Switch Mode

Chapter – 190

အခန်း (၁၉၀) ကောင်းကင်နှင့်ညီမျှသော မဟာပညာရှိ၊ ဗုဒ္ဓဗောဓိ
ဟန်ကျွယ်ဟာ ကောင်းကင်တာအို တိုကင်ကို စကြဝဠာခါးပတ်ငယ်ထဲ ထည့်သိမ်းလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး ကောင်းကင် စိတ်ဝိညာဉ် ‌ကျောက်တုံးနဲ့ ပေါင်းစပ်ကာ ကြမ္မာဆိုးစာအုပ်ကို အဆင့်မြှင့်ပါတယ်။
အခုလောလောဆယ်မှာ ငြိမ်းချမ်းနေပြီး နောက်ခံကြီးကြီး ရှိနေပေမဲ့လည်း ဟန်ကျွယ်ဟာ စိတ်အေးလက်အေး မနေနိုင်ပါဘူး။ ကောင်းကင်ရုံးတော်တောင် ဗုဒ္ဓဂိုဏ်းရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတာပါ။ အမတကမ္ဘာမှာ ကောင်းကင်ရုံးတော်က စွမ်းအားအကြီးဆုံး အင်အားစု မဟုတ်ပါဘူး။
အတန်ကြာပြီးနောက်…။
ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[ကြမ္မာဆိုးစာအုပ်သည် အကောင်းဆုံး မဟာညီညွှတ်မှု ရတနာအဖြစ်သို့ အဆင့်မြှင့်တင်သွားပါပြီ။]
ရတနာတွေကို ဝိညာဉ်လက်နက်၊ စိတ်ဝိညာဉ်ရတနာ၊ အကောင်းစား စိတ်ဝိညာရတနာ၊ မဟာညီညွှတ်မှု ရတနာ၊ အကောင်းစား မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ၊ မဟာညီညွှတ်မှု အကောင်းစား ရတနာ၊ အကောင်းဆုံး မဟာညီညွှတ်မှု ရတနာ ဆိုပြီး ခွဲခြားထားပါတယ်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို အဆင့်မြှင့်တင်ပြီးတာနဲ့ တာအိုသခင်တန်ချင်းကို ပထမဆုံး ကျိန်စာတိုက်ပြီး ကြမ္မာဆိုးစာအုပ်ရဲ့ အစွမ်းကို စမ်းသပ်ပါတယ်။ ငါးရက်ကြာ ကျိန်စာတိုက်ပြီးနောက်မှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းက စတင်လျော့ကျသွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ လူတစ်ယောက်ကို ငါးရက်ထက်ပိုပြီးတော့ ကျိန်စာမတိုက်ဖို့ မှတ်ထားလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။ ဒီတစ်ခါ ဟန်ကျွယ်ရဲ့ ပစ်မှတ်ကတော့ ကောင်းကင်ရုံးတော်ထဲက သူ့ကို မုန်းတီးတဲ့ အမတတွေပါ။ ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။ ဟန်ကျွယ် နောက်ဆုံးတစ်ကြိမ် စာအိတ်တွေကို စစ်ဆေးခဲ့တာက လွန်ခဲ့တဲ့ဆယ်နှစ်ကပါ။
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် ကောင်းကင်စစ်သားတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၀၀၆
[သင့်မိတ်ဆွေ မော့ဖူချိုသည် သေမျိုးကမ္ဘာသို့ ပြန်လာပါပြီ။]
[သင့်မြေးတပည့် ဖန်းလျန်သည် အာဒိကပ္ပာကမ္ဘာကို အိပ်မက်မြင်မက်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
[သင့်တာအိုလက်တွဲဖော် ရှင်းဟုန်ရွှမ်သည် နတ်ဆိုးသားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၆၅၃
[သင့်တာအိုလက်တွဲဖော် ရှင်းဟုန်ရွှမ်သည် ကံအားလျော်စွာ အခွင့်အရေးရရှိပြီး ကျင့်ကြံမှုအဆင့် တိုးတက်သွား၏။]
[သင့်မိတ်ဆွေ လုံရှန်သည် နတ်ဆိုးသားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၂၃၀၅၈၄
[သင့်မိတ်ဆွေ ကျိုးဖန်သည် နဂါးရိုးကို ရရှိပြီး ခန္ဓာကိုယ် ပြောင်းလဲသွား၏။]
ကျင့်ကြံခြင်းလောကဟာ တစ်ဖန်ဂယက် ပြန်ရိုက်လာပါတယ်။ ဒါပေမဲ့ လူတစ်ချို့ကတော့ အခွင့်အရေးတွေ ရရှိကြတုန်းပါပဲ။
ဟန်ကျွယ်ဟာ လုံရှန်ကို သတိထားမိသွားပါတယ်။ လုံရှန် တိုက်ခိုက်ခံရတဲ့ အရေအတွက်က နည်းနည်းများလွန်းတယ်လို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။
‘ကောင်းကင်ဧကရာဇ်က သူ့ကို နတ်ဆိုးဒေသထဲ လွှင့်ပစ်လိုက်လို့များလား’
လုံရှန်ဟာ ဟန်ကျွယ်အပေါ်မှာ မုန်းတီးမှု ကြယ်တစ်ပွင့် ရှိပါတယ်။ ဒါပေမဲ့ အကြောင်းရင်း တစ်ချို့ကြောင့် မျက်နှာသာပေးမှု ကြယ်နှစ်ပွင့် ဖြစ်လာပါတယ်။ ဟန်ကျွယ်ကတော့ ဒီကိစ္စဟာ ကောင်းကင်ဧကရာဇ်ရဲ့ ဖျောင်းဖျမှုကြောင့်လို့ မှတ်ယူထားပါတယ်။
ဟန်ကျွယ်ဟာ စာအိတ်တွေကို တစ်ခဏကြည့်လိုက်ပြီးနောက် ကျိန်စာတိုက်တာကို အာရုံစိုက်ပါတယ်။ အခုအချိန်မှာ ဟန်ကျွယ်ဟာ အမတဖြစ်နေပြီမို့ သေမျိုးကမ္ဘာကို ကိစ္စတွေကို ဝင်ပါမှာ မဟုတ်ပါဘူး။ လောကတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်ရင်တောင် ဟန်ကျွယ်က ဆက်ကျင့်ကြံနေအုန်းမှာပါ။
ဟန်ကျွယ်ရဲ့ နောက်ထပ်ပစ်မှတ်က အမတစစ်အဆင့်ပါ။
‘ငါ အမတစစ်အဆင့်ကို အမြန်ဆုံး ထိုးဖောက်ရမယ်’
နွေမိုးဆောင်း အချိန်မှန်လည်ပတ်လို့ ၂၅ နှစ် ကုန်ဆုံးသွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း ကောင်းကင်အမတ ထိပ်ဆုံးအဆင့်ကိုတောင် မရောက်ရှိသေးပါဘူး။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်ပြီး ဖူစန်းသစ်ပင်အောက်ကို ရောက်လာပါတယ်။ ဖူစန်းသစ်ပင်အောက်မှာ ငရဲကြက်နက်၊ ရွှေကျီးကန်းနှစ်ကောင်၊ ခေါင်းငါးလုံး မြွေနဂါးဘုရင်၊ ထူလင်းအာနဲ့ ချူရှီရန်ကလွဲရင် ကျန်တဲ့လူတွေက တောင်အောက်ဆင်းပြီး လေ့ကျင့်ကြပါတယ်။
ဟန်ကျွယ်ဟာ အမတနတ်ဘုရား ဖြစ်လာကတည်းက သူ့တပည့်တွေကို စိတ်ကြိုက် တောင်အောက်ဆင်းခွင့် ပြုလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီသေမျိုးကမ္ဘာမှာ ဟန်ကျွယ်ကို ပြဿနာရှာနိုင်တဲ့လူ တစ်ယောက်မှ မရှိပါဘူး။
ကောင်းကင်ရုံးတော်ရဲ့ အမတရေစင်ကြောင့် ဖူစန်းသစ်ပင်ဟာ ပေသုံးထောင်ကျော် ကြီးထွားသွားပါပြီ။ ရှည်လျားမြင့်မားလှတဲ့ ဖူစန်းသစ်ပင်ဟာ ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ အံဖွယ်အကောင်းဆုံး မြင်ကွင်းတစ်ခုပါပဲ။
မြေအမတဘူးပင်ရဲ့ အစေ့ခုနစ်စေ့ဟာလည်း ဆက်တိုက်ကြီးထွားလာပါတယ်။ ဒီဘူးစေ့တွေက သက်ရှိ မွေးဖွားနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
“ဆရာသခင်… ကျွန်မမှာ ကျင့်ကြံခြင်းနဲ့ ပတ်သတ်ပြီး မေးစရာနည်းနည်းရှိတယ်၊ ကျွန်မကို လမ်းညွှန်ပေးနိုင်မလား” ထူလင်းအာဟာ ဟန်ကျွယ်ဆီ ရောက်လာပြီး အပြုံးနဲ့ မေးလိုက်ပါတယ် ‘နောက်ဆုံးတော့ အခွင့်အရေးရပြီ’
“မေးလေ”
ထူလင်းအာဟာ ကျင့်ကြံမှုနဲ့ ပတ်သတ်ပြီး မသိနားမလည်တာ တကယ်ရှိနေတာပါ။ ဒါပေမဲ့ ဟန်ကျွယ်က သူ့မေးခွန်းတွေကို ရှင်းပြပြီးတာတောင် ထူလင်းအာဟာ စကားဆက်ပြောပါတယ်။ ဟန်ကျွယ်ဟာ ထူလင်းအာ ဘာတွေးနေလဲဆိုတာကို သိပေမဲ့လည်း ဂရုမစိုက်ပါဘူး။
ဟန်ကျွယ်ဟာ ချူရှီရန်ကို ကြည့်ပြီး ပြောလိုက်ပါတယ် “မင်းတို့ရဲ့ ဆရာတူ တူလေးကို ကြည့်စမ်း၊ သူ့ကျင့်ကြံမှုက မင်းတို့ကို မီတော့မယ်”
ချူရှီရန်ဟာ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း အဋ္ဌမအဆင့်ကို ရောက်နေပြီမို့ ခန္ဓာကိုယ်ပေါင်းစပ်အဆင့်နဲ့ တော်တော်လေး နီးကပ်နေပါပြီ။ ထူလင်းအာဟာ ခန္ဓာကိုယ်ပေါင်းစပ်အဆင့်မှာပဲ ရှိသေးပြီး အတိဒုက္ခဖြတ်ကျော်အဆင့်နဲ့ အလှမ်းဝေးနေပါသေးတယ်။
ဟန်ကျွယ်စကားကြောင့် ထူလင်းအာဟာ ချက်ချင်းဆိုသလို အနေရခက်သွားပါတယ်။ ထူလင်းအာဟာ ဟန်ကျွယ်ရှေ့ကနေ ချက်ချင်းထွက်ပြေးပြီး ကျင့်ကြံခြင်းကို အာရုံစိုက်ပါတယ်။
ချူရှီရန်ဟာ မတ်တတ်ရပ်လိုက်ပြီး ဟန်ကျွယ်ရှေ့ ရောက်လာပါတယ်။ ဟန်ကျွယ်ကို ဦးညွှတ်လိုက်ပြီးနောက် ချူရှီရန်ဟာ တုံ့ဆိုင်းသွားပါတယ်။ ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ် “ဘာလဲ၊ မင်းက ငါ့ကို မကျင့်ကြံဖို့ ဖျောင်းဖျချင်သေးတာလား”
ချူရှီရန်ဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး ပြောလိုက်ပါတယ် “ဟုတ်ပါတယ်၊ ဆရာဘိုးဘိုးက အမတဖြစ်နေပြီပဲ၊ သေမျိုးကမ္ဘာမှာရှိတဲ့ သက်ရှိအားလုံးကို ကျင့်ကြံတာ စွန့်လွှတ်အောင် လုပ်နိုင်နေပြီ” ဒီနှစ်တွေမှာ ချူရှီရန်ဟာ ဒီလိုတွေးနေတာကြောင့် ကျင့်ကြံဖို့ မတက်နိုင်ခဲ့ပါဘူး။
ဟန်ကျွယ်ဟာ ရယ်မောပြီး ပြန်ပြောလိုက်ပါတယ် “ငါ့ရည်ရွယ်ချက်က လောကလူတွေကို ကျင့်ကြံတာ စွန့်လွှတ်စေချင်တာ မဟုတ်ဘူး၊ ရှီရန်… မင်းက သူများအတွက် အသက်ရှင်တာလား၊ ဒါမှမဟုတ် ကိုယ့်အတွက် အသက်ရှင်တာလား”
ချူရှီရန်ဟာ မှင်သက်သွားပါတယ် “ကျွန်တော်က ကျွန်တော့်အတွက် အသက်ရှင်တာပေါ့၊ ကျွန်တော့်ဘဝကို အဓိပ္ပာယ်ရှိရှိ နေထိုင်ချင်တယ်”
“ဒါဆို မင်းအမြင်မှာ လူသားတွေက တိရစ္ဆာန်တွေ မမွေးသင့်တော့ဘူးပေါ့၊ တိရစ္ဆာန်တွေကလည်း သက်ရှိတွေပဲ”
“ဟုတ်တယ်၊ သက်ရှိအားလုံးက ညီတူမျှတူပဲ”
“လူတွေဘာစားလဲ”
“ဂျုံ”
“ဂျုံက သက်ရှိမဟုတ်ဘူးလို့ မင်းတွေးတာလား”
“ဟုတ်တယ်”
“မင်းက ပြန်လည်မွေးဖွားခြင်း စက်ဝန်းကို ယုံကြည်တယ်နော်၊ ဒါဆိုရင် ပြန်လည်မွေးဖွားခြင်းက ပုံစံအမျိုးမျိုး ရှိနေရတာလဲ၊ ဘာဖြစ်လို့လဲဆိုတော့ အဆင့်အတန်း အမျိုးမျိုး ရှိနေလို့ပဲ၊ လူဆိုးတွေက မကောင်းမှု ကျူးလွန်ရင် နောက်ဘဝမှာ ဒုက္ခရောက်လိမ့်မယ်၊ လူကောင်းတွေက ဒီဘဝမှာ ဒုက္ခခံစားရရင် နောက်ဘဝမှာ ချမ်းသာလိမ့်မယ်၊ ဒါကမှ တကယ်ညီမျှတာ၊ မင်း လမ်းမှားကို လျှောက်နေပြီ”
ချူရှီရန်ဟာ မျက်မှောင်ကြုတ်သွားပြီး မေးခွန်းထုတ်ဖို့ ချီတုံချတုံ ဖြစ်သွားပါတယ်။ ချူရှီရန်ဟာ မေးခွန်းပြန်ထုတ်ချင်ပေမဲ့ သူ့ဆရာသခင် မေးမဲ့ မေးခွန်းကို ဖြေနိုင်မှာမဟုတ်ဘူးလို့လည်း ခံစားနေရပါတယ်။
ဟန်ကျွယ်ဟာ ချူရှီရန်ကိုကြည့်ပြီး ပြောလိုက်ပါတယ် “မင်းက တစ်စုံတစ်ယောက်ကို တစ်ခုခု စွန့်လွှတ်ချင်ရင် အဲဒီအရာက ဘာလဲဆိုတာ မင်းကိုယ်တိုင် သိဖို့လိုလိမ့်မယ်၊ အဲဒီအရာက မင်းထင်တဲ့အတိုင်းဆိုရင် တစ်ခြားသူတွေကို ယုံကြည်အောင် ဖျောင်းဖျဖို့ မင်းမှာ ကျောက်စိုင်ကျောက်ခဲလို ခိုင်မြဲတဲ့ တာအိုနှလုံးသား ရှိလာလိမ့်မယ်၊ မင်းက ပန်းရနံ့ကို မရှူရှိုက်ဘူးပဲ ဘာကြောင့်များ အသုံးမဝင်ဘူးလို့ ပြောရတာလဲ”
ချူရှီရန်ဟာ ဟန်ကျွယ်စကားကို လက်ခံသွားပါတယ်။
“ဆရာဘိုးဘိုး… ဆရာဘိုးဘိုး ပြောတာ မှန်တယ်” ချူရှီရန်ဟာ သက်ပြင်းချလိုက်ပါတယ်။
[ချူရှီရန်သည် သင့်အပေါ် အကောင်းမြင်စိတ် တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်လေးပွင့်။]
တစ်ခြားသူတစ်ယောက်က ဒီလိုပြောမယ်ဆိုရင် ချူရှီရန်ဟာ ကျိန်းသေပေါက် အထင်သေးမိမှာပါ။ ဒါပေမဲ့ သူ့ဆရာသခင်က ပြောတာဆိုရင်တော့ လုံးဝခြားနားသွားပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆရာသခင်က ဘုံပျံမတက်ဘဲ သေမျိုးကမ္ဘာမှာမရှိတဲ့ သက်ရှိအားလုံးကို ကာကွယ်ဖို့အတွက် ကောင်းကင်ရုံးတော်နဲ့ တိုက်ခိုက်ခဲ့လို့ပါပဲ။
ဒါက ချူရှီရန်လိုချင်နေတဲ့ အမှန်တရားပါပဲ။ ချူရှီရန်ဟာ ဟန်ကျွယ်လိုမျိုး လောကကြီးအတွက် အကျိုးဆောင်ချင်ပါတယ်။
ဒီအချိန် ဟန်ကျွယ်‌ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[ကံတရား အထောက်အပံ့ရှိသူအား ရှာဖွေတွေ့ရှိထားသည်။ မူလဇစ်မြစ်ကို စစ်ဆေးနေသည်။]
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပြီး ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။
[ကျိုးမင်ယွဲ့: ရွှေဓာတ်လုံး ဒုတိယအဆင့်၊ အထက်ဘုံမှ ကောင်းကင်နှင့်ညီမျှသော မဟာပညာရှိ ပြန်လည်ဝင်စားခြင်းဖြစ်သည်။ သူ့ဆရာသခင်မှာ မဟာဗုဒ္ဓငါးပါးထဲမှာ ဗောဓိဗုဒ္ဓဖြစ်သည်။ သူသည် ကောင်းကင်ရုံးတော်ကို ပုန်ကန်ခဲ့သောကြောင့် ကောင်းကင်ရုံးတော်၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး နောက်ဆုံး၌ ကောင်းကင်ဧကရာဇ်၏ စူပါဆန်းကြယ်စွမ်းအားကြောင့် အဖမ်းခံခဲ့ရသည်။ ကောင်းကင်ပြစ်ဒဏ်ကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးသွားပြီး သူ့ဝိညာဉ်မှာ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ ကျဆင်းခဲ့သည်။ ယွီဂျင်ဂိုဏ်းတော်ကြီး၌ အမတနတ်ဘုရားရှိသည်ဟု ကြားမိသောကြောင့် ကျိုးမင်ယွဲ့သည် သင့်အား ဆရာတင်ရန် အထူးတလည် ရောက်ရှိလာခြင်းတည်း။]
‘ကောင်းကင်နဲ့ ညီမျှတဲ့ မဟာပညာရှိ’
‘ဗောဓိဗုဒ္ဓ’
‘သူက စွန်းဝူခုန်းပဲ’
‘ကောင်းကင်ရုံးတော်ကို ပြဿနာရှာတဲ့ ဒီကောင်က ငါ့သေမျိုးကမ္ဘာကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ’
‘မဖြစ်ဘူး… ငါ မုန့်ပေါ်ကို မေးရမယ်’
ဘာပဲဖြစ်ဖြစ် မုန့်ပေါ်က မေ့လျော့ခြင်းတံတားကို ဦးစီးသူဖြစ်ပြီးတော့ ပြန်လည်မွေးဖွားခြင်းအတွက် တာဝန်ယူရတဲ့လူပါ။
ဟန်ကျွယ်ဟာ ချူရှီရန်ကို စကားပြန်ပြီးတာနဲ့ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ရဲ့ ပဓာနဝိညာဉ်က ရုပ်ခန္ဓာကနေခွာပြီး ငရဲပြည်ကို ခုန်ဆင်းလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက များစွာ တိုးတက်လာတာကြောင့် မုန့်ပေါ်ရဲ့ ရောင်ဝါကို လျင်မြန်စွာဖမ်းမိသွားပြီး မေ့လျော့ခြင်းတံတားရှေ့ကို လျင်မြင်စွာပဲ ရောက်ရှိသွားပါတယ်။
မေ့လျော့ခြင်းတံတား ရှေ့မှာရှိနေတဲ့ ဝိညာဉ်တန်းဟာ တော်တော်လေး ရှည်လျားပြီး သရဲမြူတွေ ဖုံးလွှမ်းနေတာကြောင့် အဆုံးကို မမြင်နိုင်ပါဘူး။
‘ဝိညာဉ်တွေ များလှချည်လား’
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ အရင်တစ်ခေါက် ဟန်ကျွယ်လာတုန်းက ဝိညာဉ်တွေ ဒီလောက်မများပါဘူး။
“ကောင်းကင်ရုံးတော်ရဲ့ ပါရမီရှင်… မင်းက ဟောဒီအဘွားကြီးကို‌ နောက်ဆုံးတော့ လာတွေ့ပြီပေါ့” 
မုန့်ပေါ်ရဲ့ စနောက်တဲ့အသံဟာ ဟန်ကျွယ်နားထဲကို ဝင်လာပါတယ်။
“ဒီအတောအတွင်း ကောင်းကင်ရုံးတော်က နောက်ထပ် သေမျိုးကမ္ဘာတစ်ခုကို ရှင်းလင်းလိုက်တယ်၊ သက်ရှိအားလုံးက ပြန်မွေးဖွားဖို့ လိုအပ်တယ်လေ၊ အဲဒီတော့ ငါ အရမ်းအလုပ်များနေတာ”

စကြဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset