Switch Mode

Chapter – 173

အခန်း (၁၇၃) တာအိုစက်ကွင်း၊ ပြန်လည်မွေးဖွားခြင်း မြေအမတ ထိပ်ဆုံးအဆင့်
ဟန်ကျွယ်ဟာ အချိန်အတော်ကြာ တုံ့ဆိုင်းသွားပြီးမှ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။
လုပ်ဆောင်ချက်အသစ်။
[သင်သည် စနစ်၏ လုပ်ဆောင်ချက်အသစ်ကို ရွေးချယ်ခဲ့ပါသည်။]
[တာအိုစက်ကွင်း လုပ်ဆောင်ချက်အား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[တာအိုစက်ကွင်း: တာအိုစက်ကွင်းအဖြစ် နေရာတစ်ခုကို ရွေးချယ်ပါ။ တာအိုစက်ကွင်းသည် ခုခံခြင်း၊ နတ်အာရုံအား ဟန့်တားခြင်း၊ စိတ်ဝိညာဉ်ချီ တိုးတက်စေခြင်းနှင့် အခြားသော အကျိုးကျေးဇူးများ ရှိသည်။ တာအိုစက်ကွင်း၏ လုပ်ဆောင်ချက်များမှာ တာအိုစက်ကွင်းသခင်၏ ကျင့်ကြံမှုပေါ်တွင် မူတည်သည်။ တာအိုစက်ကွင်းသခင်၏ ကျင့်ကြံမှု မြင့်မားလေလေ တာအိုစက်ကွင်း စွမ်းအားလည်း ကြီးမားလေလေတည်း။]
‘တာအိုစက်ကွင်း… အရံအတားရဲ့ အဆင့်မြင့်လုပ်ဆောင်ချက်ပဲ’
‘စိတ်ဝိညာဉ်ချီကို တိုးတက်စေတယ်ဆို‌တော့ မဆိုးဘူး… အရမ်းကောင်းတယ်’
ဝမ်းသာအားရဖြစ်သွားတဲ့ ဟန်ကျွယ်ဟာ တာအိုစက်ကွင်း ဖွင့်လှစ်ဖို့ ဝီရိယတောင်ကို ရွေးချယ်လိုက်ပါတယ်။ နောက်ကျလို ဟန်ကျွယ် ဘုံပျံတက်ရင် ဝီရိယတောင်ကို သူနဲ့အတူ သယ်ဆောင်သွားမှာပါ။
ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[သင်သည် တာအိုစက်ကွင်းအား အောင်မြင်စွာ ဖွင့်လှစ်လိုက်ပါပြီ။]
[လက်ရှိ တာအိုစက်ကွင်းသည် မဟာညီညွှတ်မှု ကောင်းကင်အမတအဆင့်အောက်ရှိ တိုက်ခိုက်မှုများ အားလုံးကို ခုခံနိုင်ပြီး နတ်အဆင့်အောက်ရှိ နတ်အာရုံများကို ဟန့်တားနိုင်သည်။ ကောင်းကင်တာအိုအား တားဆီးနိုင်ပြီး စိတ်ဝိညာဉ်ချီအား ငါးဆ၊ အမတချီအား နှစ်ဆ ပိုမိုသိပ်သည်းစေသည်။]
ဟန်ကျွယ်ဟာ မျက်လုံးပြူးသွားပါတယ်။
‘ဝိုး… အရမ်းမိုက်တယ်၊ အခု ငါ့မှာ စူပါပါဝါ ရှိသွားပြီ’
‘ကောင်းကင်တာအိုကို တားဆီးတယ်ဆိုတော့ ကောင်းကင်လွှဲကျောက်တုံးလိုမျိုး အစွမ်းရှိတာလား’
[ကောင်းကင်တာအိုအား တားဆီးခြင်းဆိုသည်မှာ ကောင်းကင်တာအို၏ နိယာမများက သင့်အပေါ် သက်ရောက်ခြင်း မရှိသည်ကို ဆိုလိုသည်။ ဤအထဲတွင် ဘုံပျံတက်စေခြင်းလည်း ပါဝင်သည်။]
‘ဒီလိုလား…’
ဟန်ကျွယ်ဟာ အသစ်ရရှိလာတဲ့ တာအိုစက်ကွင်း လုပ်ဆောင်ချက်ကြောင့် သူ့တပည့်တွေအကုန်လုံးကို အမတဖြစ်လာအောင် ပြုစုပြိုးထောင်လို့ ရသွားပါပြီ။ အချိန်ကျရင် သူတို့တွေအတူတူ ဘုံပျံတက်ရုံပါပဲ။ ဟန်ကျွယ်ရဲ့ တပည့်နဲ့ မြေးတပည့်တွေသာ ဘဝဟောင်းက ထိပ်ဆုံးအဆင့်ကို ပြန်ရောက်သွားရင် အမတကမ္ဘာမှာတောင် အထင်သေးလို့မရတဲ့ အင်အားစုတစ်စု ဖြစ်လာမှာပါ။
ဟန်ကျွယ်ဟာ စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်ပြီး မှန်းဆလိုက်ပါတယ် ‘ငါ့ တာအိုနှလုံးသားက ကြံ့ကြံ့ခိုင်နေလို စနစ်က ဆက်တိုက် ဆုချီးမြှင့်နေတာလား’
တစ်ချိန်တည်းမှာပဲ…။
ဖူစန်းသစ်ပင်အောက်မှာ ထိုင်နေတဲ့ ထူလင်းအာဟာ မျက်လုံးဖွင့်လိုက်ပြီး မေးလိုက်ပါတယ် “စိတ်ဝိညာဉ်ချီ တိုးလာတာကို ခံစားမိကြလား”
ငရဲကြက်နက်က ပြောလိုက်ပါတယ် “ဘာထူးဆန်းလို့လဲ၊ ဘူးပင်က အသီးသီးလာပြီလေ”
ထူးလင်အာဟာ ငရဲကြက်နက်စကား အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။
ရန်ထျန်တုန်းကတော့ ကျင့်ကြံခြင်းလိုဏ်ဂူကို ကြည့်လိုက်ပါတယ်။ ဒီစိတ်ဝိညာဉ်ချီ တိုးတက်လာတာက သူ့ဆရာသခင်လက်ချက်လို့ ရန်ထျန်တုန်း ခံစားနေမိပါတယ်။
အဲဒီနောက် ဟန်ကျွယ်ရဲ့ တပည့်တွေဟာ စိတ်ဝိညာဉ်ချီ တိုးတက်တာက အရင်ကထက် ပိုပိုမြန်လာတာကို အံအားသင့်ဖွယ်ရဦ တွေ့ရှိလိုက်ရပါတယ်။ တစ်လမပြည့်ခင်မှာပဲ စိတ်ဝိညာဉ်ချီ သိပ်သည်းမှုက အရင်ကထက် ငါးဆပိုသိပ်သည်းသွားပါတယ်။ ဝီရိယတောင်ပေါ်ကလူတိုင်း ဟန်ကျွယ် အပါအဝင် အရမ်းကို စိတ်လှုပ်ရှားသွားကြပါတယ်။
အမတချီက နှစ်ဆဖြစ်သွားတာကြောင့် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအလျင်ကလည်း နှစ်ဆပိုမြန်သွားပါတယ်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ နောက်ထပ် ဆယ်ငါးနှစ် ကုန်ဆုံးသွားပြီး ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း မြေအမတ ထိပ်ဆုံးအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားပါတယ်။
အဆင့်တက်ပြီးနောက် ဟန်ကျွယ်ဟာ အရမ်းအရမ်းကို စိတ်လှုပ်ရှားသွားပါတယ်။ ဟန်ကျွယ်ဟာ နောက်တစ်ဆင့်တက်ရင် ပြန်လည်မွေးဖွားခြင်း ကောင်းကင်အမတအဆင့်ကို ရောက်ပါပြီ။ အဲဒီအချိန်ကျရင် စိတ်ဝိညာဉ် သိုင်းနတ်ဘုရား ကိုယ်တိုင် ဆင်းလာရင်တောင် ဟန်ကျွယ်မှာ ကြောက်စရာ မရှိတော့ပါဘူး။
ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ဂုဏ်ပြုတဲ့အနေနဲ့ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး ရန်သူတွေကို လက်ဆောင်ပေးပါတယ်။
တစ်ချိန်တည်းမှာပဲ…။
ဝီရိယတောင်ခြေမှာ သက်လတ်ပိုင်းအမျိုးသားတစ်ဦးက တုန်ယင်စွာ ရှိခိုးနေတုန်းပါပဲ။
ဒီသက်လတ်ပိုင်းအမျိုးသားကတော့ ချူရှီရန်ပဲ ဖြစ်ပါတယ်။
နှစ်နှစ်ဆယ် ဒူးထောက်ပြီးနောက် ချူရှီရန်ဟာ ပြိုလဲလုနီး ဖြစ်နေပါပြီ။ ဒါပေမဲ ချူရှီရန်ဟာ အရမ်းခေါင်းမာပါတယ်။ ဟန်ကျွယ်က သူ့ကို လက်မခံချင်လေလေ ချူရှီရန်ဟာ ပိုပြီးတော့ ဒူးထောက်ချင်လေလေပါပဲ။
ချူရှီရန် ယုံကြည်ထားတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ စိတ်ရင်းမှန်ရင် အလုပ်ဖြစ်မယ် ဆိုတာပါပဲ။ ဒီအတောအတွင်းမှာ ကောင်းကင်မိုးကြိုးတောင်ထိပ် အကြီးအကဲက ချူရှီရန်ဆီ မကြာခဏ လာလည်ပါတယ်။ ကောင်းကင်မိုးကြိုးတောင်ထိပ် အကြီးအကဲသာ မကြာခဏ မလာရင် ချူရှီရန် သေသွားတာ ကြာပါပြီ။
ချူရှီရန် အကြောင်းကလည်း ယွီဂျင်ဂိုဏ်းတော်ကြီးတစ်ခုလုံးကို ပျံ့နှံ့သွားပါတယ်။
လူငယ်တစ်ယောက်ကနေ သက်လတ်ပိုင်းအထိ ဒူးထောက်နိုင်တာဟာ နည်းတဲ့ စိတ်ဆန္ဒတော့ မဟုတ်ပါဘူး။ ဆက်ပြီးဒူးထောက်နိုင်ဖို့အတွက် ချူရှီရန်ဟာ ရွေးချယ်စရာ မရှိတော့ဘဲ ကျင့်ကြံရပါတော့တယ်။
ဝီရိယတောင်ခြေမှာ စိတ်ဝိညာဉ်ချီ အလွန်ပေါများတဲ့အတွက် ချူရှီရန်ဟာ အခြေခံအဆင့် ပထမတန်းကို ခဏလေးနဲ့ ရောက်ရှိသွားပါတယ်။ အခြေခံအဆင့် ပထမတန်းကို ရောက်ရှိသွားတဲ့ ချူရှီရန်ဟာ ဆက်မကျင့်ကြံတော့ပါဘူး။ ဒါက ချူရှီရန်ရဲ့ စည်းမျဉ်းပဲ ဖြစ်ပါတယ်။ ချူရှီရန်ဟာ ရွေးချယ်စရာရှိရင် ဘယ်တော့မှာ ကျင့်ကြံမှာ မဟုတ်ပါဘူး။
ချူရှီရန်ဟာ ရန်ထျန်တုန်း၊ ထူလင်းအာနဲ့ ခေါင်းသုံးလုံး မြွေနဂါးဘုရင်တို့ရဲ့ အာရုံစိုက်ခြင်းကိုလည်း ခံလိုက်ရပါတယ်။
“ဒီကောင်လေးက ဖောင်ဖျက်တိုက်နေတာပဲ” ခေါင်းသုံးလုံး မြွေနဂါးဘုရင်က ပြောလိုက်ပါတယ်။
ထူလင်းအာက ခေါင်းခါပြီး ပြောလိုက်ပါတယ် “သူက ဇွဲရှိရုံတင် မဟုတ်ဘူး၊ အရည်အချင်းလည်း ရှိတယ်၊ ချီသန့်စင်ခြင်း အဋ္ဌမအဆင့်ကနေ အခြေခံအဆင့် ပထမတန်းကိုရောက်ဖို့ တစ်လပဲ ကြာလိုက်တယ်”
ထူလင်းအာဟာ ဒီလိုအရည်အချင်းရှိတဲ့လူကို ကောင်းကင်အမတစံအိမ်မှာတောင် မကြားဖူးပါဘူး။ ဒီလိုအရည်အချင်းမျိုးက မျက်စိနဲ့မမြင်ရရင် ယုံနိုင်စရာကို မရှိတာပါ။
ရန်ထျန်တုန်းရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ် ‘နောက်ဆုံးတော့ တွေ့ပြီ… ဒီကောင်က ဖန်းလျန်၊ မုရုံချီတို့ထက် အရည်အချင်း ပိုရှိတယ်’
ရန်ထျန်တုန်းဟာ ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ဟန်ကျွယ်ဆီ သွားပါတယ်။ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဝင်ပြီးနောက် ရန်ထျန်တုန်းဟာ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ပြီး ချူရှီရန်အကြောင်းကို စပြောပါတော့တယ်။
ဟန်ကျွယ် မျက်နှာဟာ ထူးဆန်းသွားပါတယ် ‘ဒီကောင်က တစ်လတည်းနဲ့ ချီသန့်စင်ခြင်း အဋ္ဌမအဆင့်ကနေ အခြေခံအဆင့် ပထမတန်းကို ရောက်သွားတာလား’
ဒီအရည်အချင်းက ဟန်ကျွယ်ကို မီလုနီး ဖြစ်နေပါပြီ။ ဒါကြောင့် ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ မဟာအဂ္ဂဗုဒ္ဓဆိုတဲ့ နောက်ခံကို ကြောက်နေတာပါ။ ဒါပေမဲ့ ဗုဒ္ဓဂိုဏ်းက သူ့ကို တကယ်ပဲ ပစ်မှတ်ထားတာဆိုရင် ဒီလိုဆက်ငြင်းနေတာက ဗုဒ္ဓဂိုဏ်းကို အပြစ်ပြုမိရာ ရောက်မှာပါ။
မဟာအဂ္ဂဗုဒ္ဓက သူ့ဆီမှာ ဒူးထောက်တာ နှစ် ၂၀ ရှိနေပါပြီ။ ဒီလိုရိုးသားပြီး စိတ်ရင်းမှန်တာက ဟန်ကျွယ်အတွက် တပည့်လက်ခံဖို့ လုံလောက်နေပါပြီ။
‘ငါက ဘာကိုကြောက်ရမှာလဲ၊ ငါက ရှန်နန်တော်ရဲ့ စစ်နတ်ဘုရား၊ နတ်ဆိုးသူတော်စင်နဲ့ ရွှေကျီးကန်းကိုတောင် လက်ခံပြီးပြီပဲ၊ ဘာလို့ ဒီဗုဒ္ဓဂိုဏ်းကို ကြောက်ရမှာလဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။
ဗုဒ္ဓတွေသာ သူ့ရန်သူ ဖြစ်မယ်ဆိုရင် မုန်းတီးမှု သတိပေးချက်ကိုတော့ ဟန်ကျွယ် ရရှိမှာပါ။
“အဲဒါဆိုရင် မင်း သူ့ကို သွားလက်ခံလိုက်” ဟန်ကျွယ်က သာမန်ကာလျှံကာ ပြောလိုက်ပါတယ်။
ရန်ထျန်တုန်းဟာ ကျေနပ်အံအားသင့်သွားပြီး ဟန်ကျွယ်ကို အမြန်ကျေးဇူးတင်ကာ အလျင်စလို ထွက်ခွာသွားပါတယ်။
ဝူတောက်ကျန့်က နှုတ်ခမ်းမဲ့လိုက်ပါတယ် “ကျွန်မအလှည့်က ဘယ်တော့ ရောက်လာမှာလဲ”
တောင်ခြေမှာ ဒူးထောက်နေတဲ့ တပည့်တွေအထဲမှာ အမျိုးသမီးတပည့်အချို့လည်း ရှိပါတယ်။ ဝူတောက်ကျန့်ဟာ ရန်ထျန်တုန်း တပည့်လက်ခံတာတွေ့တော့ သူလည်း တပည့်လက်ခံချင်လာပါတယ်။
ဟန်ကျွယ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်ပါတယ် “တပည့်လက်ခံတယ်ဆိုတာက ကျင့်ကြံမှုစွမ်းရည်အပေါ် မူတည်တယ်”
“ကျွန်မ နားလည်ပါတယ်၊ ကျွန်မရဲ့ တပည့်က အမြန်ဆုံးပေါ်လာဖို့ပဲ မျှော်လင့်မိတယ်” ဝူတောက်ကျန့်က မျှော်လင့်တကြီး ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ရုတ်တရက်တွေးမိသွားပြီး ဆန်းကြယ်တဲ့ အပြုံးတစ်ခုကို ပြုံးလိုက်ပါတယ် “ဖြစ်နိုင်တာက မင်းရဲ့တပည့်က ပေါ်လာပြီးပြီ”
ဝူတောက်ကျန့်ရဲ့ လှပတဲ့မျက်လုံးတွေဟာ ပြူးကျယ်သွားပြီး ချက်ချင်း ပြန်မေးလိုက်ပါတယ် “ဘယ်မှာလဲ”
“ဖူစန်းသစ်ပင်ပေါ်မှာလေ”
“ရွှေကျီးကန်းလား”
“သူတို့က တန်လိုလား”
“အဲဒါဆို ဘယ်သူလဲ၊ ငရဲကြက်နက်လား၊ ပဋိပက္ခကောင်းကင်ခွေးလား”
“သူတို့က မင်းကို ဆရာသခင်အဖြစ် လက်ခံမှာလား”
“အဲဒါလည်း ဟုတ်တာပဲ”
“မြေအမတဘူးပင်ရဲ့ ဘူးသီးတွေ”
ဝူတောက်ကျန့်ဟာ အံဩမှင်သက်သွားပြီးမှ ဟန်ကျွယ်စကားရဲ့ ဆိုလိုရင်းကို နားလည်သွားပါတယ်။ ဝူတောက်ကျန့်ရဲ့ ပုံစံအစစ်က မိုးမြေမြက်ပင်ပါ။ သူတောင် အသွင်ပြောင်းနိုင်ရင် နောက်ခံကြီးကြီးရှိတဲ့ မြေအမတဘူးပင်ရဲ့ ဘူးသီးတွေက ဘာလို့ အသွင်မပြောင်းနိုင်ရမှာလဲ။
တောင်ခါးပန်းမှာတော့ ရန်ထျန်တုန်းဟာ ချူရှီရန်ကို တောင်ပေါ်တက်ဖို့ ကူညီနေပါတယ်။ နှစ်နှစ်ဆယ် ဒူးထောက်ထားတာမို့ ချူရှီရန်ရဲ့ ခြေထော်ကတွေက ခြေတစ်လှမ်းလှမ်းတိုင်း တုန်ယင်နေပါတယ်။
ချူရှီရန်က အားတင်းပြုံးပြုံးလိုက်ပါတယ်။ ရန်ထျန်တုန်းကတော့ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးမှာ အရည်အချင်းရှိတဲ့ တပည့်တစ်ယောက် ရခဲ့လို့ပါပဲ။ ရန်ထျန်တုန်းဟာ ချူရှီရန်က ဖန်းလျန်၊ မုရုံချီတို့နဲ့ နှစ်ယောက်တစ်ယောက် တိုက်ခိုက်တာကို မြင်ရဖို့ မစောင့်နိုင်တောပါဘူး။
“နောက်ကျရင် မင်းက ငါ့ရဲ့ ပထမဆုံးတပည့်ပဲ၊ ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်ချည်၊ ငါ့ကို စိတ်မပျက်စေနဲ့” ရန်ထျန်တုန်းက ပြုံးလိုက်ပါတယ်။
ချူရှီရန်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ် “ကျင့်ကြံရမယ်၊ မဖြစ်နိုင်ဘူး၊ ကျွန်တော့်ဘဝမှာ ဘယ်တော့မှာ မကျင့်ကြံဘူး၊ ကျွန်တော်က နတ်သတ်အကြီးအကဲရဲ့ တပည့်ဖြစ်လာပြီး နတ်သတ်အကြီးအကဲကို ကျင့်ကြံတာ စွန့်လွှတ်ဖို့နဲ့ မဟာကရုဏာတာအိုကို အတူလိုက်စားဖို့ တိုက်တွန်းချင်တာ”
ရန်ထျန်တုန်းဟာ ချော်လဲပြီး သွေးအန်လုနီး ဖြစ်သွားပါတယ် ‘ဘာလဲဟ… ကျင့်ကြံဖို့ မဖြစ်နိုင်ဘူး’ ရန်ထျန်တုန်းဟာ ချူရှီရန်ကို ထားပစ်ခဲ့ချင်စိတ် ပေါက်သွားပါတယ်။ ဒါပေမဲ့ ဝီရိယတောင်ရဲ့ ထူထပ်သိပ်သည်းလွန်းတဲ့ စိတ်ဝိညာဉ်ချီကြောင့် ချူရှီရန်က ကျင့်ကြံဖို့ကို အချိန်အကြာကြီး တောင်ခံဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ တွေးမိလိုက်ပါတယ်။
‘တောင်ပေါ်မှာ မကျင့်ကြံဘူးဆိုရင် သူက ဘာလုပ်မှာလဲ’
“ကျွန်တော်… နတ်သတ်… ဆရာဘိုးဘိုးကို ဘယ်တော့တွေ့ရမှာလဲ” ချူရှီရန်က မျှော်လင့်တကြီး မေးလိုက်ပါတယ်။
နတ်သတ်အကြီးအကဲသာ ကျင့်ကြံမှုကို စွန့်လွှတ်လိုက်မယ်ဆိုရင် ယွီဂျင်ဂိုဏ်းတော်ကြီးတစ်ခုကလည်း နတ်သတ်အကြီးအကဲနည်းတူ ကျင့်ကြံခြင်းကို စွန့်လွှတ်မှာ ကျိန်းသေပါတယ်။
“မင်းရဲ့ စွမ်းဆောင်ရည်ကို ကြည့်ကြတာပေါ့” ရန်ထျန်တုန်းဟာ တော်တော်လေး မကျေမနပ် ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့တပည့်က သူ့ကို သိပ်ပြီးတော့ အလေးမထားလို့ပါပဲ။
မှောင်မည်းတဲ့ကမ္ဘာတစ်ခုမှာ မြေပြင်တစ်ခုလုံး နတ်ဆိုးသားရဲ အလောင်းတွေနဲ့ ပြည့်နှက်နေပြီး သွေးမြူတွေကလည်း နေရာတိုင်းမှာ တွေ့မြင်နိုင်ပါတယ်။ ဖန်းလျန်ဟာ ဓားတစ်ချောင်ကိုင်းပြီး အလောင်းတောင်ပေါ်မှာ ဒူးတစ်ဖက်ထောက်နေပါတယ်။ ဖန်းလျန်ဟာ အသက်မှန်အောင် ရှူနေပြီး မျက်နှာမှာလည်း သွေးတွေချည်းပါပဲ။
ဖန်းလျန်ဟာ ကောင်းကင်က စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို ကြည့်လိုက်ပါတယ်။
ဒီစွမ်းအားကြီး ပုဂ္ဂိုလ်က ဂျိရှင်းရှန်ပါ။
ဂျိရှင်းရှန်ကလည်း ဖန်းလျန်ကို ငုံကြည့်လိုက်ပါတယ်။ သူတို့နှစ်ယောက်လုံးရဲ့ အကြည့်ဟာ သဘောသဘာဝချင်း သွားတူနေပါတယ်။
“မင်းနာမည် ဘယ်လိုခေါ်လဲ၊ ဘယ်ဂိုဏ်းကလဲ” ဂျိရှင်းရှန်က အထက်စီးကနေ မေးလိုက်ပါတယ်။
ဖန်းလျန်ဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး ပြန်ဖြေလိုက်ပါတယ် “ဂျိရှင်းရှန်… မင်းဘယ်သူလဲဆိုတာ ငါသိတယ်၊ ကောင်းကင်အမတစံအိမ်ရဲ့ နံပါတစ်ပါရမီရှင် မဟုတ်လား”
ဖန်းလျန်ရဲ့စကားကြောင့် ဂျိရှင်းရှန်ရဲ့ ပါးစပ်ထောင့်ဟာ ပိုပြီးတော့ တွန့်သွားပါတယ်။

Comment

Leave a Reply

Options

not work with dark mode
Reset