Switch Mode

Chapter – 194

အခန်း (၁၉၄) စုချီ ဘုံပျံတက်ခြင်း၊ မော့ဖူချို
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် ‘ဂျိရှင်းရှန် ထွက်သွားတာ မကြာသေးဘူး၊ လုံရှန် ရောက်လာပြန်ပြီ၊ ဒါက ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာများလား’
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောလိုက်ပြီးနောက် မတ်တတ်ရပ်လိုက်ပါတယ်။ နှစ်တွေအကြာကြီး ကျင့်ကြံပြီးနောက်မှာ တစ်ခါတစ်ခါ တိုက်ခိုက်တာကလည်း မကောင်းတာတော့ မဟုတ်ပါဘူး။ နောက်ပြီး လုံရှန်က သူ့အပေါ်မှာ အကောင်းမြင်စိတ်ရှိတာကြောင့် လိမ်ပြောမှာတော့ မဟုတ်လောက်ပါဘူး။ တကယ် လက်ရည်စမ်းချင်တာပဲ ဖြစ်ပါလိမ့်မယ်။
ဟန်ကျွယ်ဟာ လုံရှန်ကိုမှီပြီး မြင့်တက်လာတဲ့အတွက် ဒီတစ်ကြိမ်တိုက်ပွဲကို ရှောင်လွှဲဖို့ မဖြစ်နိုင်ပါဘူး။ ဟန်ကျွယ်သာ လုံရှန်ကို ရှုံးနိမ့်သွားမယ်ဆိုရင် သူ့အရည်ချင်းက လုံရှန်ကို မမီရာ ရောက်သွားပါလိမ့်မယ်။ ဒီလိုဆိုရင် ကောင်းကင်ဧကရာဇ်က တစ်မျိုးထင်သွားမှာ မြေကြီးလက်ခတ်မလွှဲပါပဲ။ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ရဲ့ ကာကွယ်မှုအောက်မှာ အေးအေးချမ်းချမ်း ကျင့်ကြံချင်ပါသေးတယ်။
ဟင်းလင်းပြင်ဟာ အလင်းရောင်မရှိဘဲ မည်းမှောင်နေပါတယ်။ ဟန်ကျွယ်ဟာ လုံရှန်ရဲ့ရှေ့မှာ ရုတ်ခြည်း ပေါ်လာပါတယ်။ သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်ကနေ ဖျော့တော့တဲ့ အလင်းရောင်တစ်‌ရောင် ဖြာထွက်နေပါတယ်။ သူတို့မှာရှိတဲ့ အမတစွမ်းအားကြောင့် ဟန်ကျွယ်နဲ့ လုံရှန်ဟာ ဟင်းလင်းပြင်မှာ နေနိုင်တာ ဖြစ်ပါတယ်။
လုံရှန်ဟာ ငွေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားတုန်းဖြစ်ပြီး စိတ်ဓာတ်တ်ကြွနေပါတယ်။ လုံရှန်ဟာ ဟန်ကျွယ်ကို မြင်လိုက်ရဲ့အခါမှာတော့ မသိမသာ ပြုံးမိသွားပါတယ်။ ဒီတစ်ခါမှာတော့ လုံရှန်ဟာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိနေပါတယ်။
ဟန်ကျွယ် အမြင်မှာတော့ လုံရှန်က သူ့ကိုယ်သူ ယုံကြည်ချက် ရှိနေတာ မဟုတ်ပါဘူး။ ဘဝင်လေဟပ်နေတာပါ။
လုံရှန်ဟာ ဟန်ကျွယ်ကို ပြင်းထန်တဲ့ဆန္ဒမျက်ဝန်းတွေနဲ့ ကြည့်လိုက်ပါတယ် “ဟန်ကျွယ်… မင်း ကျင့်ကြံမှုက ဘယ်ရောက်ပြီလဲ”
စနစ်ရဲ့ ဖုံးကွယ်ထားမှုကြောင့် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက ပြန်လည်မွေးဖွားခြင်း ကောင်းကင်အမတ အလယ်အဆင့်မှာပဲ ရှိနေပါတယ်။
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ငါလည်း အမတစစ် ဖြစ်သွားပြီ”
ဟန်ကျွယ်စကားကြောင့် လုံရှန်ရဲ့ အပြုံးဟာ အေးခဲသွားပါတယ်။ အဲဒီနောက် လုံရှန်ဟာ မျက်လုံး ပြူးသွားပါတယ်။
‘ဒါ လုံးဝ မဖြစ်နိုင်ဘူး’
လုံရှန်ဟာ အမတစစ်အဆင့်ကို ထိုးဖောက်နိုင်ဖို့အတွက် အခက်အခဲတွေ အများကြီးကို ဖြတ်ကျော်ခဲ့ရတာပါ။ ဒါပေမဲ့ သေမျိုးကမ္ဘာမှာ ပုန်းအောင်းနေတဲ့ ဟန်ကျွယ်ကလည်း အမတစစ် ဖြစ်သွားပြီဆိုတော့…။
“တကယ်လား” လုံရျန်ဟာ အံကြိတ်ပြီး မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ လက်ဖြန့်ပြီး ပြောလိုက်ပါတယ် “ငါ လိမ်မပြောတက်ဘူး”
လုံရှန်ဟာ တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်ကလည်း တိုက်ခိုက်ဖို့ အလျင်မလိုပါဘူး။
အတန်ကြာတဲ့အခါမှာတော့…။
လုံရှန်က အသက်ပြင်းပြင်းရှူပြီး ပြောလိုက်ပါတယ် “ငါ ရွှေအမတ ဖြစ်လာရင် မင်းကို လာစိန်ခေါ်မယ်၊ ငါ မင်းထက်အရင် ရွှေအမတ ဖြစ်ကိုဖြစ်လာရမယ်”
စကားဆုံးတာနဲ့ လုံရှန်ဟာ ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ လုံရှန် ပြန်သွားတဲ့အတွက် ဝမ်းသာသွားပါတယ်။
‘ဒီကောင်လေးက ကိုယ့်အကြောင်းတော့ ကိုယ်သိသားပဲ’
‘မတိုက်တာလည်း ကောင်းတယ်၊ မဟုတ်ရင် သူ ထပ်ပြီးတော့ စိတ်ဒုက္ခရောက်အုန်းမှာပဲ’
ဟန်ကျွယ်ဟာ လုံရှန်ရဲ့ အချက်အလက်ကို အသွင်တူလက်ရည်စမ်းပွဲနဲ့ ကူးယူလိုက်ပြီးပါပြီ။ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်တာနဲ့ လုံရှန်ကို အသွင်တူလက်ရည်စမ်းပွဲထဲမှာ နှိပ်စက်မှာပါ။
တောင်တွေဟာ စိမ်းစိုနေပြီး မြစ်တွေကလည်း တသွင်သွင် စီးဆင်းနေပါတယ်။ ကောင်းကင်ပြင်က ပြာလဲ့နေပြီး တိမ်ဖြူတွေဟာ ဟိုဟိုဒီဒီ ရွေ့လျားနေပါတယ်။
ရေတံခွန်တစ်ခုရဲ့ အောက်မှာတော့ ကျိုးဖန်နဲ့ မော့ဖူချိုဟာ ယှဉ်လျက် မတ်တတ်ရပ်နေပြီး မြစ်ရေပြင်ကို ကြည့်နေပါတယ်။ သူတို့နှစ်ယောက်ဟာ အရင်ကလို စိတ်လိုက်မာန်ပါ လုပ်တက်တဲ့ လူငယ်လေးတွေ မဟုတ်တော့ဘဲ တော်တော်လေး ရင့်ကျက်နေကြပါပြီ။
မော့ဖူချိုဟာ လောကဓံရဲ့ ရိုက်ခတ်မှုကြောင့် အလွန်တရာ ရင့်ကျက်နေပြီး ကျိုးဖန်ကတော့ ရက်စက်ယုတ်မာပုံ ရှိနေပါတယ်။ ကျိုးဖန်ရဲ့ မျက်ခုံးနှစ်ခုကြားမှာ ထွက်ပေါ်နေတဲ့ သတ်ဖြတ်ငွေ့ကလည်း ဖုံးကွယ်လို့မရအောင် သိပ်သည်းလှပါတယ်။
“မင်း တကယ်ပဲ အဲဒီလိုလုပ်မှာလား” ကျိုးဖန်ဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ်။
မော့ဖူချိုက တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေပါတယ် “ဂျိရှင်းရှန်လည်း ဘုံပျံတက်သွားပြီ၊ အစ်ကိုဟန်ကလည်း အမတနတ်ဘုရား ဖြစ်သွားပြီ၊ သေမျိုးကမ္ဘာမှာ ဘယ်သူက ငါတို့ပြိုင်ဖက် ဖြစ်နိုင်အုန်းမှာလဲ၊ ပြိုင်ဘက်မရှိမှတော့ လောကနံပါတ်တစ်အတွက် တိုက်ခိုက်နေလို့ ဘာအဓိပ္ပာယ်ရှိအုန်းမှာလဲ”
ကျိုးဖန်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။ ကျိုးဖန်ဟာ လေးငါးခြောက်ခါ သေဖူးပြီးပြီမို့ အရင်လို စိတ်ထင်ရာ လျှောက်မလုပ်ရဲတော့ပါဘူး။ အတိတ်မှာတုန်းက မော့ဖူချိုဟာ ကျိုးဖန်နောက် တကောက်ကောက်လိုက်ပြီး ကာကွယ်ပေးခဲ့ပါတယ်။ ဒါကြောင့် ကျိုးဖန်ဟာ မော့ဖူချိုအပေါ်ကို အကြွေးအများကြီး တင်နေတယ်လို့ အမြဲတမ်း ခံစားနေရပါတယ်။ ဒီအကြောင်းကြောင့် ကျိုးဖန်ဟာ ဒီဘဝမှာတော့ မော့ဖူချိုကို အမြဲတမ်း ဦးစားပေးပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် ပြန်ပေါင်းဆုံတဲ့အခါ မော့ဖူချိုက ဒီလောက်ထိ ရူးသွပ်ပြီး ရည်မှန်းချက် ကြီးလာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
မော့ဖူချိုဟာ ကျိုးဖန်ကို တစ်ချက်ကြည့်ပြီး ညင်သာစွာ ပြောလိုက်ပါတယ် “မင်း ကြောက်လို့ရှိရင် နေရာရှာပုန်းပြီး ကျင့်ကြံအားထုတ်ချည်၊ မင်းလို အစ်ကိုဟန်လို ဖြစ်လာနိုင်တာပဲ”
ဒီစကားက ကျိုးဖန်ကို လှုပ်နိုးလိုက်ပါတယ်။ ကျိုးဖန်ဟာ ဟန်ကျွယ်ကို အမြဲတမ်း ပစ်မှတ်ထားပြီး ကျင့်ကြံခဲ့တာပါ။ ကျိုးဖန်ဟာ စွန့်စားတာက ကျင့်ကြံမှုရဲ့ စစ်မှန်သောလမ်းစဉ်လို့ လက်ခံထားခဲ့တာပါ။ ဒါပေမဲ့ အခုလိုမျိုး နောက်ကောက် ကျန်ရစ်နေခဲ့လိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့ပါဘူး။ ကျိုးဖန်အနေနဲ့ ဟန်ကျွယ်ကို အတုယူဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။
“မင်းက စိန်ခေါ်ချင်မှတော့ ငါလည်း မင်းနဲ့အတူ လိုက်မယ်”
ကျိုးဖန်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ်။ ကျိုးဖန်ဟာ ဟန်ကျွယ်နဲ့ မယှဉ်နိုင်ဘူးဆိုပေမဲ့ ကျန်တဲ့လူတွေကိုတော့ နည်းနည်းမှ မကြောက်ပါဘူး။
မော့ဖူချိုဟာ ပြုံးလိုက်ပါတယ် “အရမ်းကောင်းတယ်၊ အရင်းဆုံး ကောင်းကင်အမတစံအိမ်ကနေ စရအောင်၊ သူတို့က ငါတို့နှစ်ယောက်ကို လိုက်သတ်ခဲ့တာ၊ ငါတို့တွေ သူတို့ကို အရင်ဆုံး ဖျက်ဆီးသင့်တယ်”
“ကောင်းပြီလေ”
ဒီအချိန်မှာပဲ တောအုပ်ထဲကနေ လူတစ်ယောက် ထွက်လာပါတယ်။ ဒီလူကတော့ ရွှမ်ချင်းကျွင်းရဲ့ ညီမ ရွှမ်ရှီရှီပဲ ဖြစ်ပါတယ်။ ရွှမ်ရှီရှီဟာ ကျိုးဖန်ကို တစ်ချိန်လုံး ကာကွယ်ပေးနေခဲ့တာပါ။ ရွှမ်ရှီရှီဟာ ကျိုးဖန်နဲ့ မော့ဖူချိုရဲ့ နောက်ကျော်ကိုကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
“သေစမ်း… ဒီကောင်လေးနှစ်ကောင်က ဘာတွေ လျှောက်လုပ်ချင်ပြန်ပြီလဲ မသိဘူး”
ရွှမ်ရှီရှီဟာ တကယ်ကို ပင်ပန်းနေပါပြီ။ ကျိုးဖန်နောက်ကို နှစ်အကြာကြီး လိုက်ပြီးတဲ့နောက် ရွှမ်ရှီရှီဟာ စိတ်ရောကိုယ်ပါ နွမ်းလျနေပါပြီ။ ရုတ်တရက်ဆိုသလို ရွှမ်ရှီရှီဟာ သူ့အစ်မလို ဘုံပျံတက်ချင်သွားပါတယ်။ ကျိုးဖန်နောက် သူဆက်လိုက်မယ်ဆိုရင် သေဖို့ရာခိုင်နှုန်း တော်တော်များပါတယ်။ ကျိုးဖန် ရန်စတဲ့ရန်သူတွေက အမြဲတမ်းလိုလို ရွှမ်ရှီရှီထက် စွမ်းအားကြီးတဲ့သူတွေချည်းပါပဲ။
‘ငါ ထွက်သွားသင့်လား’ ရွှမ်ရှီရှီဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။
ရွှမ်ချင်းကျွင်းက မိစ္ဆာမျိုးနွယ်စုအတွက် ရွှမ်ရှီရှီကို ကျိုးဖန်နောက် လိုက်ခိုင်းခဲ့တာပါ။ ဒါပေမဲ့ မိစ္ဆာမျိုးနွယ်စုကလည်း ပြန်မလာနိုင်တဲ့အတွက် ကျိုးဖန်နောက် ဆက်လိုက်တာက ဘာအဓိပ္ပာယ်မှ မရှိတော့ပါဘူး။ ဒါကိုတွေးမိလိုက်တဲ့ ရွှမ်ရှီရှီဟာ တောအုပ်ထဲကို တိတ်တဆိတ် ပြန်ဝင်သွားပါတယ်။
ကျိုးဖန်ဟာ တစ်စုံတစ်ခုကို အာရုံခံမိတာကြောင့် အနောက်ကို လှည့်ကြည့်လိုက်တဲ့အခါ သူ့မျက်လုံးတွေထဲမှာ စိတ်ပျက်မှုတွေ အထင်းသား ပေါ်လွင်သွားပါတယ်။ ရုတ်တရက်ဆိုသလို ကျိုးဖန်ဟာ တစ်စုံတစ်ခုကို နားလည်လိုက်ပါတယ်။ ဒါပေမဲ့လည်း ကျိုးဖန်မှာ သူ့လမ်းနဲ့သူပါ။ အမျိုးသမီးတစ်ယောက်အတွက် သူ့အသက်ကို စွန့်စားပြီး သူရရှိထားတဲ့ အရာအားလုံးကို လက်လွှတ်ခံမှာတော့ မဟုတ်ပါဘူး။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ နှစ် ၃၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း အမတစစ် အလယ်အဆင့်နဲ့ နီးကပ်သွားပါပြီ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီအဆင့်မှာတင် နှစ်ငါးဆယ်ကျော် ကြာသွားပါပြီ။ ဒီအဆင့်က ဟန်ကျွယ် ထိုးဖောက်ခဲ့တဲ့ အဆင့်တွေထက် အများကြီး ပိုခက်ပါတယ်။
ဒီနေ့မှာတော့ စုချီဟာ ဟန်ကျွယ်ဆီ အလည်‌ရောက်လာပါတယ်။ စုချီဟာ ကြိုးကြိုးစားစား ကျင့်ကြံတဲ့အတွက် အတိဒုက္ခဖြတ်ကျော်အဆင့်ကိုတောင် ရောက်နေပါပြီ။
“ဆရာသခင်… ကျွန်တော် ဘုံပျံတက်ချင်တယ်၊ ဒီအတောအတွင်း အထက်ဘုံမှာရှိတဲ့ တစ်စုံတစ်ခု ကျွန်တော့်ကို ဆင့်ခေါ်နေတယ်လို့ ခံစားရတယ်” စုချီဟာ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ပြီး အလေးအနက် ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ သက်သာရာ ရသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စုချီ စွမ်းအားကြီးလာတာနဲ့အမျှ သူ့ကြမ္မာဆိုးကလည်း ပိုအားကောင်းလာပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက် အပြင်က ပြန်လာတဲ့ ရန်ထျန်တုန်းဟာ စုချီကို ဝင်တွေ့မိလို့ အတွင်းနတ်ဆိုး ဖြစ်ပေါ်သွားခဲ့ပါတယ်။
ဟန်ကျွယ်ဟာ မလွှတ်ချင်တဲ့ပုံစံမျိုး သရုပ်ဆောင်လိုက်ပါတယ် “အထက်ဘုံက အရမ်းအန္တရာယ်များတယ်၊ ငါ မင်းကို ကာကွယ်နိုင်မှာ မဟုတ်ဘူး”
စုချီက ပြောလိုက်ပါတယ် “မစိုးရိမ်ပါနဲ့ ဆရာသခင်၊ ကျွန်တော် ပြဿနာမရှာပါဘူး”
“ဒီလိုဆို မင်းအထက်ဘုံရောက်ရင် နဂါးအမတကျွန်းထဲဝင်လိုက်၊ တာအိုသခင်တန်ချင်းက စွမ်းအားကြီးမားပြီး သူ့လက်အောက်မှာလည်း တပည့်တွေ မရေမတွက်နိုင်အောင် ရှိတယ်၊ အမတနတ်ဘုရားတစ်ဦးက ဒီအကြောင်း ငါ့ကို ပြောဖူးတယ်၊ ဒါပေမဲ့ မင်း တာအိုသခင်တန်ချင်းကို ဆရာတင်ခွင့်ရခဲ့မယ်ဆိုရင် မင်းက ကြက်သွေးရောင်တိမ်ကမ္ဘာကဆိုတာကို လုံးဝမပြောနဲ့၊ ငါတပည့်ဆိုတာကို ပိုလို့တောင် မပြောမိစေနဲ့”
စုချီဟာ ဟန်ကျွယ်စကားကို စိတ်ထဲမှာ မှတ်သားထားလိုက်ပါတယ် “ဆရာသခင်ရဲ့ ညွှန်ပြမှုအတွက် ကျေးဇူးပါပဲ၊ ကျွန်တော် ဘုံပျံတက်ပြီး အခုလိုမျိုး အေးအေးဆေးဆေး ဆက်ကျင့်ကြံလို့ရရင် ဘယ်လောက်ကောင်းလိုက်မလဲ”
“သွားပါ၊ တကယ်လို့ မင်း မဖြေရှင်းနိုင်တဲ့ ပြဿနာတက်ရင် ကောင်းကင်ရုံးတော်က အကူအညီ တောင်းခံနိုင်တယ်”
စုချီဟာ ရင်ထဲမှာ ခံစားသွားရပါတယ် ‘ဆရာသခင်က ငါ့ကို စိုးရိမ်ပူပန်နေတာပါ့လား’ စုချီဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက မထွက်ခွာခင် ဟန်ကျွယ် သုံးကြိမ်သုံးခါ ရှိခိုးသွားပါတယ်။
စုချီဟာ တစ်ခြားလူတွေကို နှုတ်ဆက်ပြီးနောက် အဲဒီနေ့မှာပဲ ဝီရိယတောင်ကနေ ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ သူ့တပည့်တစ်ယောက်က ဘွဲ့ရသွားသလိုမျိုး ထူးဆန်းတဲ့ ခံစားချက်တစ်ခုကို ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ စုချီဟာ ကောင်းကင်ရုံးတော်ရဲ့ ကြမ္မာဆိုးဖြစ်တာကြောင့် အကြမ်းခံပါတယ်။ လွယ်လွယ်နဲ့သေမဲ့အမျိုး မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ တာအိုသခင်တန်ချင်းကို ကျိန်စာတိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ သူ့ဝသီအတိုင်း ကျိန်စာတိုက်ရင်း စာအိတ်တွေကို စစ်ဆေးပါတယ်။
[သင့်မိတ်ဆွေ သိဟုန်ယဲ့သည် အမှောင်တားမြစ်နယ်မြေသို့ ဝင်ရောက်သွားသည်။]
[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် သင့်ရန်သူ မသေမျိုးဧကရာဇ်အား သတ်လိုက်ပါပြီ။]
[သင့်မြေးတပည့် မုရုံချီသည် မဟာညီညွှတ်မှု ဆန်းကြယ်စွမ်အားကို သိမြင်နားလည်ပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွားသည်။]
[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် အခွင့်အရေးတစ်ခုကြောင့် အမတသစ်သီးအား ရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ပြဒါးငှက်သည် မြေလျှာက်အမအဆင့်သို့ ကျင့်ကြံမှု လျော့ကျသွား၏။]
[သင့်တာအိုလက်တွဲဖော် ရှင်းဟုန်ရွှမ်သည် ရှေးဟောင်း စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ အမွေကို ဆက်ခံရရှိပြီး ဝိညာဉ် အသွင်ပြောင်းလဲသွားပါသည်။]
[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၂၀၀၈၃
ဟန်ကျွယ်ဟာ ရှန်စစ်သူကြီးက မသေမျိုးဧကရာဇ်ကို သတ်လိုက်တာ သတိထားမိသွားပါတယ် ‘ကောင်းကင်ရုံးတော်က ဒီလောက်တောင်စွမ်းတာလား’
ဟန်ကျွယ်ဟာ မသေမျိုးဧကရာဇ်ရဲ့ ရုပ်ပုံကို ချက်ချင်း စစ်ဆေးလိုက်တဲ့အခါ ရှိနေသေးတာကို တွေ့လိုက်ရတဲ့အတွက် လုံးဝမသေသေးမှန်း သိလိုက်ပါတယ်။ စနစ်မှာ ဖော်ပြထားတဲ့ သတင်းအချက်အလက်အရ မသေမျိုးဧကရာဇ်ဟာ ဝိညာဉ်အပိုင်းအစ အဖြစ်ပဲ တည်ရှိနေတော့တာပါ။ တော်တော်လေးကို သနားစရာကောင်းလှပါတယ်။ ဟန်ကျွယ်ဟာ ဒီရလဒ်ကို တော်တော်လေး ကျေနပ်သွားပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကောင်းကင်ဧကရာဇ်က သူ့ကို တကယ်ကာကွယ်နေမှန်း ဟန်ကျွယ် သိလိုက်ပါတယ်။

Comment

Leave a Reply

Options

not work with dark mode
Reset