အခန်း (၁၈၂) သေမျိုးကမ္ဘာအား ရှင်းလင်းခြင်း
‘ကောင်းကင်နိယာမက ပိတ်သိမ်းခံလိုက်ရပြီလား’
‘သေမျိုးကမ္ဘာရဲ့ ကပ်ဘေး ရောက်လာပြီပဲ’
ဟန်ကျွယ်ဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပါတယ်။ ကောင်းကင်ရုံးတော်က စစ်သူကြီးဘယ်နှယောက်နဲ့ စစ်သား ဘယ်လောက်များများ လွှတ်လိုက်မလဲဆိုတာ ဟန်ကျွယ် မသိပါဘူး။ ဒါပေမဲ့ လုံရှန်နဲ့ စိတ်ဝိညာဉ် သိုင်းနတ်ဘုရား လာမှာကတော့ လုံးဝကျိန်းသေပါတယ်။
သတိဆိုတာ ပိုတဲ့မရှိ စကားအတိုင်း ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကျိန်စာတိုက်ပြန်ပါတယ်။ စစ်ပွဲမှာ တရားတယ်ဆိုတာ မရှိပါဘူး။ တစ်ခြားသူဘက်က အရေအတွက်နဲ့ အနိုင်ကျင့်မှတော့ ဟန်ကျွယ်ကလည်း ရတဲ့နည်းသုံးပြီး ပြန်တိုက်မှာပါ။
ကောင်းကင်ရုံးတော်၊ နတ်ဘုရားခန်းမ။
ကောင်းကင်ဧကရာဇ်ဟာ ကြီးမားတဲ့တန်ခိုးရောင်ဝါနဲ့ ပလ္လင်ပေါ်မှာ ထိုင်နေပါတယ်။ တောက်ပတဲ့အလင်းတွေကလည်း ကောင်းကင်ဧကရာဇ်နောက်ကနေ ထွက်ပေါ်နေပါတယ်။ နတ်ဘုရားခန်းမထဲမှာရှိတဲ့ အမတအကုန်လုံးဟာ ဉာဏ်ပညာရှိသူ မဟုတ်ရင် စွမ်းအားကြီးကြသူတွေချည်းပါပဲ။
ငွေရောင်ချပ်ဝတ်နဲ့ လုံရှန်ဟာ ကောင်းကင်စစ်သူကြီးတွကြားမှာ မျက်နှာသေနဲ့ ရပ်နေပြီး ကောင်းကင်ဧကရာဇ်ရဲ့ အမိန့်ကို စောင့်ဆိုင်းနေပါတယ်။
“နတ်ဆိုးသူတော်စင်ကို သတ်ပြီးသွားပြီ၊ သူ့ဝိညာဉ်က ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ကျသွားပြီ၊ ငါတို့တွေ အခုဆက်လုပ်ရမှာက သေမျိုးကမ္ဘာမှာရှိတဲ့ မိစ္ဆာတွေကို ရှင်းလင်းဖို့ပဲ၊ မိစ္ဆာတွေကြောင့် သေမျိုးကမ္ဘာ ဘယ်နှခု စွန်းထင်းသွားပြီလဲ” ကောင်းကင်ဧကရာဇ်က မေးလိုက်ပါတယ်။
အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး မျက်နှာနုပျိုတဲ့ အကြီးအကဲတစ်ဦးက လက်သီးဆုပ်ပြီး လျှောက်ပါတယ် “အရှင်မင်းကြီး… မိစ္ဆာမျိုးနွယ်စုက သေမျိုးကမ္ဘာ ၄၃ ခုကို ကျူးကျော်ခဲ့ပါတယ်၊ ဒီအထဲမှာ သေမျိုးကမ္ဘာ ၁၁ ခုကို ရှင်းလင်းပစ်ရမှာပါ”
“များလှချည်လား”
ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပြီး မျက်လုံးထဲမှာ မကျေနပ်တဲ့ အရိပ်အယောင် ယှက်သမ်းသွားပါတယ်။
ဒီအဖြစ်ကြောင့် အမတတွေအကုန်လုံးနီးပါး ကြောက်ဒူးတုန်သွားပါတယ်။
အဖြူရောင်ဝတ်ရုံနဲ့ အကြီးအကဲက မဲ့ပြုံးပြုံးလိုက်ပါတယ် “နတ်ဆိုးသူတော်စင်က ကျွန်တော်တို့ကို အချိန်အကြာကြီး ဆွဲထားခဲ့တော့ မိစ္ဆာတွေကို အခွင့်အရေးပေးလိုက်သလို ဖြစ်သွားတယ်”
ဒီကပ်ဘေးက နှစ်တစ်ထောင်နီးပါး ရှည်ကြာခဲ့တာကြောင့် တော်တော်ကြာတယ်လို့ ပြောရမှာပါ။
ကောင်းကင်ဧကရာဇ်က ပြောလိုက်ပါတယ် “ငါ ဒီအကြောင်းကို ထပ်မမေးတော့ဘူး၊ မင်းတို့ဘာသာ ဖြေရှင်းကြတော့၊ ဒါပေမဲ့ ငါ မင်းတို့ကို မြင်စေချင်တဲ့ သေမျိုးကမ္ဘာတစ်ခုတော့ ရှိတယ်”
ကောင်းကင်ဧကရာဇ်ဟာ ပြောပြောဆိုဆို ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ အင်္ကျီလက်ထဲကနေ နတ်အလင်းတန်းတစ်ခု ထိုးထွက်သွားပြီး ခန်းမအလယ်မှာ ပျံဝဲသွားပါတယ်။ အဲဒီနောက် ကြီးမားတဲ့ ကြေးမုံတစ်ခုအသွင် ပြောင်းလဲသွားပြီး ဝီရိယတောင် ပေါ်လာပါတယ်။
နှင်းတွေက လောကတစ်ခုလုံးကို လွှမ်းခြုံထားပါတယ်။ ဒါပေမဲ့ ဒီနှင်းတွေကြားထဲမှာ တည်ရှိနေတဲ့ ဝီရိယတောင်ကတော့ မမြင်နိုင်တဲ့အရံအတားတစ်ခုကြောင့် နှင်းတစ်စက်မှာ ရှိမနေပါဘူး။ နှင်းတောထဲမှာ အထီးတည်းဖြစ်နေတဲ့ ဝီရိယတောင်ဟာ မြင်တွေ့သူတိုင်းကို အထီးကျန်တဲ့ ခံစားချက်တစ်ခု ပေးစွမ်းနေပါတယ်။
ကောင်းကင်ဧကရာဇ်က ပြောလိုက်ပါတယ် “လွန်ခဲ့တဲ့နှစ်တွေတုန်းက အဲဒီသေမျိုးနှစ်ယောက် လေလုံးထွားခဲ့တာကို မင်းတို့လည်း ကြားမှာပေါ့၊ နောက်ပြီး ဒီသေမျိုးကမ္ဘာရဲ့ ကံတရားအထောက်အပံ့က တစ်ခြားသေမျိုးကမ္ဘာတွေထက် အများကြီး ပိုမြင့်တယ်၊ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဝင်စားတာကလွဲရင် ကျန်တဲ့ ကံတရားအထောက်အပံ့က ဒီတောင်ကနေ လာတာ၊ ဒီတစ်ခါ သေမျိုးကမ္ဘာကို ရှင်းလင်းရာမှာ ငါတို့တွေ ဒီသေမျိုးကမ္ဘာကို ဂရုစိုက်ကြည့်ရမယ်၊ ဒီတစ်ခေါ် ရှန်အာလည်း ပါလိမ့်မယ်”
အမတတွေဟာ လုံရှန်ကို ကြည့်လိုက်ပြီး ဘာဖြစ်လို့ နတ်ဘုရားခန်းမထဲမှာ လုံရှန် ပေါ်လာလဲဆိုတာ နားလည်သွားပါတယ်။
ခန္ဓာကိုယ်ထွားကျိုင်းတဲ့ ကောင်းကင်စစ်သူကြီးတစ်ဦးက ပြောလိုက်ပါတယ် “ဒီသေမျိုးကမ္ဘာကို ရှင်းလင်းဖို့အတွက် ကျွန်တော်ကို တာဝန်ပေးပါ” ဒီကောင်းကင်စစ်သူကြီးဟာ ဆယ်ပေကျော် မြင့်မားပြီး ခါးကြီးကာ လေးထောင့်ကျတဲ့ မျက်နှာရှိပါတယ်။ ဒါ့အပြင် ကျားမျက်လုံးရှိပြီး မျက်ခုံးမွေးထူကာ အလွန်ဗိုလ်ကျလွန်းတဲ့ ရောင်ဝါတစ်မျိုး ထွက်ပေါ်နေပါတယ်။
အမတတွေ အကုန်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်။ အမတတွေဟာ စိတ်ဝိညာဉ်သိုင်းနတ်ဘုရားက သေမျိုးကမ္ဘာကို ကိုယ်တိုင် ရှင်းလင်းချင်လိမ့်မယ်လို့ ထင်မထားကြပါဘူး။ စိတ်ဝိညာဉ်သိုင်းနတ်ဘုရားအပြင် လုံရှန်ကိုပါ ထပ်ပေါင်းလိုက်ရင် ဒီအင်အားက သေမျိုးကမ္ဘာကို ရှင်းလင်းမဲ့အင်အားထက် အများကြီး သာလွန်နေပါပြီ။
‘ဒီသေမျိုးကမ္ဘာရဲ့ ပါရမီရှင်တွေက တကယ်ကြီး စွမ်းအားကြီးတာလား’
“အချိန်ကျလာရင် အမတနဲ့ နတ်ဘုရားတွေအကုန်လုံး နတ်ဘုရားခန်းမထဲမှာ ဒီတိုက်ပွဲကို ကြည့်ရမယ်” ကောင်းကင်ဧကရာဇ်က ပြောလိုက်ပါတယ်။
ကောင်းကင်ဧကရာဇ်ရဲ့စကားကြောင့် အမတတွေ အကုန်လုံးဟာ တစ်နေရာတည်းကို ကြည့်မိလိုက်ကြပါတယ်။
ရှန်စစ်သူကြီး။
ရှန်စစ်သူကြီးဟာ ချောမောပြီး အေးစက်တဲ့ မျက်နှာနဲ့ ဘုန်းတန်ခိုးကြီးမားတဲ့အသွင် ရှိပါတယ်။ သူ့သံချပ်ကာက မီးလျှံတွေ တောက်နေပြီး ခေါင်းမှာဆင်ယင်ထားတဲ့ သရဖူက ဖီးနစ်တောင်ပံတွေဟာလည်း တဖျတ်ဖျတ် ခတ်နေပါတယ်။ ပြောရမယ်ဆိုရင် ရှန်စစ်သူကြီးက ရုပ်ရည်ချောမောသလို တန်ခိုးလည်း ထွားလွန်းပါတယ်။
အတိတ်မှာတုန်းက ရှန်စစ်သူကြီးဟာ သေမျိုးကမ္ဘာကို ဆင်းသက်လာတဲ့ အမတွေကို စိန်ခေါ်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် ကောင်းကင်ဧကရာဇ်ဟာ အမတနဲ့ နတ်ဘုရားတွေကို ပွဲကြည့်ပရိတ်သတ် လုပ်ခိုင်းခဲ့ပါတယ်။ ရှန်စစ်သူကြီးရဲ့ အရည်အချင်းနဲ့ အစွမ်းကို တွေ့မြင်ပြီးနောက်မှာ ကောင်းကင်ရုံးတော်ထဲဝင်လာတဲ့ ရှန်စစ်သူကြီးကို ဘယ်သူမှ မထီမဲ့မြင် မလုပ်ရဲတော့ပါဘူး။
အဲဒီနောက် ကောင်းကင်ရုံးတော်ရဲ့ ပြုစုပြိုးထောင်မှုအောက်မှာ ရှန်စစ်သူကြီးက အလွန်လျင်မြန်စွာ တန်ခိုးကြီးမားလာပြီး ကောင်းကင်ရုံးတော်ရဲ့ အထက်ဆုံးလှံတစ်စင်း ဖြစ်လာခဲ့ပါတယ်။
ရှန်စစ်သူကြီးဟာ စကားမပြောဘဲ ဆိတ်ဆိတ် နေပါတယ်။
အမတတွေလည်း စိတ်လှုပ်ရှားဖို့ကောင်းမဲ့ တိုက်ပွဲကို ကြည့်ရဖို့ မစောင့်နိုင်တော့ပါဘူး။
“နောက်ထပ် ရှန်စစ်သူကြီး မရှိတော့ဘူး” ရုတ်တရက် ပြောလိုက်တဲ့ လုံရှန်ရဲ့စကားက အမတတိုင်းရဲ့ အာရုံကို ဆွဲဆောင်လိုက်ပါတယ်။
လုံရှန်ဟာ ရှန်စစ်သူကြီးကို မီးဟုန်းဟုန်းတောက်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ် “သေမျိုးကမ္ဘာက ရှန်စစ်သူကြီး တစ်ဦးပဲ ရှိတယ်၊ နောက်တစ်ယောက် မရှိစေရဘူး၊ ဒါပေမဲ့ ကောင်းကင်ရုံးတော်ထဲမှာတော့ ရှန်စစ်သူကြီးက တစ်ဦးတည်း မကဘူး”
လုံရှန်ရဲ့စကားတွေက ဗိုလ်ကျလွန်းတဲ့ စကားတွေပါ။ ဒါပေမဲ့ ရှန်စစ်သူကြီးကတော့ စိတ်ကွက်ခြင်းမရှိဘဲ ခေါင်းငုံ့ပြီး ပြုံးလိုက်ပါတယ်။ တစ်ခြားအမတတွေလည်း ပြုံးလိုက်ကြပါတယ်။
လုံရှန်ဟာ ရှန်စစ်သူကြီးကို အရမ်းလေးစားတဲ့သူ ဖြစ်ပြီးတော့ ရှန်စစ်သူကြီးနဲ့ အချိန်အတိုင်းအတာ တစ်ခုအထိ ကျင့်ကြံအားထုတ်ခဲ့ပါတယ်။
၁၈ နှစ် ကြာပြီးနောက်။
ဟန်ကျွယ်ဟာ အသက် ၁,၁၀၀ ပြည့်သွားပြီး ဖြစ်ပေမဲ့ စနစ်က ဆုမပေးပါဘူး။ ကြည့်ရတာ အသက်တစ်ထောင် ပြည့်ပြီးနောက်ပိုင်း စနစ်က နှစ်တစ်ရာတိုင်း ဆုမပေးတော့ပုံပါပဲ။ ဒီအချက်ကြောင့် ဟန်ကျွယ်ဟာ နည်းနည်းတော့ စိတ်ပျက်သွားပါတယ်။
သေမျိုးကမ္ဘာကို နှစ်များစွာ ဖုံးလွှမ်းထားခဲ့တဲ့ နှင်းမုန်တိုင်းဟာ နောက်ဆုံးမှာတော့ တဖြည်းဖြည်း အားနည်းသွားပြီး နေအလင်းရောင် ပြန်ပေါ်လာပါတယ်။ လေထုထဲမှာလည်း နွေဦးရဲ့အငွေ့အသက်က အပြည့်ပါပဲ။
သေမျိုးတွေက ဝမ်းသာပျော်ရွှင်သွားကြပေမဲ့ ကျင့်ကြံခြင်းလောကကတော့ သောကပင်လယ် ဝေသွားပါတယ်။ ကောင်းကင်းအမတစံအိမ်က ကောင်းကင်ရုံးတော်ရဲ့ သေမျိုးကမ္ဘာကို ရှင်းလင်းမဲ့အစီအစဉ်ကို သတင်းဖြန့်လိုက်တာကြောင့် ကျင့်ကြံသူအကုန်လုံး တုန်လှုပ်ချောက်ချားသွားကြပါတယ်။
မိစ္ဆာကျင့်ကြံသူတွေလည်း အရမ်းချောက်ချားသွားကြပါတယ်။ သူတို့တွေဟာ စိတ်ထင်တိုင်း သောင်းကျန်းကြပေမဲ့ အမတတွေရှေ့မှာတော့ ခွေးလိုဝက်လိုမျိုး အသတ်မခံချင်ကြပါဘူး။
ဒီအတောအတွင်းမှာ လက်ယာလက်ဝဲ လမ်းစဉ်နှစ်ခု ပူးပေါင်းပြီး ကျန်ရှိနေသေးတဲ့ မိစ္ဆာတွေကို လိုက်ဖမ်းကြပါတယ်။ ဒီအတွက်ကြောင့် မော့မိသားစုလိုမျိုး မိသားစုတွေ အများကြီး အသတ်ခံရပါတယ်။ မော့မိသားစုကတော့ သေမျိုးကမ္ဘာကနေ ပုန်းကွယ်နေတာ ကြာပြီဖြစ်တာကြောင့် ဒီကပ်ဘေးက လွတ်သွားပါတယ်။
ဒီနေ့မှာတော့…။
ကျယ်လောင်လှတဲ့ ခေါင်းလောင်းသံဟာ သေမျိုးကမ္ဘာတစ်ခုလုံးကို ရိုက်ခတ်သွားပါတယ်။ ဒီခေါင်းလောင်းသံကို လူတိုင်း ကြားလိုက်ရပါတယ်။ ချက်ချင်းဆိုသလိုပဲ ခန့်ညားတဲ့အသံတစ်သံ ထွက်ပေါ်လာပါတယ်။
“ဒီကမ္ဘာဟာ မိစ္ဆာမျိုးနွယ်စုကြောင့် ညစ်ညမ်းခဲ့ပြီ၊ ဒီအတွက်ကြောင့် ကမ္ဘာအကုန်လုံးဆီ ကပ်ဘေး သယ်ဆောင်လာလိမ့်မယ်၊ ကောင်းကင်နိယာမအရ ဖျက်ဆီးသင့်ခံရသင့်တယ်”
“ကောင်းကင်တပ် အမိန့်နာခံ… သေမျိုးကမ္ဘာကို ရှင်းလင်းတော့”
“ဝုန်း…” သေမျိုးကမ္ဘာတစ်ခုလုံး ဆူညံထွက်သွားပါတယ်။
စိတ်ဝိညာဉ်သိုင်းနတ်ဘုရားရဲ့ အသံက ရုတ်တရက် ထွက်ပေါ်လာတာမို့ လူအားလုံး အငိုက်မိသွားကြပါတယ်။
မဆုံးနိုင်တဲ့ မိုးကြိုးတိမ်တိုက်တွေဟာ ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းမိုးသွားပါတယ်။ လူတိုင်းဟာ ခေါင်းမော့ပြီး ကောင်းကင်ကို ကြည့်လိုက်တဲ့အခါ မိုးကြိုးတိမ်တိုက်တွေကြားမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ရုပ်သွင်တွေ ထွက်ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ ဒီရုပ်သွင်တွေဟာ ကျောက်တောင်လိုမျိုး ကြီးမားပြီး မတ်မတ်ရပ်နေကြပါတယ်။
ဝီရိယတောင်။
ဟန်ကျွယ်နဲ့ ဝူတောက်ကျန့်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်လာတာကြောင့် ကောင်းကင်ပေါ်က အမတနတ်ဘုရားတွေကို မြင်တွေ့လိုက်ရပါတယ်။ အမတနတ်ဘုရားတွေဟာ ကောင်းကင်မှာ ရပ်တည်နေပြီး သေမျိုးကမ္ဘာတစ်ခုလုံးကို သူတို့ရဲ့ နတ်စွမ်းအားနဲ့ ချောက်ချားသွားစေပါတယ်။
အရေအတွက်က သိပ်မများပေမဲ့ ရုပ်သွင်တိုင်းက အရမ်းကြီးမားပြီး အပေါ်စီးကနေ သေမျိုးကမ္ဘာကို ငုံ့ကြည့်လိုက်တာကြောင့် လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်သွားစေပါတယ်။
ကောင်းကင်တန်ခိုးဟာ သေမျိုးကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံလိုက်ပါတယ်။
“အဲဒါတွေက အမတနတ်ဘုရားတွေလား” ခေါင်းငါးလုံး မြွေနဂါးဘုရင်က တအံတဩ ပြောလိုက်ပါတယ်။ တစ်ခြားသူတွေကလည်း အမတနတ်ဘုရားတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်နေကြပါတယ်။
စုချီ၊ နတ်မိမယ်ရှီရွှမ်၊ ရှင်းဟုန်ရွှမ်နဲ့ ချန်ယွီအာတို့လည်း အပြေးရောက်လာပါတယ်။ သူတို့တွေလည်း ကောင်းကင်ကိုကြည့်ပြီး ထိတ်လန့်သွားကြပါတယ်။ သူတို့အကုန်လုံးက သေမျိုးတွေဖြစ်ပြီး အမတနဲ့ နတ်ဘုရားတွေကို ပထမဆုံးအကြိမ် မြင်ဖူးတာပါ။ မိုးကြိုးတိမ်တိုက်ပေါ်က ရုပ်သွင်တွေကိုကြည့်ပြီး သူ့တို့တွေဟာ ပုရွက်ဆိတ် ဖြစ်သွားသလိုမျိုး ခံစားလိုက်ကြရပါတယ်။
ယွီဂျင်ဂိုဏ်းတော်ကြီးလည်း ဝရုန်းသုန်းကား ဖြစ်သွားပါတယ်။ မရေမတွက်နိုင်တဲ့ တပည့်တွေဟာ ဒီအကြောင်းကို ဆွေးနွေးနေကြပြီး အကြီးအကဲတွေကတော့ ဂိုဏ်းကာအစီအရင်ကို အသက်သွင်းလိုက်ပါတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့ဂိုဏ်းကာအစီအရင်က အမတတွေကို ရင်ဆိုင်ရာမှာ လုံးဝအသုံးမဝင်မှန်း သူတို့အားလုံး သိကြပါတယ်။
ဖူစန်းသစ်ပင်အောက်မှာတော့ ငရဲကြက်နက်၊ ပဋိပက္ခကောင်းကင်ခွေး၊ ရွှေကျီးကန်းနှစ်ကောင်၊ ရန်ထျန်တုန်း၊ ရွှင်ချန်အန်း၊ စုချီ၊ ထူလင်းအာ၊ ခေါင်းငါးလုံး မြွေနဂါးဘုရင်၊ ဖန်းလျန်၊ မုရုံချီ၊ ချူရှီရန်နဲ့ တစ်ခြားသူတွေဟာ ဟန်ကျွယ်ကို ကြည့်လိုက်ကြပါတယ်။ သူတို့အားလုံးဟာ မေးခွန်းတစ်ခုတည်းကို တွေးနေကြပါတယ်။ အဲဒီမေးခွန်းကတော့ ဒီလောက်ကြောက်ဖို့ကောင်းတဲ့ အမတစစ်တပ်ကို ဟန်ကျွယ်က တိုက်အုန်းမှာလားဆိုတာပဲ ဖြစ်ပါတယ်။
‘ငါတို့တွေ ဘယ်လိုတိုက်ကြမှာလဲ’
ဟန်ကျွယ်ဟာ အရင်တုန်းက သူ့အစွမ်းကို ပြထားပေမဲ့ ကောင်းကင်က အမတတွေနဲ့ယှဉ်ရင် မိုးနဲ့မြေလို ကွာခြားနေပါသေးတယ်။ မိုးကြိုးတိမ်တိုက်ပေါ်က အမတတွေဟာ တစ်ယောက်ကို အနည်းဆုံး ပေတစ်သောင်းကျော် မြင့်မားပါတယ်။
ငရဲကြက်နက်က တုန်ယင်တဲ့အသံနဲ့ မေးလိုက်ပါတယ် “သခင်… ကျွန်တော်တို့တွေ ပြေးကြမလား”
‘ငါတို့တွေ ဘယ်လိုတိုက်ကြမလဲ’
‘အခွင့်အရေးနည်းနည်းတောင် ရှိမှာ မဟုတ်ဘူး’
ဟန်ကျွယ်ဟာ သူတို့တွေကို ဂရုမစိုက်ဘဲ ကောင်းကင်ကို မော့ကြည့်ပြီး မျက်ပေါက်ကျဉ်းလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိုးကြိုးတိမ်တိုက်တွေပေါ်က အစွမ်းထက်ဆုံး ရုပ်သွင်ကို မြင်တွေ့လိုက်ရလို့ပါပဲ။
စိတ်ဝိညာဉ် သိုင်းနတ်ဘုရား။
သိုင်းနတ်ဘုရားဟာ ကောင်းကင်ကိုးလွှာထပ်မှာ မတ်တတ်ရပ်ပြီး သေမျိုးကမ္ဘာကို ငုံ့ကြည့်လိုက်ပါတယ်။ သူ့မျက်နှာက အေးစက်နေပြီး မြေကြီးပေါ်က ပိုးကောင်တစ်ကောင်ကို ကြည့်နေသလိုပါပဲ။ ဟန်ကျွယ်ဟာ စိတ်ဝိညာဉ် သိုင်းနတ်ဘုရားက သူ့ကိုစိုက်ကြည့်နေမှန်း ခံစားလိုက်ရပါတယ်။
“ကောင်းကင်ရုံးတော်ကို အရည်အချင်းရှိကြောင်း သက်သေပြချင်တဲ့ သေမျိုးတွေ လာကြစမ်း”
“နှစ်နာရီအတွင်း အရည်အချင်းရှိကြောင်း ဘယ်သူမှ သက်သေမပြနိုင်ရင် ကောင်းကင်ပြစ်ဒဏ်နဲ့ ကမ္ဘာတစ်ခုလုံးကို ရှင်းလင်းပစ်မယ်”
စိတ်ဝိညာဉ်သိုင်းနတ်ဘုရားရဲ့ အသံဟာ အလွန်တရာမှ ကျယ်လောင်လှသလို ကြောက်ဖို့လည်း ကောင်းလှပါတယ်။ သူက အေးအေးဆေးဆေး ပြောလိုက်ပေမဲ့ သူ့အသံက အော်ဟစ်ကြုံးဝါးလိုက်သလိုပါပဲ။
Chapter – 182
? Views, Released on November 30, 2024