Switch Mode

Chapter – 127

အပိုင်း (၁၂၇) ချမယ်လေ

မိုမိုထွက်သွားသည်။

အပေါ်၌ ပျံနေသည့် လူများလည်းထွက်သွားကြသည်။ စုရှောင်ရှန်နှင့် အနည်းအကျဉ်းသာခင်ကြလေရာ သူအဆင်ပြေမပြေကို တခြားသူများ ဂရုစိုက်မနေကြပါပေ။

မထွက်သွားဘဲ ကျန်နေသေးသည့်သူက ယွမ်တုဖြစ်သည်။ သူ့ပုံစံက ဘာမှ လုပ်မည့်ဟန်မရသော်လည်း စုရှောင်ရှန်ကတော့ ဒေါက်ထောက်ကြည့်နေလိုက်၏။

[စောင့်ကြည့်ခံရပါသည်။ ပင်ကိုယ်မှတ်+၁]

၎င်းက သူရရှိသော အသိပေးချက်များထဲမှ တစ်ခုဖြစ်သလို ထွိယွမ်တုဟူသည့်သူထံမှ လာခြင်းကို သေချာသည်။

ထိုလူ ဘာဖြစ်ချင်နေသနည်းကို မသိရာ လစ်လျူရှူထားလိုက်တော့သည်။ ထို့အစား ကျိုးထျန်းရှန်ကို လှည့်ကြည့်ပြီးမေးလိုက်သည်။ “မင်းဘယ်သွားမှာလဲ”

ကျိုးထျန်းရှန် ကြွေကြီးစိုးခြင်းဆေဘာကို လက်ချောင်းများဖြင့် ပွတ်ရင်း “ဘယ်နေရာဖြစ်ဖြစ်ပေါ့။ ထျန်းရွှမ်တံခါးထဲပ စိတ်ဝိညာဉ်တွေက ဒီလောက်သိပ်သည်းနေတာ ဘယ်နေရာမှာဖြစ်ဖြစ် ငါကျင့်ကြံလို့ရတယ်။ ကံကောင်းလို့လျှောက်သွားရင်းလည်း လျှို့ဝှက်နယ်မြေတစ်ခုခုကို ရှာတွေ့ရင် ရှာတွေ့မှာ…”

ကျိုးထျန်းရှန်၏ ပင်ကိုယ်ဓာတ်စွမ်းအင်က အင်မတန် ထူးခြားတာကို စုရှောင်ရှန်သိသည်။ သူ့ဟာက သူ့ကိုယ်ပိုင်နိယာမဖြင့် အနုပညာဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအင်အပေါ်မှီ‌ခို၍ ကျင့်ကြံခြင်းက သူ့အတွက် အကောင်းဆုံးအရာမဟုတ်ပါ။

သူ့လိူထူးခြားသည့်လူများက နှစ်အတန်ကြာအောင် လေ့ကျင့်ပြီးနောက် အလင်းပေါက်ကာ အရှင်သခင်နယ်ပယ်ကိုတောင် တက်သွားနိုင်သည်။

စုရှောင်ရှန်ဘာမှ ပြန်မပြောဘဲ ကျောက်စိမ်းစာလိပ်ကိုသာ နဖူး၌ ကပ်လိုက်သည်။ ချက်ခြင်း အသိအမြင်များ သူ့ဦးနှောက်ထဲ အလုံးအရင်း၀င်လာတော့သည်။

၎င်းက လျှို့ဝှက် လေ့ကျင့်ရေး နယ်‌ပယ်များကို မှတ်ထားသော အင်မတန် အသေးစိတ်ကျသည့် မြေပုံတစ်ခုဖြစ်သည်။ အတော် ဈေးကြီးပေးပြီးမှ ၀ယ်ရလောက်သည်။

စုရှောင်ရှန် အနည်းငယ် အံ့အားသင့်သွားပြီး မုကျစ်ရှီကို ကြည့်လိုက်သည်။ “အဖိုးကြီးစိကလား”

“အင်း”

“ငါ့ကို အနက်ရောင်ချောက်ကမ်းပါးကို မသွားသွားအောင် လုပ်နေတာဟ…” စုရှောင်ရှန် ရေရွတ်လိုက်သည်။

သူသိရသလောက်ဆို စိတ်ဝိညာဉ်နန်းတော်က ထျန်းရွှမ်တံခါး၀င်သည့် အတွင်းစည်းဂိုဏ်းသားသစ်များကို လျှို့ဝှက်လေ့ကျင့်ရေးနယ်ပယ်များကို ရှာကြံဖို့ အားမပေးပါ။ ထျန်းရွှမ် တံခါးထဲတွင် (၃) ရက်ပြည့်အောင်နေနိုင်သည်ကိုက အတော်ကောင်းနေလေပြီ။

လျှို့ဝှက် လေ့ကျင့်ရေး နယ်ပယ်များက တစ်ကြော့ပြန် ထိပ်သီး (၃၃) ဦးတို့အတွက်ဖြစ်သည်။ ထိုလျှို့ဝှက်နယ်မြေများတွင် လေ့ကျင့်ခြင်းက အလွန် ကြမ်းတမ်းကာ သေသည်အထိတောင်ဖြစ်နိုင်သည်။

ထို့နောက် ကျိုးထျန်းရှန်ကို ပြည်ကြည့်လိုက်ကာ “စစ်သည်တစ်ရာ ကွင်းပြင်လား သတ်ဖြတ်ခြင်း ပင်လယ်လား။ တစ်ခုရွေး”

ကျိုးထျန်းရှန် မှင်တက်သွားတော့သည်။ နှစ်ခုလုံးက ထျန်းကွှမ်တံခါထဲရှိ လျှို့ဝှက်နယ်မြေများဖြစ်လေသည်။ “အဲ့တာတွေ ဘယ်မှာ ရှိလဲ အတိအကျသိတယ်ပေါ့”

စုရှောင်ရှန် သူ့လက်ထဲမှ ကျောက်စိမ်းစာလိပ်ကို ဝှေ့ရမ်းပြလိုက်သည်။ ကျိုးထျန်းရှန်တွင် ကောင်းမွန်သော စိတ်ထားလေးရှိပေသည်။ ဒါကြောင့် သူနှင့် အချက်အလက်မျှဝေရန် စုရှောင်ရှန် ကပ်စည်းမနည်းနေပါချေ။ ကျိုးထျန်းရှန် သွားချင်သည်ဖြစ်စေ မသွားချင်သည်ဖြစ်စေ သူ့အတွက်သူသာ ဆုံးဖြတ်ရပေမည်။

“ကောင်းကင်က ကြယ်က မြောက်ဘက်ကို ညွှန်ပြနေတာ” ကောင်းကင်ပေါ်မှ ကြယ်ကို စုရှောင်ရှန် လက်ညိုးထိုးပြိလိုက်သည်။ ထျန်းရွှမ်တံခါးထဲတွင် ကောင်းကင်ကြီးက လုံး၀ အဖြူရောင်ဖြစ်ပြီး ကြယ်လည်း တစ်လုံးတည်းသာရှိသည်။

“အနောက်မြောက်ဘက်ကိုသွားရင် စစ်သည်တစ်ရာကွင်းပြင်ကိုတွေ့မယ်။ တော်င်ဘက်ကိုသွားရင်တော့ သတ်ဖြတ်ခြင်းပင်လယ်ကိုတွေ့မယ်။ ဒီနှစ်နေရာထဲက ဘယ်သွားချင်လဲ ကိုယ့်ဟာကိုယ်ရွေးပေါ့”

ထိုနေရာနှစ်ခုက ကျိုးထျန်ူရှန်လိုအပ်သည့် လေ့ကျင့်ရေးအတွက် အကောင်းဆုံးသောနေရာများဖြစ်သည်။ အခြားနေရာများဆိုပါက အလဟသတ်ဖြစ်ပေမည်။

စုရှောင်ရှန် သူနှင့် သတင်း အချက်အလက်တွေ အလွယ်တကူ မျှဝေမည် မထင်ထားသည့်အတွက် ကျိုးထျန်းရှန် တုန်လှုပ်သွားသည်။

ထိုသို့သော သတင်းအချက်အလက်မျိုးက ထျန်းရွှမ်တံခါးအပြင်ဘက်၌ အတော်အသင့် ဈေးကြီးပေမည်။

ထျန်းစန်းနန်းတော်က အပြင်စည်း၌ ဂိုဏ်းသားများကို ဖေးမကူညီပေးသော်လည်း အတွင်းစည်းသို့ရောက်သောအခါ တကယ့် အပြင်ဘက်ကမ္ဘာကြီးကိုရောက်သည်နှင့် ဆင်တူသွားသည်။

စိတ်ဝိညာဉ်နန်းတော်က သင့်ကို အရင်းအမြစ်များပေးပြီး ထောက်‌ပံ့ပေးဦးမည်ဖြစ်သော်လည်း သတင်းအချက်အလက်များလိုချင်ပါက ဈေးခေါ်ရပေသည်။

ဆိုလိုချင်သည်က ထိုသို့ သတင်းအချက်အလက်များသိသည့် သူကိုရှာဖွေရခြင်းဖြစ်သည်။ ဥပမာအားဖြင့် ယခင်တစ်ခေါက်က တစ်ကြော့ပြန် ထိပ်သီး(၃၃) ဦးကိုရှာပြီး လျှို့ဝှက်နယ်မြေ၏ သတင်းအချက်အလက်များကို အရင်းအမြစ်များဖြင့်လဲလှယ်ခြင်းဖြစ်၏။

“ဒါဆို ငါတောင်ဘက်ကိုသွားမယ်” ကျိုးထျန်းရှန် တုံ့ကနဲ ရပ်သွားပြီး “ကျေးဇူးပါ”

[ကျေးဇူးတင်ခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]

“ဘာလို့ငါ့ကိုလာကျေးဇူးတင်နေတာလဲ။ ထျန်းရှန်တံခါးအပြင်ဘက်က ငါ့ကို ‌မျှဝေခဲ့တဲ့ အချက်အလက်အတွက် ပြန်ဖလှယ်တယ် သဘောထားပေါ့” စုရှောင်ရှန် ဘာမှ မဖြစ်သည့်အလား ပြောလိုက်သည်။

ကျိုးထျန်းရှန်က ဉာဏ်မကောင်းသလို အကွက်လည်းမချတတ်ပေ။ ထိုသို့သော လူမျိုးက အတူ လျှောက်လည်လို့ကောင်းသည်။ စုရှောင်ရှန်ကိုက ကနဦးကတည်းက သူငယ်ချင်းများများမရှ်ိပေ။ ရက်အနည်းငယ်နောက်ကျသော်လည်း ကျိုးထျန်းရှန် သူ့ကို ယူလာပေးသည့် အချက်အလက်ကြောင့် သူ၏ သူငယ်ချင်းလို့ ပျော်ပျော်ကြီး စုရှောင်ရှန် ခေါ်လိုက်သည်။

ထိုစကားကိုကြားသော် ကျိုးထျန်းရှန် နားကွက်တက်ချိတ်မတက်ပြုံးလိုက်သည်။ သူ့အဖိုးပြောဖူးတာမှန်သည်။ ကောင်းတာလုပ်ရင် ကောင်းတာစံစားရတယ်။

“မင်းကောဘယ်သွားမှာ” စုရှောင်ရှန်ကို သူမေးသည်။

“ငါလား” စုရှောင်ရှန် လေထဲ၌ တင်ပြင်ချိတ်ကာ တရားထိုင်နေသော ယွမ်တုကိုကြည့်လိုက်သည်။ သူ့ပုံစံက ရတဲ့စက္ကန့်တိုင်းကို လက်မလွတ်မခံချင်သည့်အလားရသည်။ သို့သော်သူက ထိပ်သီး(၃၃) ထဲကို အသစ်၀င်ရောက်လာသူဖြစ်သည်။ ယခုအချိန်ဆို လျှို့ဝှက်လေ့ကျင့်ရေးနယ်မြေကို သွားသင့်ပြီမဟုတ်လော။

“ငါ အနောက်ဘက်ကိုသွားမယ်”

တကယ်က အနက်ရောင်ချောက်ကမ်းပါက အရှေ့ဘက်၌ ရှိလေသည်။ အကြီးအကဲစန်း အသေအချာပြောမှတော့ သူသွားကြည့်သင့်လေသည်။

“ကောင်းပြီ”

ကျိုးထျန်းရှန်၏ မျက်လုံးများ ‌စူးစူးရှရှ တောက်ပသွားပြီး သူ့ဆေဘာကိုဆွဲထုတ်ကာ ကျယ်ကျယ်လောင်နှင့် ဂုဏ်ယူ၀င့်ကြွားစွာဆိုလိုက်သည်။ “မင်းရဲ့ကျင့်ကြံမှူ အဆင့်တစ်ခုကိုရောက်လာရင် ငါမင်းနဲ့ ပြန်တိုက်လိုက်ချင်တယ်။ ဒါပေမယ့် ငါရှုံးမှာမဟုတ်ဘူး”

သူ့ရုတ်တရက် ပေါက်ကွဲသလိုအသံက မုကျစ်ရှီကို လိပ်ပြာလွင့်မတတ် ထိတ်လန့်သွား စေ၏။ သူမ၏ အကြည့်များက သူမရှေ့မှ ထိုလူငယ်နှစ်ဦးအကြား၌ ဝေ့ဝိုက်သွားပြီး တင်မာမှုတစ်ချို့ကိုတောင် ခံစားလိုက်ရသည်။

စုရှောင်ရှန် ကျိုးထျန်းရှန်၏ ဆေဘာကို လက်နှစ်ချောင်းဖြင့်ဘေးသို့ ဖယ်ကာ သူ့ပုခုံးကို ပုတ်လိုက်သည်။

“မင်းက အတော်ကလေးဆန်တယ်။ ဒါပေမယ့် ငါကြိုက်တယ်”

“ချီတက်ထား ပီကာချူးးး”

ထို့နောက် မုကျစ်ရှီဘက်သို့လှည့်ကာ “နင်ကကော စန်းလျှိုတောထဲသွားမှာလား”

စန်းလျှိုတောက မြေပုံအတွက်း အထူးမှတ်ထားသောနေရာဖြစ်သည်။ နာမည်မှတော့ ၎င်းက သစ်ဓာတ်စွမ်းအင်နှင့်သူများအတွက်ဖြစ်ကြောင်းထင်ရှားသည်။ မုကျစ်ရှီ ထိုနေရာကို သေချာပေါက် ခြေချပေလိမ့်မည်။

မုကျစ်ရှီ ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်လေ။ ဘာလို့‌မေးတာ”

စုရှောင်ရှန် သူမကို စိုက်ကြည့်လိုက်ကာ “ဒါဆိုလဲ ဘာတွေ စကားများ‌နေသေးတာ။ သွားတော့လေ”

မုကျစ်ရှီ တိတ်ဆိတ်သွားသည်။

သူ့ကို အခုလေးတင်မှ ကျောက်စိမ်းစာလိပ်ပေးလိုက်တာ ဒါက သူကျေးပြန်စွပ်သည့်နည်းပေါ့။

[ကျိန်‌ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

“ရတယ်‌သွားမှာပါ။ ဘာလို့ ‌လာအော်နေတာလဲ” မိန်းမငယ်လေး နှုတ်ခမ်းစူ၍ ပြောလိုက်ပြီး နောက်လှည့်ကာ ဆောင့်ကြီးအောင့်ကြီးထွက်သွားလိုက်၏။ “ငါလည်း နင်နဲ့အတူ နေချင်တယ်ထင်လို့လား”

သူမယုံနိုင်ပေ။ သူပြောလိုက်သည့်အရာကြောင့် ဒေါသထွက်သွားသည်လော။

စုရှောင်ရှန် စပ်ဖြီးဖြီးဖြစ်သွားပြီး နောက်မှ အော်လိုက်သည်။ “ နင်ငါ့ကို သွေးစုပ်ကောင်တစ်ကောင်လို သွေးစုပ်လို့ရတဲ့ အိပ်တစ်ခုလို ဆက်ဆံမှာ စိုးရိမ်နေတယ်ဆိုတာ မသိဘူးလား”

မုကျစ်ရှီ တုံ့ကနဲ ရပ်သွားပြီးနောက် ပြေးသွားလိုက်၏။

[ကျိန်‌ဆဲခံရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်‌ဆဲခံရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်‌ဆဲခံရပါသည်။ ပင်ကိုယ်မှတ်…

စုရှောင်ရှန် ရယ်လိုက်သည်။

“ကောင်းပြီလေ အခု မုကျစ်ရှီလည်းထွက်သွားပြီဆိုတော့ ကျန်တော့တာက…”

စုရှောင်ရှန် ကောင်းကင်ကိုမော့ကြည့်ပြီး “အပေါ်ကကောင် ဘယ်သူမှ မရှိတော့ဘူး။ ငါတို့ချကြမလား”

စုရှောင်ရှန်၏ အဆိုကိုကြားသော် ယွမ်တု အေးခဲသွားသည်။ ‘အခုချရမှာလားဟ။ တခြားသူတွေတောင် အဝေးကြီးမရောက်သေးတာ။ စုရှောင်ရှန်ကိုသတ်တဲ့သူက ငါက လက်သည်တရားခံပါလို့တော့ အထင်မခံချင်ဘူး။ နောက်(၃) ရက်ကြာမှ မင်းက လျှို့ဝှက်နယ်ပယ်ထဲမှ လမ်းပျောက်ပြီး သေသွားရမှာ။ ဒါက မင်းသေမယ့်နည်းပဲ’

ယွမ်တု လှောင်ရယ်လိုက်ရင်း ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်သည်။ ရုတ်ချည်း သေခြင်းအရှိန်အဝါတွေ သူ့ကို လွှမ်းမိုးသွားသလို ခံစားလိုက်ရပြီး အမွှေးအမျှင်များထောင်ထသွားတော့၏။

သူ့စိတ်အသိကိုဖြန့်ကျက်လိုက်ရာ မြေပြင်မှ ထူးဆန်းသည့် အရာနှစ်ခုကိုတွေ့လိုက်ရသည်။ ၎င်းတို့ တစ်ခုနှင့်တစ်ခု အကြားတွင် အနက်ရောင်ဖြတ်မှတ်များရှိနေ၏။

ဘုန်းးးး…။

ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ယွမ်တု၏ အောက်ရှိ မြေပြင် တုန်ခါသွားပြီး ကြောက်မက်ဖွယ်ရာအတိ ဖြစ်သော အပူစွမ်းအင်များတက်လာတော့သည်။ အငိုက်မိသွားသော ယွမ်တုမှာ ပေါက်ကွဲမှုမှ တွန်းအားကြောင့် အဝေးသို့လွင့်သွားသည်။ သူ့တစ်ကိုယ်လုံး မိုးကြိုးပစ်ချခံရသည့်အလား မဲနက်သွားတော့သည်။

ရင်ဘက်မှ သွေးများပျို့တက်လာပြီး ‌နှုတ်ခမ်းထောင့်၌ စီးကျလေသည်။

“မင်းရူးနေတာလား” ယွမ်တုကြက်သေသေသွားသည်။ စုရှောင်ရှန် အလေးအနက်ပြောပြီး တိုက်ခိုက်ရဲမည်ဟု သူမထင်ပါ။

“ဒါက ထျန်းရွှမ်တံခါးကွ။ ဒီနေရာမှာ တိုက်ခိုက်တာ တားမြစ်ထားတယ်”

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ်+၁]

[သတိပေးခံလိုက်ရပါသည်။ ပင်ကိုယ်မှတ်+၁]

“တိုက်ခိုက်တာကို တားမြစ်ထားတယ်ဟုတ်လား” စုရှောင်ရှန်၏ လက်နှစ်ချောင်းထိပ်၌ မီးတောက်အစေ့များပေါ်လာသည်။ “ဒီစည်းမျဉ်းတွေမှာ တကယ်ယုံကြည်ရင် ဘာလို့ အစကတည်းက လျှို့ဝှက်လေ့ကျင့်ရေး နယ်ပယ် ကိုသွားမရှာတာလဲ” ပြက်ရယ်ပြုလိုက်၏။

ထို့နောက် ခေတ္တရပ်ဆိုင်းသွားကာ “ငါ့ကို ဗျိုင်းတစ်ကောင်ဘာညာထင်ပြီး စားချင်နေတာလား”

“မင်းတော့ သေတော့မယ်” ယွမ်တု၏ မဲနက်နေသော မျက်နှာ အစိမ်းရောင်ပြောင်းလာခဲ့သည်။ စုရှောင်ရှန်က သူ့ကို ဗျိုင်းသားစားချင်စည့် ဖားဟု ခေါ်နေသည်မဟုတ်ပါလား။

‘နေပါဦး… ဒါက အရေးမကြီးသေးဘူး။ ဒီကောင် ရူးလောက်အောင် ငါ့ကို သူများတွေထွက်သွားတာနဲ့ တန်းပြီးတိုက်ခိုက်ရဲတယ်”

အဆင့်တက်သွားပြီးကတည်းက အကြောက်အရွံ့ကင်းမဲ့သွားသည်လော။

သို့သော် သူက အဆင့်တက်သွားသည့်တ်ိုင် စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့်(၁၀) ၌သာရှိနေသေးလေသည်။ ကိုယ့်ကိုယ်ကိုယ် ဘဝင်ခိုက်နေသည်လော။

“ထိန်းချုပ်။ ကိုယ့်ဟာကိုယ် ထိန်းချုပ်”

သူ့စိတ်ဝိညာဉ်အသိမှ တစ်ယောက်ယောက် ချဉ်းကပ်လာနေသည်ကို ယွမ်တု အာရုံခံမိလိုက်လေသည်။ ယခုက လှုပ်ရှားဖို့ အချိန်ကောင်းမဟုတ်သေးပေ။ အခြေအနေကို ဒီ့ထက် ပိုဆိုးမသွားအောင်လို့ နောက်တစ်လှမ်းဆုတ်ပေးရပေမည်။

သုံးရက်။ သူအချိန် (၃) ရက်သာလိုလေသည်။

လူတိုင်းထွက်ခွာကြသည်နှင့် ဒီဘ၀င်ခိုက်နေတဲ့ကောင်ကို လျှို့ဝှက်နယ်မြေ၌ ခေါင်းချသွားရအောင်လုပ်လိုက်မည်။

ယွမ်တု ကောင်းကင်အမြင့်ကို ပျံတက်သွားတာ စုရှောင်ရှန်တွေ့လိုက်ရာ တိတ်တခိုးနာကျင်ခြင်းပေါ် တက်လိုက်လေသည်။ ကံဆိုးစွာဖြင့် သူ့ဓားပြောင်းပြန်ညှို့ခြင်း၏ အမြန်နှုန်းက နှေးကွေးလေရာ စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို အမှီမလိုက်နိုင်ပါလေ။

“မင်းယောက်ျားဆိုရင် အောက်ဆင်းလာပြီး ငါနဲ့ လာချစမ်း”

“ဟားဟား… ပျံတောင် မပျံနိုင်တဲ့ ကောင်ကများ” ယွမ်တု နောက်တောင် လှည့်မကြည့်ဘဲ ပျံသွားလေသည်။

စုရှောင်ရှန် မြေပြင်ပေါ်ပြန်ဆင်းလာပြီးနောက်မှာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ထို ဈတ်အနှောက်အယှက်ဖြစ်ဖွယ်ရာ လူကို နောက်ဆုံးတော့ အဝေးသို့ နှင်ထုတ်လိုက်နိုင်ပြီ။ လူတိုင်းထွက်သွားပြီးတဲ့နောက်မှာ ထိုသူ၏ တိုက်ခိုက်ချင်သည့် ရည်ရွယ်ချက်ကို အကြားအမြင်မှ တစ်ဆင့် သိလိုက်ရလေသည်။

ဒီကစ္စမှာ စုရှောင်ရှန် သူ့ကိုယ်သူ အဲ့လောက်ယုံကြည်မှုမရှိပါချေ။ သို့‌သော်ယွမ်တုကို ကနဦးတိုက်ခိုက်ခွင့်ပေး၍မရပါလား။ စစ်မှန်ခြင်းနယ်ပယ်သို့မရောက်ဘဲနှင့် ထိုလူ့ကို တိုက်ခိုက်ချင်ခြင်းက စိတ်ကူးယဉ်ခြင်းပင်ဖြစ်သည်။

ထို့ကြောင့် သူက တိုက်ခိုက်ရန် ဆန္ဒပြင်းပြနေဟန်ရသော်လည်း တကယ်က ထိုလူကို ထွက်ပြေးသွားစေရန် ဆုတောင်းနေခဲ့၏။ သို့ဖြင့် ထိုငတုံးက သူ့လှည့်ကွက်ထဲကျသွားကာ သူလည်း အချိန်ပိုရသွားသည်။

“နောက်(၃) ရက်ကြာရင်တော့ ငါ့ကိုလာသတ်ဖို့ကြိုးစားမှာပဲ။ ဟီးဟီး ဒါပေမယ့် အဲ့အချိန်ကြရင်တော့ နောက်ကျကြီး နောက်ကျခဲ့လေပြီပဲ။ ဘယ်လို ငတုံးကောင်လဲ”

စုရှောင်ရှန် အဝေးမှ အပြေးလေးလာနေသော မုကျစ်ရှီ၏ ပုံရိပ်ကိုတွေ့လိုက်လေသည်။ ထိုကလေးမလေးက သူမ၏ ဆရာတူ အကိုကြီးအတွက်တော့ စိုးရိမ်ပေးသေးဟန်ရသည်။ ကျိုးထျန်းရှန်ကဲ့သို့ ကျေးစွပ်ကာ ထွက်သွားပြီး ပြန်မလာသည့်သူမဟုတ်ပေ။

“နင်ဘာလို့ပြန်လာတာလဲ”

မုကျစ်ရှီ မှင်တက်သွားပြီး “နင်တိုက်ခိုက်နေတာမဟုတ်ဘူးလား”

“ဘာတိုက်ခိုက်ရမှာ” သူ့လက်ကိုဝေ့ရမ်းပြီး လေထဲကို ငရဲမီးတောက်အစေ့နှစ်စေ့ ပစ်ထည့်လိုက်တော့သည်။ “ဒီမှာကြည့်။ ငါ့ဟာငါ မီးပန်းတွေဖောက်နေတာပါ…”

ဘုန်းးးး…။

ကောင်းကင်ယံ၌ ကျယ်လောင်သော ပေါက်ကွဲမှုကြီးဖြစ်သွားပြီး ၀န်းကျင်တစ်ခုလုံးကို အပူလှိုင်းများ ပြန့်ကျက်သွား၏။

“မလှဘူးလား”

မုကျစ်ရှီတိတ်ဆိတ်နေသည်။

ထို့နောက် သူ့ကို လှည့်မကြည့်ဘဲ ထွက်သွား၏။ အစကတည်းက သူ့ကို ဘာမှဖြစ်နိုင်တာမဟုတ်ဘဲနှင့် အလကားနေရင်း သူ့ကို စိတ်မပူ‌ပေးသင့်ပေ။ သူမ မှားသွားသည်။

[ကျိန်‌ဆဲခံရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်‌ဆဲခံရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်‌ဆဲခံရပါသည်။ ပင်ကိုယ်မှတ်…

Comment

Leave a Reply

Options

not work with dark mode
Reset