အပိုင်း (၁၂၅) မဟာဆရာသခင်အကြီးအကဲကျောက်
အတွင်းစည်း၊ ညီလာခံခန်းမ အရှေ့၌…။
လူတိုင်းထက် ခေါင်းတစ်လုံးစားပိုမြင့်လျှင် အာဏာပိုရှိသလိုခံစားရတာကြောင့် ရဲ့ရှောင်ထျန်း လေထဲ၌ ပျံဝဲနေလေသည်။
“ထျန်းရွှမ်တံခါးကို အမွှေးတိုင်တစ်တိုင်ကုန်စာလောက်ပြီးရင် ဖွင့်မယ်။ ဖွင့်တာနဲ့ သုံးရက်ကြာအောင် ပွင့်နေလိမ့်မယ်။ အချိန်မှီတော့ ပြန်ထွက်လာနိုင်အောင်လုပ်ပါ။ မဟုတ်ရင် မင်းတို့ကို ဘယ်သူမှ ကယ်နိုင်တော့မှာ မဟုတ်ဘူး”
“အတွင်းပိုင်း ဗလာနယ်တွေက ထူးဆန်းတယ်။ ဆန်းကြယ်မှုတွေ သွေးဆောင်မှုတွေနဲ့ ပြည့်နေတာ။ ပြီးတော့ တည်လည်းမတည်ငြိမ်ဘူး။ အဲ့တော့ မင်းဘာမင်း လျှာရှည်ပြီး သွားလေ့လာလို့လည်း ဘာဆုလဒ်မှ ရမှာမဟုတ်ဘူး”
“ကောင်းကောင်းကျင့်ကြံပြီး ပြဿနာမရှာပါနဲ့။ သိပြီလား” ထိုစကားကို စုရှောင်ရှန်အား တကူးတကကြည့်ရင်းဆိုသည်။
ခေါင်းဆောင်နှင့်ထိုမျှ မရင်းနှီးဘဲနှင့် ဤသို့သော အာရုံစိုက်ခြင်းခံလိုက်ရခြင်းကြောင့် စုရှောင်ရှန် မကျေမနပ်ခံစားလိုက်ရ၏။ ရဲ့ရှောင်ထျန်းကို ရှောင်ချိစွေများ၀င်ပူးထားသလားဟု တွေးမိလိုက်၏။
မူကျစ်ရှီသူ့ဘေးကိုရောက်လာသည်။ ခေါင်းကိုမော့ပြီး သူမရှေ့မှ လူ၀ကြီးကို အသေအချာကြည့်လိုက်တော့မှ သူမ၏ ဆရာတူအကိုကြီး ဖြစ်မှန်းသိလိုက်ရတော့၏။
“မပူဘူးလား” စုရှောင်ရှန်၏ အ၀တ်အစားများကိုကိုင်ကြည့်ပြီး မုကျစ်ရှီမေးသည်။ သူ၀တ်နေတာက အပြင်ပန်းကကြည့်လျှင် (၇) ထပ်လောက်ဖြစ်ဟန်ရသော်လည်း သူမ လက်ထဲက ကိုင်ကြည့်တော့မှ ထိုထက် ပိုကြောင်းသိလိုက်ရတော့သည်။
“နင်နားမလည်ပါဘူး…” စုရှောင်ရှန် ခေါင်းကိုခါရမ်းရင်း သက်ပြင်းချလိုက်သည်။ သူ့နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီးနောက် ဆက်လိုက်သည်။ “နင်အေးလာမှ သိမယ်”
စုရှောင်ရှန်နား၌ ဆက်နေနေလျှင် ပူပြီး သေတော့မည် စိုးသည့်အလားမုကျစ်ရှီ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်သည်။
[စက်ဆုပ်ရွံရှာခံရပါသည်။ ပင်ကိုယ်မှတ် +၁]
‘ဘာလဲဟ သူကပဲ ရွံရတယ်ရှ်ိသေး’
စုရှောင်ရှန် မကျေမနပ်ဖြစ်သွားပြီး လက်ညှိုးကွေးကာ ခေါ်လိုက်သည်။ “ဒီနားလာခဲ့”
“ဘာလုပ်မလို့လဲ”
မုကျစ်ရှီက လိမ်လိမ်မာမာပဲ သူ့အနားသွားလိုက်လေသည်။
စုရှောင်ရှန် သူမအနားကပ်ပြီး နှာခေါင်းဖြင့် နမ်းကြည့်လိုက်သည်။ ချက်ခြင်း နောက်သို့ဆုတ်သွားပြီး နှားခေါင်းပိတ်လိုက်ကာ ရွံ့ရှာသလိုဆို၏။ “နံလိုက်တာ ရေမချိုးဘူးလား”
မုကျစ်ရှီ : …
‘ငါက ဆရာ လှောင်ပိတ်ထားတာ ခံတာလေ။ အိမ်ပြန် ရေချိုးပြီး ဒီကိုလာရင် နောက်ကျသွားမှာပေါ့။ ပြီးတော့ … မျက်နှာတော့သစ်ပါတယ်နော်’
[ကျိန်ဆဲခံရပါသည်။ ပင်ကိုယ်မှတ်+၁]
[ကျိန်ဆဲခံရပါသည်။ ပင်ကိုယ်မှတ်+၁]
[ကျိန်ဆဲခံရပါသည်။ ပင်ကိုယ်မှ…
စုရှောင်ရှန် စပ်ဖြီးဖြီးဖြစ်သွားသည်။ သူတွေ့ဖူးသည့် လူများ အနက် ယောင်ယင်ယင်နှင့် မုကျစ်ရှီသာ သူ့ကို ပင်ကိုယ်စွမ်းရည်များ ဆက်တိုက်ပေးနိုင်လေသည်။
ယောင်ယင်ယင်က “ကလူကျီဆယ်” ခြင်းနှင့် “ဖျားယောင်းမြူစွယ်” ခြင်းတို့မှဖြစ်ပြီး ယောင်ယင်ယင်ကတော့ ဆက်တိုက် “ကျိန်ဆဲ” ခြင်းများမှ ဖြစ်သည်။
ဤကောင်မလေးကို စိတ်ဆိုးစေလိုက်သည်နှင့် ပင်ကိုယ်မှတ်များ ဆက်တိုက် ၀င်လာလေသည်။ သို့ဖြင့် သူမကို နံတယ်ဟုပြောတာက ပင်ကိုယ်မှတ် များရစေမည့် လှည့်ကွက်ဆိုတာ ရှာတွေ့သွားသည်။
စုရှောင်ရှန် မုကျစ်ရှီကို တွန်းပြီး “သွားသွား ဝေးဝေးမှာနေ။ ညစ်ပတ်တဲ့ သွေးစုပ်ကောင်”
မုကျစ်ရှီ ဒေါသဖြင့် ပေါက်ကွဲတော့မတတ်ခံစားနေရသည်။ သူမ၏ ပါးပြင်ကလေးများလည်း ဖောင်းလာပြီးတော့ စကားမပြောနိုင်ဖြစ်နေ၏။
‘ငါလည်း မတတ်သာလို့သာ ရေမချိုးရတာပါနော်’
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မ…
သူတို့နောက်မှ ကျိုးထျန်းရှန်ကပ်လာပြီး စုရှောင်ရှန်ကို ပုခုံးတို့လိုက်လေသည်။
စုရှောင်ရှန် သူ့ခေါင်းကို လှည့်ကြည့်လိုက်ရာ ထိတ်လန့်တုန်လှုပ်သွားတော့၏။ ဒီကောင်သာ ထိုမျက်လုံးညိုကြီးနှင့် မျက်နှာ အရေနည်းနည်းတွန့်နေပါက ကျိုးထျန်းရှန်မှ အကြီးအကဲစန်းဟု နာမည်ပြောင်းလို့ရပေတော့မည်။
“ဘာလဲ”
ကျိုးထျန်းရှန် လှံတံကိုကိုင်၍ ရပ်နေသော ယွမ်တုကို တိတ်တိတ်ကလေး မေးငေါ့ပြလိုက်ပြီး “သူ့ကိုကြည့်လိုက်”
“ယွမ်တုလား ဘာဖြစ်လို့လဲ”
“သူမင်းကို သတ်ချင်နေတယ်”
စုရှောင်ရှန်၏ မျက်နှာထက်ရှိ အံ့အားသင့်လို အမူအရာကြောင့် သူ(၃) ရက်တာ အချိန်ဖြုန်းခဲ့ရသည့် သတင်းအချက်အလက်က တန်သည်ဟုခံစားလိုက်ရတော့သည်။
‘ထင်တဲ့အတိုင်းပဲ သူ့မှာ နောက်ထပ် ရန်သူတစ်ယောက်ရှိလာတာကိုမသိဘူး။ ထူးဆန်းတဲ့ကောင်ပဲ’
စုရှောင်ရှန် အမှန်တကယ် အံ့အားသင့်သွားရပါသည်။
‘ဒီကောင့်ကိုကြည့်ရတာ ခက်ခဲတာ တစ်ခုခုကို လုပ်နိုင်လိုက်လို့ ပျော်နေသလိုပဲ’
ကျိုးထျန်းရှန် သူ့လက်ဖမိုးကိုပွတ်နေလေသည်။
စုရှောင်ရှန် ပြောစရာစကားရှာမရသဖြင့် ခေါင်းသာ ခါရမ်းလိုက်၏။ ‘ငါတောင် လူတစ်ယောက်ကို သတ်ပြီးသွားပြီ။ မင်းက အခုမှ လာပြောတယ်။ ဘာလားဟ…”
ကျိုးထျန်းရှန်ကို စုရှောင်ရှန် ဂရုမစိုက်တော့ဘဲ သူ့စိတ်ထဲမှ အသိပေးချက်ဖန်သားပြင်ကိုသာ အရေးပေးလိုက်တော့သည်။
[စောင့်ကြည့်ခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]
သူ့အကြားအမြင်ဖြင့် အနက်၀တ်ယွမ်တုက သူ့ကို ကြည့်နေတာ အချိန်အနည်းငယ်ရှိပြီဖြစ်ကြောင်း သိလေသည်။ ထျန်းရွမ်တံခါးထဲ၌ တစ်ခုခု လုပ်ဖို့ ကြံနေသည်လော။
‘ဒါဆိုရင်တော့ သတိကြီးကြီးထားရမယ်’ သူတွေးလိုက်တော့သည်။
…
အမွှေးတိုင်တစ်တိုင်စာက အချိန်က ကုန်တော့ပေမည်။ ဤနေရာ၌ ထျန်းရွှမ်တံခါး၀င်ခွင့် (၁၀) ယောက်သာမဟုတ်ဘဲ အတွင်းစည်းက ၀င်ခွင့်ဆုံးရှုံးသွားသည့်သူများနှင့်အတူ အခြားလူများလည်း ရောက်နေကြ၏။
လူအုပ်ကြီး၏ မျှော်လင့်နေသော အကြည့်များအောက်၌ အဝေးမှ ပုံရိပ်တစ်ခု ပျံသန်းလာသည်ကို ရဲ့ရှောင်ထျန်းကြည့်လိုက်လေသည်။
“အကြီးအကဲကျောက်ပါလား” စုရှောင်ရှန်၏ မျက်လုံးများ ချက်ခြင်း ပြူးကျယ်သွားတော့သည်။
ဒီလူက စိတ်ဝိညာဉ်အထွေထွေရေးရာဌာနမှ ငန်းသားကင်တဲ့ စာဖိုမှူးမဟုတ်လား။ အဘယ်ကြောင့် ထိုသို့ အရေးကြီးသည့် လူတစ်ယောက်က ဤသို့သော ခမ်းနားသည့် ဇာတ်ဝင်မှုကြီးကို လုပ်ရပါသနည်း။
ကျောက်ကျန်းရှီ လူအုပ်ကြီးကို ပြုံးပြလိုက်သည်။ စကားတစ်ခွန်းမှ မပြောဘဲ ခရမ်းရောင်အစီအရင်ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူပြီး ဘာမှမရှိသည့်လေထဲ ပစ်ထည့်လိုက်၏။
ရွှီးး
အဆုံးမရှိသော စိတ်ဝိညာဉ်စွမ်းအင်များ ထွက်လာခဲ့ပြီး ညီလာခံ ခန်းမ အပြင်ရှိ ထနောင်းပင်ကြီးကိုတောင် ယိမ်းယိုင်သွားစေလိုက်၏။ မူလအနှစ်များ စုစည်းလာခဲ့ကာ နတ်ပြည်အလား မြင်ကွင်း ဖြစ်လာတော့သည်။
ထိုဘာမှမရှိသည့် လေထုတွင် ပင့်ကူအိမ်လို ရှုပ်ထွေးသော အစီအရင် ပုံစံများပေါ်လာကာ ကောင်းကင်ပြာကြီးကို ဖုံးအုပ်လိုက်၏။ ထိုအစီအရင်အတွင်း၌ မီတာ အနည်းငယ်မြင့်မားသော တံခါးကြီးတစ်ခုပေါ်လာလေသည်။
ထိုအနက်ရောင်တံခါးပြီးတွင် အနီရောင် ကနုတ်များကို တွေ့ရပြီး ခမ်းနားလှလေသည်။ တံခါးလက်ကိုင်အဖြစ် အရုပ်ဆိုးသည့် ဦးချိုပါသားရဲရုပ်နှစ်ခုကို ထားရှိပြီးပါးစပ်ထဲတွင်လည်း ရွှေကွင်းတစ်ခုကို ကိုက်ထားလေသည်။
ထျန်းရွှမ်တံခါး
စုရှောင်ရှန် တစ်အောင့်ကြာ အံ့အားသင့်နေပြီးသည့်နောက် သတိပြန်၀င်လာတော့သည်။ သူ့အတွက်တော့ ဤသို့သော တံခါးကြီးကို ဖြစ်ပေါ်နိုင်စေသည့် အကြီးအကဲကျောက်က ပို၍ စိတ်ဝင်စားဖွယ်ကောင်းနေလေသည်။
အကြီးအကဲ ကျောက်ကိုကြည့်နေရင်းမှ မုကျစ်ရှီကို ပုခုံးပုတ်လိုက်သည်။ “စိတ်ဝိညာဉ်အစီအရင် ဆရာသခင်တစ်ယောက်မလား”
“ဝိုးးးး” မုကျစ်ရှီ သူမ၏ ကျစ်ဆံမြှီးနှစ်ခုကို ကိုင်ရင်း အံ့အားသင့်နေသော အမူအရာဖြင့်ဆိုသည်။ “တကယ်ကြီးလား။ အကြီးအကဲကျောက်က အဲ့လောက် သန်မာတယ်ပေါ့”
စုရှောင်ရှန် : …
‘အဲ့တာ ငါ့မေးခွန်းဟ… ဘာလား’
သူတို့နှစ်ယောက်၏ မျက်နှာများပေါ်မှ အံ့အားသင့်နေသော အမူအရာများကိုမြင်လျှင် ကျိုးထျန်းရှန် မှင်တက်သွားသည်။ “မင်းတို့မသိဘူးလား။ အကြီးအကဲကြောက် တစ်ယောက်ယောက်ကို ဆဲတော့မယ်ဆိုရင် အစီအရင် ကျောက်စိမ်းပြားကြီး ကိုင်ထားတတ်တယ်လေ”
“ဟမ်… ဘယ်တုန်းက ဆဲတာလဲ”
နားမလည်နိုင်စွာ သူတို့နှစ်ဦး ကျိုးထျန်းရှန်ကိုလှည့်ကြည့်လိုက်ရာ အကြည့်(၆) ခု စုံသွားကြ၏။
“ငါ…” ကျိုးထျန်းရှန်တစ်စုံတစ်ခုကို သိသွားသည့်အလား ရှက်ရွံ့သွားပြီး သူ့ခေါင်းကို ပိုက်ထားရင်းမှ ခေါင်းငုံ့လိုက်တော့သည်။
‘ချီး… ကြည့်ရတာ ငါတစ်ယောက်ဘဲ အဆဲခံရတယ်ထင်တယ်… ရှက်ဖို့ကောင်းလိုက်တာ’
စုရှောင်ရှန်လည်း အံ့အားသင့်နေရသည်။ အကြီးအကဲကျောက်ကိုသိတာကြာပြီဖြစ်ပေမယ့် စိတ်ဝိညာဉ်အစီအရင် ဆရာတစ်ယောက်ဆိုတာ ခုမှ သိလေသည်။
၎င်းကို နက်နက်ရှိုင်းရှိုင်းလျှို့ဝှက်ထားခဲ့၏။ လူတွေကို အပြင်ပိုင်းကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဆိုတဲ့ ဆိုရိုးစကားက တယ်မှန်လေသည်။
“ဟီးဟီး”
ထျန်းရွှမ် တံခါး၏ အစီအရင် တည်ငြိမ်သွားသည်။ အကြီးအကဲကျောက် နားရွက်တက်ချိန်မတက်ပြုံးပြီး လေးလံဟန်ရသည့် ထိုရှေးဟောင်းတံခါးကြီးကိုဖွင့်ပြီး အထဲမှ ဂယက်ထနေသော အစီအရင်ကြီးကိုပြလိုက်သည်။
“မင်းတို့၀င်လို့ရပြီ”
လူတိုင်း တံခါးထဲဝင်ရန် စိတ်အားထက်သန်နေကြလေသည်။ စုရှောင်ရှန် အဖွဲ့၏ နောက်ဆုံးမှ ကပ်လိုက်သွားလိုက်၏။ သူ့မျက်နှာက မယုံကြည်နိုင်ဟန်ပေါက်နေသေးကာ အကြီးအကဲကျောက်ကိုမေးလိုက်သည်။ “ခင်ဗျားက တကယ် စိတ်ဝိညာဉ်အစီအရင် ဆရာသခင်တစ်ယောက်လား”
အကြီးအကဲကျောက်မျက်ခုံးပင့်ကာ စုရှောင်ရှန်၏ ပုခုံးအပေါ်လက်တင်ပြီး အလေးအနက်ပြောလိုက်သည်။ “ဘာမှ လျှောက်စဉ်းစားမနေနဲ့။ ဒီတံခါးကို ခွန်အား နည်းနည်းရှိတဲ့ ဘယ်သူမဆိုဖွင့်နိုင်တယ်။ ပြီးတော့ ငါကလည်း စိတ်ဝိညာဉ်ဆရာသခင်တစ်ယောက်မဟုတ်ဘူး…”
အကြီးအကဲကျောက်ပြောနေတာတွေ အမှန်လားဟု စုရှောင်ရှန် ယုံရမလားမသိဖြစ်သွားသည်။
အကြီးအကဲကျောက်သက်ပြင်းချရင်း ဆက်သည်။ “အစီအရင်ဆရာသခင်တွေက အားနည်းတယ်။ မင်းက ငါ့ကို သူတို့နဲ့နှိုင်းတာ စော်ကားနေသလိုပဲ… ငါက မဟာဆရာသခင်တစ်ယောက်ကွ”
“…”
သူ့တစ်ကိုယ်လုံး ကျဉ်တက်သွားသည်ဟု စုရှောင်ရှန် ခံစားလိုက်ရတော့သည်။ ဘာပြောနေသနည်းကို နားမလည်မှာခင်ပင် လေထဲကို ပစ်လွှတ်ခြင်းခံလိုက်ရတော့၏။
“ချီးပဲ။ ကျုပ်ပါကျုပ် သွားလို့ရတယ်ဟ”
သူတို့၏ အိပ်မက်နယ်မြေထဲသို့ ၀င်သွားသောသူများကို လူအုပ်ကြီး မနာလိုစွာ ကြည့်လိုက်ကြသည်။
“ထျန်းရွှမ်တံခါးက ဒီလိုကြီးတဲ့။ အဲ့လောက်လည်း မဟုတ်ပါဘူး။ ငါထင်ထားတာက တိမ်တွေပေါ်မှာလိုပေါ့။ ခုဟာက ရိုးရိုးသားသားပြောရရင် … တော်တော်ကြည့်ရဆိုးတယ်”
“ဟုတ်တယ် ငါ့အိပ်မ်ရှေ့တောင် ဒီထက် ပိုကြည့်ကောင်းသေးတယ်”
“သွားကြစမ်း။ သွား သွား”
အကြီးအကဲကျောက် ထို၀န်တိုနေဟန်ရသောမျက်နှာများကို ကူကယ်ရာမဲ့စွာကြည့်လိုက်သည်။ သူတို့က မရင့်မှည့်သေးသည့် အသီးများလို မဲ့ရွဲ့နေကြ၏။
ထားလိုက်ပါတော့။ ဆူမနေတော့ပါဘူး။
ရဲ့ရှောင်ထျန်းကို ကြည့်လိုက်ကာ “ငါတို့လည်း သွားတော့မလား”
“သွားမယ်”
သူတို့နှစ်ယောက် အလင်းအလား ပျောက်ကွယ်သွားကြ၏။ အချိန်တစ်ခုကြာသော် တဲစုတ်လေးတစ်ခုအရှေ့ရောက်လာတော့၏။
ကျွီ
သစ်သားတံခါးကိုဖွင့်လိုက်ရာ အထဲမှ ငြင်းခုန်နေသံကို ကြားလိုက်ရ၏။
“ဘာပြောတယ်။ စုရှောင်ရှန်ကို သတိမပေးလိုက်ဘူးဟုတ်လား။ ကျူပ် အကြိမ်(၁၀၀၀) လောက် ပြောထားတယ်လေ” ၎င်းက ရှောင်ချိစွေ၏ ဒေါသထွက်နေသော အသံဖြစ်သည်။
“ဟီးဟီး… ခွင့်လွှတ် ခွင့်လွှတ် ဒီအဖိုးကြီးမေ့သွားတယ်…”
အကြီးအကဲကျောက်တို့ ခေါင်းများကိုငုံ့ရင်း တဲစုတ်လေးထဲ၀င်ပြီး တံခါးပိတ်လိုက်တော့သည်။ ချက်ခြင်း အတွင်းပိုင်းက မှေးမှိန်သွား၏။
အကြီးအကဲစန်း တူဖြင့် ၀က်ပေါင်အသားသေးတစ်တုံးကောက်ယူလိုက်ပြီး အချဉ်ရည် တို့လိုက်သည်။
“စိတ်မပူပါနဲ့ အဲ့တာ ထျန်းရွှမ်တံခါးလေးပါပဲ။ စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာနမဟုတ်ပါဘူး။ အဲ့ဒီကောင်စုတ်လေး မဖောက်ခွဲနိုင်လောက်ပါဘူး”
“အေးဆေးပေါ့။ ကိစ္စကြီးတစ်ခုမဟုတ်ပါဘူး”