အခန်း (၁၇၂) အသက်တစ်ထောင်ပြည့်ခြင်း၊ ရွေးချယ်မှုသုံးခု
မဟာအဂ္ဂဗုဒ္ဓ လူဝင်စား ယွီဂျင်ဂိုဏ်းတော်ကြီးကို ရောက်လာတာ ဟန်ကျွယ် သိလိုက်ရတဲ့အချိန်ကစပြီး နောက်ထပ်ဆယ်နှစ် ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း ပြန်လည်မွေးဖွားခြင်း မြေအမတ နောက်ဆုံးအဆင့်ကို လွန်ခဲ့တဲ့နှစ်အနည်းငယ်က ထိုးဖောက်နိုင်ခဲ့ပါတယ်။
အဲဒါကြောင့် ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း မြေအမတ ထိပ်ဆုံးအဆင့်ကို ထိုးဖောက်နိုင်ဖို့အတွက် စိတ်ရောကိုယ်ပါနှစ်ပြီး ကျင့်ကြံအားထုတ်ပါတယ်။
ဒီနေ့မှာတော့…။
တာအိုသခင်ကျိုးတိ ရောက်လာပါတယ်။
ဟန်ကျွယ်ဟာ တာအိုသခင်ကျိုးတိကို အထဲဝင်ခွင့် ပြုလိုက်ပါတယ်။ တာအိုသခင်ကျိုးတိနဲ့ ဟန်ကျွယ်ဟာ သာကြောင်းမာကြောင်း ပြောပြီးနောက် တာအိုသခင်ကျိုးတိဟာ လာရင်းကိစ္စကိုပြောဖို့ တွန့်ဆုတ်နေပါတယ်။
“ဘာကိစ္စလဲ၊ ပြောမှာသာ ပြောပါ” ဟန်ကျွယ်က ပြုံးလိုက်ပါတယ်။
တာအိုသခင်ကျိုးတိဟာ ချောင်းဟန့်လိုက်ပါတယ် “အဟွတ်… ဒီလိုပါ၊ ဂိုဏ်းအကြီးအကဲတွေက တောင်ထိပ်ဆယ့်ရှစ်ခုမှာရှိတဲ့ ထူးချွန်ထက်မြက်တဲ့ တပည့်တွေထဲက တစ်ဦးစီရွေးပြီး ဝီရိယတောင်မှာ ကျင့်ကြံအားထုတ်ဖို့ နေရာပေးစေချင်နေတယ်၊ သူတို့က အကြီးအကဲဟန်ရဲ့ ကျင့်ကြံခြင်းကို လုံးဝနှောင့်ယှက်မှာ မဟုတ်ပါဘူး၊ အကြီးအကဲဟန် သဘော…”
“မရဘူး” ဟန်ကျွယ်က ယတိပြတ် ငြင်းပယ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ တာအိုသခင်ကျိုးတိရဲ့ စကားကို မစောင့်ဘဲ အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “ဂိုဏ်းက ဝီရိယတောင်မှာ မကြာခဏ သဘာဝရတနာတွေ လာစိုက်တယ်ဆိုပေမဲ့ ဒီတောင်မှာရှိတဲ့ စိတ်ဝိညာဉ်ချီအများစုက ကျင့်ကြံခြင်းလိုဏ်ဂူရှေ့မှာ စိုက်ထားတဲ့ သစ်ပင်ကနေလာတာ၊ ဒီသစ်ပင်ရဲ့ ဇစ်မြစ်ကို တစ်ခြားသူတွေ သိသွားလို့ မဖြစ်ဘူး၊ ကျုပ် ဒီနေ့တံခါးဖွင့်ပေးလိုက်ရင် နောင်ကျ လူပိုများလာလိမ့်မယ်၊ ဒါက ကျုပ်အတွက် အဆင်မပြေဘူး”
တာအိုသခင်ကျိုးတိဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ယွီဂျင်ဂိုဏ်းတော်ကြီးကို ဟန်ကျွယ် ကယ်တင်ခဲ့တာ အကြိမ်ပေါင်း မနည်းတော့ပါဘူး။ ဘယ်သူမှ ဟန်ကျွယ်ထက် ယွီဂျင်ဂိုဏ်းတော်ကြီးကို အကျိုးမပြုထားပါဘူး။ ယွီဂျင်ဂိုဏ်းတော်ကြီးက ပေးတာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဟန်ကျွယ်ရဲ့ အကျိုးဆောင်မှုက ပိုများပါတယ်။ ဟန်ကျွယ်သာ ပုန်ကန်မယ်ဆိုရင် ဟွမ်ဇွမ်တျန်ဦးဆောင်တဲ့ နဂါးကိုးကောင်းဂိုဏ်းနဲ့ လျူပုမီဦးဆောင်တဲ့ ကောင်းကင်သွေးမီးလျှံဂိုဏ်းက ဟန်ကျွယ်ဆီမှာ ချက်ချင်း အညံခံမှာပါ။
ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ အကြီးမားဆုံး ထောက်တိုင်က ဘယ်သူလဲဆိုတာ လူတိုင်းသိပါတယ်။
တာအိုသခင်ကျိုးတိလည်း ဒီအချက်ကို ကောင်းကောင်းကြီး သိပါတယ်။ တာအိုသခင်ကျိုးတိဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း… ကျုပ်လည်း ဒါကို သိပါတယ်၊ ဒါပေမဲ့ အကြီးအကဲတွေက ဒီအကြောင်းကိုပဲ ထပ်ခါထပ်ခါ ပြောနေလို့၊ နောက်တစ်ခါ သူတို့တွေ ဒီကိစ္စ ထပ်ပြောရင် တစ်ခါတည်း အပြတ်ငြင်းလိမ့်မယ်”
ဟန်ကျွယ်ဟာ ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ် “ဂိုဏ်းချုပ်… ဂိုဏ်းကိုချည်း အာရုံစိုက်မနေနဲ့အုန်း၊ ကိုယ့်ကျင့်ကြံခြင်းကိုလည်း ဂရုစိုက်အုန်း၊ ယွီဂျင်ဂိုဏ်းတော်ကြီး ဘယ်ထိသွားနိုင်မလဲဆိုတာ ဂိုဏ်းချုပ်ရဲ့ ကျင့်ကြံမှုအပေါ်မှာ မူတည်တယ်” တာအိုသခင်ကျိုးတိဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီး ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ ကျင့်စဉ်တွေနဲ့ မန္တန်စာလိပ်တွေ စားပွဲပေါ်မှာ ပေါ်လာပါတယ်။ ဒီဟာတွေက ရန်သူတွေရဲ့ သိုလှောင်လက်စွပ်ကနေ ဟန်ကျွယ် ရထားတာတွေပါ။ ဒါပေမဲ့ ဟန်ကျွယ် မလိုချင်တဲ့ အဆင့်နိမ့်နည်းလမ်းတွေပါ။
“ဒါတွေကို ဂိုဏ်းဆီ ပြန်ယူသွားချည်” ဟန်ကျွယ်က ပြောလိုက်ပါတယ်။
မှင်သက်နေတဲ့ တာအိုသခင်ကျိုးတိဟာ ချက်ချင်း ကောက်ဖတ်ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ်။
‘ဒီကျင့်စဉ်တွေက…’
တာအိုသခင်ကျိုးတိဟာ ဟန်ကျွယ်ကို လှည့်ကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ် “အကြီးအကဲဟန် ကျေးဇူးပဲ၊ နောက်ကျရင် အကြီးအကဲဟန်ကို ဘယ်သူမှ မနှောင့်ယှက်စေရပါဘူး”
ဟန်ကျွယ်ဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။
တာအိုသခင်ကျိုးတိ ထွက်သွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။
မကြာမီမှာပဲ ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ တပည့်တွေဟာ ကျင့်စဉ်မျိုးစုံက ကြောက်ဖို့ကောင်းတဲ့ ဈေးနှုန်းတွေနဲ့ ကျင့်စဉ်အဆောက်အဦးမှာ ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ ဒီကျင့်စဉ်တွေထဲမှာ အမတဖြစ်အောင် ကျင့်ကြံနိုင်တဲ့ ကျင့်စဉ်တွေတောင် ပါဝင်ပါတယ်။
ဒီအဖြစ်အပျက်ကြောင့် ဂိုဏ်းတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားပါတယ်။
ဒီအဖြစ်အပျက်ပြီးနောက် အကြီးအကဲတစ်ချို့က ဝီရိယတောင်အကြောင်း ထပ်ဟတဲ့အခါမှာ တာအိုသခင်ကျိုးတိ ဆူပူကြိမ်းမောင်းတာကို ခံရပါတော့တယ်။
သုံးနှစ်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ကျင့်ကြံတာ ရပ်လိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးပါတယ်။
[သင့်မြေးတပည့် ဖန်းလျန်သည် သင့်ရန်သူ မြေခွေးနက် နတ်ဆိုးဧကရာဇ်၏ နတ်ဆိုးနယ်မြေသို့ ပို့ဆောင်ခြင်းကို ခံလိုက်ရသည်။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နတ်ဆိုးသားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၈၉၂၂၁
[သင့်မိတ်ဆွေ မော့ဖူချိုသည် နတ်ဆိုးသားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၇၂၃၄
[သင့်မိတ်ဆွေ ကျိုးဖန်သည် ကံအားလျော်စွာ အခွင့်အရေးတစ်ခု ရရှိပြီး ရှေးဟောင်းစွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦးကို အမွေအနှစ်ကို ရရှိသွားသည်။]
[သင့်တာအိုလက်တွဲဖော် ရှင်းဟုန်ရွှမ်သည် နတ်ဆိုးသားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၆၅၃
[သင့်မြေးတပည့် မုရုံချီသည် နတ်ဆိုးသားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၄၇၈၀
[သင့်မြေးတပည့် မုရုံချီသည် နတ်ဆိုးသူတော်စင်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားသည်။]
[သင့်မြေးတပည့် မုရုံချီသည် မွေးရာပါဆန်းကြယ်စွမ်းအား နိုးထသွားပြီး ကျင့်ကြံမှုများစွာ တိုးတက်ကာ သွေးစည်းလည်း စတင်အသွင်ပြောင်းလဲသွား၏။]
‘ကျွတ်..ကျွတ်… သူတို့တွေ ဘေးတွေ့နေကြပါလား၊ ကျင့်ကြံခြင်းလောကကြီးက တကယ်ကို အန္တရာယ်များတာပဲ’
ဟန်ကျွယ်ဟာ သူ့တပည့်တွေအတွက် မစိုးရိမ်ပါဘူး။ ရှင်းဟုန်ရွှမ်၊ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာတို့ အတွက်ကတော့ ပိုပြီးတော့တောင် မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့သုံးယောက်ဆီမှာ ကောင်းကင်ရုပ်သေးရုပ် ရှိနေလို့ပါ။
ဟန်ကျွယ် သိချင်တာတစ်ခုတော့ ရှိပါတယ်။ ဂျိရှင်းရှန်ရဲ့ စွမ်းအားနဲ့ဆိုရင် မြေခွးနက် နတ်ဆိုးဧကရာဇ်မှာ အသက်ရှင်နိုင်စရာ အခွင့်အရေး လုံးဝမရှိပါဘူး။ ဒါပေမဲ့ မြေခွေးနက် နတ်ဆိုးဧကရာဇ်က အသက်ရှင်နေတုန်း ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ အကြောင်းရင်းကို သိချင်သွားပါတယ်။
ဟန်ကျွယ်ဟာ အတန်ကြာစဉ်းစားပေမဲ့ စဉ်းစားမရတာကြောင့် ဆက်မတွေးတော့ပါဘူး။
မြေခွေးနက် နတ်ဆိုးဧကရာဇ်ဟာ သေမျိုးကမ္ဘာဖြတ်ကျော်ရမဲ့ စမ်းသပ်မှုတစ်ခုပါ။ ဟန်ကျွယ်ဟာ ဒီကိစ္စကို ဂရုမစိုက်ပါဘူး။
နှစ်ဝက်ကြာပြီးနောက် ဟန်ကျွယ်ဟာ ချူရှီရန်ကို ရုတ်တရက် တွေးမိသွားပါတယ် ‘ဒီကောင်လေး ဘာလုပ်နေလဲ မသိဘူး’
ဘာပဲဖြစ်ဖြစ် ချူရှီရန်က မဟာအဂ္ဂဗုဒ္ဓ ပြန်ဝင်စားတာကြောင့် မုရုံချီထက် နောက်ခံပိုကောင်းပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ချူရှီရန်ကို သတိရနေသေးတာပါ။
ဟန်ကျွယ်ဟာ ချူရှီရန်ရဲ့ သတင်းအချက်အလက်ကို စစ်ဆေးလိုက်တဲ့အခါမှာ ချူရှီရန်ရဲ့ ကျင့်ကြံမှုက ချီသန့်စင်ခြင်း အဋ္ဌမအဆင့်မှာပဲ ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။
‘ဒီလောက်နှစ်တွေကြာတာတောင် သူ့ကျင့်ကြံမှုက ဘာလို့ မတိုးတက်ရတာလဲ၊ သူ့အရည်အချင်းက ပြောထားသလို မကောင်းလို့များလား’
ဟန်ကျွယ်ဟာ နားမလည်နိုင်အောင် ဖြစ်သွားပေမဲ့ အချိန်ပေးပြီး ဆက်မတွေးနိုင်ပါဘူး။
ဒီလိုနဲ့ အချိန်ငါးနှစ် ကုန်ဆုံးသွားပါတယ်။
ချူရှီရန်ဟာ ဝီရိယတောင်ရှေ့ကို ရောက်လာပြီး ဒူးထောက်နေတဲ့ အဖွဲ့ထဲ ဝင်လိုက်ပါတယ်။ ဒီလောက်နှစ်တွေ ကြာပေမဲ့လည်း ဝီရိယတောင်ခြေမှာ ဒူးလာထောက်တဲ့ တပည့်တွေ ရှိနေတုန်းပါပဲ။ လူသစ်နဲ့ လူဟောင်း ပြောင်းလဲသွားပေမဲ့ ဟန်ကျွယ်ဆီမှာ တပည့်ခံလိုတဲ့ လူအရေအတွက်ကတော့ လျော့နည်းသွားခြင်း မရှိပါဘူး။
ချူရှီရန်ဟာ တိတ်တဆိတ် ဒူးထောက်လိုက်ပြီး စတင်ရှိခိုးလိုက်ပါတယ်။
‘နတ်သတ်အကြီးအကဲက ငါရဲ့ မဟာကရုဏာတာအိုကို သဘောတူရင် အရမ်းကောင်းမှာပဲ၊ ဒီလိုဆိုရင် ငါတို့နှစ်ယောက်ပေါင်းပြီး ဂိုဏ်းတစ်ခုလုံးကို ပြုပြင်ပြောင်းလဲနိုင်မှာ’ ချူရှီရန်ဟာ စိတ်ထဲမှာ တွေးတောလိုက်ပါတယ်။
ကြီးမားတဲ့ ကျောက်တုံးခန်းမကြီးတစ်ခုမှာ မြေခွေးနက် နတ်ဆိုးဧကရာဇ်က အရိုးဖြူတွေနဲ့ လုပ်ထားတဲ့ သလွန်ပေါ်မှာ ထိုင်နေပါတယ်။ မြေခွေးနက် နတ်ဆိုးဧကရာဇ်ဟာ လူသားအသွင်ကို ပြောင်းလဲထားပေမဲ့ နတ်ဆိုးသဘာဝဖြစ်တဲ့ ကြမ်းကြုတ်ရက်စက်မှုကိုတော့ ဖုံးကွယ်လို့မရပါဘူး။ မြေခွးနက် နတ်ဆိုးဧကရာဇ်ဟာ တစ်ခေါင်းလုံး ဆံပင်ဖြူနေပြီး အနောက်မှာတော့ အနက်ရောင် မြေခွေးမြီးခြောက်ချောင်း ရှိနေပါတယ်။ အနက်ရောင် မြေခွေးမြီးခြောက်ချောင်းဟာ ဟိုဟိုဒီဒီ ဝှေ့ယမ်းပုတ်ခတ်ရင်း ကစားနေပါတယ်။
မြေခွေးနက် နတ်ဆိုးဧကရာဇ်ဟာ ခန်းမထဲက လူတစ်ယောက်ကို သရော်ပြုံးနဲ့ ကြည့်လိုက်ပါတယ်။ ဒီလူကတော့ တစ်ခြားသူ မဟုတ်ပါဘူး။ ကြမ္မာဆိုးဘုရင် စုချီပဲ ဖြစ်ပါတယ်။ စုချီဟာ ခန်းမထဲမှာ ဒူးတစ်ဖက် ထောက်ထားပြီး ခေါင်းငုံ့နေပါတယ်။
“မင်းက ဘာလို့ ငါ့ဆီမှာ ခိုလှုံချင်ရတာလဲ” မြေခွေးနက် နတ်ဆိုးဧကရာဇ်က မေးလိုက်ပါတယ်။
စုချီဟာ ခန္ဓာကိုယ်ပေါင်းစပ်အဆင့်ကို ရောက်နေပါပြီ။ ဒါကြောင့် မြေခွေးနက် နတ်ဆိုးဧကရာဇ်ဟာ စုချီကို ကိုယ်တိုင်တွေ့ဆုံတာပါ။
စုချီဟာ မော့ကြည့်ပြီး အဖြေပေးလိုက်ပါတယ် “လူသားမျိုးနွယ်စုကို မုန်းတီးလို့ပါ၊ ကျွန်တော့်မိဘတွေက ကျွန်တော်ငယ်ငယ်ကတည်းက သေသွားကြတယ်၊ ကျွန်တော်က လူသားမျိုးနွယ်စုကြားမှာ ခြေဦးတည့်ရာ လျှောက်သွားနေခဲ့တာ၊ ဒါပေမဲ့ အမြဲတမ်းလိုလို တိုက်ခိုက်ခံရတယ်၊ ခပ်ကုပ်ကုပ်လေး နေတာတောင် ကျွန်တော့်ကိုပဲ အမြဲရန်လာစကြတယ်၊ လူသားကျင့်ကြံသူတွေက အရမ်းလောဘကြီးတယ်၊ ရတနာကိုရဖို့ဆိုရင် ဘာကိုမှ ဂရုမစိုက်တော့ဘူး”
မြေခွေးနက် နတ်ဆိုးဧကရာဇ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။
“လူသားတွေက နတ်ဆိုးတွေက သူ့တိုကိုစားတယ်၊ နတ်ဆိုးတွေက ခွင့်လွှတ်လို့မရဘူး၊ နတ်ဆိုးတွေက မကောင်းဆိုးဝါးတွေဆိုပြီး အမြဲတမ်းပြောတယ်၊ ဒါပေမဲ့ တကယ်တမ်းကျတော့ လူသားတွေသတ်တဲ့ နတ်ဆိုးအရေအတွက်က နတ်ဆိုးစားခံရတဲ့ လူသား အရေအတွက်ထက် အများကြီးပိုတယ်”
မြေခွေးနက် နတ်ဆိုးဧကရာဇ်ဟာ စုချီက ပိုပိုပြီးတော့ သဘောကျသွားပါတယ်။ ဒါပေမဲ့ သူ့သတိကိုတော့ မလျှော့ပါဘူး။
“မင်းငါ့ဆီမှာ ခိုလှုံချင်တာ ဘာလိုချင်လို့လဲ၊ ငါ့အတွက် ဘာလုပ်ပေးမှာလဲ” မြေခွေးနက် နတ်ဆိုးဧကရာဇ်က မျက်ပေါက်ကျဉ်းပြီး မေးလိုက်ပါတယ်။
“ကျွန်တော့်အတွက် ဘာမှမလိုဘူး၊ အေးအေးဆေးဆေး ကျင့်ကြံအားထုတ်လို့ရမဲ့ နေရာတစ်နေရာပဲ လိုတယ်၊ ကျွန်တော်ရဲ့ ကျင့်ကြံမှုက အရှင့်ကို အနှောင့်အယှက် မဖြစ်စေရပါဘူး၊ တစ်နေ့ အရှင် ဘေးတွေ့ရင် ကျွန်တော်က အကောင်းဆုံးကြိုးစားပြီး ကယ်တင်ပေးပါ့မယ်”
မြေခွေးနက် နတ်ဆိုးဧကရာဇ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် ‘ငါ မနိုင်တဲ့ ရန်သူကို မင်းလို ခန္ဓာကိုယ်ပေါင်းစပ် ကျင့်ကြံသူက ဘယ်လိုလုပ်ပြီး ကူညီပေးနိုင်မှာလဲ’
‘ဘာပဲဖြစ်ဖြစ် သူက ခန္ဓာကိုယ်ပေါင်းစပ် ကျင့်ကြံသူပဲ၊ ငါ့ဘေးနားမှာ သူရှိနေရင် နောက်ကျလို့ လူသားမျိုးနွယ်စုကို စုစည်းတဲ့အခါ ပိုလွယ်လိမ့်မယ်’ မြေခွေးနက် နတ်ဆိုးဧကရာဇ်ဟာ စိတ်ထဲမှာ တွေးတောလိုက်ပါတယ်။ မြေခွေးနက် နတ်ဆိုးဧကရာဇ်ဟာ အရမ်း ရည်မှန်းချက် ကြီးမားပါတယ်။ သူဟာ နတ်ဆိုးတွေကို စုစည်းရုံမက လူသားမျိုးနွယ်စုကိုပါ စုစည်းပြီး သေမျိုးကမ္ဘာရဲ့ အရှင်သခင် ဖြစ်ချင်တာပါ။
ဒီလိုနဲ့ နှစ်အချို့ ကုန်ဆုံးသွားပြီး ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ရှေ့မှာ စာကြောင်းလေးကြောင်း ပေါ်လာပါတယ်။
[သင်သည် အသက် ၁၀၀၀ ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ်ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင်သည် သင့်စရိုက်အတိုင်း ကုပ်ကုပ်လေးနေ၍ ကျင့်ကြံခဲ့သောကြောင့် အောက်ပါရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]
[၁။ ကျပမ်း ရုပ်ခန္ဓာကို ရယူမည်။]
[၂။ စနစ်၏ ကျပမ်းလုပ်ဆောင်ချက်ကို ရယူမည်။]
[၃။ အကောင်းစား ရတနာကို ရယူမည်။]
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။
‘ကုပ်ကုပ်လေး ကျင့်ကြံတာကို တကယ်အကျိုးရှိတာပဲ’
‘ဒါပေမဲ့ ငါ ဘာကို ရွေးသင့်လဲ’
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုစွမ်းရည်က စိတ်ဝိညာဉ်ခြောက်သွယ် ခန္ဓာကိုယ် ဖြစ်တာကြောင့် ကျင့်ကြံမှုအလျင်ကို တော်တော်လေး တိုးတက်စေပါတယ်။ ဒါပေမဲ့ ဒီလောက်နဲ့ မလုံလောက်သေးဘူးလို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။ ဂျိရှင်းရှန်နဲ့ ကျိုးဖန်တို့ကို ကြည့်ပြီး ဟန်ကျွယ်ဟာ သူတို့ရဲ့ ရုပ်ခန္ဓာကို တော်တော်လေး အားကျနေတာပါ။
စနစ်ရဲ့ လုပ်ဆောင်ချက်အသစ်ကလည်း စိတ်ဝင်စားစရာပါ။ အရင်လုပ်ဆောင်ချက်တွေကနေ ကောက်ချက်ချရမယ်ဆိုရင် စနစ်ရဲ့ လုပ်ဆောင်ချက်က ဟန်ကျွယ် အစွမ်းကြီးလာအောင် တိုက်ရိုက်ကြီး မလုပ်ဆောင်သလို ဟန်ကျွယ်ရဲ့ အသက်ကိုလည်း တိုက်ရိုက်ကြီး မကယ်တင်နိုင်ပေးပါဘူး။ ဒါပေမဲ့ ဟန်ကျွယ် စွမ်းအားကြီးလာအောင်တော့ တစ်နည်းနည်း အကူအညီ ပေးပါတယ်။
နံပါတ်သုံးကိုတော့ ဟန်ကျွယ်ဟာ လျစ်လျူရှုလိုက်ပါတယ်။
Chapter – 172
? Views, Released on November 30, 2024