အခန်း (၁၇၀) မဟာဝေ့ကမ္ဘာ၊ ချောင်ချောင်
[ရန်စန်း: မဟာညီညွှတ်မှု မြေအမတ နောက်ဆုံးအဆင့်၊ ကောင်းကင်ရုံးတော်၏ အဋ္ဌမအဆင့် ကောင်းကင်စစ်သူကြီး။]
ဟန်ကျွယ်ဟာ ဒီစာကြောင်းကို မြင်လိုက်ရတဲ့အခါမှာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်စန်းရဲ့ ကျင့်ကြံမှုက မဟာညီညွှတ်မှု မြေအမတ နောက်ဆုံးအဆင့် ဖြစ်နေလို့ပါပဲ။ ဒါက ဘာကိုဆိုလိုလဲဆိုတော့ ရန်စန်းဆီမှာလည်း ကောင်းကင်လွှဲကျောက်တုံး ရှိနေပါတယ်။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ရန်စန်းဆီ ပျံသန်းသွားပါတယ်။ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို အသုံးမပြုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့မျက်လုံးမှိတ်လိုက်ချိန်မှာ ရန်စန်းက အလစ်တိုက်ခိုက်မှာ စိုးရိမ်လို့ပါပဲ။
တစ်ချက်ကြည့်ရုံနဲ့ ဂျိရှင်းရှန်က ရန်စန်းကို မတိုက်ခိုက်နိုင်တာ သိသာလှပါတယ်။ ရန်စန်းဟာ ဟန်ကျွယ် ရောက်လာတာကို တွေ့လိုက်ရတဲ့အတွက် မျက်လုံးတွေ နီရဲသွားပါတယ်။
‘ဒီလူပဲ… ငါ့ချစ်ညီမလေးကို သတ်သွားတဲ့ ဒီကောင်စုတ်ပဲ’
ရန်စန်းဟာ ဒေါသတကြီး ဟိန်းဟောက်ပြီး မီးလျှံကို ဝှေ့ယမ်းလိုက်တဲ့အခါ မီးလျှံများစွာ ထွက်ပေါ်လာပြီး လျှပ်စီးအကုန်လုံးကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ဂျိရှင်းရှန်လည်း သွေအန်ပြီး အနောက်ဘက်ကို လွင့်စဉ်ထွက်သွားပါတယ်။
‘ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’
ဂျိရှင်းရှန်ဟာ အံကြိတ်လိုက်ပြီး သူ့ကိုယ်သူ အမြန်ဆုံး ထိန်းသိမ်းလိုက်ပါတယ်။ ဒါတောင် ဂျိရှင်းရှန်ဟာ ဆယ်မိုင်ကျော် လွင့်စဉ်ထွက်သွားပါးသေးတယ်။ ဂျိရှင်းရှန်ဟာ ရန်စန်းကို မော့ကြည့်လိုက်တဲ့အခါမှာ ရန်စန်းခန္ဓာကိုယ်ကနေ လောကတစ်ခုလုံး တုန်လှုပ်သွားစေတဲ့ စွမ်းအားကြီးရောင်ဝါ ထွက်ပေါ်လာတာကို တွေ့မြင်လိုက်ရပါတယ်။
ကြီးမားတဲ့မီးလျှံတွေဟာ ရန်စန်းရဲ့ခန္ဓာကိုယ်မှာ လေဆင်နှာမောင်းလို ရစ်ပတ်နှောင်ဖွဲ့ပြီး ကောင်းကင်နဲ့ မြေကြီးကို ဆက်သွယ်လိုက်တာကြောင့် မြေပြင်ဟာ ပြင်းထန်စွာ တုန်လှုပ်သွားပြီး ကောင်းကင်ပြင်လည်း အက်ကွဲသွားပါတယ်။
ရှေ့ပျံတက်လာတဲ့ ဟန်ကျွယ်ဟာ ပတ်ဝန်းကျင်နေရာတွေကို လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားတစ်ခုက မမြင်ရတဲ့ထောင်တစ်ခုလိုမျိုး ထိန်းချုပ်လိုက်တာကို သိသိသာသာ ခံစားလိုက်ရပါတယ်။ အခုအချိန်မှာ ဟန်ကျွယ် ထွက်ပြေးမယ်ဆိုရင်တောင် ရုတ်ခြည်း ထွက်ပြေးဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
‘ဒီကောင်က ငါ့ကို သတ်ချင်နေတာပဲ’
ဟန်ကျွယ်ဟာ ရွေးချယ်စရာမရှိဘဲ ဟွမ်သွမ့်ဓားကို ထုတ်ယူလိုက်ရပါတယ်။ ပြီးတဲ့အခါမှာတော့ စိတ်ဝိညာဉ်ရတနာတွေ အကုန်လုံးထဲကို ဝိညာဉ်စွမ်းအား လောင်းထည့်လိုက်တာကြောင့် တောက်ပစူးရှတဲ့ အလင်းရောင်တွေ ထွက်ပေါ်လာပါတယ်။
ရန်စန်းဟာ ဘာမှမပြောဘဲ ဟန်ကျွယ်ကို တန်းတိုက်ခိုက်ပါတယ်။ ရန်စန်းဘေးက မီးလျှံတွေဟာ ကြမ်းတမ်းရက်စက်တဲ့ မီးနဂါးကိုးကောင်အသွင် ခဲသွားပါတယ်။ ဒီမီးနဂါးတစ်ကောင်ချင်းစီက ပေတစ်သောင်းနီးပါး ရှည်လျားပါတယ်။ မီးနဂါးတွေဟာ ဟန်ကျွယ်ကို ဟိန်းဟောက်တာကြောင့် ဟိန်းဟောက်သံတွေဟာ လောကတစ်ခုလုံး ပဲ့တင်ထပ်သွားပါတယ်။
ယွီဂျင်ဂိုဏ်းတော်ကြီးက ကျင့်ကြံသူတွေဟာ ဒီမြင်ကွင်းကြောင့် ထိတ်လန့်သွားကြပါတယ်။
“အို… နတ်ဘုရား၊ အဲဒါ ဘာကြီးလဲ”
“အမတနတ်ဘုရား သေမျိုးကမ္ဘာကို ဆင်းသက်လာတာလား”
“လောကမှာ ဒီလောက်စွမ်းအားကြီးတဲ့လူ တကယ်ကြီး ရှိနေတာလား”
“ငါတို့ရဲ့ နတ်သတ်အကြီးအကဲက ခုခံနိုင်ပါမလား”
“ဝိုး… အဲဒါ ကောင်းကင်ဘုံဝင် ကျင့်ကြံသူတွေလား”
“ကောင်းကင်ဘုံဝင် ကျင့်ကြံသူတောင် အဲဒီလောက် မစွမ်းဘူး”
တာအိုသခင်ကျိုးတိ၊ ရှောင်ယောင်နဲ့ လျူပုမီတို့ဟာလည်း ဒီတိုက်ပွဲကို ရင်တထိတ်ထိတ်နဲ့ ကြည့်နေကြပါတယ်။ သူတို့တွေဟာ ရန်စန်းရဲ့ ရောင်ဝါကို ရင်ဆိုင်ရတဲ့အခါမှာ ပြောပြလို့မရတဲ့ ကြောက်ရွံ့မှုကို ခံစားလိုက်ရပါတယ်။
‘ဒီလောက်စွမ်းအားကြီးတဲ့ ရောင်ဝါရှိအောင် ကျင့်ကြံမှုက ဘယ်လောက်တောင် မြင့်မားနေရမှာလဲ’
ရန်စန်းရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရတဲ့ ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို ဝှေ့ယမ်းပြီး သုံးလောကသန့်ရှင်းခြင်းကို အသုံးပြုလိုက်ပါတယ်။ ရုတ်ခြည်းဆိုသလို ဟန်ကျွယ်ကို ဗဟိုပြုပြီး ဓားချီပင်လယ် ဖြစ်ပေါ်လာသလို မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေဟာလည်း တစ်ရိပ်ပြီးတစ်ရိပ် ထွက်ပေါ်လာပါတယ်။
ရန်စန်းဟာ ဟန်ကျွယ်ကို လှံနဲ့ လှမ်းထိုးလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ မီးနဂါးကိုးကောင်ကလည်း ဟန်ကျွယ်ကို မီးနဲ့မှုတ်ပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးပေါက်ကျဉ်းလိုက်ပြီး ဘေးနားပတ်လည်က ဓားအရိပ်သန်းချီးနဲ့ ရန်စန်းကို ချက်ချင်း ပြန်တိုက်ပါတယ်။
“ဝုန်း…”
ရုတ်ခြည်းဆိုသလို ဓားအရိပ်သန်းချီဟာ ရန်စန်းနဲ့ ရန်စန်းရဲ့ မီးနဂါးကိုးကောင်ကို တိုက်မိပါတယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ ဓားချီဟာ ပေါက်ကွဲထွက်သွားပြီး တိမ်ပေါင်းများစွာကို ပြန့်ကျဲသွားစေပါတယ်။
ဓားအလင်းတန်း မျက်နှာကို လာဟပ်တဲ့အခါမှာတော့ ရန်စန်းဟာ တုန်လှုပ်ချောက်ချားသွားပါတယ်။
‘ဒီဓားချီက…’
‘မြေအမတ’
‘မဖြစ်နိုင်ဘူး…’
‘သူက သေမျိုး မဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပြီး မြေအမတအဆင့်မှာ ရှိနေရတာလဲ၊ သူ့မှာလည်း ကောင်းကင်တာအိုကျောက်တုံး ရှိနေတာလား’
ရန်စန်းခေါင်းထဲကို အတွေးမျိုးစုံ ဝင်ရောက်ဖြတ်သန်းသွားပါတယ်။
ရန်စန်းဟာ သူ့ဝိညာဉ်စွမ်းအား အကုန်လုံးကို အသုံးပြုပြီး အထက်စီးဆန်လွန်းတဲ့ သုံးလောကသန့်ရှင်းခြင်း ဆန်းကြယ်စွမ်းအားကို ခုခံပါတယ်။ ဒါပေမဲ့ ဆက်တိုက် နောက်ဆုတ်သွားရပါတယ်။ ရန်စန်းသာ ဒီလိုဆန်းကြယ်စွမ်းအားမျိုးကို တက်မြောက်ရင် အဋ္ဌမအဆင့်ပဲရှိတဲ့ ကောင်းကင်စစ်သူကြီး ဖြစ်နေမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို ထပ်မံဝှေ့ယမ်းလိုက်တဲ့အခါ ဓားအရိပ်တွေ ထပ်ပေါ်လာပြီး အသက်ရှုကြိမ် နှစ်ကြိမ် မပြည့်ခင်မှာဘဲ ရန်စန်းရဲ့ခန္ဓာကိုယ်ဟာ ပျက်စီးသွားပါတယ်။
ဟန်ကျွယ်ဟာ ဒီရလဒ်ကို သိပ်အားမရသေးပါဘူး။
သူတို့နှစ်ယောက်လုံးက မြေအမတအဆင့်မှာပဲ ရှိတာဆိုပေမဲ့ ဟန်ကျွယ်ဟာ အမြဲတမ်း ရန်သူကို တစ်ချက်တည်းနဲ့ သတ်ခဲ့တာချည်းပါ။ အခုကြည့်ရသလောက် ဟန်ကျွယ်ဟာ သူ့စူးရှမှုကို ဆုံးရှုံးသွားပုံပါပဲ။
အဝေးတစ်နေရာမှာရှိနေတဲ့ ဂျိရှင်းရှန်ဟာ ဒီမြင်ကွင်းကိုကြည့်ပြီး ကြက်သေသေသွားပါတယ် ‘ဒီလောက်စွမ်းအားကြီးတဲ့လူက သူ့ကို ခုခံဖို့တောင် အင်အားမရှိဘူးလား’
‘သူက ဘယ်လောက်ထိတောင် စွမ်းအားကြီးတာလဲ’
ဟန်ကျွယ်ဟာ ရန်စန်းရဲ့ ပဓာနဝိညာဉ်ရှေ့ကို ချက်ချင်း ရောက်ရှိသွားပါတယ်။ ရန်စန်းရဲ့ ခန္ဓာကိုယ် ပျက်စီးသွားတဲ့အခါ သိုလှောင်လက်စွပ်နဲ့ ကျောက်တုံးတစ်တုံးသာ လေထဲမှာ ကျန်ရှိနေခဲ့ပါတယ်။ ရန်စန်းရဲ့ မီးလျှံတောင် အမှုန့်ဖြစ်သွားပါတယ်။
ရန်စန်းရဲ့ ပဓာနဝိညာဉ်ဟာ ဟန်ကျွယ်ကို အလန့်တကြားကြည့်ပြီး တုန်ယင်စွာ မေးလိုက်ပါတယ် “မင်း ဘယ်သူလဲ”
‘သေမျိုးတွေက ဒီလောက်ထိ စွမ်းအားမကြီးနိုင်ဘူး… ဒီကောင်က ကျိန်းသေပေါက် အထက်ဘုံက ဖြစ်ရမယ်’
ဟန်ကျွယ်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်ပါတယ် “ငါက ဝေ့ကမ္ဘာကနေ လာတာ၊ ငါ့နာမည်က ချောင်ချောင်ပဲ” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို မြှောက်ပြီး ရန်စန်းရဲ့ ပဓာနဝိညာဉ်ကို ဖျက်ဆီးဖို့ ပြင်လိုက်ပါတယ်။
ဒီအချိန်မှာပဲ…။
အသံတစ်သံ ထွက်ပေါ်လာပါတယ် “မိတ်ဆွေလေး… လမ်းဆုံးမရောက်ခင် တစ်ခြားသူကို ခွင့်လွှတ်လိုက်ပါ၊ ငါ့တပည့်ကို လွှတ်ပေးမယ်ဆိုရင် ဒီကိစ္စကို ကျေအေးပေးမယ်”
[တာအိုသခင်တန်ချင်းသည် သင့်အား ပိုမုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ငါးပွင့်။]
‘တာအိုသခန်တန်ချင်းလား’ ဟန်ကျွယ်ဟာ ဘေးနားပတ်ဝန်းကျင်ကို ကြည့်လိုက်ပေမဲ့ ဘယ်သူကိုမှ မတွေ့ရပါဘူး။ ပိုသေချာအောင် ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို အသုံးပြုပြီး စစ်ဆေးလိုက်ပေမဲ့ တာအိုသခင်တန်ချင်းကို ရှာမတွေ့ပါဘူး။
‘ဒီလူက အထက်ဘုံကနေ အသံလွှင့်ပြီးတော့ပဲ ငါ့ကို ပြောနေတာလား’
‘ဒါ ဖြစ်နိုင်တယ်၊ သူ့မုန်းတီးမှုနဲ့ဆိုရင် ငါ့ကို တွေ့တာနဲ့ သတ်မှာပဲ’
ရန်စန်းဟာ သူ့ဆရာသခင်ရဲ့ အသံကို ကြားလိုက်ရတဲ့အခါ စိတ်သက်သာရာ ရသွားပါတယ်။ ရန်စန်းဟာ ဟန်ကျွယ်ကို ဘာမှ ထပ်မပြောတော့ပါဘူး။ အခုအချိန်မှာ အရေးကြီးဆုံးက အသက်ရှင်ဖို့ပါပဲ။
ဟန်ကျွယ်ဟာ တစ်ခဏ တုံ့ဆိုင်သွားပြီးတဲ့နောက်မှာတော့ ရန်စန်းရဲ့ ပဓာနဝိညာဉ်ကို လုံးဝဖျက်ဆီးပစ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကောင်းကင်လွှဲကျောက်တုံးနဲ့ သိုလှောင်လက်စွပ်ကို အင်္ကျီလက်ထဲ ကောက်ထည့်လိုက်ပါတယ်။
[တာအိုသခင်တန်ချင်း သင့်အား ပိုမုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]
“ကောင်းတယ်… ကောင်းတယ်… ချောင်ချောင်၊ ဒီလိုဆိုမှာတော့ မင်းနဲ့ငါ့ကြားမှာ မပြေနိုင်တဲ့ရန်ငြိုး ရှိသွားပြီ၊ ငါတို့နှစ်ယောက်ထဲမှာ တစ်ယောက်က သေကိုသေရမယ်၊ မင်းရဲ့ မဟာဝေ့ကမ္ဘာက ဘယ်လောက် စွမ်းအားကြီးလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”
ဟန်ကျွယ်ဟာ တာအိုသခင်တန်ချင်းရဲ့ စကားကို ဘာမှပြန်မပြောတော့ဘဲ ဂျိရှင်းရှန်ဆီ ပျံသန်းသွားပါတယ်။
တာအိုသခင်တန်ချင်းရဲ့ စကားသံကို ဟန်ကျွယ် တစ်ယောက်တည်း ကြားရတာပါ။ ကျန်တဲ့သူတွေ ဘယ်သူမှ မကြားရပါဘူး။
ယွီဂျင်ဂိုဏ်းတော်ကြီးက ကျင့်ကြံသူတွေဟာ ရန်စန်းရဲ့ ရောင်ဝါကို ထပ်အာရုံခံလို့ မရတော့တာကြောင့် သက်သာရာ ရသွားကြပါတယ်။
‘နတ်သတ်အကြီးအကဲက အမြဲတမ်း စွမ်းအားကြီးနေတာပဲ’
‘ရန်သူက ဘယ်လောက်စွမ်းအားကြီးကြီး နတ်သတ်အကြီးအကဲရှေ့ရောက်ရင် သေသွားတာချည်းပဲ’
ဟန်ကျွယ်နဲ့ ဂျိရှင်းရှန်ဟာ တောအုပ်ထဲကို ရောက်လာပါတယ်။ ဂျိရှင်းရှန်ဟာ သစ်တစ်ပင်အောက်မှာ ထိုင်ပြီး စိတ်ဝိညာဉ်စွမ်းအားကို လှည့်ပတ်ကာ ဒဏ်ရာတွေကို ကုသနေပါတယ်။ သူဟာ ဟန်ကျွယ်ကို စိတ်ရှုပ်ထွေးတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်။
ဂျိရှင်းရှန်ဟာ အံကြိတ်ပြီး မေးလိုက်ပါတယ် “ခင်ဗျားက ကွမ်းယွီလား ဒါမှမဟုတ် ချောင်ချောင်လား၊ မဟာဝေ့ကမ္ဘာက အထက်ဘုံမှာ တည်ရှိတာလား”
ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ရဲ့ မေးခွန်းကို ပြန်မဖြေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တာအိုသခင်တန်ချင်း ခိုးနားထောင်မှာကို စိုးရိမ်လို့ပါပဲ။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဒီနေ့ကိစ္စအတွက် ကျေးဇူးပဲ၊ ငါ့ကို လာရှာတာ ဘာကိစ္စရှိလို့လဲ”
ရန်စန်းဟာ ဟန်ကျွယ်ဆီကို လာတာ သိသာလှပါတယ်။ ဒါပေမဲ့ ဂျိရှင်းရှန်ရဲ့ ယွီဂျင်ဂိုဏ်းတော်ကြီးကို ကာကွယ်လိုစိတ်ကြောင့် ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ကို လေးစားသွားပြီး အကောင်းမြင်သွားပါတယ်။
ဟန်ကျွယ်စကားကြောင့် ဂျိရှင်းရှန်ဟာ နေရခက်သွားပါတယ်။ ဂျိရှင်းရှန်ဟာ ဟန်ကျွယ်က သူ့အပေါ် အကြွေးတစ်ခု တင်စေချင်ပေမဲ့ နောက်ဆုံးမှာတော့ သူပဲ သေလုနီးပါး ဖြစ်သွားပါတယ်။
“ဒီလူက ကောင်းကင်ရုံးတော်က အမတတစ်ဦးပဲ၊ မင်း သူ့ကို မနိုင်တာ မထူးဆန်းပါဘူး” ဟန်ကျွယ်က နှစ်သိမ့်လိုက်ပါတယ်။
“အမတ… ခင်ဗျားက ဘယ်လိုလုပ်ပြီး အမတကို ရန်စမိတာလဲ” ဂျိရှင်းရှန်က တအံတဩ မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဘာတစ်ခုမှ မဖုံးကွယ်ပဲ ကြီးမြတ်တဲ့စပါးအုံးစိမ်းကစလို လော့ချင်းမော့၊ တာအိုသခင်ကျွယ်ရန်၊ ယန်းရန်ကျွင်းနဲ့ တစ်ခြားအကြောင်းအရာတွေ အကုန်လုံးကို ရှင်းပြလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဂျိရှင်းရှန်က ကောင်းကင်ရုံးတော်ရဲ့ အမတနတ်ဘုရားတစ်ဦးနဲ့ ဆက်စပ်နေမှန်း သိပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဒီသတင်းအချက်အလက်တွေကို ဂျိရှင်းရှန်ကနေ တစ်ဆင့် အမတ၊ အမတကနေ ကောင်းကင်ရုံးတော်က တစ်ခြားအမတတွေ သိအောင် သတင်းဖြန့်ပြီး နားလည်မှုလွဲမှာကို ကာကွယ်ခြင်း ဖြစ်ပါတယ်။
ဟန်ကျွယ်စကားကို ကြားလိုက်ရတဲ့ ဂျိရှင်းရှန်ဟာ အမျက်ချောင်းချောင်း ထွက်သွားပါတယ် “ဒါဆိုရင် ကောင်းကင်စစ်သူကြီးတွေက နတ်ဆိုးလမ်းစဉ်ကို အားပေးအားမြှောက် ပြုတာပေါ့၊ အခု ကောင်းကင်ရုံးတော်က ဒီအကြောင်းပြချက်နဲ့ ငါတို့ရဲ့သေမျိုးကမ္ဘာကို ရှင်းလင်းပစ်ချင်တယ်ပေါ့၊ သူတို့တွေ လွန်သွားပြီ၊ ငါ စံအိမ်ပြန်ရောက်ရင် ဘာလို့ဒီလိုဖြစ်ရတာလဲဆိုတော အမတနတ်ဘုရားကို ကျိန်းသေပေါက် မေးရမယ်”
ဂျိရှင်းရှန်ဟာ ကောင်းကင်ရုံးတော်ကို ပိုပြီးတော့ အထင်အမြင်သေးသွားပါတယ်။
‘ငါ ထင်တယ်၊ အမတတွေ အကုန်လုံးက ကြောင်သူတော် ကြွက်သူခိုးတွေပဲ’
Chapter – 170
? Views, Released on November 30, 2024