အပိုင်း (၁၂၂) ၀က်ပေါင်ပြုတ်
စုရှောင်ရှန်အတွက်တော့ ပါးစပ်ပိတ်ခိုင်းတာက မိဘက ကလေးသူငယ် ဆော့တာကို တားဆီးနေသလိုပင်။
သို့ဖြင့် အကြီးအကဲစန်း၏ ဆေးဖော်စပ်ခြင်းဖြစ်စဉ်ကိုကြည့်ရင်း မုကျစ်ရှီကို တိုးတိုးလေး ရှင်းပြလေသည်။
စာဖိုမှုးကြောင့် ထိုဆေးမီးဖိုအိုးကြီးနှင့် မီးတောက်ကိုမြင်တိုင်း သူ့စိတ်ထဲ သစ်သား၊ ဆန်၊ ဆီ၊ ဆား အစရှိသဖြင့် ပေါ်လာနေတော့သည်။ ဆေးဖော်ခြင်းဖြစ်စဉ်ကို ချက်ပြုတ်ခြင်းနှင့် ရှင်းပြတာက ပို၍ နားလည်လွယ်ဟန်ပေါက်သည်။
မီးပါလိုက်သည်နှင့် စာဖိုမှုးကြောင့် သူမြင်လိုက်ရသည့် မည်သည့်အရာမဆို အစားအစာအဖြစ် ပြောင်းလဲလို့ရတာကို စုရှောင်ရှန် အံ့အားသင့်သွာသိလိုက်ရသည်။
သို့ဖြင့် ပုံရိပ်ယောင်ထဲမှ ဖြစ်စဉ်ကို ပြန်စဉ်းစားရင်း အဆိုပါ ပင်ကိုယ်စွမ်းရည် အဆင့်တစ်ခုသို့ရောက်သောအခါ ကောင်းကင်နှင့် မြေပြင်ကို မီးဖိုအဖြစ် မှတ်ယူပြီး အရာအားလုံးကို ချက်ပြုတ်လို့မရလား အတွေးပေါက်လာတော့၏။
‘ဘယ်လိုကြည့်ကြည့် ဆေးဖော်တာက ချက်ပြုတ်တာနဲ့ တစ်ပုံစံတည်းပဲ… စာဖိုးမှုး ပင်ကိုယ်စွမ်းရည်ရဲ့ ရှူထောင့်ကနေကြည့်ရင်တော့ ကောင်းကင်နဲ့ မြေပြင်ကြားက အပင်ဖြစ်ဖြစ် သတ္တဝါဖြစ်ဖြစ် ချက်ပြုတ်သလို့ရတဲ့အရာတွေပဲ… မီး၊ ဒယ်အိုး၊ နဲ့ အသီးအရွက် အသားဘာညာ အရာအားလုံးက ချက်ပြုတ်တာကိုပဲ ဦးတည်နေတယ်မလား…’
စုရှောင်ရှန် အလင်းပေါက်သွားသည်။ အစက စာဖိုမှူးက မီးကိုထိန်းချုပ်ခြင်းအတွက်သာ အသုံး၀င်သည်ဟု ထင်ထားခဲ့လေသည်။ သေချာပြန်စဉ်းစားကြည့်မှ ဓားထိပ်သီးကဲ့သို့ အလုံးစုံ အသုံး၀င်နေတော့သည်။
‘ငါ့အကန့်အသတ်ရှိတဲ့ စဉ်းစားနိုင်စွမ်းလေးကြောင့်သာ မစဉ်းစားမိတာ… ထူးတော့ ထူးဆန်းပေမယ့် စာဖိုမှူးကို တိုက်ခိုက်တဲ့နေရာမှာ သုံးရင်လည်း ရတာပဲ။ ထင်မထားလောက်အောင် ကြမ်းရင် ကြမ်းနေမှာ… ဒါ့အပြင် လိုက်ဖက်တဲ့ နည်းစနစ်တွေကိုသုံးရင်လည်း ပိုအကျိုးရှိမယ့်ပုံပဲ…’
‘ဘာပဲဖြစ်ဖြစ်ပါ စားဖိုမှူးက တိုက်ခိုက်တဲ့ နေရာမှာ ထူးဆန်းနေရင်တောင် အကျိုးရှိရင် ပြီးတာပဲ… နောက်မှ သေချာပြန်စဉ်းစားကြည့်ရမယ်’
ထိုအချိန်၌ အကြီးအကဲစန်းလည်း ဆေးဖော်စပ်လို့ပြီးတော့မည်ဖြစ်ကာ စုရှောင်ရှန်လည်း ပင်ကိုယ်မှတ် ရာနှင့်ချီ၍ ရပြီးသွားလေပြီ။
အများစုက သူ၏ “နည်းနည်းစပ်တယ်”၊ “အရမ်းခါးတယ်” အစရှိသဖြင့် မှတ်ချက်များမှ “သံသယ” ဖြစ်ခြင်းကြောင့် ရရှိခြင်းဖြစ်လေသည်။ သူ၏ ကျယ်ပြန့်သော အသိအမြင်ကြောင့် အချို့ “လေးစားခံ” ခြင်းမှ ရရှိသော အမှတ်များလည်းပါသည်။
“ကျိန်ဆဲ” မှုများကိုတော့ စကားထဲထည့်ပြောနေစရာလိုပေ။ စုရှောင် သူ့အဘိဓာန်၌ ဤသို့သော စကားလုံးမျိုးမရှိဟု ပြောလိုက်၏။
မုကျစ်ရှီ အစက စုရှောင်ရှန်ပြောနေသည်များကို မယုံပေ။ ထိုသို့ဖြစ်ရခြင်းမှာလည်း သူ၏ ဖော်ပြချက်များက သူကိုယ်တိုင်စားဖူးသကဲ့သို့ “ချိုသည်၊ ငန်သည်၊ ခါးသည်၊ စပ်သည်” အစရှိသဖြင့် ဖြစ်နေသောကြောင့်ပင်။ သို့သော် အကြီးအကဲစန်းက သူပြောသည်များကို မငြင်းပယ်လေရာ အမှန်တွေလားဟု တွေဝေလာသည်။
အဆုံးတော့ သူ၏ အဆုံးမရှိသော ရှင်းပြချက်များက သူမကို ဦးနှောက်ဆေးလိုက်သကဲ့သို့ရှိကာ စုရှောင်ရှန်၏ရှင်းပြချက်များက ယုတ္တိရှိသည်ဟု ခံစားလိုက်ရတော့၏။
ဤသို့ ကျယ်ပြန့်သော အသိအမြင်ကြောင့် အကြီးအကဲစန်း၏ တပြည့်ဖြစ်တာအလွန်ကြာလောက်ပြီလားဟု တွေးလိုက်သည်။
ပါးစပ်ထောင့်မှ သရေများကိုသုတ်ပြီး ဆေးအိုးကြီးထဲမှ ပျစ်ခဲလုစဲစဲ ဆေးအရည်များကို လက်ညိုးထိုးပြီးမေးလိုက်သည်။ “အဲ့တာဘာကြီးတုန်း”
“အဆီအနှစ်တွေ”
စုရှောင်ရှန်၏ ယုံကြည်ချက်မြင့်မားသော စကားများကြောင့် အကြီးအကဲစန်း ခေါင်းမူးသလိုလိုရှိလာခဲ့လေသည်။ သို့သော် စုရှောင်ရှန်၏ အသေးစိတ်ဖော်ပြ၊ရှင်းပြ ချက်များကြောင့် သူတောင် အံ့အားသင့်သွားရကာ အမှားမတွေ့သည့်အတွက် ပြောစရာစကားမရှိဖြစ်နေသည်။
စုရှောင်ရှန် လေထဲတွင် စက်၀န်းတစ်ခုပုံစံ လက်ဖြင့် ဆွဲလိုက်ပြီး
“၀က်ပေါင်ခြောက်စားဖူးတယ်မလား။ အဲ့လိုပဲ။ အိုးထဲ သေရည်နဲ့အတူ ရောသမမွှေပြီး အသားနီရဲလာတဲ့အထိ အပူပေးသလိုပေါ့။ အဲ့နေရာမှာ အရေးကြီးဆုံးက ပြီးရင် ရလာတဲ့ အရည်တွေပဲ။ အဲ့တာတွေကို မရှိရင် ပြုတ်ထားတဲ့ ၀က်ပေါင်ခြောက်က အရသာမရှိတော့ဘူး”
ထို့နောက် ခဏရပ်လိုက်ပြီး ဆိုလိုက်သည်။ “ဆေးဖော်စပ်တာကလည်း အဲ့လိုပဲ”
မုကျစ်ရှီ ကြက်အစာကောက်သကဲ့သို့ ခေါင်းကို ဆက်တိုက်ညိတ်နေပြီး တံတွေးများလည်း မျိုချနေရသည်။ ဆေးမီးဖိုအိုးကြီးထဲ၌ အနက်ရောင် အလုံးကြီးတစ်ခုဖြစ်ပေါ်ပြီးမှ ဆေးလုံးများ ပုံသဏ္ဌာန်ဖြစ်ပေါ်လာပြီး လှိမ့်ဆင်းလာတော့လေသည်။
အကြီးအကဲစန်း ဆေးလုံးများကို ထုပ်ပိုးလိုက်ပြီးနောက် စုရှောင်ရှန်ကို ကျောက်စိမ်းစာလိပ်တစ်ခု ကမ်းပေးလိုက်ပြီး မှုန်သုန်သုန် မျက်နှာထားဖြင့်ဆိုသည်။ “ဒါက ဆေးဖော်စပ်တဲ့နည်းတွေပဲ။ တစ်နေရာရာသွားပြီး လေ့ကျင့်ချည်။ ငါမင်းရဲ့ ဆရာတူညီမလေးကို အဆီအနှစ် ဘယ်လို သန့်စင်ရလဲဆိုတာ သင်ပေးလိုက်ဦးမယ်”
စုရှောင်ရှန် ထိတ်လန့်တုန်လှုပ်သွားသည်။ သူ့ဆရာ ဘက်လိုက်နေသည်လော။ သူ့တုန်းကကြတော့ ဘယ်လို သန့်စင်လဲ ကိုယ့်ဟာကိုယ် အဖြေရှာရပြီးတော့ မုကျစ်ရှီအလှည့်ကြတော့ သင်ပေးသည်တဲ့။
“မသွားဘူး။ ဒီမှာပဲ သုံးရက်သုံးည လေ့လာတော့မယ်”
အကြီးအကဲစန်း ပျို့တက်ချင်သလိုလိုဖြစ်လာ၏။ ‘မင်းအရင်တစ်ခေါက် သုံးရက်သုံးညနေတုန်းက စာကြည့်တိုက်ကိုဖောက်ခွဲပစ်လိုက်တယ်။ ဒီတစ်ခါ သုံးရက်သုံးညနေရင် ငါ့ကို ဆာလောင်မွတ်သိပ်အောင် လုပ်လိုက်မလားပဲ’
“မရဘူး နောက်တစ်မိနစ်တောင် မနေရဘူး.. ထွက်သွား” အကြီးအကဲစန်းပြောသည်။
စုရှောင်ရှန် မျက်မှောင်ကြုတ်လိုက်ပြီး “ခင်ဗျားရှာထားတဲ့ ပြဿနာကြောင့် ရန်သူတွေက အပြင်မှာ တံခါးခေါက်ဖို့ ရောက်နေကြပြီလေ။ ဒီမှာ ဆက်မနေရင် သေသွားမှာပေါ့”
“ဒီလောက် ပမွှားလေးတောင် မဖြေရှင်းနိုင်ရင် အနာဂါတ်မှာ ကြီးကျယ်တဲ့အရာတွေကို ဘယ်လို ယူနိုင်မှာလဲ”
အကြီးအကဲစန်း လက်သုံးချောင်းပြ၍ “မင်းမှာ ထွက်သွားဖို့ အချိန် (၃)စက္ကန့်ရမယ်”
စုရှောင်ရှန် မုကျစ်ရှီကိုကြည့်လိုက်ရာ ပြက်ရယ်ပြုသလိုလို ပြုံးနေသော မျက်နှာကို မြင်လိုက်ရ၏။
‘ဟက်… ကျေးဇူးမသိတတ်လိုက်တာ ငါရှင်းပြတာတွေအကုန် အလကားပဲ’
ထိုသို့ တွေးရင်း နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားလိုက်တော့သည်။
အကြီးအကဲစန်း မုကျစ်ရှီကို အာရုံပြန်စိုက်လိုက်ပြီး လက်ဆောင်အနေဖြင့် လက်စွပ်တစ်ကွင်းထုတ်ပေးလိုက်၏။
“ဟီးဟီး… နင့်ဆရာတူအကိုကြီး ရှင်းပြတာတွေကြားပြီးတော့ လုပ်စဉ်နဲ့ ရင်းနှီးလောက်ရောပေါ့။ သူပြောတာတွေ အကုန်မမှန်ပေမယ့် အခြေခံ ဆေးပင်တွေရဲ့ ဂုဏ်သတ္တိတွေကိုတော့ မှန်အောင်ပြောသွားတယ်”
စုရှောင်ရှန်ကိုလည်း ထိုမျှ သိရအောင်လည်း မသင်ပြပေးဖူးပါ။ ကွယ်ရာမှာ တိတ်တိတ်လေးကြိတ်၍ လေ့လာနေခြင်းသာဖြစ်ရမည်။
‘ထင်တဲ့အတိုင်းပဲ ငါ့သင်ပြတဲ့နည်းက အကျိုးသက်ရောက်မှုအရှိဆုံးပဲ’ သူတွေးလိုက်သည်။
“နင့်မှာ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ် မရှိပေတဲ့အတွက် ငရဲမီးတောက် မျိုးဆက် ဖော်စပ်တဲ့နည်းလမ်းကို မပေးတော့ဘူး။ ဆေးဖော်စပ်တဲ့သူတွေလိုက်တဲ့ သာမန် နည်းစနစ်ကိုပဲ သင်ပေးလိုက်မယ်။ အဲ့တာနဲ့ ပတ်သက်ပြီး အသေးစိတ်ကျတဲ့ အချက်အလက်တွေ သိုမှီးထားတဲ့ ကျောက်စိမ်းစာလိမ်ဒီလက်စွပ်ထဲမှာရှိတယ်”
“ကြိုးစားလေ့ကျင့်ပြီး တစ်ဆင့်ခြင်းစီ ဆေးအဆီအနှစ်ထုတ်ကြည့်ပေါ့။ နင့်အကိုကြီးလည်း အဲ့လိုလုပ်ခဲ့ရတာပဲ… ပြီးတော့ ကိုယ်တိုင်ကိုယ်ကြ လုပ်မှ ပဲရတာ။ ကြိုးစား”
ထိုသို့ပြောပြီးနောက် ကလေးမလေးကို တစ်ယောက်တည်းထားခဲ့ပြီး ပျောက်ကွယ်သွားတော့သည်။
‘ဘာလဲဟ။ စောနကကြတော့ ဆူညံနေကြပြီး ခုတော့ ငါတစ်ယောက်တည်း ကျန်တော့တယ်။ ဆရာတပြည့်လို့မပြောရဘူး’ မုကျစ်ရှီတွေးလိုက်၏။
စိတ်ဝိညာဉ်အထွေထွေ ရေးရာ ဌာန၌…။
ကန်တော့ချွန်ကောက်ရိုးခမောက်စောင်းအဖိုးကြီး ပထမ ကောင်တာသို့ ရောက်လာပြီး ကျောက်ကျန်းရှီလက်ထဲမှ အစီအရင်ပဲ့ကိုင်ကို ဆွဲယူလိုက်တော့သည်။ အကြီးအကဲကျောက် လန့်ဖျပ်သွားတော့၏။
“ဘာလုပ်မလို့လဲ” သူမေးသည်။
“ဟီးဟီး… ဟီးဟီး”
အကြီးအကဲစန်း သူ့ဗိုက်ကိုပွတ်ရင်းမှ လျှာသပ်ပြီး ပြောလိုက်သည်။ “သွားစို့ ၀က်ပေါင်ခြောက် သွားပြုတ်ရအောင်”
စုရှောင်ရှန် အတွင်းစည်းက သူ့ခြံလေးထဲရောက်လာသည်။ အကြီးအကဲစန်းက စာကြည့်တိုက်၌ နေခွင့်မပေးမှတော့ ဒီကိုသာလာရုံရှိတော့လေသည်။ ထို့ပြင် ရန်သူကလည်း သူ့လက်အောက်ငယ်သားများကိုသာလွှတ်ပေလိမ့်မည်။
ဤသည်ကို ကျန်းရှင်းရှုံဘက်က လုပ်ကြံမှုနှစ်ခုကိုကြည့်၍သိနိုင်သည်။ သူကိုယ်တိုင်ကိုယ်ကျ လာရောက်တိုက်ခိုက်မည့် ဖြစ်နိုင်ချေက နည်းပါးလေသည်။ သူ့လို အဆင့်ခပ်မြင့်မြင့်မှလူကို စောင့်ကြည့်နေသည့်မျက်လုံးများက မနည်းပါလား။
ထိပ်သီး(၃၃) ဦး ထိပ်ပိုင်းမလာသ၍ကတော့ ကျန်သည့် သူများကို အရေးတယူလုပ်နေစရာမလိုပါပေ။
ထို့ပြင်…
စုရှောင်ရှန်၏ အိမ်နီးချင်း (၂) ယောက်ကလည်း အတွင်းစည်းထဲတွင် လက်တစ်ဖက်ဖြင့် လက်ချိုးရေလို့ရသည့် လက်ရွေးစင် အသန်မာဆုံးများထဲမှ ဖြစ်သည်။ ကျောက်ရှုတုန်းကလို လျှောက်သွားနေရင်တော့ မပြောနိုင်ပေမယ့် ဒီမှာ ပြဿနာလာရှာရင်တော့ ကွိုင်အကြီးကြီးတက်သွားပေလိမ့်မည်။
ထို့ပြင် ထို အိမ်နီးချင်းနှစ်ယောက်ကလည်း ယခု သူတို့အိမ်များ၌ ရှိနေကြလေသည်။
“ပြဿနာမဖြစ်လောက်ပါဘူး” သူ့ကိုယ်သူပြောလိုက်သည်။
“အဖိုးကြီးပြောတာမှန်တယ်။ ဆက်တိုက်လာနေမယ့် ပြဿနာတွေကို ရှောင်လွှဲနေလို့ကတော့ အနာဂါတ်မှာ ဘာမှ ခပ်မြင့်မြင့်ရောက်မှာမဟုတ်ဘူး”
စုရှောင်ရှန် ကျောက်ရှု၏ သွေးများပေကျန်နေသေးသော သူ့ဆေးမီးဖိုအိုးကြီးကို ထုတ်ယူလိုက်သည်။
“ဒါကြောင့်တော့ ဆေးလုံးရဲ့ အရသာကိုတော့ မသက်ရောက်လောက်ပေမယ့် ဒါပေမယ့်ဆိုတာရှိတာပဲ”
ဆေးမီးဖိုအိုးကြီးကို အသေအချာ သန့်ရှင်းရေးလုပ်ပြီးနောက် စုရှောင်ရှန် အဓိကအိမ်ကြီးထဲမှ ထွက်လာပြီး ခြံထဲဆင်းလိုက်လေသည်။
လသာနေရာ အရာအားလုံးကို ရှင်းလင်းစွာမြင်နေရတော့၏။
ထို့နောက် ဆေးမိုးဖိုအိုးကြီးကို ဧည့်ဆောင်ထဲ ယူသွားလိုက်သည်။
ထိုဧည့်ဆောင်ကျယ်ကာ အိပ်ယာ၊ စားပွဲခုံ၊ ထိုင်ခုံ အစုံရှိလေသည်။ အပြင်စည်းက သူ့ဧည်ဆောင်နှင့် ယှဉ်လျှင် နံ့သာဆီနှင့် ချေးပင်။
ပစ္စည်းပစ္စရာများကို ထောင့်တစ်နေရာ၌ ချလိုက်ပြီးနောက် ထိုင်လိုက်ကာ ကျေကျေနပ်နပ်ကြီး ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ အခုကစပြီး ဧည့်ဆောင်မှာပဲ ဆေးဖော်တော့မယ်”