အပိုင်း (၁၃၃) စနစ် အဆင့်မြှင့်ခြင်း
စုရှောင်ရှန် သူ၏ ဝိညာဉ်အရင်းအမြစ်ကို နှိစ်သိမ့်ပေးပြီးနောက် လေးနက်နေသော မျက်နှာထားဖြင့် မူလနန်းတော်ထဲမှ ထွက်လာခဲ့သည်။
သူဘယ်လောက် အော်ဆဲလည်း ဖြစ်ပြီးသည့်အရာက ပြန်ပြင်လို့မရပါတော့ပေ။
စနစ်က ယခုကဲ့သို့ ပထမဆုံးအကြိမ်လုပ်ခြင်းဖြစ်တာကြောင့်လည်း အငိုက်မိသွားခဲ့သည်။
“အကြောင်းတစ်ခုခုတော့ရှိရမယ်…”
စနစ်က အသိပေးချက်ဖန်သားပြင်၌ အသိပေးချက်များပေါ်လာအောင်လုပ်ခြင်းမှ တစ်ပါး ပုံမှန်ဆို တိတ်ဆိတ်နေသည်။
စနစ်၏ အခြားလုပ်ဆောင်ချက်များကလည်း သူ့ကို ဈေးဆိုင်တွင် စွမ်းရည်မှတ်များ ၀ယ်ခြင်းနှင့်၊ ကံစမ်းမဲဘီးလှည့်ခြင်းတို့သာဖြစ်သည်။ စိတ်ပုတ်ကြီးဖြင့် ကံစမ်းမဲမှ ဆုလဒ်များကို လျှောက်မွှေနှောက်ခြင်းလည်းပါပေမည်။
စနစ်ကိုဖော်ပြပါဆို သူ့ဟာသူ ဘာသိဘာသာ နေတယ်ဆိုတာ ငြင်းမရပေ။ တစ်ခါတစ်လေ “ပင်ကိုယ်စနစ်” ဆိုတာမေ့ပြီး “အသိပေးချက်ဖန်သားပြင်” လို့သာ မှတ်မိ၏။
သို့သော် ယနေ့တော့ သူ့တည်ရှိမှုကိုပြလေပြီ။
စုရှောင်ရှန် အတွေးလေလွင့်နေရင်း စားသောက်ပြီးစီးသော ထိုစနစ်က အသိပေးချက်ဖန်သားပြင်၌ ပေါ်လာခဲ့၏။
[ပင်ကိုယ်စနစ် အဆင့်မြှင့်နေပါသည်။ ၀င်ရောက်နှောက်ယှက်ခြင်းသည်းခံပါ။]
သူဖတ်လိုက်ရတဲ့အရာကြောင့် စုရှောင်ရှန် မှင်တက်သွား၏။
အဆင့်မြှင့်တယ်ဟုတ်လား။
စုရှောင်ရှန်၏မျက်၀န်းများ၀င်းပသွားသည်။ စနစ်က သူ့ဓာတ်စွမ်းအင်များကိုစားသုံးပြီးနောက် လျော်ကြေးအနေဖြင့် ကံစမ်းမဲလှည့်သည့်အခါ ဆုလဒ်ကျနှုန်းကို မြှင့်တင်ပေးတော့မလား တွေးလိုက်သည်။
သို့သော် ချက်ခြင်းခေါင်းခါရမ်းလိုက်ကာ “ဒီလောက်ကောင်းတဲ့ အရာ ဘယ်လို ဖြစ်နိုင်မှာလဲ။ စနစ်ရဲ့ အကျင့်နဲ့ဆိုရင် ကံစမ်းမဲပေါက်တဲ့နှုန်းကိုတောင် လျော့ချ ရင် လျော့ချနေမှာ။ အဲ့လိုလုပ်ရင်တော့ ဆဲရုံပဲရှိတော့မယ်”
ထိုသို့တွေးမိပြီး စုရှောင်ရှန် စနစ်၏ အဆင့်မြှင့်တင်နေမှုကို ၀င်နှောက်ရန် ကြံလိုက်သည်။ သို့သော် ထိုစာတန်းပေါ်လာပြီးနောက် အနီရောင်ဖန်သားပြင်တစ်ခုလုံး သူ့စိတ်ထဲမှ ပျောက်ချင်းမလှ ပျောက်သွားသည်။
၎င်းလုံးလုံးမပျောက်သွားခင်မှာ အသိပေးချက်ဖန်သားပြင်၏ အခြေမှ အရာတစ်ခုကို လျှပ်တပြက် မြင်လိုက်ရ၏။
[ပင်ကိုယ်မှတ် : ၆၆၆၆၆]
ထို “ကံကောင်းခြင်း” ဂဏာန်းအစဉ်လိုက်ကြီးက စုရှောင်ရှန် အားစေးမိသွားစေ၏။
ဒီလောက်တောင်များလား။
ယခင်တစ်ခေါက် အသိပေးချက်ဖန်သားပြင်ကိုကြည့်လိုက်ချိန် ဤသို့ (၆) ဂဏာန်းတွေချည်းမြင်လိုက်တာက ဂဏာန်းလေးလုံးအစဉ်လိုက်သာဖြစ်သည်။
ယခုတော့ ငါးလုံးဖြစ်သွားတယ်တဲ့။
သူ့မျက်လုံးများကိုပွတ်ပြီးပြန်ဖွင့်လိုက်ချိန် အနီရောင်ဖန်သားပြင်က ပျောက်သွားလေပြီ။
စုရှောင် လန့်ဖျပ်သွားပြီး တိတ်တခိုးနာကျင်ခြင်းကိုထုတ်ပြီး သူ့လက်ကို ထိုးထည့်လိုက်သည်။ ဓားကိုဆွဲထုတ်လိုက်သောအခါ ဓားဒဏ်ရာက ချက်ခြင်းပျောက်သွား၏။
“တော်သေးတယ်။ ပင်ကိုယ်စွမ်းရည်တွေပါ ပျောက်မသွားလို့…”
ကြည့်ရတာ စနစ်က တစ်နေရာရာများသွားပြီး အဆင့်မြှင့်နေလားမသိ။ ဆက်တွေးနေလို့ အကျိုးလည်းမရှ်ိရော စုရှောင် ထိုကိစ္စကို ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။
ဤအနက်ရောင်ရေတံခွန်၌ ဓားစွမ်းအင်တွေ ထိုးတာခံတယ်၊ အနားယူတယ်၊ ထပ်နားတယ်၊ ပြန်အထိုးခံတယ် ဒီလို လေ့ကျင့်နေခြင်းက ယခုဆို ၆နာရီ ၇နာရီလောက်သာရှိသေးပေမည်။ ဒါတောင် ပင်ကိုယ်မှတ် (၆၀၀၀၀) ကျော်သွားသည်တဲ့လား။
“အဲ့လောက်လည်း များများမရလိုက်ပါဘူး။ ခုလို မနားဘဲသာ ဆက်တိုက် ဓားစွမ်းအင်တွေအောက်မှာ လေ့ကျင့်မယ်ဆို တစ်စက္ကန့်ကို ၃၀ ကနေ ၅၀ လောက်နဲ့ပဲ တွက်ကြည့်ရင် ၆နာရီ၊ ၇နာရီလောက်ဆို တစ်သန်းလောက်တော့ရှိရမယ်”
စုရှောင်ရှန် သူ့တွက်ချက်မှုကြောင့် သူအံ့ဩဘနန်းဖြစ်သွားရသည်။ သို့သော် စိတ်ကိုပြန်လျော့လိုက်၏။
“အဲ့လိုလုပ်ဖို့ မဖြစ်နိုင်ပါဘူး”
ရေတံခွန်အောက်၌ ဆက်တိုက် ဓားစွမ်အင်များ ထိုးဖောက်တာခံဖို့ဆိုတာ သူ့ခန္ဓာကိုယ်နှင့်တောင် မဖြစ်နိုင်ပေ။ မိနစ်၀က်လောက်နေရင်တောင် သူ့တစ်ကိုယ်လုံးဓားရာများဖြင့် ပြတ်တောက်နေပြီဖြစ်သည်။
တစ်ခါပြီးရင်လည်း နာရီ၀က်လောက် အမြဲအနားယူရသည်။
“ဒါပေမယ့်…”
ပင်ကိုယ်စနစ်၏ ဈေးဆိုင်၌ ၀ယ်လို့မရဖြစ်နေသည့် မီးခိုးရောင်အကွက်နှင့် အဆင့်(၂) စွမ်းရည်မှတ်ကို ပြန်မြင်ယောင်ပြီး ခပ်ညစ်ညစ်ရယ်လိုက်သည်။
“အခု စစ်မှန်ခြင်းနယ်ပယ်ကိုရောက်ပြီဆိုတော့ ၀ယ်လို့ရလောက်တော့မှာပါ”
ထိုအရာဖြင့် သူ၏ ထာ၀ရအသက်စွမ်းအင်ကို အဆင့်မြှင့်ဖို့ ကြံထား၏။ အသက်က အရေးကြီးသည်မဟုတ်ပါလား။
“ဟီးဟီး။ ပင်ကိုယ်မှတ်တွေ ရေလို၀င်… ရေလို၀င်” စုရှောင်ရှန် စပ်ဖြီးဖြီးရယ်လိုက်သည်။
“ဆိုတော့ အရင်က အမြင့်ဆုံး ‘စစ်မှန်ခြင်းနယ်ပယ်အဆင့်(၁)’ ထိ မြှင့်လို့ရတယ်ဆိုရင် အခုက ‘အရှင်သခင်အဆင့်(၁)’ ထိမြှင့်လို့ရမလားဘဲ”
“အရှင်သခင်နယ်ပယ်နဲ့ဆိုရင် ငါလျှောက်ပတ်ကြမ်းလဲဘယ်ကောင်တားရဲတော့မလဲ” စုရှောင်ရှန်၏ မျက်၀န်းများ တောက်ပသွား၏။
“ စစ်မှန်ခြင်းနယ်ပယ် ‘ခွန်အား’ က ငါ့ကို စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ပေးတယ်။ အရှင်သခင်အဆင့်အထိ ခွန်အားကို အဆင့်မြှင့်လိုက်မယ်ဆိုရင် အဖိုးကြီးပြောတဲ့ သူ့အကြောင်းပုံပြင်ထဲက ကုန်းမြေတစ်ခုလုံးကတောင် ချိုးဖျက်ရခက်ပါတယ်ဆိုပြီး သတ်မှတ်ထားကြတဲ့ အရှင်သခင် နယ်ပယ် ခန္ဓာကိုယ်ကို ငါအေးဆေးမရသွားဘူးလား… ငိငိ”
စုရှောင်ရှန်အလွန်စိတ်လှုပ်ရှားသွားသည်။ သူ့ပင်ကိုယ်ဓာတ်စွမ်းအင်များကို စနစ် ဝါးမျိုသွားတာကို အငြိုးမထားပါတော့ပေ။ သူ့လက်ရှိ အစွမ်းများကို အဆင့်မြှင့်တင်နိုင်မယ်ဆိုရင် သူ့ဝိညာဉ်အရင်းအမြစ်ကိုတောင် ပေးလိုက်ဖို့ ၀န်မလေးပါလေ။
“ထွီး ထွီး ဒီတစ်ခုတော့ ထိလို့မရဘူး”
ဝုန်းးးး…။
ရုတ်တရက် သူ့အတွေးများမှ ဆွဲထုတ်ခံလိုက်ရကာ စုရှောင်ရှန် လဲကျသွားပြီး မြေပြင်ပေါ်၌ သူ့ကို ခေါင်းကိုကိုင်ကာ လူးလိမ့်နေ၏။
သက်သာသွားတော့မှ သူ့စိတ်ထဲကို ၀င်ကြည့်လိုက်ရာ ဘာမှ မတွေ့ရပါချေ။
ထို့နောက် မူလနန်းတော်ထဲ စိတ်ဝိညာဉ်အာရုံကို လွှတ်လိုက်ရာ သူ့ဝိညာဉ်အရင်းအမြစ်၏ အထက်၌ ပေါ်လာသော အနီရောင်ဖန်သားပြင်ကို တွေ့ရသည်။
ပင်ကိုယ်စနစ်။
“အဆင့်မြှင့်တာပြီးသွားပြီလား” စုရှောင်ရှန် မျှော်လင့်ချက်တကြီးဖြင့်စောင့်စားလိုက်သည်။
သို့သော် အဆင့်မြှင့်တယ်လဲဆိုသေး အဘယ်ကြောင့် အပြင်အဆင်က အရင်တိုင်း စုတ်ချာနေစဲပဲဖြစ်ကာ နေရာပဲပြောင်းသွားရသနည်း။
စုရှောင်ရှန်၏ ၀င်းပနေသော မျက်လုံးများ ပြန်မှေးမှိန်သွားသည်။ ၎င်းက မကောင်းတာတစ်ခုခုဖြစ်နိုင်သည်။
စုရှောင်ရှန် စနစ်နှင့် ကြားခံအဖြစ်ဆက်သွယ်သည့် အသိပေးချက်ဖန်သားပြင်ကို ကြည့်လိုက်သည်။
အသိပေးချက်ဖန်သားပြင်တွင် :
[ဂုဏ်ယူပါတယ်။ ပင်ကိုယ် စနစ် အဆင့်မြှင့်ခြင်း ပြီးဆုံးသွားပါပြီ]
[လုပ်ဆောင်မှုအသစ် : နိုးထခြင်း ရေကန် ပွင့်သွားပါပြီ]
[ထူးခြားပင်ကိုယ်စွမ်းရည် : ပင်ကိုယ်လက်သီး ရရှိပါသည်]
ထူးခြားပင်ကိုယ်စွမ်းရည်ဟူသည့် စာကြောင်းက စုရှောင်ရှန်ရဲ့ အာရုံစိုက်ကိုဖမ်းစားသွားသည်။
ယခု သူ့တွင် ပင်ကိုယ်စွမ်းရည် အမျိုးအစားက : အခြေခံ၊ တိုးချဲ့နှင့် ကျွမ်းကျင် ဟူ၏ သုံးခုရှိသည်။ ၎င်းကလည်း အမျိုးအစားသစ်တစ်ခုခု ဖြစ်ရမည်။
“ထူးခြားပင်ကိုယ်စွမ်းရည်…”
အနီရောင်ဖန်သားပြင်တွင် ထိုအရာနှင့်ပတ်သက်ပြီး ကြည့်လိုက်သော် စာကြောင်းတစ်ခုသာပေါ်လာသည်။
[ပင်ကိုယ်လက်သီး(အဆင့်မြှင့်၍မရပါ)]
အဆင့်မြှင့်လို့မရဘူး ဟုတ်လား။
“တစ်ခုခုတော့ တစ်ခုခုပဲ ဒီပင်ကိုယ်စွမ်းရည်က ငါ့ပင်ကိုယ်မှတ်တွေကိုမစားသုံးတော့ဘူးပေါ့။ မဆိုးဘူး”
ထို့နောက် ပင်ကိုယ်လက်သီးနှင့်ပတ်သက်သည့် အချက်အလက်များကို ဆက်ကြည့်လိုက်သည်။
[ပင်ကိုယ်လက်သီး : အစစ်အမှန် ထိခိုက်ခြင်း]
[ပင်ကိုယ်လက်သီး : တိုက်ခိုက်ခံလိုက်ရတဲ့အခါတိုင်းမှာ စွမ်းအင်များကိုစုစည်းပေးပြီး အဆင့်တစ်ခုရောက်သော် ထိုစုစည်းထားသော စွမ်းအင်များကို တစ်ချက်တည်း ထုတ်လွှတ်ပေးသည်။ လက်ဦးမှုယူဖို့လိုလာလျှင် ယူရမည်။ သည်းခံနိုင်စွမ်းမရှိတော့လျှင် သည်းခံစရာမလိုပါ။]
[ပင်ကိုယ်လက်သီး (စွန်းအင်စုစည်းနှုန်း : ၀.၀၀%)]
စုရှောင်ရှန် ဘာပြောရမှန်းမသိဖြစ်သွားသည်။
“အော် မင်းက အရင်တုန်းကတော့ ငါ့ကို အထုအထောင်းခံရဖို့ ပင်ကိုယ်စွမ်းရည်တွေပေးပြီးတော့ ခုမှ လက်ဦးမှုယူပါလေ ဘာလေး လာလုပ်နေတယ်။ နင့်မေကြည်းတော်လား။ ဘာကို ‘သည်းခံနိုင်စွမ်းမရှိတော့လျှင် သည်းခံစရာမလိုပါ’ လဲ။ စနစ်စုတ် စနစ်ပျက် ငါ့ကို ဘာလုပ်စေချင်နေတာလဲ”
ဘယ်လိုပဲ စနစ်နဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်ဖြစ် စုရှောင်ရှန် “အစစ်အမှန် ထိခိုက်စေခြင်း” ၏ သဘောသဘာ၀ကို နားလည်အောင် စဉ်းစားကြည့်လိုက်သည်။
“ဂိမ်းတွေထဲကလို ခုခံကာကွယ်မှုကိုတောင် ဖောက်ပြီး တကယ် အစစ်အမှန် ထိခိုက်ခြင်းလိုဖြစ်မလား။ ဒီလိုဆိုရင်တော့ ဒီပင်ကိုယ်စွမ်းရည်က တကယ် ကြမ်းတယ်”
စုရှောင်ရှန် လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး မြေပြင်ကိုထိုးလိုက်သည်။
ဘုန်း…။
အက်ကြောင်းအကြီးကြီးထပြီး ချိုင့်၀င်သွား၏။
ဒါက စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်၏ စွမ်းပကားဖြစ်သည်။
စုရှောင်ရှန် အသက်ခပ်ပြင်းပြင်းရှူပြီး ထေ့ငေါ့လိုက်သည်။ “အရင်ဆုံးအတိုက်ခိုက်ခံရဦးမယ်တဲ့။ ဘယ်လိုတောင် အသုံးမကျလိုက်တဲ့ အရာလဲ။ ထားပါ။ ပင်ကိုယ်လက်သီး”
ဟိုက်ယား…။
ဘုန်းးးး…။
အက်ကြောင်းကြီးထပ်ပေါ်လာသည်။ သို့သော်ရလဒ်က အရင်တစ်ခေါက်ကနှင့် မထူးခြားမနား။
“စွမ်းအင်စုစည်းမှတ်က ၀.၀၀ ရာခိုင်နှူန်းမှာပဲရှိနေသေးလို့ လက်သီးချက်က အားပြင်းမလာတာလား”
စုရှောင်ရှန် ခေါင်းကိုခါရမ်းလိုက်ပြီး သူ့ကို ဒဏ်ရာရစေနိုင်သော အနက်ရောင်ရေတံခွန်ကိုကြည့်လိုက်သည်။ ၎င်းနှင့်ဆိုလျှင် စွမ်းအင်မှတ်များ စုစည်းနိုင်လောက်သည်။
သို့သော် စမ်းကြည့်ရမယ့်အစား စုရှောင်ရှန် အသိပေးချက်ဖန်သားပြင်ပေါ်က ဒုတိယ အကြောင်းကိုကြည့်လိုက်၏။
[လုပ်ဆောင်မှုအသစ် : နိုးထခြင်း ရေကန် ပွင့်သွားပါပြီ]
ထိုဖန်သားပြင်၌ ဟိုလျှောက်ကလိ ဒီလျှောက်ကလိ လုပ်လိုက်သော်လည်း ဘာမှပေါ်မလာပါပေ။ ရုတ်တရက် အနီရောင်ဘီးကို ပြန်မြင်ယောင်မိပြီး စနစ်၏ ဈေးဆိုင်ထဲကို တန်း၀င်သွားလိုက်သည်။
အနီရောင်ဘီးကြီး၏ အောက်၌ လုံး၀နက်မှောင်နေသည့် ရေကန်ငယ်လေးတစ်ခုရှိနေ၏။
“နိုးထခြင်း ရေကန်”