Switch Mode

Chapter – 192

အခန်း (၁၉၂) အမတဧကရာဇ်အများဆုံး
ဝူတောက်ကျန့်ဟာ ချူရှီရန်ခေါ်လာတဲ့ ကျိုးမင်ယွဲ့ကို တွေ့လိုက်ရတဲ့အခါမှာ စိတ်ပျက်သွားပါတယ်။ ကျိုးမင်ယွဲ့က အမျိုးသမီးနဲ့ တူပေမဲ့ သူ့ရောင်ဝါက ယောက်ျားတစ်ဦးဖြစ်ကြောင်း သက်သေခံနေပါတယ်။
ကျိုးမင်ယွဲ့ဟာ အလွန်တရာမှ စိတ်လှုပ်ရှားနေပါတယ် ‘ငါ နောက်ဆုံးတော့ အမနတ်ဘုရားရဲ့ အသိအမှတ်ပြုမှုကို ရရှိပြီ’ ကျိုးမင်ယွဲ့ဟာ ဝီရိယတောင်ခြေမှာ ဒူးထောက်နေတာ နှစ်၂၀ ရှိခဲ့ပါပြီ။
ငရဲကြက်နက်၊ ထူလင်းအာ၊ ခေါင်းငါးလုံး မြွေနဂါးဘုရင်နဲ့ တစ်ခြားလူတွေဟာ ကျိုးမင်ယွဲ့ကို ဝိုင်းရံပြီး သေသေချာချာ စစ်ဆေးကြည့်ရှုကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဆို့ဆရာသခင် လက်ခံတဲ့လူက သာမန်လူ လုံးဝမဖြစ်နိုင်မှန်း သိနေကြလို့ပါပဲ။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်အောက်မှာ ရပ်နေပြီး သူတို့ကို ဂရုမစိုက်ပါဘူး။
ချူရှီရန်ဟာ ကျိုးမင်ယွဲ့ကို ခေါ်လာပြီး ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ပါတယ်။
“အခုအချိန်ကစပြီး သူက မင်းတပည့်ပဲ၊ မင်း သူ့ကို ပညာသင်ကြားပေးရလိမ့်မယ်” ဟန်ကျွယ်က ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ်။
ဟန်ကျွယ်ရဲ့စကားကြောင့် ချူရှီရန်ဟာ မှင်သက်သွားပါတယ်။ ကျိုးမင်ယွဲ့ကလည်း တအံတဩ ဖြစ်သွားပြီး ချက်ချင်းပဲ ပြောလိုက်ပါတယ် “ကျွန်တော်က အမတနတ်ဘုရားကိုပဲ ဆရာတင်ချင်တာပါ၊ ဒီသေမျိုးကို ဆရာမတင်ချင်ဘူး”
ချူရှီရန်ဟာ ကျိုးမင်ယွဲ့စကားကြောင့် မျက်မှောင်ကြုတ်သွားပါတယ်။
ငရဲကြက်နက်က ပြုံးလိုက်ပါတယ် “ဒီသေမျိုးက ဟင်းလင်းပြင်ပေါင်းစပ် ကျင့်ကြံသူ ဖြစ်နေပြီနော်၊ မင်းသူ့ကို ဆရာမတင်ချင်တာ သေချာလား”
ကျိုးမင်ယွဲ့ဟာ မျက်လုံးပြူးသွားပြီး ချူရှီရန်ကို မယုံနိုင်စွာ ကြည့်လိုက်ပါတယ်။
ဟင်းလင်းပြင်ပေါင်းစပ်အဆင့်က ရွှေဓာတ်လုံးအဆင့်နဲ့ အများကြီး အလှမ်းဝေးပါတယ်။ ကျိုးမင်ယွဲ့ဟာ သူ့ရှေ့က ဒီဆံဖြူအဘိုးကြီးက ဒီလိုစွမ်းအားကြီးတဲ့ ကျင့်ကြံသူ ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
‘နေအုန်း… သူတောင် ဒီလောက်စွမ်းအားကြီးနေရင်…’
ကျိုးမင်ယွဲ့ဟာ ဟန်ကျွယ်ကို အလွန်တရာဆန္ဒပြင်းထန်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်။
ဒီအချိန်မှာ ဟန်ကျွယ်က ပြောလိုက်ပါတယ် “မင်း သူ့တပည့် မဖြစ်ချင်ဘူးဆိုရင် တောင်ပေါ်ကနေ ဆင်းသွားချည်”
ကျိုးမင်ယွဲ့ဟာ လန့်သွားပြီး ချူရှီရန်ကို ဆရာတင်ဖို့ ချက်ချင်း လက်ခံလိုက်ပါတယ်။ အဲဒီအချိန်ကစပြီး ဝီရိယတောင်ရဲ့ လေးဆက်မြောက်တပည့် ပေါ်ပေါက်လာခဲ့ပါတော့တယ်။
ဟန်ကျွယ်ဟာ ကျိုးမင်ယွဲ့ကို ဂရုမစိုက်ဘဲ ဖူစန်းသစ်ပင်ကိုသာ ဆက်ကြည့်နေပါတယ်။
ချူရှီရန်ဟာ ကျိုးမင်ယွဲ့ကို ဆွဲခေါ်သွားပြီး ဆရာတင်ပွဲကို စတင်ပါတယ်။ ချူရှီရန်ဟာ ကျိုးမင်ယွဲ့က သူ့ရဲ့ ပထမဆုံးတပည့်ဖြစ်တာကြောင့် အရမ်းမျှော်လင့်ပါတယ်။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို အမတရေစင် သွန်းလောင်းပြီးနောက် ကျင့်ကြံခြင်းလိုဏ်ဂူကိုပြန်ပြီး ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။
ဟန်ကျွယ်ဟာ ပထမဦးဆုံး ဓားတာအိုဆန်းကြယ်စွမ်းအားတွေကို အဆင်မြှင့်တင်ပါတယ်။ ဟန်ကျွယ် ဓားတာအိုမြစ်ကို မရောက်တာတောင် အတော်ကြာပါပြီ။ ဟန်ကျွယ်ဟာ ကျန်းကူရှင်းကို နည်းနည်းတောင် သတိရနေပါသေးတယ်။
ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို ထုတ်မပြဘဲ ကောင်းကင်အမတအဖြစ်သာ ရုပ်ဖျက်ထားပါတယ်။
ဟန်ကျွယ်ဟာ ကျန်းကူးရှင်းက ရှန်နန်းတော်နဲ့ ဆက်စပ်နေမှန်း ခန့်မှန်းမိပါတယ်။ အခုအချိန်မှာ ရှန်နန်းတော်နဲ့ ကောင်းကင်ရုံးတော်က ဆက်ဆံရေး သိပ်မကောင်းပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို ဖုံးကွယ်ထားတာပါ။ ဟန်ကျွယ်ဟာ သူကလွဲရင် ဘယ်သူကိုမှ ၁၀၀ ရာခိုင်နှုန်း မယုံပါဘူး။
ကျန်းကူရှင်းကို ထပ်တွေ့လိုက်ရတာကြောင့် ဟန်ကျွယ်ဟာ အပြုံးနဲ့ နှုတ်ဆက်လိုက်ပါတယ်။
ကျန်းကူရှင်းက မေးလိုက်ပါတယ် “မင်း ကောင်းကင်ရုံးတော်ထဲ ဝင်လိုက်ပြီလား”
‘တဲ့တိုးကြီးပါလား’
“မဝင်သေးပါဘူး၊ ကျွန်တော် ကောင်းကင်ရုံးတော်ထဲ အခုထိ မဝင်ရသေးဘူး၊ ကျွန်တော်က သေမျိုးကမ္ဘာမှာ ရှိနေတုန်းပဲ”
“မင်း ဘာကို ဆိုလိုတာလဲ၊ မင်းမှာ ဘုံပျံတက်ဖို့ အစီအစဉ် မရှိဘူးလား၊ ကောင်းကင်ဧကရာဇ်က သေမျိုးကမ္ဘာကို မရှင်းလင်းဘူးဆိုတော့ မင်းအရည်အချင်းကို အသိအမှတ်ပြုလိုက်တာပဲ၊ မင်း ဘာလို့ ဒီအခွင့်အရေးကို လက်လွှတ်လိုက်တာလဲ”
“ကျွန်တော်စိတ်ထဲမှာ ကောင်းကင်ရုံးတော်က အခြေအနေ သိပ်မဟန်ဘူးလို့ ခံစားရတယ်၊ ပြီးတော့ အထက်ဘုံက အရမ်းအန္တရာယ်များတယ်၊ သေမျိုးကမ္ဘာဆက်နေပြီး အေးအေးဆေးဆေး ကျင့်ကြံတာက ပိုကောင်းတယ်”
“မင်း ဒီလို အန္တရာယ်တွေကို ရှောင်ရှားနေမယ်ဆိုရင် အမတဧကရာဇ်ဖြစ်လာမှာ မဟုတ်ဘူး၊ ဂူအောင်းကျင့်ကြံလို့ ရွှေအမတ ဖြစ်လာနိုင်ပေမဲ့ အမတဧကရာဇ် ဖြစ်ဖို့ ဆိုရင်တော့ သေခြင်းတရားကို ရင်ဆိုင်ပြီး ကံတရားအထောက်အပံ့အတွက် တိုက်ခိုက်ဖို့လိုတယ်၊ အဲဒီလို တိုက်ခိုက်မှပဲ အမတဧကရာဇ် ဖြစ်လာနိုင်တယ်၊ မင်း အမတဧကရာဇ် ဖြစ်လာပြီဆိုရင် ဝိညာဉ်စလေးတစ်စ ကျန်နေရင်တောင် ပြန်လည်မွေးဖွားခြင်းစက်ဝန်းက မင်းကို မဖျောက်ဖျက်ပစ်နိုင်ဘူး”
ကျန်းကူရှင်းက အလေးအနက် ပြောလိုက်တာပါ။
ဟန်ကျွယ်က ပြုံးပြီး ပြောလိုက်ပါတယ် “အဲဒါဆိုရင်လည်း ရွှေအမတအဆင့်ရောက်အောင် ကျွန်တော် အရင် ကျင့်ကြံအုန်းမယ်”
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုစွမ်းရည်က ထိပ်တန်းအဆင့်ဖြစ်ပြီး အမတဧကရာဇ်ကျင့်စဉ်ကို ကျင့်ကြံထားတာကြောင့် နေရာတကာမှာ ပြဿနာလိုက်ရှာစရာ မလိုပါဘူး။ တကယ်လို့ တစ်ချို့ဇာတ်လိုက်တွေရဲ့ ခြေနင်းကျောက်တုံးဖြစ်လာရင် ဟန်ကျွယ် ကြိုးစားထားခဲ့သမျှတွေက သဲထဲရေသွန် ဖြစ်ကုန်မှာပါ။
ကြက်သွေးရောင်တိမ်ကမ္ဘာတောင် ဒီလောက်များပြားတဲ့ ကောင်းကင်ဆန့်ကျင်သူတွေ ရှိနေတာ အထက်ဘုံမှာဆိုရင်တော့ ဟန်ကျွယ် ထင်ထားတာထက် အဆထောင်သောင်းချီ ပိုကြောက်ဖို့ ကောင်းနေမှာပါ။
စွမ်းအားကြီးတဲ့ ကောင်းကင်ဧကရာဇ်တောင် ကောင်းကင်ရုံးတော်ထဲမှာ စိတ်လိုက်မာန်ပါ မလုပ်ရဲပါဘူး။ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ လိမ္မာပါးနပ်တယ်လို့ ခံယူထားပေမဲ့ ထောင်ချောက်ဆင်တာတွေ ပရိယာယ်တွေမှာ မကျွမ်းကျင်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်ကိုသွားပြီး ကျန်တဲ့သူတွေနဲ့ ယှဉ်ပြိုင်ရမှာထက် သေမျိုးကမ္ဘာမှာပဲ ဆက်နေပြီး အေးအေးချမ်းချမ်း ကျင့်ကြံအားထုတ်ချင်တာပါ။ ဒီသေမျိုးကမ္ဘာမှာ ဟန်ကျွယ်ကို ခြိမ်းခြောက်နိုင်တဲ့သူ တစ်ယောက်မှ မရှိပါဘူး။
ကျန်းကူရှင်းဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ အဲဒီနောက် ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို တွေးမိသွားတာကြောင့် ပြောလိုက်ပါတယ် “ကောင်းကင်ရုံးတော်ကို ဒုက္ခပေးနေတဲ့ နတ်ဆိုးသူတော်စင်ကိစ္စက ပြီးသွားပြီဆိုပေမဲ့ အခြေအနေ ပြောင်းလဲမှု ရှိနိုင်တယ်၊ နတ်ဆိုးသူတော်စင်က နတ်ဆိုးမျိုးနွယ်စုရဲ့ မဟာပညာရှိပဲ၊ သူက နတ်ဆိုးတစ်သန်းကို ဦးဆောင်ပြီး ကောင်းကင်ရုံးတော်နဲ့ သွေးပင်လယ်ဖြစ်အောင် တိုက်ခိုက်ခဲ့တယ်၊ ဒါပေမဲ့ နောက်ဆုံးမှာ အကျိုးအမြတ်ရသွားတာက ဗုဒ္ဓဂိုဏ်းပဲ၊ ဒီကိစ္စကြောင့် နတ်ဆိုးမျိုးနွယ်စုနဲ့ နတ်ဆိုးရုံးတော်က တော်တော်လေး မကျေမနပ် ဖြစ်နေကြတယ်၊ မကြာခင် အထက်ဘုံမှာ ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်”
‘မပြီးသေးဘူးလားဟ’
ဟန်ကျွယ်က စနောက်လိုက်ပါတယ် “ဗုဒ္ဓဂိုဏ်းက နတ်ဆိုးရုံးတော်နဲ့ ကောင်းကင်ရုံးတော်ကို အနောက်အရပ်ကိုသွားတဲ့ ခရီးမှာ ဝင်ပါခိုင်းပြီး လမ်းတစ်လျှောက်မှာ အခက်အခဲတွေ စီစဉ်မယ်၊ ပြီးရင် ခရီးသွားတွေကို အသုံးချ နတ်ဆိုးနဲ့ မိစ္ဆာတွေကို သတ်ဖြတ်ပြီး ဗုဒ္ဓဂိုဏ်းက ဘယ်လောက်ကြီးမြတ်ကြောင်း သတင်းလွှင့်မလို စီစဉ်ထားတာလား”
ကျန်းကူရှင်းက တအံတဩ မေးလိုက်ပါတယ် “မင်းက တကယ်ပဲ အရင်ဘဝက စွမ်းအားကြီးပုဂ္ဂိုလ် မဟုတ်တာသေချာလား”
ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ် ‘ငါ ခန့်မှန်းတာ မှန်သွားတာလား၊ ကြည့်ရတာ အနောက်အရပ်သို့ ခရီးသွားခြင်းက လုပ်ဇာတ်မဟုတ်ဘူးထင်တယ်’
“ဟိုးအရင်တုန်းက ဗုဒ္ဓဂိုဏ်းမှာ အဲဒီလိုအစီအစဉ်ကြီး ရှိခဲ့ဖူးတယ်၊ သူတို့တွေ အောင်လည်း အောင်မြင်ခဲ့ပါတယ်၊ ဒါကြောင့်လည်း သူတို့တွေ ဒီနေ့မှာ ဒီလောက်ထိ အင်အားကြီးနေတာ၊ တာအိုဂိုဏ်းတောင် ဒီအစီအစဉ်ကြောင့် လူမြင်ကွင်းကနေ နောက်ဆုတ်သွားရတယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ မဟာဗုဒ္ဓငါးပါးက အချင်းချင်း သဘောထားမညီညွတ်ဘဲ တိုက်ခိုက်ကြလို့ ဗုဒ္ဓဂိုဏ်းက အားနည်းသွားပြီး ရှန်နန်းတော် အင်အားကြီးလာဖို့ အခွင့်အရေး ရခဲ့တာ”
“ရှန်နန်းတော်က အထက်ဘုံမှာ အင်အားအကြီးထွားဆုံးပဲ၊ ပြီးတော့ အမတဧကရာဇ် အများဆုံးရှိတဲ့ အင်အားစုဆိုလည်း မမှားဘူး”
ဟန်ကျွယ်ဟာ အံဩသွားပါတယ် ‘အမတဧကရာဇ်အများစုရှိတဲ့ အင်အားစု… ငါ ဘက်‌ရွေးတာ မှားများ မှားသွားပြီလား’
အခု ဟန်ကျွယ် ကြည့်ရတာတော့ ရှန်နန်းတော်က အနာဂတ် ပိုကောင်းမဲ့ပုံပါပဲ။ ဒါပေမဲ့ မုရုံချီနဲ့ ရှန်နန်းတော်နဲ့ ရန်ငြိုးရန်စ ရှိနေပါတယ်။ ဒါကြောင့် ဟန်ကျွယ် ရှန်နန်းတော်ထဲ ဝင်မယ်ဆိုရင်တောင် ကောင်းကင်ရုံးတော်မှာလို ကောင်းကောင်းမွန်မွန် ဆက်ဆံခံရမှာ မဟုတ်ပါဘူး။
‘ငါ ဒီလိုတွေးလို့ မဖြစ်ဘူး၊ ငါ့မှာ ရှိတာကို တန်ဖိုးထားရမယ်’ ဟန်ကျွယ်ဟာ သူ့သဘောထားကို ပြောင်းလဲလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကျန်းကူရှင်းနဲ့ အတန်ကြာ စကားဆက်ပြောပါတယ်။ ပြီးတဲ့အခါမှာတော့ ကျန်းကူရှင်းကို နှုတ်ဆက်ပြီး ဟန်ကျွယ်ဟာ ရှေ့ဆက်လျှောက်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ကို အိမ်ဦးနဲ့ကြမ်းပြင်လို မကြာခဏလာလည်ပါတယ်။
ခုနစ်ကြာပြီးနောက်။
ဟန်ကျွယ်ဆီ တာအိုသခင်ကျိုးတိ ရောက်လာပါတယ်။ အမတနတ်ဘုရားကပ်ဘေး ပြီးသွားတာ ရာစုနှစ်နီးပါး ရှိပါပြီ။ သေမျိုးကမ္ဘာမှာ ဒီအကြောင်းကို ဆက်မပြောကြတော့ပေမဲ့ လူတိုင်းကတော့ ဒီကိစ္စကို မှတ်မိနေတုန်းပါ။ အထူးသဖြင့် ကျင့်ကြံခြင်းလောကက ကျင့်ကြံသူတွေဟာ ဒီကိစ္စကို လုံးဝမမေ့နိုင်ပါဘူး။ ယွီဂျင်ဂိုဏ်းတော်ကြီးကလည်း ဟန်ကျွယ်ကြောင့် တဟုန်ထိုး အင်အားကြီးထွားလာခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်တွေမှာ ယွီဂျင်ဂိုဏ်းတော်ကြီးက အလွန်လျင်မြန်စွာ ကျယ်ပြန့်လာခဲ့ပါတယ်။ တာအိုသခင်ကျိုးတိ၊ လျူပုမီ၊ ဟွမ်ဇွမ်တျန်နဲ့ တစ်ခြားအထက်ပိုင်း အကြီးအကဲတွေဟာ ဂိုဏ်းကိစ္စနဲ့ အလုပ်ရှုပ်လွန်းလို့ ကျင့်ကြံဖို့တောင် မအားလပ်ကြပါဘူး။
ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ် “ဘာကိစ္စရှိလို့လဲ”
တာအိုသခင်ကျိုးတိဟာ ခန္ဓာကိုယ်ပေါင်းစပ်အဆင့်ကို ရောက်ရှိနေပေမဲ့ ဟန်ကျွယ်ကို ရင်ဆိုင်ရတဲ့အခါ ရင်မထိတ်ဘဲ မနေနိုင်ပါဘူး။ သူ့ရှေ့ကလူက အမတနတ်ဘုရားကိုတောင် အနိုင်ယူတိုက်ခိုက်နေတဲ့ ကြောက်မက်ဖွယ် စွမ်အားကြီးပုဂ္ဂိုလ်ပါ။
ဒီထက်ရှင်းအောင် ပြောရမယ်ဆိုရင် ဟန်ကျွယ်နဲ့ ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ ဘိုးဘေးနှစ်ယောက်မှာ တစ်ယောက်ကို ရွေးချယ်ရမယ်ဆိုရင် ဂိုဏ်းထဲမှာရှိတဲ့ ကျင့်ကြံသူတွေက တာအိုသခင်ကျိုးတိကို လုံးဝရွေးချယ်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းတော်ကြီးမှာရှိတဲ့ ကျင့်ကြံသူတွေရဲ့ ယုံကြည်ချက်တစ်ခု ဖြစ်နေပါပြီ။
“အကြီးအကဲဟန် ကျိုးဖန်နဲ့ မော့ဖူချိုက မှတ်မိသေးလား” တာအိုသခင်ကျိုးတိက မေးလိုက်ပါတယ်။
ဟန်ကျွယ်က ခေါင်းညိတ်လိုက်ပါတယ်။
တာအိုသခင်ကျိုးတိဟာ ဆက်ပြောပါတယ် “ဒီနှစ်ယောက်က ထပ်တွေ့ဆုံမိပြီး မြင့်မြတ်နယ်မြေ အများကြီးနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့တယ်၊ ရန်စမိတဲ့လူကလည်း မနည်းဘူး၊ တစ်ချို့လူတွေက သူတို့နှစ်ယောက်ကို ဝိုင်းတိုက်ဖို့ ကျုပ်တို့ဂိုဏ်းကို ဖိတ်ခေါ်ထားတယ်၊ အကြီးအကဲဟန် ဘယ်လိုသဘောရလဲ…”
ကျိုးဖန်နဲ့ မော့ဖူချိုက ဟန်ကျွယ်ရဲ့ မိတ်ဆွေကောင်းတွေမှန်း တာအိုသခင်ကျိုးတိ သိတာကြောင့် ဟန်ကျွယ်ဆီ တကူးတကလာမေးတာပါ။
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “အဆင်ပြေသလို ကြည့်လုပ်၊ ဒီလောက်နှစ်တွေကြာပြီ၊ သူတို့တွေက ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ တပည့်တွေလည်း မဟုတ်တော့ဘူး၊ ကျုပ်နဲ့ ဆက်စပ်ခဲ့တာကိုပဲ အမြဲတမ်းတွေးမနေနဲ့၊ သူတို့တွေ ထင်ရာလျှောက်လုပ်ပြီး တကယ်ဆိုးသွမ်းရက်စက်တယ်ဆိုရင် ကျုပ်တို့တွေ သူတို့ကို ရှင်းလင်းသင့်တယ်”
နှစ်တစ်ထောင်ကျော်ပြီ ဖြစ်တဲ့အတွက် အရာတော်တော်များများက ပြောင်းလဲသွားပါပြီ။ လူတွေက နှစ်နည်းနည်းလေးမှာတောင် ပြောင်းလဲတက်ကြတော့ နှစ်တစ်ထောင်ဆို ပြောစရာကို မလိုတာပါ။
ကျိုးဖန်နဲ့ မော့ဖူချိုရဲ့ မျက်နှာသာပေးမှုက မလျော့ကျသွားဘူးဆိုပေမဲ့ ဟန်ကျွယ်ကလည်း သူတို့အပေါ် ဘာအကြွေးမှ တင်မနေပါဘူး။ လူတိုင်းမှာ ဘဝကိုယ်စီ ရှိပါတယ်။ ဟန်ကျွယ်ဟာ တစ်ခြားသူတွေအပေါ်မှာ ကံတရားအကြွေးမရှိရင် သူတို့ကို ဂရုမစိုက်ပါဘူး။
“ကျုပ် နားလည်ပြီ”
တာအိုသခင်ကျိုးတိဟာ ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ လက်ရှိအခြေအနေကို ရှင်းပြပါတယ်။ ဟန်ကျွယ်ဟာ ဒီအရှုပ်ထုတ်ထဲ ဝင်မပါချင်တာကြောင့် ဘာထင်မြင်ချက်မှ မပေးပါဘူး။
တာအိုသခင်ကျိုးတိ ထွက်သွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်တာအို တိုကင်ကို ထုတ်ယူလိုက်ပြီး ကျိုးဖန်နဲ့ မော့ဖူချိုကို ကြည့်လိုက်ပါတယ်။
မကြာခင်မှာပဲ ဟန်ကျွယ်ဟာ မျက်နှာပျက်သွားပါတယ်။
‘ဒီနှစ်ယောက်…’

Comment

Leave a Reply

Options

not work with dark mode
Reset