လောကနံပါတစ်ဖြစ်ဖို့ အဝေးကြီး လိုပါသေးတယ်။ ကြက်သွေးရောင် တိမ်ကမ္ဘာရဲ့ ကျင့်ကြံသူတွေကို စွမ်းအားကြီးရာကနေငယ်ရာ စာရင်းပြုစုလိုက်မယ်ဆိုရင် သူတို့ငါးယောက်ထဲမှာ မုရုံချီ၊ မော့ဖူချိုနဲ့ ဟွမ်ဂျိဟောင်တို့သာ အဆင့် ၉၀ အတွင်း ဝင်ပါတယ်။
ကျန်တဲ့စွမ်းအားကြီး ကျင့်ကြံသူတွေက မြင့်မြတ်နယ်မြေ အသီးသီးကပါ။ ကောင်းကင်အမတစံအိမ်ကဆို အယောက်၂၀ နီးပါး ပါဝင်ပါတယ်။ ဂျိရှင်းရှန် ဘုံပျံတက်ပြီးနောက် ကောင်းကင်အမတစံအိမ်ဟာ ဆုတ်ယုတ်သွားခြင်းမရှိဘဲ ပိုလိုတောင် အင်အားကြီးမားလာပါသေးတယ်။
ဟန်ကျွယ်ဟာ လေးငါးရက် အကဲခတ်ပြီးနောက် နတ်ဆိုးနဲ့ မိစ္ဆာတွေကို မတွေ့ရတာကြောင့် သက်သာရာ ရသွားပါတယ်။
‘ထားလိုက်ပါတော့’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ်။ တကယ်တော့ ဟန်ကျွယ်သာ အပြင်ထွက်မယ်ဆိုရင် ဒီပါရမီရှင်တွေကို အချင်းချင်း မတိုက်ခိုက်အောင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့လည်း ဒီလိုလုပ်မယ်ဆိုရင် ဟန်ကျွယ်က ဟန်ကျွယ်ဟုတ်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်မှာ ကြက်သွေးရောင် တိမ်ကမ္ဘာရဲ့ ကံတရားအထောက်အပံ့ ဖြည်းဖြည်းချင်းသာ တိုးပွားလာဖို့ ဆုတောင်းရုံမှတစ်ပါး တစ်ခြားနည်းလမ်း မရှိတော့ပါဘူး။
နှစ် ၂၀ ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း အမတစစ် နောက်ဆုံးအဆင့်ကို ထိုးဖောက်ရောက်ရှိသွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဆန်းကြယ်အမတအဖြစ်နဲ့ ခြေတစ်လှမ်း ပိုနီးသွားပါပြီ။
ဟန်ကျွယ်ဟာ လုံရှန်ကို စစ်ဆေးကြည့်တဲ့အခါမှာတော့ မဟာညီညွှတ်မှု အမတစစ် အလယ်အဆင့်မှာပဲ ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။
‘ဒီအရည်အချင်းလေးနဲ့များ ငါ့ထက်အရင် ရွှေအမတဖြစ်ချင်သေးတယ်၊ မင်းကများ ရာရာစစ…’
ဟန်ကျွယ်ဟာ လုံရှန်ကို စိတ်ထဲမှာ ကြိမ်းမောင်းလိုက်ပြီး ကျင့်ကြံမှုအဆင့် အခြေခိုင်အောင် ဆက်အားထုတ်ပါတယ်။
နှစ်လကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ထွက်လိုက်ပြီး လူအားလုံးကို ဖူစန်းသစ်ပင်အောက်မှာ စုစည်းခိုင်းလိုက်ပါတယ်။ ဒီအထဲမှာ ချန်ယွီအာ၊ နတ်မိမယ်ရှီရွှမ်နဲ့ ရှင်းဟုန်ရွှမ်တို့လည်း ပါပါတယ်။
ဟန်ကျွယ်ဟာ သူတို့ရဲ့ ကျင့်ကြံမှုတွေ မြင့်မားလာအောင် တာအိုဟောကြားဖို့ ပြင်ဆင်နေတာပါ။
သေမျိုးတွေအတွက်တော့ အမတတစ်ပါးရဲ့ တာအိုဟောကြားမှုဟာ အလွန်ကြီးမားတဲ့ အခွင့်အရေးကြီး တစ်ခုပါ။ ဟန်ကျွယ်သာ သူ့တာအိုအသံကို အသုံးပြုပြီး လူတိုင်းကို သိမြင်နားလည်တဲ့ အခြေအနေထဲ ဆွဲသွင်းလိုက်ပါတယ်။ ဒီအခြေအနေမှာ အရင်က နားမလည်ခဲ့တဲ့ မေးခွန်းတွေက လွယ်ကူရိုးရှင်းသွားပြီး ခက်ခဲတဲ့မေးခွန်းတွေကိုလည်း တစ်ခဏချင်း ဖြေရှင်းနိုင်ပါတယ်။ ဒီအခြေအနေက မှော်ဆန်လှပါတယ်။
တစ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ် တာအိုဟောကြားတာကို အဆုံးသတ်လိုက်ပြီး မေးခွန်းတွေကို ဖြေကြားပေးပါတယ်။
တစ်နှစ်ဆိုတဲ့ တိုတောင်းလှတဲ့ အချိန်လေးအတွင်းမှာ လူတိုင်းရဲ့ ကျင့်ကြံမှုက တော်တော်လေး တိုးတက်သွားပါတယ်။ ဟန်ကျွယ်ရဲ့ တာအိုဟောကြားမှုက မြေလျှောက်အမတအဆင့်ကို ရောက်နေတဲ့ ရွှေကျီးကန်းလေး နှစ်ကောင်အတွက်တောင် အရမ်းအသုံးဝင်ပါတယ်။
ဒီထဲမှာ အသိသာဆုံးကတော့ ကျိုးမင်ယွဲ့ပါပဲ။ ကျိုးမင်ယွဲ့ရဲ့ ကျင့်ကြံမှုက နိမ့်ပါးလွန်းတာလည်း ပါပါတယ်။ ဟန်ကျွယ်ရဲ့ တာအိုဟောကြားမှုဟာ ကျိုးမင်ယွဲ့ရဲ့ အရည်အချင်းကို လုံးဝဖွင့်လှစ်ပေးလိုက်ပါတယ်။
နောက်ထပ်နှစ်ဝက် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်နောက် အမီလိုက်ပြီး ပြုံးလိုက်ပါတယ် “ယောက်ျား… မိန်းမ ယောက်ျားနဲ့ စကားနည်းနည်းပြောချင်တယ်၊ အထဲမှာ ပြောကြရအောင်နော်”
ဒီအဖြစ်အပျက်ကြောင့်…။
ချန်ယွီအာဟာ မျက်မှောင်ကြုတ်သွားပါတယ်။
နတ်မိမယ်ရှီရွှမ်ကတော့ ထွက်သွားပါတယ်။
ဝူတောက်ကျန့်ဟာ မပျော်ပေမဲ့ ဘာသံမှ မထွက်ပါဘူး။
ထူလင်းအာကတော့ ရှင်းဟုန်ရွှမ်ကို မနာလိုစွာ ကြည့်လိုက်ပါတယ်။
တစ်ခြားသူတွေကတော့ ဆက်ကျင့်ကြံအားထုတ်ပြီး မကြားချင်ယောင် ဆောင်နေကြပါတယ်။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို မငြင်းဆန်နိုင်တာကြောင့် ကျင့်ကြံလိုဏ်ဂူထဲ ခေါ်သွားပြီး ဝူတောက်ကျန့်ကို အပြင်မှာ စောင့်ခိုင်းလိုက်ပါတယ်။
‘ငါရော အခြေအနေကို ဖန်တီးယူသင့်လား’ ချန်ယွီအာဟာ စိတ်ထဲမှာ တွေးတောလိုက်ပါတယ်။ ချန်ယွီအာရဲ့ မျက်လုံးတွေဟာ ပြတ်သားတဲ့ အရိပ်အယောင်တွေ ထွက်ပေါ်လာပါတယ် ‘ဟုတ်တယ်… ငါ သူ့ကို တွန်းအားပေးပြီး အိပ်ခိုင်းရမယ်’
ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ရောက်တာနဲ့ ရှင်းဟုန်ရွှမ်ဟာ မြွေတစ်ကောင်လို ဟန်ကျွယ်ပေါ် မှီလိုက်ပါတယ်။
“ယောက်ျား… ဒီနှစ်ထဲမှာ ယောက်ျားက ပိုချောလာသလိုပဲ၊ ယောက်ျားရဲ့ အကြည့်က မိန်းမရဲ့ နှလုံးသားကို ဖမ်းစားသွားပြီ၊ ယောက်ျား မိန်းမကို တာဝန်ယူပေးရမယ်နော်” ရှင်းဟုန်ရွှမ်ရဲ့ အသံဟာ ညုတုတုနဲ့ အလွန်ချိုသာလွန်းတာကြောင့် ဟန်ကျွယ်ဟာ အာခြောက်သွားပါတယ်။
‘ဒီမိန်းမကတော့ ပိုပိုပြီး ညှို့ယူဖမ်းစားလာပါလား’
ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်အလိုအတိုင်း အဝတ်အစားတွေကို ချွတ်လိုက်ပါတယ်။ မကြာမကြာ ပျော်မြူးတာကလည်း မကောင်းတာတော့ မဟုတ်ပါဘူး။ မဟုတ်ရင် စိတ်ထဲမှာ မဟုတ်တဲ့အတွေးတွေ ဝင်လာကောင်း ဝင်လာနိုင်ပါတယ်။
ကောင်းကင်ရုံးတော်၊ မြောက်ဘက်မုခ်။
ဂျိရှင်းရှန်ဟာ ငွေရောင်သံချပ်ကာနဲ့ မတ်တတ်ရပ်နေပြီး သူ့ဘေးမှတော့ ကောင်းကင်စစ်သား ဆယ်ယောက်ကျော် ရှိနေပါတယ်။ အဆင့်နိမ့်တဲ့ ပါရမီရှင်ဖြစ်တာကြောင့် ဂျိရှင်းရှန်ဟာ ကောင်းကင်ရုံးတော်ရဲ့ မုခ်လေးခုကို နှစ်အနည်းငယ်ကြာတိုင်း တစ်ခါ စောင့်ကြပ်ဖို့ တာဝန်ပေးအပ်ခြင်း ခံရပါတယ်။
ဂျိရှင်းရှန်ဟာ မျက်နှာသေနဲ့ ရပ်နေပေမဲ့ သူ့အတွေးတွေကတော့ ကောင်းကင်ရုံးတော်ရဲ့ အပြင်ဘက်ကို ရောက်သွားပါပြီ။
“အရင်တစ်ခေါက် တိုက်ပွဲက ငါ့ကို တော်တော်လေး အကျိုးပြုခဲ့တယ်၊ ငါ ထင်ထားသလိုပဲ၊ ငါအတွက်က မကြာခဏ တိုက်ခိုက်ဖို့ လိုအပ်တယ်၊ အမြဲတမ်း ဂူအောင်းကျင့်ကြံနေလို့ မရဘူး” ဂျိရှင်းရှန်ဟာ နောက်တစ်ခါကျရင် ကောင်းကင်စစ်သူကြီးအချို့ကိုရှာပြီး နတ်ဆိုးနယ်မြေကို ရှင်းလင်းပစ်မယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
ဒီအချိန်မှာ အမတအချို့ ပျံသန်းလာပါတယ်။ ဂျိရှင်းရှန်နဲ့ ကောင်းကင်စစ်သားတွေလည်း ဦးညွှတ်လိုက်ပါတယ်။
“မင်းတို့ ကြားပြီးပြီလား၊ အရှင်မင်ကြီးက ရှန်နန်းတော်ကို မက်မွန်သီးပွဲတော်တက်ဖို့ ဖိတ်ခေါ်လိုက်တယ်တဲ့”
“ဗုဒ္ဓဂိုဏ်းနဲ့ နတ်ဆိုးရုံးတော်သာ မဟာမိတ်ဖွဲ့ရင် ကောင်းကင်ရုံးတော်ကလည်း ရှန်နန်းတော်နဲ့ ပူးပေါင်းဖို့လိုတယ်”
“ရှန်နန်းတော်ရဲ့ ပါရမီရှင်ကလည်း ဒီပွဲကိုတက်မယ် ကြားတယ်”
“ဘယ်သူလဲ… အမတဧကရာဇ် ပြန်ဝင်စားတဲ့သူလား”
“ဘယ်လိုလုပ်ပြီး သူ ဖြစ်နိုင်မှာလဲ၊ ဓားနတ်ဧကရာဇ်လိုခေါ်တဲ့ နောက်ထပ်ပါရမီရှင်တစ်ယောက်ပဲ”
“ကြည့်ရတာ ဒီတစ်ခေါက် မက်မွန်သီးပွဲတော်က မရိုးရှင်းဘူးပဲ”
အမတတွေရဲ့ ဆွေးနွေးနေတာကို ကြားလိုက်ရတဲ့ ဂျိရှင်းရှန်ဟာ မျက်ပေါက်ကျဉ်းလိုက်ပါတယ်။ ဂျိရှင်းရှန်ဟာ ကောင်းကင်ရုံးတော်ကို ရောက်တာ နည်းနည်းကြာပြီ ဖြစ်တဲ့အတွက် ရှန်နန်းတော်အကြောင်းကို သိပါတယ်။ ရှန်နန်းတော်က ကောင်းကင်ရုံးတော်လောက် လူမများပေမဲ့ ပါရမီရှင်ကတော့ ကောင်းကင်ရုံးတော်ထက် များပါတယ်။
“အင်အားစုနှစ်စုက ထိုင်ပြီးတော့ စကားပဲပြောမှာ မဟုတ်ဘူး၊ သူတို့တွေ အမှောင်ထဲမှာ ကျိန်းသေပေါက် တိုက်ခိုက်ကြမှာပါ၊ ငါသာ နတ်ဧကရာဇ်ကို အနိုင်ယူနိုင်ရင် ကောင်းကင်ပေါ် ထိုးတက်သွားမှာပဲ” ဂျိရှင်းရှန်ဟာ ဒီအတွေးကြောင့် မျက်လုံးတွေ တောက်ပသွားပါတယ်။
ဂျိရှင်းရှန်ဟာ အဆင့်နိမ့်တဲ့ ကောင်းကင်စစ်သူကြီးတစ်ဦးသာ ဖြစ်တာကြောင့် အမတကမ္ဘာရဲ့ ကျင့်ကြံခြင်းလောကအကြောင်းကို မသိပါဘူး။ မဟုတ်ရင် ရှန်နန်းတော်ရဲ့ နတ်ဧကရာဇ်ကို အနိုင်ယူမယ်ဆိုတဲ့ အတွေးမျိုး တွေးရဲမှာ မဟုတ်ပါဘူး။ ဒီအချက်ကို ‌ထောက်ခြင်းအားဖြင့် ဂျိရှင်းရှန်ဟာ မရင့်ကျက်သေးတာ သိသာထင်ရှားလှပါတယ်။

Comment

Leave a Reply

Options

not work with dark mode
Reset