Switch Mode

Chapter – 197

အခန်း (၁၉၇) ကြယ်တာရာ လောကဦးခန္ဓာကိုယ်၊ အမတကမ္ဘာအား ပွက်လောရိုက်စေခြင်း
‘အမတကမ္ဘာမှာ ကြမ္မာဆိုး ဖြန့်ကျက်တယ်’
‘ကောင်းကင်ရုံးတော်က တစ်ခုခုစီစဉ်နေတယ်’
ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ်။
‘ကောင်းကင်ရုံးတော်ရဲ့ အစီအစဉ်က ငါ့ကိုလား ဒါမှမဟုတ် စုချီ သေမျိုးကမ္ဘာကို ဆင်းသက်တာ ပထမကတည်းက ထောင်ချောက်တစ်ခုလား’
ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။ ဟန်ကျွယ်မှာ စုချီကို ဟန့်တားလိုစိတ် မရှိပါဘူး။ စုချီကို ဟန့်တားဖို့ဆိုရင် ဘုံပျံတက်ရမှာပါ။ ဒါက ဟန်ကျွယ်ရဲ့ ရည်မှန်းချက်နဲ့ လုံးလုံးကြီး ဆန့်ကျင်နေပါတယ်။
‘စုချီကို ရန်စတဲ့လူကတော့ ကိုယ့်သေတွင်း ကိုယ်တူးတာက သက်သာအုန်းမယ်’
[သင်သည် သေမျိုးကမ္ဘာတွင် ဆက်ကျင့်ကြံ၍ ကောင်းကင်ရုံးတော်၏ အစီအစဉ်အား မနှောင့်ယှက်သောကြောင့် ဆုလာဘ်အဖြစ် ကျပမ်း စွမ်းအားကြီးသွေးစည်းကို ရရှိပါသည်။]
[ကြယ်တာရာ လောကဦးခန္ဓာကိုယ်အား ရရှိခြင်းအတွက် ဂုဏ်ပြုပါသည်။]
[ကြယ်တာရာ လောကဦးခန္ဓာကိုယ်: လောကဦး၌ မွေးဖွားလာခဲ့သော စွမ်းအားကြီးမားသည့် သွေးစည်းတစ်မျိုးဖြစ်ပြီး အသက်ဓာတ်ပြည့်ဝကာ နေလအနှစ်အား စုပ်ယူနိုင်သည်။ ထို့အပြင် တိုက်ပွဲအတွင်း၌ ကြယ်များ၏ စွမ်းအားကို ငှားယူသုံးစွဲနိုင်သည်။]
‘အား… ဒီသွေးစည်းက အံဩဖို့ကောင်းသားပဲ’
ဟန်ကျွယ်ဟာ သွေးစည်းကို ချက်ချင်းပဲ လက်ခံလိုက်ပါတယ်။ ရုတ်ခြည်းဆိုသလိုပဲ ဟန်ကျွယ် ခန္ဓာကိုယ်ထဲမှာ ပြင်းထန်တဲ့စွမ်းအားတစ်ခု ထွက်ပေါ်လာပါတယ်။ ဒီစွမ်းအားက ပြင်းထန်လွန်းတာကြောင့် ဟန်ကျွယ်ဟာ မျက်နှာအကြီးအကျယ် ပျက်သွားပါတယ်။
“မင်း အပြင်ထွက်အုန်း” ဟန်ကျွယ်က ချက်ချင်းပဲ ပြောလိုက်ပါတယ်။
ဝူတောက်ကျန့်လည်း ကျင့်ကြံရာက ထလိုက်ပြီး ဘာဖြစ်မှန်းမသိပေမဲ့ ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက်ကို ထွက်သွားပါတယ်။
မကြာခင်မှာပဲ ဝီရိယတောင်တစ်ခုလုံး သွက်သွက်ခါအောင် တုန်လှုပ်ပြီး ယွီဂျင်ဂိုဏ်းတော်ကြီးတစ်ခုလုံးကိုပါ သက်ရောက်သွားပါတယ်။ အကြောင်းမသိတဲ့သူတွေကတော့ ငလျင်လှုပ်တယ်လို့ပဲ တွေးမိကြမှာပါ။
ခေါင်းငါးလုံး မြွေနဂါးဘုရင်ဟာ သက်ပြင်းချလိုက်ပါတယ် “သခင်က အဆင့် ထပ်တက်ပြန်ပြီလား”
ကျင့်ကြံမှုမြင့်မားလေလေ အဆင့်တက်ဖို့ ခက်လေလေပါပဲ။ ဒါပေမဲ့ ဒီဟာက သူ့သခင်အတွက် ဟုတ်ဟန် မတူပါဘူး။ အဆင့်တက်ဖို့ဆိုတာ သူ့သခင်အတွက်တော့ ထမင်းစားရေသောက်လိုပါပဲ။
ကျိုးမင်ယွဲ့က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဆရာဘိုးဘိုးက ဘယ်အဆင့်ကို ရောက်နေပြီလဲ”
ချူရှီရန်ဟာ ခေါင်းခါလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအဆင့်ကို ချူရှီရန်လည်း မသိပါဘူး။
“မမေးနဲ့၊ ဒီဟာက မင်းခန့်မှန်းလို့ရတဲ့အရာ မဟုတ်ဘူး” ငရဲကြက်နက်က လူကြီးသံနဲ့ ပြောလိုက်ပါတယ်။
ကျိုးမင်ယွဲ့ဟာ ငရဲကြက်နက်ရဲ့ ဟိတ်ဟန်ကြောင့် မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်ပါတယ် “ခင်ဗျားက ဘာလူကြီးလုပ်နေတာလဲ၊ ခင်ဗျား အဆင့်တက်တာလဲ မဟုတ်ဘဲနဲ့”
“သခင်အဆင့်တက်တာက ငါ့အဆင့်တက်တာပဲ”
“စောက်ပိုတွေ၊ ခင်ဗျားကိုယ် ခင်ဗျားလည်း ပြန်ကြည့်အုန်း၊ မကြာခင် ခင်ဗျားကို ကျုပ်အနိုင်ယူနိုင်တော့မယ်”
“ကောင်လေး… မင်းစကားက ကြီးကျယ်လှချည်လား”
ငရဲကြက်နက်ဟာ မျက်လုံးကျဉ်းလိုက်ပေမဲ့ စိတ်ထဲမှာတော့ ယောင်ယက်ခတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျိုးမင်ယွဲ့က အပိုတွေပြောနေတာ မဟုတ်လို့ပါပဲ။ ကျိုးမင်ယွဲ့ရဲ့ အရည်အချင်းက မျက်စိနဲ့ မမြင်ရရင် ယုံနိုင်စရာကို မရှိပါဘူး။ သူက ဒုတိယမုရုံချီပါပဲ။
ရုတ်တရက်ဆိုသလို ငရဲကြက်နက်ဟာ သူ့ဘဝကိုတောင် သံသယဝင်သွားပါတယ် ‘ငါက တကယ်ပဲ ဖီးနစ်ပြန်ဝင်စားတာလား’
လုံးဝမှောင်မိုက်နေတဲ့ လိုဏ်ဂူတစ်ခုအတွင်းမှာ ဆံပင်တွေ ရှုပ်ယှက်ခတ်နေတဲ့ အဘိုးအိုတစ်ဦး တရားထိုင်နေပါတယ်။ အဘိုးအိုဟာ ရုတ်တရက်ဆိုသလို မျက်လုံးဖွင့်လိုက်ပြီး တောက်ပတဲ့အလင်းရောင် ထွက်ပေါ်လာပါတယ်။
“ဒီရောင်ဝါ… ဒါက လောကဦးရုပ်ခန္ဓာရဲ့ ရောင်ဝါပဲ” အဘိုးအိုဟာ လေးနက်တဲ့အသံနဲ့ ရေရွတ်လိုက်ပါတယ်။
အဘိုးအိုဟာ ချက်ချင်းပဲ လက်ချောင်းသုံးပြီး တွက်ချက်ကြည့်လိုက်တဲ့အခါ မျက်နှာလုံးဝပျက်သွားပါတယ်။
“ကောင်းကင်ရုံးတော်”
“ဟောင်တျန်… ဟောင်တျန်… မင်းက လုံအောင်ကို ဖုံးဖိထားတာပဲ”
အဘိုးအိုဟာ သူ့ဘာသာ ရေရွတ်လိုက်ပြီးနောက် မတ်တတ်ရပ်ကာ ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက်ကို ထွက်လိုက်ပါတယ်။
အဘိုးအိုတစ်ယောက်တည်း မဟုတ်ပါဘူး။ အမတကမ္ဘာက တစ်ခြားအင်အားစုကလည်း ဒါကို တွက်ချက်မိကြပါတယ်။
ကောင်းကင်ရုံးတော်ရဲ့ ဇရပ်တစ်ခုအတွင်းမှာ ကောင်းကင်ဧကရာဇ်ဟာ ဖျာပေါ်ထိုင်ပြီး ကျင့်ကြံအားထုတ်နေပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိလိုက်တာကြောင့် မျက်လုံးဖွင့်လိုက်ပါတယ်။ အဲဒီနောက် မျက်မှောင်ကြုတ်သွားပြီး လက်ချောင်းသုံးကာ တွက်ချက်ကြည့်ပါတော့တယ်။
“အင်း… ကောင်းကင်ရုံးတော်ရဲ့ ကံတရားက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး တိုးသွားရတာလဲ”
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်က ကြယ်တာရာ လောကဦးခန္ဓာကိုယ် ဆက်ခံလိုက်တာကို တွက်ချက်လို့ မရပါဘူး။ ဒါကြောင့် ကောင်းကင်ရုံးတော်မှာ ကံတရား အထောက်အပံ့ ရုတ်တရက် တိုးသွားတာက တစ်ယောက်ယောက်ရဲ့ ပယောဂကြောင့်လို့ တွေးမိပြီး အသင့်အနေအထား ဖြစ်သွားပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို တွက်ချက်လို့မရပေမဲ့ ဒီကံတရားအထောက်အပံ့က ကြက်သွေးရောင်တိမ်ကကမ္ဘာကနေ လာမှန်း တွက်ချက်မိလိုက်ပါတယ်။ ဒါကြောင့် အခုလို ကံတရား အထောက်အပံ့ တိုးသွားတာက ဟန်ကျွယ်ကြောင့်ဆိုတာ ယုံမှားဖွယ် မရှိတော့ပါဘူး။
ဒါပေမဲ့ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်က ဘာကြောင့် ကောင်းကင်ရုံးတော်ရဲ့ ကံတရားအထောက်အပံ့ကို တိုးသွားစေလဲဆိုတာကိုတော့ နားမလည်ပါဘူး။
‘ဒီကောင်လေး…’ ကောင်းကင်ဧကရာဇ်ဟာ စိတ်ထဲမှာ နည်းနည်းတော့ အံအားသင့်သွားပါတယ်။ ရှန်စစ်သူကြီးတုန်းကတောင် အမတကမ္ဘာကို ဒီလောက်ထိ ရုတ်ရုတ်သဲသဲ မဖြစ်ခဲ့ပါဘူး။
ကောင်းကင်ဧကရာဇ်ဟာ ကြက်သွေးရောင်တိမ်ကမ္ဘာကို မသွားဘဲ ကောင်းကင်ရုံးတော်တစ်ခုလုံးကို နတ်အာရုံနဲ့ လွှမ်းမိုးကာ ဘယ်အမတမှ သေမျိုးကမ္ဘာဆီ မဆင်းသက်နိုင်အောင် တားမြစ်လိုက်ပါတယ်။
ကောင်းကင်ရုံးတော်ထဲမှာ ကောင်းကင်ဧကရာဇ်နဲ့ စွမ်းအားချင်း သိပ်မကွာတဲ့ စွမ်းအားကြီးမားတဲ့သူတွေ ရှိပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ ဒီလူတွေက ဟန်ကျွယ်ကို ရှာတွေ့ပြီး ပစ်မှတ်ထားမှာ စိုးရိမ်လို့ အခုလိုမျိုး သေမျိုးကမ္ဘာဆီ မဆင်းသက်နိုင်အောင် လုပ်ရခြင်း ဖြစ်ပါတယ်။
ကောင်းကင်ရုံးတော်က စွမ်းအားကြီးပုဂ္ဂိုလ်အချို့သာ ဒီကိစ္စကို သတိထားမိပါတယ်။ ကျန်တဲ့အမတနဲ့ နတ်ဘုရားတွေကတော့ ဘာကိုမှ အာရုံမခံမိဘဲ သူတို့ကိစ္စနဲ့ သူတို့ အလုပ်ရှုပ်နေကြပါတယ်။
တစ်လကြာပြီးနောက်။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ကြယ်တာရာ လောကဦးခန္ဓာကိုယ်ကို နိုးထလို့ ပြီးသွားပါတယ်။ ဟန်ကျွယ်ဟာ လောကတစ်ခုလုံး ပြောင်းလဲသွားတယ်လို့ ခံစားရပြီး ကြယ်စွမ်အားနဲ့ အရာအားလုံးရဲ့ အသက်ဓာတ်ကို ခံစားနိုင်သွားပါတယ်။
‘ဒီခံစားချက်က…’
‘အရမ်းခံစားလို့ကောင်းတယ်’
ဟန်ကျွယ်ရဲ့ လမ်းခြောက်သွယ် ဝိညာဉ်သွယ်စွမ်းအားဟာ ဆတိုး တိုးတက်သွားပြီး ဝိညာဉ်နဲ့ နတ်အာရုံကလည်း ကြီးကြီးမားမား တိုးတက်သွားပါတယ်။ ဟန်ကျွယ်က လုံးဝပြန်လည်မွေးဖွားသွားတာလို့ ပြောရင် မှားမယ်မထင်ပါဘူး။
အရင်တုန်းကတောင် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုစွမ်းရည်က ထိပ်ဆုံးအဆင့်မှာပါ။ အခုလို နောက်ထပ်တိုးတက်သွားတော့ သူ့ကျင့်ကြံမှုအလျင်က ဘယ်လောက်ထိ မြန်ဆန်သွားလဲဆိုတော့ သိရဖို့ ဟန်ကျွယ် မစောင့်နိုင်တော့ပါဘူး။
သွေးစည်း အသွင်ပြောင်းလဲပြီးတဲ့အခါမှာ ဟန်ကျွယ်တစ်ကိုယ်လုံး ချွေးတွေ စိုရွှဲနေပါတယ်။ ဒါကြောင့် ဟန်ကျွယ်လည်း သူ့ခန္ဓာကိုယ်ကို မန္တန်သုံးပြီး သန့်ရှင်းလိုက်ရပါတယ်။ သူ့ကိုယ်သူ သန့်ရှင်းပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ စတင်ကျင့်ကြံအားထုတ်ပါတယ်။
မကြာခင်မှာပဲ သူ့ကျင့်ကြံမှုအလျင်က အရင်ကထက် နှစ်ဆပိုမြန်သွားတာကို ဟန်ကျွယ် ရှာတွေ့သွားပါတယ်။
ကြယ်တာရာလောကဦးခန္ဓာကိုယ်ရဲ့ အကြမ်းဆုံးအချက်က ကြယ်စွမ်းအားကို ငှားရမ်းနိုင်တာပါ။ ဟန်ကျွယ်ဟာ ကြယ်ပင်လယ်ကြားမှာ ရန်သူနဲ့ တိုက်ခိုက်မယ်ဆိုရင် ပြိုင်ဘက်ကင်းတယ်လို့ ပြောလို့ရပါတယ်။ တစ်ခြားသူက ဟန်ကျွယ်ကျင့်ကြံမှုထက် အများကြီး မမြင့်မားနေရင်ပေါ့။
ဟန်ကျွယ်ဟာ ကောင်းကင်ဓားတာအိုရဲ့ တတိယအဆင့်ကိုသုံးပြီး လောကဦးကို ဖန်တီးနိုင်ပါတယ်။ ဟန်ကျွယ်ဟာ လောကဦးရဲ့ ကြယ်ပင်လယ်ကို ဖန်တီးပြီး ဒီကြယ်စွမ်းအားကို ငှားယူ အသုံးပြုမယ်ဆိုရင် ဟန်ကျွယ်ရဲ့ တိုက်ခိုက်ရည်က မျှော်မှန်းလို့မရတဲ့အထိ တိုးတက်သွားမှာပါ။
‘ငါက တကယ်ကို ပါရမီရှင်စစ်စစ်ပဲ’ ဟန်ကျွယ်ဟာ ဂုဏ်ယူဝင့်ကြွားစွာ တွေးတောလိုက်ပါတယ်။
ညရောက်တဲ့အခါမှာတော့ ကောင်းကင်ယံတစ်ခုလုံး ကြယ်တွေနဲ့ ပြည့်နေပါတယ်။ ဒီအချိန်မှာ သူ့ကျင့်ကြံမှုအလျင်က ပိုမြန်လာတာကို ဟန်ကျွယ် တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ဒီဖြစ်ရပ်ကြောင့် ကြယ်ပင်လယ်ဆီသွားပြီး ကျင့်ကြံလိုစိတ်တွေ ဖြစ်ပေါ်လာပါတယ်။
ဒါပေမဲ့ ကြယ်ပင်လယ်မှာ သွားကျင့်ကြံရင် ဝီရိယတောင်ရဲ့ အမတချီ ‌ထောက်ပံ့မှုမရှိတာကြောင့် ကျင့်ကြံမှုအလျင်က မတိုးတဲ့အပြင် လျော့ကျသွားမှာကို တွေးမိလိုက်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ကြယ်ပင်လယ်မှာ ကျင့်ကြံမဲ့အစီအစဉ်ကို ဖျက်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ပြန်ခေါ်ပြီး အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။
လုံရှန်နဲ့ တိုက်ခိုက်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်နိုင်ပါတယ်။
တိထိုက်ပိုင်ကိုတော့ ဟန်ကျွယ် မသတ်နိုင်ပါဘူး။ ဟန်ကျွယ်ခဗျာ လောကဦးကိုတောင် ဖန်တီးဖို့ အချိန်မရလိုက်ဘဲ တိထိုင်ပိုင်လက်ချက်နဲ့ အသက်ပျောက်သွားရပါတယ်။
တိထိုက်ပိုင်က အရမ်းပဲ စွမ်းအားကြီးပါတယ်။ ဒါကလလည်း မဆန်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိထိုက်ပိုင်က အမတဧကရာဇ်အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့ မဟာညီညွှတ်မှု ရွှေအမတ ထိပ်ဆုံးအဆင့်မှာ ရှိနေလို့ပါပဲ။
ဝူတောက်ကျန့်ဟာ သူဖျာပေါ်မှာထိုင်ပြီး ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။ အကြောင်းရင်းတစ်ချို့ကြောင့် သူ့သခင်က တစ်ခြားလူတစ်ယောက် ဖြစ်သွားတယ်လို့ ဝူတောက်ကျန့် ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ဝူတောက်ကျန့်ဟာ ဘာပြောင်းလဲသွားတယ်ဆိုတာတော့ မပြောနိုင်ပါဘူး။
သုံးနှစ်ကြာပြီးနောက်။
ဟန်ကျွယ်နားထဲ အသံတစ်သံ ဝင်လာပါတယ်။
“စကားပြောရအောင် ထွက်လာခဲ့အုန်း”
ကောင်းကင်ဧကရာဇ်။
ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ် ‘ကောင်းကင်ဧကရာဇ်က ဘာဖြစ်လို့ ငါ့ကို လာရှာတာလဲ’ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ရုတ်ခြည်း ပျောက်ကွယ်သွားပြီး ဆယ်မိုင်ကျော် ဝေးကွာတဲ့ တောအုပ်မှာ ပေါ်လာပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကိုကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
ဟန်ကျွယ်ဟာ လန့်သွားပါတယ် ‘ဘာဖြစ်တာလဲ… စုချီကို အမတကမ္ဘာဆီ ဘုံပျံတက်ခွင့်ပြုလိုက်လို့ ကောင်းကင်ဧကရာဇ်က ငါ့ကို စိတ်ဆိုးနေတာလား’
ဟန်ကျွယ် မသက်မသာ ခံစားနေရတုန်းမှာပဲ ကောင်းကင်ဧကရာဇ်ရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ် “မင်းရဲ့ သွေးစည်းကဘာလဲ၊ ဘာလို့ ဒီလောက်တဲ့ အားကောင်းတဲ့ အသက်ဓာတ် ရှိနေရတာလဲ”
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ကျွန်တော်လည်း မသိဘူး၊ ဒီနှစ်ထဲ ကျွန်တော် အသက်ဓာတ်က ပိုပိုပြီး အားကောင်းလာတာကို ကျွန်တော်လည်း ခံစားမိတယ်” ဟန်ကျွယ်ဟာ ကြယ်တာရာ လောကဦး ခန္ဓာကိုယ်အကြောင်း မပြောပါဘူး။ ပြောပြချင်ရင်တောင် ရှင်းပြဖို့ ခက်ခဲလှပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို ခေါင်းအစ ခြေအဆုံးကြည့်ပြီး ပြောလိုက်ပါတယ် “မင်း မက်မွန်သီးပွဲတော်ကို သွားချင်လား”
ဟန်ကျွယ်ဟာ တစ်ခဏတုံ့ဆိုင်းသွားပြီးနောက် ဖြေလိုက်ပါတယ် “ဖြစ်နိုင်ရင် မသွားချင်ဘူး၊ ပြဿနာတက်မှာ ကျွန်တော် ကြောက်တယ်၊ ဒါပေမဲ့ အရှင်မင်းကြီးက သွားစေချင်မှတော့ ကျွန်တော် မငြင်းနိုင်ဘူးလေ”
[ကောင်းကင်ဧကရာဇ်သည် သင့်အပေါ် အကောင်းမြင်စိတ် တိုးသွာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်လေးပွင့်။]
သူ့ရှေ့မှာ ပေါ်လာတဲ့ အသိပေးချက်ကြောင့် ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ် ‘ကောင်းကင်ဧကရာဇ်ကလည်း မြှောက်ပင့်ပြောဆိုတာ ကြိုက်သေးတာပဲဟ’
ကောင်းကင်ဧကရာဇ်က ပြုံးလိုက်ပါတယ် “မင်း မတက်ချင်ရင် မတက်လို့ရတယ်၊ ပွဲတော်ချိန်ရောက်ရင် ငါ တိထိုက်ပိုင်ကို မင်းဆီ မက်မွန်သီး လာပို့ခိုင်းလိုက်မယ်”
ဟန်ကျွယ်ဟာ အံအားသင့်သွားပြီးနောက် အမြန်ပဲ ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။
အဲဒီနောက် ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို ကောင်းကင်ရုံးတော်က စိတ်ဝင်စားစရာ အဖြစ်အပျက်တစ်ချို့ ပြောပြပါတယ်။ ဟန်ကျွယ်ကတော့ ဒိုင်ခံနားထောင်ပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ ရုတ်တရက် သက်ပြင်းချလိုက်ပါတယ် “ရှန်စစ်သူကြီးသာ မင်းလို ကျေးဇူးသိတက်မယ်ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ”
ဟန်ကျွယ်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ရှန်စစ်သူကြီးက ကောင်းကင်ရုံးတော်ရဲ့ အကျိုးထူးအ‌ဆောင်ဆုံးလူ မဟုတ်ဘူးလား”
‘ကောင်းကင်ဧကရာဇ်စကားက ဘာကိုဆိုလိုတာလဲ၊ သူနဲ့ ရှန်စစ်သူကြီး ပြဿနာတက်ထားလို့လား’

Comment

Leave a Reply

Options

not work with dark mode
Reset