အပိုင်း (၁၂၄) ထျန်းရွှမ်တံခါးရေ ငါလာပြီ
ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်က လူများဖြင့် စည်းကားသိုက်မြိုက်လာပြန်သည်။ “မိုးတိမ်လေပြိုင်ပွဲ” မှ စိတ်လှုပ်မှုများက ပျောက်ကွယ်သွားပြီဖြစ်ပြီး ပြီးခဲ့သည့် ရက်များအတွင်း နန်းတော်က ထျန်းရှန် စီရင်စု၏ မြို့ကြီးများမှ ဂိုဏ်းသားအသစ်များကို ခေါ်ယူခဲ့လေသည်။
သို့ဖြင့် ယခုနှစ် မျိုးဆက်သစ်ဖြင့် အပြင်စည်းက ထထကြွကြွရှိလာတော့လေသည်။ သို့သော် နေရာတစ်ခု၌တော့ အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်နေတော့သည်။
၎င်းက အက်ရာ၊ ချိုင့်ရာများဖြင့် ပြည့်နေသော ခြံလေးတစ်ခုဖြစ်၏။ ထိုဧည့်ဆောင်၏ သစ်သားကုတင်ထက်၌ မျက်ကွင်းများညိုများဖြင့် ကျိုးထျန်းရှန် ခွေခွေကလေးလှဲနေ၏။
စုရှောင်ရှန် အဘယ်ကြောင့် (၃)ရက်၊ (၃) ညတိုင်အောင် ပြန်မလာသလဲ နားမလည်နိုင်ဖြစ်နေသည်။ စုရှောင်ရှန် တစ်ကြိမ်လောက်ဖြစ်ဖြစ် ပြန်လာခဲ့လျှင် ယခုလို ဖြစ်နေစရာမလိုပေ။
“ဒီကောင်ဘယ်သွားနေပြန်ပြီလဲကွာ”
ကောင်းကင်ကြီးကို ကြည့်လိုက်ရာ အတော် လင်းနေပြီမို့ ကျိုးထျန်းရှန် အိပ်ယာမှ ထလိုက်သည်။ တစ်စုံတစ်ခုကို စိတ်ထဲ၌ ရှိလျှင် ထိုအရာ မပြီးမြောက်မခြင်း စားမကောင်း၊ အိပ်မရဖြစ်လေသည်။
သို့သော် ယခုတော့ ထျန်းရွှမ်တံခါးက ဖွင့်တော့မည်ဖြစ်သည်။
“ထားလိုက်ပါတော့။ စုရှောင်ရှန် သူ့ဟာသူ လုပ်ချင်တာလုပ်ပါစေ” ကျိုထျန်းရှန် ယိုင်တိုင်တိုင်နှင့် အခန်းထဲမှ ထွက်သွားလိုက်တော့သည်။
စိတ်ဝိညာဉ်စာကြည့်တိုက်၌ ဖြစ်သည်…။
မုကျစ်ရှီ၏ မျက်နှာတစ်ခုလုံးပေကျန်နေပြီး ခေါင်းတစ်ခုလုံးလည်း ဆံပင်များရှုပ်ပွနေသည်။ သူမ ရေမချိုးရတာ (၃) ရက်ရှိပြီဖြစ်သည်။ သာမန်အခြေအနေ၌ဆိုပါက ၎င်းကို ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ပေ။
“ဆရာပြောတာတော့ (၃) ရက်လောက် ဆေးအဆီအနှစ်ကို အကောင်းဆုံးကြိုးစားပြီး သန့်စင်ရမယ်တဲ့။ ဒါပေမယ့်…”
မုကျစ်ရှီ ဆေးအဆီအနှစ်များဖြင့် ပြည့်နေသည့် အိုးကြီးကြည့်ပြီး နှုတ်ခမ်းစူလိုက်သည်။ အကြီးအကဲစန်းပေးသော ထိုတာ၀န်က ပြီးမြောက်ရန် (၃) ရက် တောင်မကြာလိုက်ပါလေ။
သူမ၏ ဆရာ အဘယ်ကြောင့် တံခါးလာမဖွင့်ပေးရသေးသနည်း။
“ဟူးးး ငါရေချိုးချင်တယ်…”
ပြူတင်းပေါက်ဘောင်ပေါ်မှ မေးထောက်ရင်း အပြင်ဘက်ကို ကြည့်လိုက်လေသည်။ ရုတ်တရက် ကန်တော့ချိန်ကောက်ရိုးခမောက်စောင်းပုံရိပ်တစ်ခုကို တွေ့လိုက်ရာ အလွန်အမင်း စိတ်လှုပ်ရှားပြီး ထခုန်တော့သည်။
အကြီးအကဲစန်း တတိယအလွှာပေါ်ရောက်လာသောအခါ ဆေးအဆီအနှစ်များဖြင့် ပြည့်နေသော ဆေးမီးဖိုအိုးကြီးကိုကြည့်ပြီး အံ့အားသင့်သွားသည်။ “ဒါနင်လုပ်ထားတာလား”
မုကျစ်ရှိခေါင်းညိတ်လိုက်သည်။ ထို့နောက်ကြမ်းခင်းပေါ်မှ ဆေးပုလင်းများကိုလည်း လက်ညှိုးထိုးပြပြီး နှုတ်ခမ်းစူ၍ မပျော်မရွှင်ပြောလိုက်၏။ “ဒါတွေလည်း ဖြည့်ပြီးသွားပြီ။ ဆရာ… ဘာလို့ ကျွန်မကို တံခါးလာမဖွင့်ပေးတာလဲ”
အကြီးအကဲစန်းသူ့တပြည့်၏ အောင်မြင်မှုကြောင့် ၀မ်းသာသွားလေသည်။ သူ့ဒုတိယမြောက်တပြည့်တွင် ထူးခြားသော ပင်ကိုယ်ပါရမီပါလာခဲ့၏။
ထိုစိတ်ဆိုးနေသည့် ကလေးမလေးကို အကြီးအကဲစန်းခေါင်းပွတ်ပြီး နှစ်သိမ့်စကားဆိုလိုက်သည်။ “ဆေးဖော်စပ်တယ်ဆိုတာ အနုပညာတစ်ခုကို ဖန်တီးခြင်းပဲ။ အောင်မြင်ချင်တယ်ဆိုရင် စိတ်ရှည်ရတယ်။ ဒီတစ်ခါတော့ လုပ်တာမဆိုးဘူး။ ကဲ ခုသွားတော့”
“မဆိုးဘူးပဲလား” မုကျစ်ရှီရေရွတ်လိုက်သည်။ ထို့နောက် ထွက်သွားချင်စိတ်များပျောက်ဆုံးသွားကာ “ ‘မဆိုးဘူးပဲ’ ဆိုတာ ဘာသဘောလဲ ဆရာ။ စုရှောင်ရှန်က ကျွန်မထက် ပိုတော်လို့လာ”
အကြီးအကဲစန်းပေးသော ကျောက်စိမ်းစာလိပ်အရတော့ သူမ၏ အလျင်က ပြိုင်စံရှားဖြစ်လေသည်။ အဘယ်ကြောင့် “မဆိုဘူး” ပဲနဲ့တုန်း။
စုရှောင်ရှန် သူမကို အနိုင်ယူလိုက်ကတည်းက တကောင့်သားကို အနိုင်ပြန်ယူချင်နေလေသည်။ အခွင့်အရေးရပါကလည်း သူ့ထံမှ ရနံ့ကြောင့် စိတ်မလွတ်တော့ပါဟု ကျိန်ဆိုလိုက်၏။
ဤသည်ကိုကြားသော် အကြီးအကဲစန်း၏ အပြုံးအေးခဲသွား၏။ ‘ငါတော့ ကိုယ့်စကားနဲ့ကိုယ် တိုင်ပြန်ပတ်တာပဲ။ ဆေးဖော်စပ်ခြင်းမှာ ဒါက ပထမအဆင့်ပဲရှိသေးတာလေ။ ငါက သူ့ကို ဘယ်လောက်ထပ်ပြီး ချီးမွန်းရမှာ… ပြီးတော့ စုရှောင်ရှန်နဲ့ယှဉ်ရင် ဒီလောက်လေးက…”
“ခုပြောတော့မှ သူ့ကို ဒီအဖိုးကြီး လွန်ခဲ့တဲ့ (၃) ရက်လောက်က နှင်ထုတ်ထားတာကို သတိရတယ်။ သူ့ တိုးတက်မှုကိုတောင် မဆန်းစစ်ကြည့်ရသေးဘူး”
“ဒါပေမယ့်…” အကြီးအကဲစန်း ဆေးအဆီအနှစ်များဖြင့် ပြည့်နေသော ခြေသုံးချောင်ထောက် ဆေးမီးဖိုအိုးကြီးကိုကြည့်ပြီး ယုံကြည်ချက်ရှိရှိ ခေါင်းညိတ်လိုက်လေသည်။ “သူ့ထက်တော့ အပုံကြီးသာတယ်”
ကလေးမလေးရဲ့ ကျစ်ဆံမြှီးနှစ်ခုက ပျော်ရွှင်မှုတို့ဖြင့် အသက်၀င်လှုပ်ရှားလာပြီး နေလို့လည်းကောင်းသွားသည်။
“ဒါက ဆေးဖော်စပ်ခြင်းနည်းလမ်းတစ်ခုပဲရှိသေးတာ” အကြီးအကဲစန်းက ထပ်၍ ဆိုသည်။
မုကျစ်ရှိ မော့ကြည့်လိုက်ပြီး သိလိုစိတ်ပြင်းပြစွာမေးလိုက်သည်။ “သူကကော ကျွန်မ ထက် ဆေးဖော်စပ်တာပိုတော်လို့လား”
အကြီးအကဲစန်း ခေါင်းသာခါလိုက်ပြီး ပြန်မဖြေလိုက်ပါပေ။ သူ့မျက်နှာအမူအရာကတော့ အသိအသာကြီး ထူးမခြားနားဖြစ်သွား၏။
‘ဆေးဖော်စပ်ဖို့တော့မသိဘူး အိမ်ဖြိုရမယ်ဆိုရင်တော့ နင့်ထက် အဆ(၁၀၀) လောက်ပိုသာတယ်။ ဒါကကောင်းတဲ့အရာမဟုတ်သလို အဲ့တာကြောင့်လည်းပဲ သူ့ကို ဒီက နှင်ထုတ်လိုက်တာပေါ့’ အကြီးအကဲစန်း တွေးလိုက်သည်။
“သွားတော့ ထျန်းရွှမ်တံခါးက ဖွင့်တော့မယ်။ အကောင်းဆုံးလုပ်ခဲ့” အကြီးအကဲစန်း ကျောက်စိမ်းစာလိပ်တစ်ခု ပစ်ပေးပြီး ဆိုလိုက်သည်။
“ဘာကြီးလဲ”
“လျှို့ဝှက်နယ်ပယ်ထဲက နေရာတွေမှတ်ထားတဲ့ မြေပုံပဲ။ ဘယ်သူ့ကိုမှမပြနဲ့ နင့်ဆရာတူအကိုနဲ့ပဲ မျှသုံးပေါ့”
မုကျစ်ရှီ၏ မျက်၀န်းများ ၀င်းပသွားပြီး “ကျေးဇူးပါ ဆရာ”
အကြီးအကဲစန်း ခုန်ပေါက်ပြေးသွားသော မုကျစ်ရှီကို ပြူတင်းပေါက်မှကြည့်ပြီး နှုတ်ခမ်းထောင့် အလိုလိုနေရင်း ကွေးတက်သွားလေသည်။ သူ့စိတ်အခြေအနေလည်း ပို၍ တည်ငြိမ်လာခဲ့သည်။
ထို့နောက် ကောင်းကင်ကို တွေဝေနေဟန်ရသော မျက်၀န်းများဖြင့် မော့ကြည့်လိုက်ပြီး ကောက်ရိုးခမောက်ကို အောက်သို့ အနည်းငယ် ဆွဲချလိုက်လေတော့သည်။
“အချိန်မရှိတော့ဘူး… စုရှောင်ရှန် မင်းကို ငါဘယ်လို အသုံးချရမလဲ”
အတွင်းစည်းရှိ လန်ရှင်းရှီ၏ အိမ်အတွင်း၌…။
အနက်၀တ်ဖြင့် ယွမ်တု တစ်စုံတစ်ယောက်ကို စောင့်နေသည့် ဟန်ဖြင့် သူ၏ ဆန်းကြယ်သည့် စစ်ဘုရင်လှံတံကို ကိုင်ပြီးရပ်နေလေသည်။
တံခါးဖွင့်သံတစ်ခုနှင့်အတူ သွေးနီရောင်ပုလင်းတစ်လုံးကို ကိုင်ထားသော လန်ရှင်းရှီအထဲသို့ ၀င်လာခဲ့သည်။
“နင်တကယ် ဒီဟာကို သုံးတော့မှာလား။ ပြီးရင် နောက်ပြန်လှည့်လို့မရတော့ဘူးနော်”
ယွမ်တု အထင်အမြင်သေးဟန်များဖြင့် သူမလက်ထဲမှ ပုလင်းကိုယူလိုက်၏။
“စုရှောင်ရှန်က အရမ်းသန်မာတယ်။ သူ့ပေါတောတော အပြုအမူကြောင့် လူတိုင်းဖ ဒီအချက်ကိုမေ့နေကြတယ်။ ငါ့အကောင်းဆုံးအခြေအနေမှာတောင်မှ ဒီအရာမပါဘဲ သူ့ကို အနိုင်ယူနိုင်မယ်လို့မထင်ဘူး”
လန်ရှင်းရှီ ထိုသို့ မထင်သဖြင့် အသာအယာရယ်လိုက်သည်။
“ကံကောင်းပါစေ”
ယွမ်တု ခေါင်းညိတ်ပြီး အလျှင်အမြန်ပျောက်သွား၏။
စုရှောင်ရှန်၏ အတွင်းစည်းအိမ်၌…။
ဘုန်းးးးး…။
ဧည့်ဆောင်လည်း အပြင်းအထန်တုန်ခါသွာပြီး ၀န်းကျင်တစ်ခုလုံး ဖုန်တစ်ထောင်းထောင်းထသွား၏။ နောက်ဆုံးတော့ (၃)ရက်တာမျှ ခုခံပြီးနောက် သစ်သားပြူတင်းပေါက်ဘောင်လေး ကြမ်းပြင်ပေါ်ကျသွားတော့သည်။
“အောင်ပြီကွ”
စုရှောင်ရှန် သိန်းထီပေါက်သည့်အလား အလွန်စိန်လှုပ်ရှားနေတော့သည်။ သူ့ဆေးမီးဖိုအိုးထဲ၌ တစ်ခြမ်းသာရှိသော ဆေးလုံးများကိုမြင်ပြီးနောက် ပျော်ရွှင်မှုကိုထိန်းမရတော့ဘဲ အသံပြဲကြီးဖြင့် ထရယ်တော့၏။
“ဟားဟားဟား။ အောင်မြင်သွားတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး”
စုရှောင်ရှန် ဆေးတစ်လုံးကိုကောက်ယူလိုက်သည်။ ဆေးလုံးမှပေးသော သာယာမှုများကို ခုခံရင်း တစ်ချက်တုန်ခါသွား၏။ ဘယ်လောက်ရင်းနှီးရင်းနှီး ထိုဖြစ်စဉ်က အလွန် အသဲကွဲကြေစရာကောင်းလေသည်။
စိတ်ဝိညာဉ်စွမ်းအင်များ သူ့ဒန်ထျန်ထဲ အလုံးအရင်း၀င်လာတော့သည်။ ထိုဆေးလုံးမှစွမ်းအင်က တစ်ပါတ်အတွင်းသန့်စင်ပြီးနောက် သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်လာပေလိမ့်မည်။
စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့်(၉)က စိတ်ဝိညာဉ်အရည်များကို (၃) ရက်တာ စုပ်ယူနေပြီးနောက်မှာ ပြီးပြည့်စုံကာ မကြာခင် အဆင့်တက်တော့မည့်ဟန် ပေါက်နေသည်။
“တကယ် အလုပ်ဖြစ်တယ်ဟ”
စုရှောင်ရှန် သူ့ကျင့်ကြံမှူနယ်ပယ်ကို အရေးမပေးနိုင်ပါပေ။ သူ့လက်ထဲမှ တစ်ခြမ်းသာရှိသော ဆေးလုံးကိုကြည့်ပြီး မျက်ရည်များထွက်လာတော့ မတတ်ဖြစ်သွား၏။
“ငရဲမီးတောက် ဆေးလုံးသိပ်သည်းခြင်း” နည်းလမ်းကိုတိုးတက်အောင် သူ့ကိုယ်ပိုင် “စွပ်ပြုတ်” နည်းလမ်းတို့ကို ပေါင်းစပ်ဖို့ (၃)ရက်လုံးလုံး သူ့စိတ်ဝိညာဉ်အနှစ်များကိုတောင် အသုံးပြုခဲ့ရသည်။
သိပ်သည်းခြင်းနောက်ဆုံးအဆင့်၌ ရုပ်ပိုင်းဆိုင်ရာ ဖိသိပ်ခြင်းကို ပေါင်းထည့်ပြီးမှ ဆေးအရည် အခြေအနေမှ အဆိုင်အခဲ အခြေအနေကို ပြောင်းလိုက်နိုင်လေသည်။
စုရှောင်ရှန် ကျယ်ကျယ်လောင်လောင် ရယ်မောနေရင်း လက်ထဲမှ ဒုက္ခိတ စိတ်ဝိညာဉ်ဆေးလုံးလေးကို ပွတ်နေတော့သည်။
“သေးတယ်ဆိုပေမဲ့လည်း ဒီနေ့ ငါအဆင့်(၉) ဆေးဖော်စပ်သူတစ်ယောက်ဖြစ်လာပြီလို့ပြောလို့ရတယ်… ဟုတ်တယ် အဆင့်(၁၀) မဟုတ်ဘူး။အဆင့်(၉)ကွ”
အဆင့်(၁၀) ရွှေနီဆေးလုံးကတော့ ပထမရက်ကတည်းက သူသန့်စင်လို့ ပြီးပြီဖြစ်သည်။
“စာဖိုမှူး ကျွမ်းကျင်ပင်ကိုယ်စွမ်းရည်က ကြမ်းတယ်ကွာ”
စုရှောင်ရှန် ခံစားချက်များ ပြင်းထန်နေတော့၏။ “ရွှေနီအရည်” နှင့် “စိတ်ဝိညာဉ်အရည်” တို့ကို သေချာ လေ့လာပြီးနောက် သာမန်အဆိုင်အခဲသဏ္ဌာန် ဆေးလုံးများထက် အဆပေါင်းမျာစွာ ပို၍ တိုးတက်အောင် လုပ်နိုင်သွားလေသည်။
ဈေးကွက်၏ အဆိုင်အခဲသဏ္ဌာန် ဆေးလုံးကိုသာ ကြည့်နေရန် မလိုပါက…
“ထားလိုက်ပါတော့။ ဆေးလုံးက အဆိုင်အခဲသဏ္ဌာန်ဖွဲ့လိုက်ရင် ဆေးဂုဏ်သတ္တိတွေ ဆုံးရှုံးသွားမယ်ဆိုပေမယ့် လူတိုင်းကလည်း ဒီပုံစံကိုပဲ လိုလျင်တာမလား။ ဒီဆေးရည်တွေကို ငါသုံးဖို့ပဲ ထားတော့မယ်”
ဆေးဖက်၀င် စွပ်ပြုတ်ဖြင့် နာမည်ကြီးလာတော့မည်ကို တွေးမိပြီး စုရှောင်ရှန် စပ်ဖြီးဖြီးဖြစ်သွားတော့၏။
“လူတိုင်းကို ငါ့ရဲ့ ဆေးစွပ်ပြုတ်ကိုသောက်နိုင်ဖို့က ငါ့အိပ်မက်ပဲကွ”
နေရောင်လာထိုးသဖြင့် ခေါင်းကိုစောင်းပြီးကြည့်လိုက်ရာ နေအတော်မြင့်နေပြီဖြစ်ကြောင်းသိလိုက်ရတော့သည်။ သို့ဖြင့် အလျင်အမြန် လှုပ်ရှားလိုက်တော့လေသည်။
တကယ်က ဧည့်ဆောင်က နေရောင်မထိုးနိုင်ပါပေ။ ဆေးဖော်စပ်ခြင်းအကြိမ်ရေအနည်းငယ်ကြာပြီးနောက်မှသာ အပေါက်များဖြစ်လာခြင်းဖြစ်သည်။
“ခုချိန်လောက်ဆို ထျန်းရွှမ်တံခါး မကြာခင် ဖွင့်လောက်ပြီ”
ကျင့်ကြံသူများ ကျင့်ကြံကြရင်း အချိန်ကို အလွယ်တကူ မေ့သွားနိုင်လေသည်။ စုရှောင်ရှန်တောင် လေ့လာရင်း အချိန် (၃) ရက်ကုန်ဆုံးသွား၏။ မမျှေယ်လင့်ထားစွာ ဤအတောအတွင်း လုပ်ကြံခြင်းမခံရသည့်အတွက် အနည်းငယ် အံ့အားသင့်သွားရလေသည်။
“ဟားဟား။ ထျန်းရွှမ်တံခါးထဲ ရောက်ရင်တော့ သူတို့ငါ့ကို သတ်ဖို့ မဖြစ်နိုင်လောက်တော့ပါဘူး”
စုရှောင်ရှန် ထိုပေါကြောင်ကြောင်အတွေးကို မကြာခင် ခါထုတ်လိုက်တော့သည်။
မျက်နှာသစ်သွားတိုက်လုပ်ပြီးနောက် နေပူနေသည်တောင် စုရှောင်ရှန် အင်္ကျီကို အထူကြီး၀တ်လိုက်တော့သည်။
“ထျန်းရွှမ်တံခါးရေ ငါလာပြီ”
“ငါကြားရသလောက်တော့ အဲ့ဒီက စိတ်ဝိညာဉ်စွမ်းအင်သိပ်သည်းမှုက အပြင်စည်းထက် အဆ(၁၀၀) လောက်ပိုများတယ်တဲ့။ ဟုတ်ရဲ့လား။ ဒီသခင်လေးက အဆင်သင့်ပဲကွ။ နောက်တစ်ခါ မင်းတို့ အမျိုးတွေစီ မရှုံးစေရတော့ဘူး”
ထိုသို့ တွေးမိပြီး အင်္ကျီနောက်ထပ် (၃) ထည်လောက် ထပ်၀တ်လိုက်၏။
“လာစမ်းပါ။ မကြောက်ဘူးကွ”