အခန်း (၁၇၅) ရှန်နန်းတော်မှ ဖိတ်ခေါ်ခြင်း၊ ဖန်းလျန်၏ ကျင့်ကြံမှုစွမ်းရည်
‘ဓားနတ်ဧကရာဇ်’
သိချင်လွန်းတဲ့ ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကနေ ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်ဟာ ဓားနတ်ဧကရာဇ်ရဲ့ပုံကို တွေ့လိုက်ရပါတယ်။ ဓားနတ်ဧကရာဇ်ဟာ အနည်းငယ် အိုပုံပေါက်ပြီး မျက်လုံးတွေက ဓားလိုစူးရှပါတယ်။
[ဓားနတ်ဧကရာဇ်: မဟာညီညွှတ်မှု ရွှေအမတအဆင့်ရှိပြီး ရှန်နန်းတော်၌ နှစ်တစ်သန်းအတွင်း ဓားပါရမီအရှိဆုံး ဖြစ်သည်။ ထို့ပြင် ကျန်းကူရှင်း၏ ဂျူနီယာဖြစ်သည်။ ဓားနတ်ဧကရာဇ်သည် သင့်အရည်အချင်းကို သိသောကြောင့် သင့်အား အလွန်စိတ်ဝင်စားသွားပြီး ရှန်နန်းတော်သို့ သိမ်းသွင်းချင်နေသည်။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]
‘ရှန်နန်းတော်ကလား’
‘မဟာညီညွှတ်မှုရွှေအမတ… သူက အမတဧကရာဇ်ဖြစ်လာဖို့ ခြေတစ်လှမ်းပဲ လိုတော့တာပဲ’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ အံဩသွားပါတယ်။ ကျန်းကူရှင်းမှာ ဒီလိုမျိုးစွမ်းအားကြီး ဂျူနီယာရှိတာကြောင့် ကျန်းကူရှင်းကလည်း ဒီလောက်ကြီး အားမနည်းနိုင်ဘူးလို့ ကောက်ချက် ချလိုက်ပါတယ်။
“မင်းဘာလို့ ရှန်နန်းတော်ကို မသွားတာလဲ၊ ငါ မင်းကို မိတ်ဆက်ပေးမယ်လေ၊ ရှန်နန်းတော်က အမတနဲ့ နတ်ဘုရားတွေရဲ့ ရှေးရိုးမျိုးဆက်မဟုတ်ပေမဲ့ သူ့အင်အားက တဖြည်းဖြည်းကြီးမားလာတာ ကြာပြီ၊ ကောင်းကင်ရုံးတော်တောင် မျက်နှာသာ မပေးလို့ မရဘူး” ကျန်းကူရှင်းက ပြောလိုက်ပါတယ်။
ဟန်ကျွယ်က တအံတဩ မေးလိုက်ပါတယ် “စီနီယာက ရှန်နန်းတော်ကလား”
ဟန်ကျွယ်ရဲ့ သရုပ်ဆောင်ချက်က လက်ဖျားခါလောက်ပါတယ်။ ကျန်းကူရှင်းဟာ ဟန်ကျွယ်ရဲ့ တအံတဩ ဖြစ်သွားတဲ့ အမူအရာကြောင့် နည်းနည်း ဘဝခိုက်သွားပါတယ် “အရင်တုန်းကတော့ ဟုတ်တယ်၊ အခုတော့ ငါက တစ်ယောက်တည်း၊ ဒါပေမဲ့ ငါ့မှာ အဆက်အသွယ်အချို့ ရှိသေးတယ်၊ မင်းသာ ရှန်နန်းတော်ထဲ ဝင်မယ်ဆိုရင် ကောင်းကောင်းမွန်မွန် ဆက်ဆံခံရစေဖို့ ငါ အာမခံတယ်”
ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။ မုရုံချီက ရှန်နန်းတော်နဲ့ ရန်ငြိုးရှိတဲ့အတွက် ဟန်ကျွယ်အတွက် ဆုံးဖြတ်ရခက်သွားပါတယ်။ နောက်ပြီး အခုအချိန်မှာ တာအိုစက်ကွင်းကြောင့် ဝီရိယတောင်ရဲ့ အမတချီဟာ တစ်နေ့တစ်ခြား တိုးပွားလာပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ဖို့ ရှန်နန်းတော်ကို မှီခိုစရာ မလိုတော့ပါဘူး။
ဟန်ကျွယ်က ပြုံးပြီး ပြောလိုက်ပါတယ် “ကျွန်တော် စဉ်းစားပါရစေအုန်း”
ကျန်းကူရှင်းက ပြောလိုက်ပါတယ် “ကောင်စုတ်လေး… မင်းက မင်းဘေးနားကလူတွေကို မထားပစ်ခဲ့ချင်လို့လား၊ ကျင့်ကြံခြင်းလမ်းစဉ်မှာ မင်းလူတွေကို တစ်ပါတည်းခေါ်ဖို့က အရမ်းခက်ခဲတယ်၊ ရှန်နန်းတော်ရဲ့ မဟာဧကရာဇ်တောင် သူ့ဘေးနားက လူတိုင်းကို မကာကွယ်နိုင်ဘူး၊ လူတိုင်းကလည်း အမတဧကရာဇ်အဆင့်ရောက်အောင် ကျင့်ကြံပြီး ထာဝရအသက်ရှည်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ မင်းလို အရည်အချင်းရှိတဲ့လူတောင် အမတဧကရာဇ်အဆင့်ရောက်ဖို့ဆိုရင် ကံကောင်းဖို့ လိုသေးတယ်”
ဟန်ကျွယ်ဟာ ကျန်းကူရှင်းစကားကို မယုံပေမဲ့ မငြင်းဆန်ရဲပါဘူး။ ဘာပဲဖြစ်ဖြစ် ကျန်းကူရှင်းက သူ့ကို စေတနာမှန်နဲ့ ပြောတာပါ။
ဟန်ကျွယ်က ပြုံးပြီး ပြောလိုက်ပါတယ် “တစ်ခြားနည်းလမ်းမရှိတော့ဘူးဆိုရင် ကျွန်တော် ရှန်နန်းတော်ကို သွားမှာပါ၊ ကျွန်တော် ဘေးနားက လူတိုင်းကို ကာကွယ်ချင်လို့ မဟုတ်ပါဘူး၊ ကျွန်တော်က အထက်ဘုံကို မတက်ချင်သေးတာ”
‘အထက်ဘုံမှာ ရန်သူတွေ အများကြီးပဲ၊ ငါ ဘုံပျံတက်လို့ မဖြစ်သေးဘူး’
တာအိုစက်ကွင်းကို ရလိုက်ကတည်းက ဟန်ကျွယ်ရဲ့ ရည်မှန်းချက်ဟာ စကြီးမားလာပါတယ်။ တစ်ဦးတည်း ဘုံပျံတက်တာက အန္တရာယ်များတဲ့အတွက် ဟန်ကျွယ်ဟာ သူ့တပည့်တွေ မြေးတပည့်တွေနဲ့အတူ ဘုံပျံတက်ဖို့ ကြံစည်ထားပါတယ်။
ဟန်ကျွယ်နဲ့ ကျန်းကူရှင်းဟာ အတန်ကြာ စကားစမြည်ပြောဆိုပြီးနောက် ဟန်ကျွယ်ဟာ ကျန်းကူရှင်းကို ကျော်ပြီး ရှေ့ဆက်လျှောက်သွားပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ သုံးလောကသန့်ရှင်ခြင်းကို အကောင်းဆုံးကြိုးစားပြီး သုံးသပ်ဖို့ ဆုံးဖြတ်ထားပါတယ်။
ကျန်းကူရှင်းဟာ ဟန်ကျွယ်ကို လှည့်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ပါတယ်။ ကျန်းကူရှင်းဟာ တစ်ချိန်က သူတွေခဲ့တဲ့ကောင်လေးက ဒီလောက်အချိန်တိုအတွင်း ကောင်းကင်အမတ ဖြစ်လာလိမ့်မယ်လို့ အိပ်မက်တောင် မမက်ခဲ့ပါဘူး။ ကျန်းကူရှင်းအတွက်တော့ နှစ်တစ်ထောင်ဆိုတာ အိပ်မက်တစ်ခုသာသာပါပဲ။
ဒါကြောင့်လည်း နတ်ပြည်တစ်ရက် လူပြည့်တစ်နှစ်ဆိုပြီး ဆိုရိုးရှိကြတာ မဟုတ်ပါလား။
‘ကြည့်ရတာ သူက နယ်ပယ်ခြောက်ရပ်မှာ မုန်တိုင်းထန်စေမဲ့သူပဲ’ ကျန်းကူရှင်းဟာ စိတ်ထဲမှာ တွေးတောလိုက်ပြီး အဲဒီနောက်ရောက်လာဖို့ကိုလည်း မျှော်လင့်နေပါတယ်။
ဟန်ကျွယ်ဟာ တစ်လှမ်းခြင်း ရှေ့တိုးသွားပြီး ဓားတာအိုမြစ်ထဲက ဓားကျင့်ကြံသူတွေကို ကျော်တက်သွားပါတယ်။ ဓားတာအိုမြစ်ဟာ တဖြည်းဖြည်းနဲ့ ခရမ်းနုရောင် ပြောင်းသွားပြီး ရုပ်စုံမှန်ပြောင်းနဲ့ ဆင်တူလာပါတယ်။
ဒီနေရာမှာတော့ ဓားကျင့်ကြံသူအရေအတွက်ဟာ အများကြီး လျော့ကျသွားပါတယ်။ ပြန်လှည့်ကြည့်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျန်းကူရှင်းကို မမြင်ရတော့ပါဘူး။ ဟန်ကျွယ်ဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရှေ့ဆက်လျှောက်ပါတယ်။ ဟန်ကျွယ်ဟာ ဖိအားကို ခံစားနေရပြီဆိုပေမဲ့ သူရှေ့ဆက် လျှောက်လို့မရတဲ့ အထိတော့ မခံစားရသေးပါဘူး။ ဟန်ကျွယ်ဟာ သူ့ဓားတာအို နားလည်မှုက ဘယ်လောက်ထိရှိလဲဆိုတာ မြင်ချင်ပါတယ်။
အတန်ကြာတဲ့အခါမှာတော့…။
ဟန်ကျွယ်ဟာ ခေါင်းမူးစ ပြုလာပါတယ်။ သူ့ခန္ဓာကိုယ်ကလည်း တောင်ကြီးတစ်တောင်ကို ထမ်းထားရသလို ခံစားလာရပြီး ခြေလှမ်းတိုင်းက ခက်ခဲလာပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ သူ့ရှေ့ခပ်လှမ်းလှမ်းမှာ အနက်ရောင်အသွင်တစ်ခုကို လှမ်းမြင်လိုက်ရပါတယ်။ ဒီရုပ်သွင်က ဟန်ကျွယ်ရှေ့ကနေ လျှောက်နေတာ အတော်ကြာပါပြီ။ သူ့ခြေလှမ်းတွေကို ခိုင်မြဲပြီး တုံ့ဆိုင်းခြင်းအလျဉ်းမရှိသလို မြန်ခြင်း နှေးခြင်းလည်း မရှိပါဘး။
‘သူက ဘယ်သူလဲ’ ဟန်ကျွယ်ဟာ မနေနိုင်ဘဲ တွေးမိလိုက်ပါတယ်။
အကြောင်းအရင်းတစ်ချို့ကြောင့် ဟန်ကျွယ်ဟာ သူ့ရှေ့ကလူကို မမီနိုင်သေးဘူးလို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး ရှေ့ဆက်လျှောက်ပါတယ်။ နောက်ထပ် ခြေလှမ်း ၂၀ လှမ်းပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ရှေ့ဆက်လျှောက်ဖို့က အတော်လေး ခက်လာပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ သူ့ရှေ့ကနေ အနက်ရောင်ရုပ်သွင် ပျောက်ကွယ်သွားတာကိုပဲ ထိုင်ကြည့်နေလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပြီး ဓားတာအိုမြစ်ထဲကနေ ထွက်လိုက်ပါတယ်။ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ သူသိမြင်နားလည်ခဲ့တာတွေကို ရှင်းလင်းပြတ်သားအောင် ထပ်မံသုံးသပ်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်း၊ မိုးကောင်းကင်ဓားချီ၊ ပြန်လည်မွေးဖွားခြင်း ဓားငွေ့တို့ကို ထပ်ပြီးတော့ အဆင့်မြှင့်လို့မရတော့အထိ မြှင့်တင်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ဆန်းကြယ်စွမ်းအားတွေက မဟာညီညွှတ်မှုအဆင့်မှာပဲ ရှိနေပါသေးတယ်။
ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ပါတယ်။ ထုံးစံအတိုင်း ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ကျိုးဖန်သည် ဗုဒ္ဓဂိုဏ်းမှာ စိတ်ဝိညာဉ်ပုတီးစေ့ကို ရရှိသွားပြီး သွေးစည်း ပြောင်းလဲသွား၏။]
[သင့်မြေးတပည့် မုရုံချီသည် သတ်ဖြတ်မှုအတွင်း အဆင့်ထိုးဖောက်သွားပြီး ခန္ဓာကိုယ်ပေါင်းစပ်အဆင့်သို့ ရောက်ရှိသွားသည်။]
[သင့်မြေးတပည့် ဖန်းလျန်သည် နတ်ဆိုးသားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၂၃၀၀၄၅
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နတ်ဆိုးသားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၄၃၂၁၁
[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် ကံအားလျော်စွာ အခွင့်အရေးတစ်ခု ရရှိပြီး ဓားအမတ၏ အမွေအနှစ်အား ရရှိသွားသည်။]
[သင့်မိတ်ဆွေ မော့ဖူချိုသည် မိစ္ဆာကျင့်စဉ်အား တတ်မြောက်ပြီး ခန္ဓာကိုယ်ပေါင်းစပ်အဆင့်သို့ ရောက်ရှိသွားသည်။]
[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် အမတဧကရာဇ်တစ်ပါးအား သတ်ပစ်ခဲ့သောကြောင့် ကံတရားအထောက်အပံ့ များစွား တိုးတက်သွားသည်။]
‘အခွင့်အရေးတွေ များလှချည်လား… ကြည့်ရတာ ကောင်းကင်တာအိုက တစ်နေရာရာမှာ လမ်းကြောင်းဖွင့်ထားပုံပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးတောလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ရှန်စစ်သူကြီးက အမတဧကရာဇ်တစ်ပါးကို သတ်လိုက်တာ သတိထားမိသွားပါတယ် ‘ကောင်းကင်ရုံးတော်က နာမည်အကျော်ဆုံး စစ်သူကြီး ပီသပါပေတယ်’
ကျန်းကူရှင်းရဲ့စကားအရ အမတဧကရာဇ်တွေက မသေနိုင်တဲ့တည်ရှိမှုတွေပါ။ ဒါကြောင့် ရှန်စစ်သူကြီးက အမတဧကရာဇ်ကို လုံးဝသတ်လိုက်တာလား ဒါမှမဟုတ် ခန္ဓာကိုယ်ကိုပဲ ဖျက်ဆီးလိုက်တာလားဆိုတာတော့ ဟန်ကျွယ် မသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ‘ပျက်စီးတယ်’ ဆိုတဲ့ စကားလုံးကို ဟန်ကျွယ် မတွေ့ရလို့ပါ။
‘ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ကောင်းလိုက်လဲ’
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပြီး ကောင်းကင်ရုပ်သေးရုပ်တွေကို စအာရုံစိုက်လိုက်ပါတယ်။
မော့ကျူက ဂူအောင်းကျင့်ကြံနေတုန်းပါပဲ။ နတ်မိမယ်ရှီရွှမ်၊ ရှင်းဟုန်ရွှမ်နဲ့ ချန်ယွီအာကလည်း လောလောဆယ်မှာ ဘာဘေးအန္တရာယ်မှ မရှိသေးပါဘူး။ အကုန်လုံး အဆင်ပြေချောမွေ့တဲ့အတွက် ဟန်ကျွယ်ဟာ အရမ်းကျေနပ်အားရသွားပါတယ်။
ပုံမှန်ဆိုရင် ဒီလိုအချိန်မျိုးမှာ မိန်းမတွေက ဝန်ထုပ်ဝန်ပိုး ဖြစ်လာမှာပါ။ ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ ဟန်ကျွယ်ရဲ့ တာအိုလက်တွဲဖော်တွေက အရမ်းသတိကြီးတာကြောင့် ဟန်ကျွယ်ကို ပြဿနာ မတက်စေပါဘူး။ သူတို့ပြဿနာကို သူတို့ပဲ ဖြေရှင်းကြပါတယ်။ ဒါကြောင့်လည်း ဟန်ကျွယ်က သူ့တာအိုလက်တွဲဖော်တွေကို နှစ်သက်တာပါ။ သူတို့ကိုက နှစ်သက်စရာ ကောင်းလွန်းနေတာပါ။
နှစ်ဝက်ကြာ ကျိန်စာတိုက်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံပါတယ်။ ပြန်လည်မွေးဖွားခြင်း ကောင်းကင်အမတအဆင့်က ဟန်ကျွယ်အတွက် မလုံလောက်သေးပါဘူး။ ဟန်ကျွယ်အတွက်တော့ စွမ်းအားကြီးလေ ပိုကောင်းလေလေပါပဲ။
နတ်ဆိုးနယ်မြေ။
ဂျိရှင်းရှန်ဟာ တောင်ထိပ်တစ်ခုပေါ်မှာ မတ်တတ်ရပ်ပြီး အဝေးတစ်နေရာမှာ နတ်ဆိုးဘုရင်တွေနဲ့ တိုက်ခိုက်နေတဲ့ ဖန်းလျန်ကို ကြည့်ကာ သက်ပြင်းချလိုက်ပါတယ်။
“ဒီကောင်လေးရဲ့ အရည်အချင်းက တကယ်အထင်ကြီးလောက်ပါပေတယ်၊ သူ့အရည်အချင်းက ငါ့ကို မီခါနီးနေပြီ” ဂျိရှင်းရှန်ဟာ ဖန်းလျန်အကြောင်းကို ဟန်ကျွယ်ဆီကနေ ကြားသိပြီးပါပြီ။ အရင်တုန်းက ဂျိရှင်းရှန်ဟာ ဖန်းလျန်အတွက်နဲ့ ဟန်ကျွယ်ကို သွားတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ဂျိရှင်းရှန်ဟာ ဖန်းလျန်ကို စိတ်ဝင်စားဟန် မပြခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လောကနံပါတစ် တစ်ယောက်အနေနဲ့ ဂျိရှင်းရှန်ဟာ သူ့ဂုဏ်သိက္ခာကို ထိန်းထားဖို့ လိုအပ်လို့ပါ။
ဒါပေမဲ့ ဒီလောက်နှစ်တွေ အကြာကြီး အတူတူ လျှောက်သွားပြီးတဲ့အခါမှာတော့ ဖန်းလျန်ရဲ့ အရည်အချင်းက သူထင်ထားတာထက် ပိုတော်နေတယ်ဆိုတာကို ဂျိရှင်းရှန် ရှာတွေ့လိုက်ရပါတယ်။ နောက်ပြီးတော့ ဖန်းလျန်ရဲ့ ကံတရားကလည်း အရမ်းကောင်းပါတယ်။ အမြဲတမ်းလိုလို အခွင့်အရေးတွေရပြီး တိုက်ပွဲထဲမှာတောင် အဆင့်ထိုးဖောက်နိုင်ပါတယ်။ ကိုယ်တိုင်မမြင်ရရင် ယုံနိုင်စရာကို မရှိတာပါ။
ဂျိရှင်းရှန်ဟာ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပြီး သူ့ကျင့်ကြံမှုအဆင့်နဲ့ စိတ်အေးလက်အေး နေလို့ မရသေးဘူးဆိုတာ သဘောပေါက်လိုက်ပါတယ်။ ဒါကြောင့် ဂျိရှင်းရှန်ဟာ ကောင်းကင်ဘုံဝင်အဆင့်ကို ထိုးဖောက်ပြီး အမြန်ဆုံး အမတဖြစ်လာအောင် ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့လည်း ဂျိရှင်းရှန်ဟာ ကောင်းကင်တာအိုရဲ့ဖိအားကြောင့် ဘုံပျံတက်ရမှာကိုလည်း စိုးရိမ်နေပါတယ်။
‘ချောင်ချောင်က သေမျိုးကမ္ဘာမှာ ဘယ်လိုဖြစ်ပြီး ဆက်နေနိုင်ရတာလဲ’ ဂျိရှင်းရှန်ဟာ စိတ်ထဲမှာ ပဟေဠိဖြစ်သွားပြီး နောက်တစ်ခါတွေ့တော့မှ မေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
“ဝုန်း…”
အဲဒီအချိန်မှာပဲ ကောင်းကင်ယံမှာ တိမ်နက်တွေ လိမ့်တက်လာပြီး မိုးကြိုးတွေနဲ့ ဖုံးလွှမ်းကာ ကြောက်ဖက်ဖွယ်ကောင်းတဲ့ ဖိအားတစ်ခု ထွက်ပေါ်လာပါတယ်။
ဂျိရှင်းရှန်ဟာ နှလုံးလှုပ်သွားပါတယ်။
‘ဒီဖိအားက…’
ဂျိရှင်းရှန်ဟာ ရုတ်တရက်ဆိုသလို ရန်စန်းကို တွေးမိသွားပါတယ်။
‘အထက်ဘုံက နောက်ထပ်အမတတစ်ယောက်က သေမျိုးကမ္ဘာကို ဆင်းသက်လာတာလား’
ဖန်းလျန်လည်း တစ်ခုခုမှားနေတာကို ခံစားမိတာကြောင့် အမြန်နောက်ဆုတ်လိုက်ပါတယ်။
နတ်ဆိုးဘုရင်တွေလည်း ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ မိုးကြိုးတိမ်တိုက်တွေကြားထဲမှာ နီရဲတဲ့မျက်လုံးတစ်လုံး ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ ဒီမျက်လုံးက အရမ်းကြောက်ဖို့ကောင်းပြီး ကောင်းကင်တစ်ခုလုံးနီးပါးကို နေရာယူထားကာ ဖန်းလျန်တို့ကို ငုံ့ကြည့်လိုက်ပါတယ်။
ဖန်းလျန်ဟာ အကြည့်တစ်ချက်နဲ့တင် အလွန်ပြင်းထန်တဲ့ ဖိအားကြီးတစ်ခုကို ခံစားလိုက်ရပါတယ်။
“ဟင်း… မင်းက ငါတို့နတ်ဆိုးတွေကို ဘယ်လိုလုပ်ပြီး သတ်ရဲတာလဲ၊ မင်းက သေချင်နေတာပဲ”
အေးစက်လှတဲ့အသံဟာ နတ်ဆိုးနယ်မြေမှာ ပဲ့တင်ထပ်သွားပါတယ်။
Chapter – 175
? Views, Released on November 30, 2024