Chapter – 27 ရန်သူ
” အမ်..။ နောင်တစ်ခါထပ်သေသွားတာလား..။ ဒီတစ်ခါတော့ တကယ် မာလကဈာန်ကြွပြီ ( သေပြီ ) ထင်တယ်..။”
အကြေးခွံစိမ်းလင်းယုန်ကြီးရဲ့ကျောပေါ်မှာထိုင်နေတဲ့ရှီဟောင်ရဲ့ မျက်လုံးတွေပြူးကျယ်သွားပြန်ပါတယ်။
” အမှန်တကယ်တော့ ရှန်းနီကြီးက အသက်အရမ်းကြီးလို့ မီးစာကုန်ဆီခမ်း ဖြစ်နေပြီလေ။ ဒါကြောင့် သူ့ရဲ့အစွမ်းတွေအကုန်ထုတ်ပြီး သူလှည့်စားထားတဲ့ရန်သူတွေကိုတိုက်ခိုက်ပြီးတာနဲ့ ဘယ်ဟန်နိုင်တော့မလဲ..”
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးလည်း သူ့ရဲ့အရှိန်အဝါတွေကိုထုတ်လွှတ်ပြီး ရှီဟောင်ကို ပြောပြလိုက်ပါတယ်။
လင်းယုန်စိမ်းကြီးဟာ ချက်ချင်းပဲ အောက်ဆင်းလာခဲ့ပါတယ်။ ဒါပေမယ့် မှော်သားရဲတွေကတော့ ရှန်းနီတကယ်မသေသေးမှာကို ကြောက်လန့်လို့ နေပါတယ်။ စောစောတုန်းက အဖြစ်အပျက်တွေဟာ သူတို့ကိုအမှန်တကယ်သင်ခန်းစာရသွားစေပါတယ်။
တောင်တန်းဒေသဟာ တကယ်တမ်းတော့ တိတ်ဆိတ်နေခဲ့တာမဟုတ်ပါဘူး။ တစ်ဦးတည်းသော ကြီးမြတ်သူအရှင်သခင်ဖြစ်တဲ့ ရှန်းနီရဲ့ဖြစ်တည်မှုက ကြီးမားလို့နေဆဲပါပဲ။ အစွမ်းထက်တဲ့ မှော်မိစ္စာငှက်တွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မှော်သားရဲတွေတောင် ရှန်းနီကြီးကို ကြောင်ရွံ့ထိတ်လန့်နေပါတယ်။ ဒါကြောင့်လည်း သူတို့ဟာ ဘယ်လောက်ဝေးသွားမှန်းမသိအောင် ထွက်ပြေးသွားကြပါတယ်။
” အဒေါ်ကြီး..။ ရှန်းနီက တကယ်သေသွားတာဆိုရင် အခုက အချိန်ကောင်းပဲ။ သူ့ကို သယ်သွားကြမယ်..။ ”
ရှီဟောင်က ခပ်တိုးတိုးပြောလိုက်ပါတယ်။
ကောင်းကင်ပြင်ကျယ်ကြီးဆီကနေ လေချွန်သံကြီးပြန်ထွက်ပေါ်လာပါတယ်။ အစိမ်းရောင်အကြေးခွံတွေကလည်း တိမ်တိုက်တွေကြားမှာ တဖိတ်ဖိတ်လို့ တောက်ပနေပါတယ်။ ဒါက လင်းယုန်စိမ်းကြီးကို မယုံနိုင်လောက်အောင် အသိဥာဏ်မြင့်မားနေလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။ သို့ပေသိ သူက တကယ်ကြီးကို သတိကြီးပါပေတယ်။ တိုက်ခိူက်ခေါ်သံတွေတစ်လျှောက်လုံးမှာ တိမ်ထူထူတွေ ပုန်းအောင်းပြီး အခြေအနေကို စောင့်ကြည်နေခဲ့ပါတယ်။
” ယ , သူ တကယ်သေသွားတာပဲ.”
ရှီဟောင် နဲ့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးတို့ဟာ မှော်သားရဲအသေကောင်တွေကြားကိုရောက်ရှိလာပါတယ်။ နောက် မှော်သားရဲအပေါင်းတို့ရဲ့ အရှင်သခင် ရှန်းနီ။ အခုတော့ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အေးစက်သွားပြီး သူ့ရဲ့ ဘ၀သက်တမ်းကလည်း ကျိန်းသေပေါက် အဆုံးသတ်သွားပါပြီ။
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက မယုံနိုင်စရာကောင်းလှအောင် အပျက်အစီးတွေပြန့်ကျဲ နေတဲ့နေရာတိုင်းကို တောင်ပံတွေတဖျပ်ဖျပ်ခပ်လို့ ဖယ်ရှားလိုက်ပါတယ်။ ပြီးတော့ မြန်ဆန်စွာပဲ ခပ်လှမ်းလှမ်းမှာ ကျနေတဲ့ လူဝံနတ်ဆိုးကြီးရဲ့ လက်မောင်းကို ကောက်ယူလိုက်ပါတယ်။ ဒါက ရှားပါးစစ်မှန်ပြီး သွေးသန့်စင်ခြင်း အထွတ်အထိတ်အဆင့်ရှိတဲ့ ရှေးဟောင်းသားရဲမျိုးဆက်ရဲ့ အစိတ်အပိုင်းပဲလေ။
” ဟိ ဟိ , ဟ ဟ .”
ရှီဟောင်ဟာ ဒဏ္ဍာရီလာနွားမိစ္စာကြီးရဲ့ မီတာတော်တော်များများရှည်တဲ့ ချိုကြီးကို ပုခုံးပေါ်ကောက်ထမ်းလိုက်ပြီး အူးမြူးလို့သွားပါတယ်။ ဒီလိုမျိုး အဖိုးမဖြတ်နိုင်တဲ့ မှော်သားရဲအစိတ်အပိုင်းတွေကြောင့် သူ့ရဲ့မျက်လုံးတွေဟာ လမင်းတက်တူးပုံရိပ်တွေ လျှပ်တပြက်ဖြစ်ပေါ်သွားပါတယ်။
” အဒေါ်ကြီး..။ မြန်မြန်သွားကြမယ်..”
ရှီဟောင်က သတိပေးလိုက်ပါတယ်။
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးလည်း သူ့ထက်ပိုပြီးအစွမ်းထက်တဲ့မှော်သားရဲအစိတ်အပိုင်းတွေကြောင့် အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ ဒါ့ကြောင့် ဒီနေရာကနေရုတ်တရက်ထွက်မခွာချင်နိုင်လောက်အောင် ဖြစ်နေပါတယ်။ သူ့ရဲ့ မျက်လုံးတွေဟာ ရုတ်တရက် မိုက်ခနဲဖြစ်သွားပြီး ဒယိမ်းဒယိုင်ဖြစ်သွားပါတယ်။
” ယ , အဒေါ်ကြီး .. ဘာမှားနေလို့လဲ..”
ရှီဟောင်က အော်ဟစ်မေးမြန်းလိုက်ပါတယ်။
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက ရှန်းနီရဲ့ အလောင်းကို တခါတည်းပဲ သယ်သွားချင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ ရုတ်တရက်ကြီး မြေပြင်ပေါ်လဲကျသွားမယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။
” အာ .. အဒေါ်ကြီး အဆိပ်မိပြန်ပြီလား.. ဒါဆို အဆိပ်တွေအကုန်လုံးကို မဖယ်ထုတ်နိုင်ခဲ့ဘူးပေါ့..”
ရှီဟောင်ရဲ့ မျက်လုံးထဲမှာ စိုးရိမ်ပူပန်မှုတွေ ပြည့်နှက်သွားပါတယ်။
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးဟာ တိုက်ပွဲတွေကြားမှာပဲ ခရမ်းရောင်မြွေဆိုးရဲ့ အကိုက်ခံခဲ့ရပါတယ်။ ဒါ့ကြောင့် သူဟာ အဆိပ်မိတဲ့အပိုင်းကို အလျှင်အမြန်ကုသလိုက်ပေမယ့်လည်း အဆိပ်တွေကို တားဆီနိုင်ရုံသာ တားဆီးနိုင်ခဲ့ပါတယ်။ နောက်ပြီး သွေးဆတ်ခလောက်မှော်သားရဲ အပြင် ကြွက်ဘုရင်ကြီးနဲ့လည်း တိုက်ခိုက်ခဲ့ရပါသေးတယ်။ ပုံမှန်အားဖြင့်တော့ သူဟာ မြွေဆိပ်ကိုကောင်းကောင်းထိန်းချုပ်ထားနိုင်ပေမယ့် ပွဲဆက်များလာတဲ့ တိုက်ပွဲတွေက အဆိပ်တွေမြန်မြန်ပြန့်နှံ့စေခဲ့ပါတယ်။
” အဒေါ်ကြီး။ ဒီနေရာက မြန်မြန်ခွာကြမယ်။ ကျောက်ခေတ်ရွာပြန်ရောက်ရင် အဘိုးအကြီးအကဲက သေချာပေါက် အဆိပ်ဖယ်ပေးနိုင်မှာပါ..။”
ရှီဟောင်ရဲ့ စိုးရိမ်စိတ်တွေဟာ ငယ်ထိပ်ကို တက်ဆောင့်လာပါတယ်။
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးလည်း သူ့ရဲ့တောင်ပံတွေကို ဖြန့်ပြီး နောက်တစ်ကြိမ်ပျံသန်းဖို့ ကြိုးစားလိုက်ပါတယ်။ သည်တ၀်ကြိမ်မှာတော့ သူဟာ ရှန်းနီမှော်သားရဲကြီးကိုပါ ကျောက်ခေတ်ရွာကို သယ်ယူနိုင်တော့မှာပါ။
လင်းယုန်စိမ်းကြီးဟာ ပျံသန်းချိန်လမ်းတစ်လျှောက် သူ့ရဲ့ခန္ဓာကိုယ်ဟာ အကြိမ်ကြိမ်တုန်ခါနေပြီး မိုးကောင်းကင်ကနေ ပြုတ်ကျသွားမတတ်ပါပဲ။ သူ့ရဲ့ ခန္ဓာကိုယ်ဟာ မယုံနိုင်လောက်အောင် အားနည်းလာခဲ့တာကြောင့် အရမ်းကို အားစိုက်ထုတ်နေရပါတယ်။ ပုံမှန်ဆိုရင်တော့ ရှန်းနီလို မှော်သားရဲနှစ်ကောင်လောက်ကိုတောင် သာသာယာယာသယ်ယူနိုင်ပါသေးတယ်။
သိပ့်မကြာခင်မှာပဲ တောင်ကမ်းပါးတစ်ခုကိုဖြတ်ပျံရင်း သူ့ရဲ့သံမဏိလိုတောင်ပံတွေဟာ ကျောက်တောင်ကြီးတ်တောင်ကို ၀င်တိုက်မိပါတော့တယ်။ ဒါက ပထမဆုံးအကြိမ် မြေပြင်ပေါ်ကို ခေါင်းစိုက်ကျလာခဲ့တာဖြစ်ပါတယ်။
” အဒေါ်ကြီး။ ခင်ဗျားမနိုင်တော့ဘူးဆိုရင်လည်း ရှန်းနီဖြစ်ဖြစ် ဒဏ္ဍာရီလာနွားမိစ္စာချို ဖြစ်ဖြစ် တစ်ခုခုထားခဲ့ကြမယ်။ နောက်ပိုင်းကျမှ ပြနာလာကြည့်ကြတာပေါ့။ ”
ရှီဟောင်က စိုးရိမ်ပူပန်မှုအပြည့်နဲ့ပြောလိုက်ပါတယ်။
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကလည်း ရှီဟောင်ရဲ့ စိတ်ကူးကို ချက်ချင်းပဲ ငြင်းပယ်ခဲ့ပါတယ်။ သူဟာ ရှီဟောင်သယ်ယူလာခဲ့တဲ့ ဒဏ္ဍာရီလာနွားမိစ္စာကြီးရဲ့ ဦးချို အပြင် လူဝံနတ်ဆိုးလက်မောင်းကိုလည်း မစွန့်ပစ်ချင်ပါဘူး။ ဒါ့အပြင် သူ့ရဲ့ခြေသည်းတွေကြားမှာ ကုတ်ချီလာခဲ့တဲ့ ရှန်းနီကိုလည်း ပစ်မထားနိုင်ဘူးလေ။ ဒါ့ကြောင့်လည်း အားသစ်မာန်သစ်တွေဝင်လာအောင် စိတ်ကိုတင်းလိုက်ရင်း ကျောက်တောင်ကြီးက ထပ်မံပျံသန်းထွက်လိူက်ပါတယ်။
နောက်ဆုံးတော့သူတို့ဟာ ကျောက်ခေတ်ရွာအနီးဝန်းကျင်ကို ပြန်လည်ရောက်ရှိလာကြပါပြီ။ ရှီဟောင်ကလည်း ဒဏ္ဍာရီလာနွားမိစ္စာချို နဲ့ လူဝံနတ်ဆိုးလက်မောင်းတို့ကို ပိုက်ထားရင်း အတိုင်းမသိပျော်ရွှင်နေပါတယ်။
သူဟာ တကယ့်ကို အန္တရာယ်ကြီးမားတဲ့အခြေအနေတွေကို ကြုံတွေ့ခဲ့ရပါတယ်။ သူတို့အသက်သေမလိုဖြစ်ခဲ့တာတောင် အကြိမ်ကြိမ်ပါပဲ။ ဒါပေမယ့် သူတို့ဟာ မမျှော်လင့်ဘဲ ရှန်းနီရဲ့ အဖိုးမဖြတ်နိုင်တဲ့ ခန္ဓာကိုယ်ကိုတောင် ရလာခဲ့ပါသေးတယ်။ ဒါ့အပြင် ဒဏ္ဍာရီလာနွားမိစ္စာချို နဲ့ လူဝံနတ်ဆိုးလက်မောင်းကိုပါ အပိုဆုအဖြစ် ရလာပါသေးးတယ်။ သူတို့ရဲ့ အောင်မြင်မှုဟာ အမှန်တကယ်ကို ခမ်းနားလို့နေပါတယ်။
” အဘိုးအကြီးအကဲ နဲ့ ဦးလေးတို့..
ခင်ဗျားတို့တွေ ကျွန်တော့်ရဲ့ အသက်ငါးနှစ်မှာ သွေးသန့်စင်ခြင်းအတွက် စိတ်မပူသလို ဟန်ဆောင်နေပေမဲ့ ကျွန်တော်အမှန်တရားကို သိပါတယ်။ အခု မစိုးရိမ်နဲ့တော့ .. ကျွန်တော်ရှေးဟောင်းမှော်သားရဲမျိုးဆက်တွေရဲ့ သန့်စင်တဲ့သွေးတွေကို အလုံအလောက်ရလာခဲ့ပြီ..”
သူဟာ အတော်လေးကို ပျော်နေပါတယ်။
သူ့ရဲ့ စကားသံက ပျော်ရွှင်မှုကို ဖော်ပြနေပြီး နှုတ်ခမ်းတွေကတောင် လိုက်ပြီးပြုံးနေပါတယ်။ သူ့ရဲ့ ရယ်မော်သံဟာ အရမ်းကို သန့်စင်ချိုမြိန်နေပြီး နေ၀င်ဆည်းဆာချိန်အလင်းရောင်အောက်မှာ အတော်လေးကို တောက်ပနေပါခဲ့ပါတယ်။
ညနေခင်းနေရောင်ခြည်တောက်တောက်တွေဟာ တောင်တန်းဒေသတစ်ခုလုံးကို အနီရောင်စုတ်ချက်တို့ထိထားတဲ့ ပန်းချီကားတစ်ချပ် ဖြန့်ခင်းထားသလို လှပနေပါတယ်။ နေရောင်ခြည်ကွယ်ပျောက်တော့မဲ့ ညနေခင်းဟာ ညည့်ဦးယံကာလကို ငြိမ်းချမ်းစေလို့ပါ။
ရှီဟောင်တို့ဟာ လျှင်မြန်စွာ ကျောက်ခေတ်ရွာနားကို ရောက်ရှိလာကြပါတယ်။ တောင်တန်းဒေသရဲ့ အစွန်းအဖျားပိုင်းဖြစ်တာကြောင့်လည်း ဒီပတ်ဝန်းကျင်က မှော်သားရဲတွေများများစားစားရှိမနေပါဘူး။ ဒါ့ကြောင့်လည်းဘဲ ပြောရမယ်ဆိုရင် ငြိမ်းချမ်းလို့နေပါတယ်။
” နောက်ဆုံးတော့လည်း ကျွန်တော်တို့ အိမ်ပြန်ရောက်တော့မယ်။”
ရှီဟောင်ဟာ အခုမှစိတ်သက်သာရာ ရသွားဟန်နဲ့ သက်မချလိုက်ပါတယ်။
” ဗုန်း…”
သို့သော်ငြားလည်း အဲ့ဒီအချိန်မှာပဲ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးဟာ သူ့ရဲ့တောင်ပံတွေကို မခပ်နိုင်တော့ဘဲ သစ်ပင်တွေကြား ထိုးစိုက်ကျလာပါတယ်။ သူဟာ ပိုပိုပြီး မောပန်းလာခဲ့ပါတယ်။ သူ့ရဲ့ ဒဏ်ရာဟောင်းကနေလည်း သွေးနက်တွေ အဆက်မပြတ်ထွက်ကျလာပါတယ်။
” အဒေါ်ကြီး.. နည်းနည်းလောက် အားတင်းထားပါ။ ကျွန်တော်တို့အိမ်နဲ့ နီးနေပြီ။”
ရှီဟောင်ကလည်း အားပေးစကားပြောလိုက်ပါတယ်။
ရုတ်တရက် လေချွန်သံကြီးထွက်ပေါ်လာပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးဟာ ဆက်ပြီးပျံသန်ဖို့ အရမ်းကို မောပန်းလွန်းနေပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ဟာ မဟန်နိင်တော့ဘဲ သစ်ပင်အိုကြီးတွေကို ၀င်တိုက်မိပြီး လဲပြိုကျသွားစေပါတယ်။
ကံကောင်းထောက်မစွာပဲ မိုးကောင်းကင်ကနေ တဟုန်ထိုးပြုတ်ကျမလာဘဲ ဖြည်းဖြည်းချင်းသာ ပြုတ်ကျတာကြောင့် သက်သာရာအနည်းငယ်ရသွားပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ သေချာပေါက် ဒီလောက်အမြင့်ကနေပြုတ်ကျမှာဖြစ်တာကြောင့် အရိုးတခြား အသားတခြားဖြစ်ပြီး အသက်ထွက်သွားနိုင်ပါတယ်။
၀ုန်းခနဲမြည်ဟိန်းသံကြီးနဲ့ အတူ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ ခြေသည်းတွေကြားက ရှန်းနီကြီးဟာ ပထမဆုံးမြေပြင်ပေါ်ပြုတ်ကျလာပါတယ်။ ပြီးတော့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးလည်း ဘုံကြိုးပြတ်သလို ပြုတ်ကျလာပြန်ပါတယ်။
ဒဏ္ဍာရီလာ နွားမိစ္စာဦးချိုကို ပွေ့ဖက်ထားတဲ့ ရှီဟောင်ကတော့ လိမ့်ဆင်းလိုက်ပါတယ်။ ပြောရရင် သူဟာ ဒဏ္ဍာရီလာ နွားမိစ္စာဦးချိုကို လက်လွှတ်ချလိုက်တာကြောင့် မြေပြင်ပေါ်ကို ဘေးမသီရန်မခ ရောက်ရှိသွားပါတယ်။
” အဒေါ်ကြီး..အဆင်ပြေရဲ့လား..ဘယ်လိုနေသေးလဲ..”
ရှီဟောင်ဟာ ချက်ချင်းပဲ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးဆီကို ပြေးလွှားသွားပါတယ်။
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက ရှေးဟောင်းနတ်မိစ္စာငှက်ကြီးကနေ ဆင်းသက်လာတာကြောင့် ကြောက်မက်ဖွယ်ရာအစွမ်းအစတွေရှိပါတယ်။ သူ့ရဲ့ဒဏ်ရာကနေ ညှီစို့စို့အနံ့တွေနဲ့ သွေးမည်းတွေက ဒရဟောဆင်းကျနေပါတယ်။ သူ့ရဲ့ ကိုယ်ခံစွမ်းအားတွေတရိပ်ရိပ်ကျလာတာကြောင့် မတ်တတ်ရပ်ဖို့တောင် အတော်လေးခက်ခဲနေပါတယ်။
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးဟာ မိုးကောင်းကင်ကို မော့ကြည့်လိုက်ပြီး သံကုန်ဟစ်ကြွေးလိုက်ပါတယ်။ ဒါက ကျောက်ဆောင်ကျောက်ခဲတွေကိုတောင် ထိုးဖောက်လို့သွားနိုင်တဲ့ အသံလှိုင်းစွမ်းအားတွေပါပဲ။ ရှီဟောင်ဟာ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ အော်သံကြီးထွက်ပေါ်လာတာနဲ့ ချက်ချင်းပဲ သူ့နားနှစ်ဖက်ကို ပိတ်ပစ်လိုက်ပါတယ်။ ပတ်ဝန်းကျင်လေထုတစ်ခုလုံးကတော့ တဆတ်ဆတ်တုန်ခါသွားပြီး သစ်ရွက်တွေလည်း တဖြုတ်ဖြုတ်ကြွေကိသွားကြပါတယ်။
” အဒေါ်ကြီး. တောင့်ထားဦး။ ခင်ဗျားမှာ အစွမ်းရှိသေးသလောက် အော်ပစ်လိုက်။ အားဖုန်၊ ရှောင်းရောင်နဲ့ ဇီယန်တို့အပြင်တစ်ခြားသူတွေလည်း အော်သံကို သေချာပေါက်ကြားရလိမ့်မယ်။ ကျွန်တော်တိုိ့နဲ့ ကျောက်ခေတ်ရွာက သိပ့်ဝေးတော့တာမှ မဟုတ်တာ။ အဘိုးအကြီးအကဲက သေချာပေါက် ကျွန်တော်တို့ကို လာရှာလိမ့်မယ်။”
ဒဏ္ဍာရီလာ နွားမိစ္စာဦးချိုကို ပြေးကောက်ရင်း ရှီဟောင်က ပြောလိူက်ပါတယ်။
” နွားမိစ္စာချိုက အဆိပ်အမျိုးမျိုးကို ပျောက်ကင်းစေနိုင်တယ်လို့ ပြောသံကြားဖူးတယ်။ အဒေါ်ကြီး ပါးစပ်ဟပေး။ တစ်ဖဲ့လောက် စားကြည့်လိုက်။ အကျိုးသက်ရောက်မှုရှိချင်ရှိနိုင်တယ်..”
ရှီဟောင်ဟာ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကို အစွမ်းကုန်ကူညီနိုင်ဖို့ ကြိုးစားနေပါတယ်။ သူဟာ ကလေးတစ်ယောက်ဖြစ်နေသေးတယ်ဆိုပေမယ့် အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကတော့ သူ့ရဲ့ကလေးတွေနဲ့ ပတ်သက်ပြီး သူ့ကို နူးညံ့စွာဆက်ဆံခဲ့ပါတယ်။ နောက်ပြီး ရှေးဟောင်းနတ်မိစ္စာငှက်ကြီးရဲ့သားစဉ်မြေးဆက်ဖြစ်တာကြောင့်လည်း မြင့်မားတဲ့ဥာဏ်ရည်ဥာဏ်သွေးတွေရှိကြပါတယ်။
” အဒေါ်ကြီး.. အားတင်းထားရမယ်နော်.. အဘိုးအကြီးအကဲနဲ့ တခြားသူတွေ သိပ့်မကြာခင် ဒီကို ရောက်လာကြလိမ့်မယ်။”
အချိန်တွေဟာ တရွေ့ရွေ့ကုန်ဆုံးလာပါတယ်။ ဟိုး အဝေးကမှာ်သားရဲတွေရဲ့ ဟိန်းဟောက်သံတွေကိုတောင် တစ်ချက်တစ်ချက်ကြားနေရပါတယ်။ ကျောက်ခေတ်ရွာက လူတွေဟာ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ အော်ဟစ်သံကို မကြားလိုက်ရမှာ ရှီဟောင် စိတ်ပူစပြူလာပါတယ်။
အခုရောက်နေတဲ့ နေရာက ကျောက်ခေတ်ရွာနဲ့နီးတယ်ဆိုပေမယ့်လည်း အစွမ်းထက်တဲ့မှော်သားရဲတွေ ရောက်လာနိုင်ပါသေးတယ်။ လက်ရှိ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ အခြေအနေနဲ့ တုံ့ပြန်တိုက်ခိုက်ဖို့ကလည်း မဖြစ်နိုင်သေးတာကြောင့် သူတို့တွေ သေချာပေါက် အသတ်ခံရနိုင်ပါတယ်။
” သူတို့တွေ မကြားလိုက်ရင်တောင် အဘိုးအကြီးအကဲကတော့ ကျွန်တော်တို့ကို ရှာဖို့ သေချာပေါက်လူတွေ စလွှတ်တော့မှာပါ။ အဒေါ်ကြီး စိတ်ရှည်ရှည်နဲ့ စောင့်ပြီး အားတင်းထားပါ။ အရာအားလုံးအဆင်ပြေသွားပါလိမ့်မယ်…”
ရှီဟောင်ဟာ သူ့ရဲ့ကလေးသံလေးနဲ့ အတတ်နိုင်ဆုံး နှစ်သိမ့်လို့နေပါတယ်။
မှော်သားရဲတစ်ချို့ရဲ့ ဟိန်းဟောက်သံတွေဟာ ဝေးကွာလှတဲ့အရပ်ကနေ တဖြည်းဖြည်းနီးကပ်လာခဲ့သယောင်ပါပဲ။ အခုဆို ကောင်းကင်ပြာကြီးက နေရောင်ကွယ်ပျောက်သွားပြီဖြစ်တာကြောင့် မှောင်မိုက်လို့လာပါတယ်။ တောင်တန်းဒေသရဲ့ အခုအပိုင်းက ပိုပြီး ကြောက်စရာကောင်းတာ မနှစ်မြို့စရာအငွေ့အသက်တွေ ပြည့်နှက်လို့လာခဲ့သလိုပါပဲ။
” အဒေါ်ကြီး။ ရော့ .. ဒီသွေးတွေကိုလည်း သောက်လိုက်ဦး..”
ရှီဟောင်ဟာ ဒဏ္ဍာရီလာနွားမိစ္စာရဲ့ အသားကိုဖဲ့လိုက်ပြီး သွေးစက်တွေကို လက်နဲ့ခံထားလိုက်ပါတယ်။
ရုတ်တရက် ရှီဟောင်ရဲ့ နောက်ကျောဟာ အေးစိမ့်တက်သွားပြီး ဆံပင်တွေတောင် ထောင်ထသွားပါတယ်။ သူဟာ အမြန်ဆုံးလှုပ်ရှားကာ ဘေးဘက်ကို လိမ့်ထွက်လိုက်ပါတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးကို အေးခဲသွားစေနိုင်လောက်တဲ့ ရေခဲအေးမြှားတစ်စင်းက သူ့ရဲ့လည်ပင်းနားကနေ ပွတ်ကာသီကာလေး ဖြတ်သွားပါတယ်။ ဒေါင်ခနဲ မြည်သံကြီးနဲ့အတူ ရေခဲအေးမြှားက ကျောက်တုံးကြီးတစ်တုံးမှာ နစ်ဝင်သွားပါတယ်။
ရှီဟောင်ဟာ ရေခဲအေးမြှားရဲ့အသံထက်မြန်တဲ့အမြန်နှုန်းထက် ပိုပြီးမြန်နေခဲ့လို့သာ ရှောင်တိမ်းလိုက်နိုင်တာပါ။ ရေခဲအေးမြှားရဲ့ အမြန်နှုန်းကတော့ သိပ့်ကို တုန်လှုပ်စရာကောင်းခလွန်းပါတယ်။ ရှီဟောင်သာ ရှောင်တိမ်းဖို့နည်းနည်းလေးလောက် နှေးကွေးနေတာနဲ့ ရေခဲအေးမြှားက သူ့ရဲ့ လည်ချောင်းကို ထုတ်ချင်းခတ်ဖောက်ထွင်းသွားပါလိမ့်မယ်။
*****