Switch Mode

Chapter – 183

အခန်း (၁၈၃) ပဲလှော်ကြားဆားညှပ်
စိတ်ဝိညာဉ် သိုင်းနတ်ဘုရားရဲ့ စကားဟာ သေမျိုးလောကတစ်ခုလုံးကို ရူးသွပ်သွားစေပါတယ်။
‘အမတနတ်ဘုရားတွေဟာ ကမ္ဘာကို ဖျက်ဆီးချင်တာလား’
ဒီလိုအခြေအနေမျိုးမှာ ဘယ်သူကမှ သူတို့ကို စိန်မခေါ်ရဲပါဘူး။
ဟန်ကျွယ်ဟာ တုံ့ဆိုင်းနေပါတယ် ‘ငါဘက်က စတိုက်ရမလား၊ ဒါမှမဟုတ် သူတို့တွေ ဝီရိယတောင်ဆီ လာတာကို စောင့်နေရမလား’
“ငါတို့လို ကျင့်ကြံသူတွေက သေမှာကို ဘာဖြစ်လို့ ကြောက်နေရမှာလဲ”
ရှေးကျတဲ့အသံတစ်သံ ထွက်ပေါ်လာပါတယ်။ တိတိကျကျပြောရရင် ဆယ်ဒေသနဲ့ ကိုးပြည်ထောင်ကို ပဲ့တင်ထပ်သွားတာပါ။ ဟန်ကျွယ်ဟာ ဒီအသံကို တစ်ခါမှ မကြားဖူးပါဘူး။ ဒါပေမဲ့ အဝေးတစ်နေရာကနေ မြင့်တက်လာတဲ့ ရောင်ဝါတစ်ခုကို ခံစားလိုက်ရပါတယ်။
ကောင်းကင်ဘုံဝင် ကျင့်ကြံသူ။
သူတစ်ယောက်တည်း မဟုတ်ပါဘူး။ တစ်ခြား ကောင်းကင်ဘုံဝင် ကျင့်ကြံသူတွေဟာလည်း ကောင်းကင်ပေါ်ကို ပျံတက်သွားကြပါတယ်။ နေရာတိုင်းမှာ ပုန်းအောင်းနေကြတဲ့ ကောင်းကင်ဘုံဝင် ကျင့်ကြံသူ အများအပြား ထွက်ပေါ်လာကြပါတယ်။ သေမျိုးကမ္ဘာက အကြီးမားဆုံးကပ်ဘေးကို ရင်ဆိုင်နေရတာကြောင့် သူတို့တွေမှာ ရွေးချယ်စရာမရှိတော့ဘဲ စလှုပ်ရှားလိုက်ရပါတယ်။
ဂျိရှင်းရှန်လည်း အမတတွေကို တိုက်ခိုက်လိုက်ပါတယ်။
မရေမတွက်နိုင်တဲ့ လျှပ်စီးတွေကို သယ်ဆောင်ပြီး ဂျိရှင်းရှန်ဟာ တိမ်တွေပေါ်ကို တစ်ချက်ကလေးတောင် မတုံ့ဆိုင်းဘဲ ပျံတက်သွားပါတယ်။ သူ့နောက်မှာတော့ ကောင်းကင်အမတစံအိမ်က စွမ်းအားကြီးပုဂ္ဂိုလ်တွေပါ။
“အမတနတ်ဘုရားဆိုတော့ ဘာဖြစ်လဲ၊ လူသားတွေက ကောင်းကင်ကိုတောင် အနိုင်ယူနိုင်တယ်” ဂျိရှင်းရှန်ဟာ ဟားတိုက်ရယ်မောလိုက်ပါတယ်။ ဂျိရှင်းရှန်ဟာ ဒီအချိန်ကို စောင့်မျှော်နေတာ အတော်ကြာပါပြီ။
အဝေးတစ်နေရာမှာလည်း နတ်ဆိုးမြူတွေဟာ အမတတွေဆီကို ထိုးတက်သွားပါတယ်။ ဒီနတ်ဆိုးမြူတွေ ကြားထဲမှာတော့ မြေခွေးနက် နတ်ဆိုးဧကရာပါ။ ဒီကပ်ဘေးက သေမျိုးကမ္ဘာမှာ နေထိုင်တဲ့ သက်ရှိအားလုံးရဲ့ ကပ်ဘေးဖြစ်တာကြောင့် မြေခွေးနက် နတ်ဆိုးဧကရာဇ်ဟ လူသားမဟုတ်ပေမဲ့ လှုပ်ရှားလိုက်ရတာပါ။
ဒီအကြောင်းကြောင့်လည်း ဂျိရှင်းရှန်က မြေခွေးနက် နတ်ဆိုးဧကရာဇ်ကို မသတ်တာပါ။ မြေခွေးနက် နတ်ဆိုးဧကရာဇ်ဟာ နတ်ဆိုးတွေကို စုစည်းခွင့်ပေးရင် အမတနတ်ဘုရားတွေ တိုက်ခိုက်တဲ့အခါ ကျိန်းသေပေါက် ပြန်တိုက်မယ်လို့ ကတိ‌ပေးခဲ့ပါတယ်။
သေမျိုးကမ္ဘာရဲ့ စွမ်းအားကြီးပုဂ္ဂိုလ် ဒါဇင်ကျော်ဟာ ကောင်းကင်ယံကို တဟုန်ထိုး ပျံတက်သွားကြပါတယ်။
မိုးကြိုးတိမ်တိုက်တွေရဲ့ အပေါ်မှာတော့ နတ်အရိပ်တွေဟာ သူတို့ရဲ့ နတ်လက်နက်တွေကို မြှောက်ပြီး သေမျိုးကမ္ဘာကို ထိုးနှက်ပစ်ခွင်းလိုက်ပါတယ်။
နတ်လက်နက်တွေကနေ ထွက်ပေါ်လာတဲ့ စွမ်းအားအလင်းတန်းတွေဟာ တောက်ပလွန်းတာကြောင့် ဟန်ကျွယ်ဟာ မျက်စိမှေးလိုက်ရပါတယ်။
‘မဖြစ်ဘူး… ဒီလူတွေက အမတတွေက ဟန့်တားနိုင်မှာ မဟုတ်ဘူး၊ ငါ လှုပ်ရှားမှာပဲ’
ဟန်ကျွယ်ဟာ အပြင်မထွက်ခင် သူ့လူတွေကို မှာကြားခဲ့ပါသေးတယ် “ဝီရိယတောင်ကနေ လုံးဝမထွက်နဲ့”
စူးရှတဲ့အလင်း‌ရောင် ပျောက်ကွယ်သွားတဲ့အခါ လူတိုင်းဟာ သူတို့ရှေ့က ရုပ်သွင်ကို ကြည့်ပြီး မျက်လုံးပြူးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရှေ့မှာ ပေတစ်သောင်းမြင့်မားတဲ့ ရုပ်သွင်ကြီးတစ်ခု လေထဲမှာ ပေါ်လာလို့ပါပဲ။
ဒီရုပ်သွင်ကတော့ ဟန်ကျွယ်ပဲ ဖြစ်ပါတယ်။ ဟန်ကျွယ်ဟာ မိုးနဲ့မြေ ဆန်းကြယ်စွမ်းအားကို အသုံးပြုလိုက်တာ ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ မမြင်နိုင်တဲ့လှေကားကို နင်းတက်လိုက်သလိုမျိုး ကောင်းကင်ပေါ် တက်သွားပါတယ်။ ဟန်ကျွယ်ရဲ့ ဧကရာဇ်ဝတ်ရုံကလည်း တဖျတ်ဖျတ်ခတ်သွားပါတယ်။ ဟန်ကျွယ်ဟာ လက်မြှောက်ပြီး ကောင်းကင်တပ်ရဲ့ ဝိညာဉ်စွမ်းအားတွေကို သူ့ဝိညာဉ်စွမ်းအားနဲ့ ဟန့်တားလိုက်ပါတယ်။
ရုတ်ခြည်းဆိုသလိုပဲ အမတတွေဟာ ဟန်ကျွယ်ကို ဝိုင်းကြည့်လိုက်ကြပါတယ်။
“သူပဲ”
“တော်တော်အားကောင်းတဲ့ ဝိညာဉ်စွမ်းအားပဲ”
“သေမျိုးကမ္ဘာမှာ ဒီလိုကျင့်ကြံမှု မြင့်မားတဲ့ ကျင့်ကြံသူ ရှိနေတာလား”
“သူ့ဆီမှာ ကောင်းကင်တာအို ကျောက်တုံး ရှိနေတာလား”
“သူက ရန်စန်းကို သတ်လိုက်တာတဲ့”
အမတတွေရဲ့ အသံဟာ မကျယ်ပေမဲ့ သေမျိုးကမ္ဘာတစ်ခုလုံးကို ပဲ့တင်ထပ်သွားပါတယ်။ သေမျိုးကမ္ဘာက လူတိုင်းဟာ အမတတွေရဲ့ စကားသံတွေကြောင့် ကြက်သေသေသွားပါတယ်။
‘ငါတို့ကမ္ဘာလည်း အမတနတ်ဘုရားတွေရဲ့ ယှဉ်နိုင်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ် ရှိနေတာလား’
ကောင်းကင်ပြင်ရဲ့ တစ်ခြားတစ်ဖက်မှာတော့ ဂျိရှင်းရှန်ဟာ သူ့ကိုယ်သူ လေထဲမှာ ဟန်ချက် ထိန်းလိုက်ပါတယ်။ ဂျိရှင်းရှန်ဟာ မျက်နှာတစ်ခုလုံး ဖျော့တော့သွားပါတယ်။ သူဟာ ကောင်းကင်စစ်သားတွေရဲ့ တိုက်ခိုက်မှုကို တောင့်မခံနိုင်တော့ပါဘူး။ ဒါပေမဲ့ ဂျိရှင်းရှန်ဟာ ကောင်းကင်စစ်သားတွေရဲ့ စကားသံကြောင့် ပြုံးမိလိုက်ပါတယ်။
‘ဘာပဲဖြစ်ဖြစ် တာအိုရောင်းရင်းချောင်က သူတို့ကို အနိုင်ယူနိုင်မှာပဲ’
“ဟမ်”
အေးစက်တဲ့အသံ ထွက်ပေါ်လာပါတယ်။ ဒီအသံပိုင်ရှင်ကတော့ စိတ်ဝိညာဉ် သိုင်းနတ်ဘုရားပဲ ဖြစ်ပါတယ်။ စိတ်ဝိညာဉ်သိုင်းနတ်ဘုရားဟာ အပေါ်ဆုံးမှာ ရပ်နေတာကနေ ရုတ်တရက် ခုန်ဆင်းလိုက်ပါတယ်။ သက်ရှိအကုန်လုံးဟာ ထိတ်လန့်သွားကြပြီး ကောင်းကင်ပြိုကျသလို ခံစားလိုက်ကြရပါတယ်။ စိတ်ဝိညာဉ် သိုင်းနတ်ဘုရားကိုယ်တိုင်က အလွန်တရာ ကြီးမားပြီး အရှိန်အဟုန် ကြီးမားလွန်းပါတယ်။
ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်သိုင်းနတ်ဘုရားရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ပေတစ်သောင်းနီးပါး မြင့်မားနေပေမဲ့ စိတ်ဝိညာဉ် သိုင်းနတ်ဘုရားရဲ့ ရှေ့မှာတော့ အလွန်တရာ သေးငယ်နေပါသေးတယ်။
“မဟာညီညွှတ်မှု ကောင်းကင်အမတလား၊ မင်းက ဒီလောက် ဘဝမြင့်နေတာ အံဩစရာ မရှိတော့ပါဘူး” စိတ်ဝိညာဉ် သိုင်းနတ်ဘုရားရဲ့အသံဟာ သတ်ဖြတ်ငွေ့တွေနဲ့ ပြည့်နေပါတယ်။
နတ်ဘုရားခန်းမ။
သေမျိုးကမ္ဘာကို ကြည့်နေတဲ့ အမတတွေအကုန်လုံးဟာ အံဩတကြီး ဖြစ်သွားကြပါတယ်။
“မဟာညီညွှတ်မှု ကောင်းကင်အမတ၊ သေမျိုးကမ္ဘာမှာ ဘယ်လိုလုပ်ပြီး ဒီလိုမွန်းစတား ပေါ်လာရတာလဲ”
“အမတကမ္ဘာက တစ်ယောက်ယောက်ကများ သေမျိုးကမ္ဘာကို ဆင်းသက်သွားတာလား”
“ငါလည်း မသိဘူး၊ ဒါပေမဲ့ သူက ကောင်းကင်ရုံးတော်အတွက် တန်ဖိုးရှိမဲ့ ပါရမီရှင်ပဲ၊ ဘာပဲဖြစ်ဖြစ် သူက ငါတို့တွေ ထိန်းချုပ်တဲ့ သေမျိုးကမ္ဘာမှာ ပေါ်လာတာ”
“သူ့အသက် ဘယ်လောက်ရှိပြီလဲ”
“ငါ တွက်ချက်လို့မရဘူး၊ သူ့မှာ ကံတရားတွက်ချက်တာကို တားမြစ်နိုင်တဲ့ အကောင်းစား ရတနာ ရှိရမယ်”
ကောင်းကင်ဧကရာဇ်ဟာ မျက်နှာသေနဲ့ ထိုင်နေပြီး အမတနဲ့ နတ်ဘုရားတွေရဲ့ ဆွေးနွေးမှုကို လျစ်လျူရှုကာ ကြေးမုံပြင်ထဲက ဟန်ကျွယ်ကိုပဲ စိုက်ကြည့်နေပါတယ်။
ဟန်ကျွယ်ဟာ ခန္ဓာကိုယ်ကြီးမားပြီး တန်ခိုးထွားလွန်းတဲ့ စိတ်ဝိညာဉ် သိုင်းနတ်ဘုရားကို လုံးဝမကြောက်ပါဘူး။ သူ့မျက်နှာက တည်တည်ငြိမ်ငြိမ်ပါပဲ။ ဟန်ကျွယ်ဟာ ညာလက်မြှောက်ပြီး ကောင်းကင်ကို လက်ညိုးထိုးလိုက်ပါတယ်။
ရန်ဒေသမှာရှိတဲ့ လူတိုင်းဟာ ဟန်ကျွယ်ရဲ့ ကြီးမားတဲ့ခန္ဓာကိုယ်ကို မြင်နိုင်ပါတယ်။ အမတတွေကို ရင်ဆိုင်ပြီး ကောင်းကင်ကို လက်ညိုးထိုးလိုက်တဲ့ ဟန်ကျွယ်ရဲ့ ဟန်ပန်အမူအရာကို သူတို့တွေ ဒီတစ်သက် မေ့နိုင်မှာ မဟုတ်ပါဘူး။
“ဝုန်း…”
မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်း။
ဟန်ကျွယ် လက်ညိုးက ထွက်သွားတဲ့ ဓားချီရဲ့ အလင်းရောင်ဟာ တောက်ပစွာ ထွက်ပေါ်လာပါတယ်။
ကောင်းကင်စစ်သားတွေဟာ တုံ့ပြန်ဖို့ အချိန်တောင် မရလိုက်ပါဘူး။ ဒါပေမဲ့ စိတ်ဝိညာဉ် သိုင်းနတ်ဘုရားက အလိုလို လက်ဝါးမြှောက်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ဓားချီကို ကာကွယ်လိုက်တာကြောင့် ဓားချီဟာ ပေါက်ကွဲထွက်သွားပြီး ကောင်းကင်ယံက မိုးကြိုးတိမ်တိုက်တွေကို လွှင့်ပြယ်သွားစေပါတယ်။
“သတ်”
စိတ်ဝိညာဉ် သိုင်းနတ်ဘုရားရဲ့ ဒေါသတကြီး ကြုံးဝါးသံနဲ့အတူ ကောင်းကင်စစ်သားတွေဟာ တိမ်ပင်လယ်ပေါ်ကနေ မြားမိုးလို ထိုးဆင်းလိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ လက်ထဲမှာ ဓားတစ်ချောင်းပေါ်လာပါတယ်။ ဒီဓားက ဟွမ်သွမ့်ဓားပဲ ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို လက်တစ်ဖက်နဲ့ကိုင်ပြီး ကောင်းကင်ပေါ်ကို ဆက်တက်ကာ ဓားကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်ပါတယ်။
တားဆီးမရနိုင်တဲ့ အရှိန်အဟုန်နဲ့ ဓားချီစွမ်းအား ထွက်ပေါ်လာပြီး ကောင်းကင်စစ်သားတွေ တစ်ယောက်ပြီးတစ်ယောက် ဇီဝိန်ကြွေကုန်ပါတော့တယ်။ ကောင်းကင်စစ်သားတွေဟာ မြေလျှောက်အမတအဆင့်ပဲ ရှိတာကြောင့် ပြန်လည်မွေးဖွားခြင်း ကောင်းကင်အမတအဆင့်ရှိတဲ့ ဟန်ကျွယ်ကို ဘယ်လိုမှ မခုခံနိုင်ပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်စစ်သားတွေကို နည်းနည်းကလေးမှ အလျှော့မပေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အသက်ကို ချမ်းသာပေးလိုက်ရင် ကောင်းကင်ရုံးတော်က သူ့ကို ကြောက်နေတယ်ဆိုပြီး ထင်သွားမှာစိုးလို့ပါ။
ဝီရိယတောင်ပေါ်က ရွှင်ချန်အန်း၊ ရန်ထျန်တုန်းနဲ့ တစ်ခြားသူတွေဟာ ဟန်ကျွယ် တိုက်ခိုက်နေတာကို စိတ်လှုပ်ရှားစွာ ကြည့်နေပါတယ်။
“ဆရာဘိုးဘိုးက အရမ်းစွမ်းအားကြီးတာပဲ” မုရုံချီက စိတ်လှုပ်တရှား ပြောလိုက်ပါတယ်။ တစ်ခြားသူတွေရဲ့ မျက်လုံးထဲမှာလည်း လေးစားကြည်ညိုစိတ်တွေ ပြည့်လျှံထွက်သွားပါတယ်။
နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်ရဲ့ ကျောပြင်ကိုကြည့်ပြီး သက်ပြင်းချလိုက်ပါတယ်။ အရင်တုန်းက ဟန်ကျွယ်ဟာ သူ့ကို ဆရာသခင်အဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ အဲဒီအချိန်တုန်းက နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်က ဒီလောက်ထိစွမ်းအားကြီးလာပြီး အမတတွေနဲ့ ယှဉ်တိုက်နိုင်လိမ့်မယ်လို့ အိပ်မက်တောင် မမက်ခဲ့ဖူးပါဘူး။
ဟန်ကျွယ်ဟာ ရှေ့ကို ဆက်တိုးသွားပြီး လမ်းတစ်လျှောက်က ကောင်းကင်စစ်သားတွေကို အကုန်သတ်ပစ်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့အကြည့်က စိတ်ဝိညာဉ်သိုင်းနတ်ဘုရားဆီကနေ သွေဖယ်မသွားပါဘူး။
မဟာညီညွှတ်မှု ကောင်းကင်အမတ ထိပ်ဆုံးအဆင့်ရှိတဲ့ စိတ်ဝိညာဉ် သိုင်းနတ်ဘုရားရဲ့ ရောင်ဝါဟာ တကယ်ကို ကြောက်ဖို့ကောင်းလှပါတယ်။ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း ကောင်းကင်အမတ အလယ်အဆင့်ကို ရောက်နေပေမဲ့ ဖိအားကို ခံစားရတုန်းပါပဲ။ ဒီဖိအားကြောင့် ဟန်ကျွယ်ဟာ စိတ်ဝိညာဉ် သိုင်းနတ်ဘုရားကို တစ်ချက်တည်းသတ်ဖို့ မဖြစ်နိုင်မှန်း သဘောပေါက်လိုက်ပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့ကိုယ် ယုံကြည်မှုအပြည့်ရှိပါတယ်။ အဆင့်တူရင် ဟန်ကျွယ်က ပြိုင်ဘက်ကင်းပါတယ်။
အလင်းတန်းတစ်ခုဟာ ကောင်းကင်ပေါ်ကနေ ထိုးကျလာပြီး ဟန်ကျွယ်နဲ့ တိုက်မိပါတယ်။
ဒီအလင်းတန်းက စိတ်ဝိညာဉ်သိုင်းနတ်ဘုရားပဲ ဖြစ်ပါတယ်။
စိတ်ဝိညာဉ်သိုင်းနတ်ဘုရားဟာ ဟန်ကျွယ်လိုပဲ ဆန်းကြယ်စွမ်းအားအသုံးပြုပြီး သူ့ခန္ဓာကိုယ်ကို ပေတစ်သောင်းမြင့်မားအောင် ဖန်တီးကာ ဟန်ကျွယ်နဲ့ ကောင်းကင်ယံမှာ တိုက်ခိုက်ပါတယ်။ ကောင်းကင်အမတနှစ်ဦးဟာ သူတို့ရဲ့ဆန်းကြယ်စွမ်းအား အသီးသီးကို အသုံးပြုပြီး တိုက်ခိုက်တာကြောင့် ကောင်းကင်ဟာ ဆုတ်ပြဲသွားပြီး မိုးမြေကြားမှာ မရေမတွက်နိုင်တဲ့ လျှပ်စီးတွေ ထွက်ပေါ်လာပါတယ်။
သေမျိုးကမ္ဘာဟာ ဒီဒဏ်ကို တောင်မခံနိုင်တာကြောင့် နေရာတိုင်းမှာ ကပ်ဘေးတွေ ပေါ်ပေါက်လာပါတယ်။ သေမျိုးပဲဖြစ်ဖြစ် သားရဲပဲဖြစ်ဖြစ် အများစုဟာ ဘေးဒုက္ခကြီးစွာနဲ့ ထွက်ပြေးရပါတယ်။
ဟန်ကျွယ်ဟာ သေမျိုးကမ္ဘာရဲ့ အခြေအနေကို ဂရုမစိုက်နိုင်ပါဘူး။ တိုက်ပွဲကိုပဲ လုံးဝအာရုံစိုက်ပြီး စိတ်ဝိညာဉ်သိုင်းနတ်ဘုရားနဲ့ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲပါတယ်။
ဟန်ကျွယ်ဟာ တစ်ချိန်လုံး ဂူအောင်းကျင့်ကြံနေတယ်ဆိုပေမဲ့ အသွင်တူလက်ရည်စမ်းပွဲထဲမှာ မပြတ်တိုက်ခိုက်တာကြောင့် တိုက်ခိုက်မှု အတွေ့အကြုံ အရမ်းကြွယ်ဝပါတယ်။
မိုးကောင်းကင်ဓားချီဟာ စိတ်ဝိညာဉ် သိုင်းနတ်ဘုရားရဲ့ ခန္ဓာကိုယ်ပေါ်က တစ်ခါပြီးတစ်ခါ ထိမှန်ပေမဲ့ စိတ်ဝိညာဉ်သိုင်းနတ်ဘုရားကို ထိခိုက်ဒဏ်ရာ မဖြစ်စေပါဘူး။ စိတ်ဝိညာဉ်သိုင်းနတ်ဘုရားရဲ့ ချပ်ဝတ်က တကယ်ကို သာမန်မဟုတ်တာပါ။
စိတ်ဝိညာဉ် သိုင်းနတ်ဘုရားအတွက်ကတော့ ဟန်ကျွယ်ကို ဒဏ်ရာရအောင် လုပ်ဖို့ဆိုတာ ပိုလိုတောင် ခက်ပါသေးတယ်။ ဟန်ကျွယ်က ဆက်တိုက်ရွှေ့လျားနေတာကြောင့် စိတ်ဝိညာဉ် သိုင်းနတ်ဘုရားရဲ့ ဓားချက်တွေဟာ လေထဲမှာပဲ ပျောက်ကွယ်သွားရပါတယ်။ 
ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို ရုတ်တရက် ဝှေ့ယမ်းလိုက်တဲ့အခါမှာ အလွန်ကျယ်ဝန်းပြီး အင်အားကြီးမားလွန်းတဲ့ ဓားချီဟာ အဆုံးမရှိတဲ့ဓားချီပင်လယ်အသွင်ကို ပြောင်းလဲသွားပါတယ်။ ဓားချီပင်လယ်ထဲမှာ မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေက စကြဝဠာထဲက ကြယ်တာရာတွေလို ထူထပ်သိပ်သည်းစွာ ထွက်ပေါ်လာပါတယ်။
သုံးလောက သန့်ရှင်းခြင်း။
စိတ်ဝိညာဉ် သိုင်းနတ်ဘုရားဟာ နှလုံးလှုပ်သွားပါတယ် ‘ဒါက ဘယ်လိုဆန်းကြယ်စွမ်းအားမျိုးလဲ’
ရုတ်ခြည်းဆိုသလို မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေက စိတ်ဝိညာဉ် သိုင်းနတ်ဘုရားကို အရပ်ဆယ်မျက်နှာကနေ တိုက်ခိုက်လိုက်ပါတယ်။ ဒီမြင်ကွင်းကာ ခန့်ညားထည်ဝါပြီး အလွန်ကြည့်လို့ကောင်းပါတယ်။ ဓားအရိပ်လမ်းကြောင်းက ထွက်ပေါ်လာတဲ့ လေအရှိန်ဟာ မြေကြီးပေါ်က တောအုပ်တွေကို အမြစ်ကနေ ဆွဲနှုတ်ပစ်နိုင်တဲ့အထိ အရှိန်ပြင်းလှပါတယ်။
အမတတွေတိုက်ခိုက်တဲ့အခါ သေမျိုးတွေ ဒုက္ခရောက်တာ သဘာဝပါပဲ။

Comment

Leave a Reply

Options

not work with dark mode
Reset