Switch Mode

Chapter – 120

အပိုင်း(၁၂၀) တကယ့် ပါရမီရှင်ဆိုတာ

စုရှောင်ရှန် သူ့အိမ်အသစ်ကိုမပြန်ဘဲ စာကြည့်တိုက်ကိုသွားလိုက်သည်။

တံဆိပ်ပြားဖြင့် အစီအရင်ကိုဖွင့်ပြီး တတိယအလွှာကိုရောက်မှ လုံခြုံသည်ဟု သူခံစားရတော့လေသည်။

“ကျန်းရှင်းရှုံ”

ဒီလူတွေ ခဏတော့ ခြေငြိမ်နေကြလိမ့်ဦးမည်ဟု စုရှောင်ရှန် တွေးထင်ထားသော်လည်း ယမန်‌ နေ့ညမှလုပ်ကြံမှု ကျရှုံးပြီးနောက် တစ်နေ့တောင်မကူးသေးခင် သူ့ကို လာနှောက်ယှက်ကြပြန်သည်။

ကျောက်ရှု ထျန်းရွှမ်တံခါးနေရာအတွက်လာခဲ့တာက အမှန်လား ယွမ်တု အသုံးတာခံရတာလားဆိုတာ အရေးမပါတော့ပေ။ တနည်းနည်းနှင့်တော့ သူ့ကို သတ်ချင်တဲ့ သူတွေကို စုရှောင်ရှန် ဘာကောင်လည်း ပြန်ပြရပေမည်။

“ငါ့အိမ်ငါ မပြန်နိုင်တာ ခက်တယ်… ကြည့်ရတာ နောက်(၃) ရက်လောက်တော့ စာကြည့်တိုက်မှာ အိပ်ရမယ်ထင်တယ်”

ထိုတိုက်ပွဲပြီးနောက် သူ့ခွန်အားက ဘယ်နယ်ပယ်မှာရှိတာလဲဆိုတာ သိလိုက်ရတဲ့အခါ စုရှောင်ရှန် မကျေမနပ်ဖြစ်သွားသည်။

ထိပ်သီး(၃၃) ယောက်တည်းမှ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်နိုင်တယ်ဆိုပေမယ့် အဲ့တာက အဆင့်အနိမ့်ပိုင်းများကိုသာ ဆိုလိုလေသည်။ တကယ့်အထက်ပိုင်းက ဆရာကြီးများနှင့် တွေ့ရင်တော့ သူလည်း သေပြီဆရာခေါ်ရလောက်သည်။

ထို ကျောက်ရှုဆိုတဲ့လူတောင် အအေးဓာတ်ဖြင့် ထိန်းချုပ်တဲ့စွမ်းရည်များနှင့် သူ့ကို သတ်နိုင်တော့မလို ဖြစ်သွားလေသည်။ သို့ဖြင့် စာကြည့်တိုက်ထဲတွင် (၃) ရက်လောက် အောင်းနေရန် စုရှောင်ရှန် ဆုံးဖြတ်လိုက်တော့သည်။

ထျန်းရွှမ်တံခါးထဲသို့၀င်သွားတဲ့အခါ စစ်မှန်ခြင်းနယ်ပယ်ကို ရောက်အောင် လုပ်ကိုလုပ်ရလေမည်။ နို့မဟုတ်ရင် နောက်ထပ်လုပ်ကြံသူများနှင့် ထပ်ကြုံတွေ့ရခိုက်မှာ ကံကြမ်မ္မာက သူ့ဘက်တွင် ရှိနေတော့မည်မဟုတ်ပေ။

နောက်တစ်နေ့ နေ့လယ်ခင်း …။

စာကြည့်တိုက် တတိယအလွှာသို့ အကြီးအကဲစန်း ရောက်လာတဲ့အခါ သွေးဖုံးလွှမ်းနေသော လူတစ်ယောက် ကြမ်းခင်းပေါ်တွင် လှဲနေတာကို တွေ့လိုက်ရပြီး ထိတ်လန့်သွားတော့သည်။ မကြာပါချေ ထိုသူက စုရှောင်ရှန်ဆိုတာသိသွားပြီး သွားကန်နှိုးလိုက်လေသည်။

“ကိုယ့်နေရာကိုယ်ရှာပြီး ‌ဆေး‌ဖော်ဖို့ ငါပြောထားတယ်မလား ဘာလို့ ဒီမှာ ဆေးလာဖော်နေတာလဲ”

စုရှောင်ရှန်ကို သွေးများ ဖုံးလွှမ်းနေတာကြောင့် လန့်ဖျပ်သွားရတာက မှန်ပေမယ့် ဆေးဖော်ရင်း စာကြည့်တိုက် မပေါက်ကွဲပဲ သူသာဒဏ်ရာရသွားတဲ့အတွက် စိတ်သက်သာရာရသွားတော့သည်။ နိုးထလာသောစုရှောင်ရှန် အဖိုးကြီးကိုမြင်တဲ့အခါ ဒေါသ အကြီးအကျယ် ထွက်‌သွား‌လေသည်။

“တစ်ယောက်ယောက်စီက ထျန်းရွှမ်တံခါးဝင်ခွင့်ကို ခင်ဗျား လုလာတယ်ပေါ့လေ” သူမေးလိုက်သည်။

စုရှောင်ရှန်ပြောတာကိုကြားပြီးတဲ့နောက်မှာ ဘာဖြစ်သွားလဲ အကြီးအကဲစန်း ဇာတ်ရည်လည်သွားသည်။ ‘ဒီသွေးတွေက ဆေးဖော်လို့မဟုတ်ဘဲ တစ်ယောက်ယောက်က သတ်ဖို့ကြိုးစားခဲ့လို့ပေါ့လေ’ သူတွေးလိုက်သည်။

“ထျန်းရွှမ်တံခါး၀င်ခွင့်က အရေအတွက် အကန့်အသတ်နဲ့ရှိတာ။ မင်းတစ်နေရာ ရတယ်ဆိုတာက တစ်ယောက်ယောက် ‌၀င်ခွင့် ‌တစ်နေရာ ဆုံးရှုံးသွားမှာ သဘာ၀ပဲ။ ဘာမှ မထူးဆန်းဘူး… ဒီကမ္ဘာကြီးက အရင်းအမြစ်တွေ အကန့်အသတ်နဲ့ပဲရှိတယ်။ မင်းသန်မာလာတဲ့လမ်းတစ်လျှောက်မှာ တိုက်‌ရိုက်ဖြစ်ဖြစ် သွယ်ဝိုက်ပြီးပဲဖြစ်ဖြစ် တစ်ယောက်ယောက်နဲ့ လုလျှောက်ရမှာပဲ။ နောက်ကျရင် ဒါမျိုးတွေအများကြီးတွေ့ရဦးမှာ”

စုရှောင်ရှန် အသက်ပြင်းပြင်းရှိုက်လိုက်သည်။ အဖိုးကြီး၏ စကားများက အမှန်တရားများဖြစ်ပြီး တကယ့် လက်တွေ့ဘ၀နှင့် တစ်ထပ်တည်းကျနေတာကြောင့် ပြန်လည်ချေပနိုင်ခြင်းမရှိပေ။

“ဆိုတော့ တစ်ယောက်ယောက် လက်စားလာချေတာလား” အကြီးအကဲစန်း ရယ်ပြီးမေးလိုက်သည်။

“အမှန်တိုင်းပြောရရင် မနေ့ည ထျန်းရွှမ်တံခါး၀င်ခွင့်ကြေငြာတဲ့အချိန်တုန်းက မင်းနာမည်ကို ရဲ့ရှောင်ထျန်း မကြေငြာဘူးလုပ်နေသေးတယ်… ဒါပေမယ့် နောက်ကြရင် သိမှာပဲဆိုပြီး ဘာမှမထူးတာနဲ့ လူတိုင်းရှေ့မှာ မင်းနာမည်ကို ငါပြောလိုက်တော့တာပဲ … အဲ့နေရာ လုခံလိုက်ရတဲ့သူ မင်းကိုလာရှာတာလား”

စုရှောင်ရှန် သူ့သွေးများစိုရွှဲနေသော အင်္ကျီကို ခါပြပြီး မျက်စောင်းထိုးလိုက်တော့သည်။

“မင်းမသေတာကိုက ကောင်းနေပါပြီ။ သေချာကြိုးစား လေ့ကျင့်မယ်ဆိုရင်တော့ လက်တုန့်ပြန်ဖို့ အခွင့်…”

“သူသေပြီ”

အကြီးအကဲစန်း၏ မျက်ခုံးများလှုပ်သွား၏။ သူ မယုံကြည်နိုင်ဖြစ်သွားလေသည်။

စုရှောင်ရှန် အသတ်မခံရဘဲ ဘေးကင်းကင်းလွတ်လာတာကို‌က သူ့အမြင်မှာ အထင်ကြီးစရာကောင်းနေလေပြီ။ သို့သော် သူက ပြန်တောင် သတ်နိုင်လိုက်တယ်တဲ့လား။

“မင်းအတွင်းစည်းထိပ်သီး(၃၃) ယောက်ထဲက တစ်ယောက်ကို သတ်လိုက်တယ်ဆိုတာ သေချာရဲ့လား”

“ဒါပေါ့… နှစ်ယောက်လာတာ တစ်ယောက်ကိုသတ်ပစ်လိုက်တယ်”

စုရှောင်ရှန်အပေါ် ဖိအားပိုပေးရမည်ဟု အကြီးအကဲစန်း ဆုံးဖြတ်လိုက်သည်။ မဟုတ်ပါက စုရှောင်ရှန်၏ အလားအလာအတိအကျကို သူသိနိုင်လိမ့်မည်မဟုတ်ပေ။

“အဲ့တော့ ဘယ်လိုခံစားရလဲ”

“သူမသေသင့်ဘဲသေသွားတယ်လို့ ခံစားရတယ်” စုရှောင်ရှန် ခေါင်းကိုခါရင်း မျက်နှာအမူအရာ လေးနက်သွားတော့လေသည်။ “ဒါပေမယ့် သတ်ဖြတ်ဖို့စိတ်ပိုင်းဖြတ်ထားတဲ့လူက ပြန်အသတ်ဖြတ်ခံရဖို့လည်း မျှော်လင့်ထားသင့်တယ်။ သူ့ကိုသနားပေမယ့် ဒါပဲ”

အကြီးအကဲစန်း၏ နှုတ်ခမ်းများတွန့်သွားတော့သည်။ စုရှောင်ရှန် သတ်ဖြတ်ခြင်းကို အသားကျလာပြီဖြစ်၏။

‘ဒီကောင်လေး မဖော်ပြပေမယ့် ငါစည်းကမ်းတင်းကြပ်မှု‌အောက်မှာ သူအတော်‌လေး သင်ယူနိုင်ပြီး ပြောင်းလဲလာတာပဲ’

“မလုံလောက်သေးဘူး။ သူတို့ကို မသနားတော့ဘူးဆိုမှ မင်းတကယ် ကြီးပြင်းလာမှာ”

စုရှောင်ရှန် ရယ်သံ သဲ့သဲ့ကလေးပေးလိုက်ပြီး “ကျုပ်မသနားတတ်တော့ရင် ခံစားချက်မဲ့သွားတော့မှာပေါ့”

“ခံစားချက်မဲ့တယ်…” အကြီးအကဲစန်းပြုံးလိုက်ပြီး “ဒီစကားကို ငါမကြားရတာအတော်ပြီ”

သို့သော်အကြီးအကဲစန်းက ပြုံးနေသော်လည်း ၀မ်းနည်းနေသည့် ဟန်ပန်ကိုမြင်နိုင်လေသည်။ သူ့ခမောက်ကို အသာမပြီး ခေါင်းထိပ်ကို ခပ်ကြမ်းကြမ်းလေး ပွတ်လိုက်ပြီး ခမောက်ကို ပြန်ချလိုက်သည်။ “မဟာလမ်းစဉ်ကို ထိတွေ့ပြီးတဲ့နောက်မှာ လူသားဆန်မှုဆိုတာ ဘယ်လောက် ယိမ်းယိုင်လွယ်လည်းဆိုတာ မင်းသိလာပါလိမ့်မယ်”

“မဟာလမ်းစဉ်က ဘာကြီးတုန်း”

“အချိန်မတန်‌သေးဘူး နောက်ကြမှ ပြောကြတာပေါ့…”

အကြီးအကဲစန်း ခေါင်းကိုအသာခါလိုက်လေသည်။ စုရှောင်ရှန်ကို ဖိအားအများကြီး မပေးလိုသေးချေ။ လူငယ်တွေ စိတ်ဓာတ်ပြင်းပြတာက ကောင်းသောအရာဖြစ်ပြီး ၎င်းကို ၀င်မနှောက်ယှက်ဘဲ ဘယ်လို ပြုစုပျိုးထောင်ရမလဲဆိုတာလည်း သူသိလေသည်။

သို့သော် ဖိအား ပေးဖို့လိုသည့်အချိန်ဆို ဖိအားပေးရပေမည်။ ထိပ်သီး(၃၃) က ဘာမှမဟုတ်တော့ဟုတွေးမိ၏။ စိတ်ဝိညာဉ်နန်းတော်က ထင်ထားတာထက် ပို၍ အိုဟောင်း ယို့ယွင်းလာခဲ့လေပြီ။

ထို့နောက် ပြူတင်းပေါက်အပြင်ဘက် ကောင်းကင်ယံကို ငေးကြည့်လိုက်ပြီး မျက်နှာထက်တွင် အတိတ်ကို လွမ်းဆွတ်တမ်းတဟန်တို့ပေါ်လာကာ မေးလိုက်သည်။ “တကယ့် ပါရမီရှင်ဆိုတာ ဘာလဲသိလား”

စုရှောင်ရှန် ဤသို့သောအမေးကို မမျှော်လင့်ထားရာ မသေချာ မရေရာ ဖြေလိုက်သည်။ “စုရှောင်ရှန်”

အကြီးအကဲစန်း၏ လွမ်းဆွတ်တမ်းတမှုများပျောက်ချင်းမလှပျောက်သွားပြီး နဖူး၌ သွေးကြောများ အစားထိုး ထောင်ထလာတော့လေသည်။

“ကောင်းပြီလေ… မင်းဘယ်လောက် ယုံကြည်ချက်ရှိလဲကြည့်ရအောင်။ မင်းဘယ်လောက် ပါရမီရှိလဲ”

အတိတ်မှ အတွေ့အကြုံများကို စုရှောင်ရှန် ပြန်တွေးကြည့်လိုက်သည်။ အခြားသူများ စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့်(၈)၊ အဆင့်(၉) ဖြင့် တစ်နေသည့်အချိန် သူကတော့ တစ်လအတွင်းစစ်မှန်ခြင်းနယ်ပယ်ကို တက်လှမ်းနိုင်မယ်ဆိုတာ ယုံကြည်ချက်ရှ်ိလေသည်။

စိတ်ဝိညာဉ်နန်းတော်မှသူများနှင့်မနှိုင်းယှဉ်ပင်လျှင် သူ့တိုးတက်နှုန်းက အလွန်ရှားပါးနေပြီဖြစ်သည်။ သို့သော် အချိန်တစ်ခုတွင်သာ ဖြစ်ထွန်းသော ပါရမီရှင်မျိုးလောက်တော့ မရှားပါးပါချေ။

စုရှောင်ရှန် သိမ်ငယ်သွားလေပြီး “ပါရမီရှင် တစ်၀က်လောက်ပေါ့”

“စုရှင်းရှင်းနဲ့ယှဥ်ရင်‌ရော ဘယ်လိုထင်လဲ”

စုရှောင်ရှန် အံ့အားသင့်သွားသည်။ ထိုကလေးမလေး ဖန်တီးလိုက်သော ဒဏ္ဌာရီများကိုသိ‌ပါသည်။ အသက(၁၃) နှစ်၌ စစ်မှန်ခြင်းနယ်ပယ်သို့ရောက်ပြီး အသက်(၁၄) နှစ်တွင် စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒကို တတ်မြောက်လေသည်။ စိတ်ဝိညာဉ်နန်းတော် သမိုင်းတစ်လျှောက်၌လည်း ပထမဆုံး နန်းတော်သို့၀င်လာပြီးနောက် အတွင်းစည်းသို့ ၀င်ခွင့်ရသူ ဖြစ်လာခဲ့၏။ ဘယ်ဘက်က ကြည့်ကြည့် ထိုကလေးမလေးတွင် မထူးခြားတာ ဘာမှ မရှိပါပေ။

“ပါရမီရှင် ဆယ်ပုံတစ်ပုံလောက်ပေါ့… မဟုတ်ဘူး နှိုင်းယှဉ်စရာကို မ… မလိုတာ” စုရှောင်ရှန်၏ အသံက တဖြေးဖြေးပျောက်သွားတော့သည်။

“နယ်မြေကြီးငါးခုအပေါ်မှာ ခြေချမယ်လို့ပြောတယ်မလား။ ဒီနယ်မြေကြီး(၅) ခုနဲ့ယှဉ်ရင် စုရှင်းရှင်းရဲ့ ပါရမီကို ဘယ်လိုမြင်လဲ”

စုရှောင်ရှန် အဖြေကိုမသိပါလေ “တောင်းပန်ပါတယ်။ ကျုပ်ကိုကျုပ် ပါရမီရှင်လို့ ‌မခေါ်တော့ပါဘူး တော်ပါတော့”

အကြီးအကဲစန်း ကျေနပ်သွားလေသည်။ ထို့နောက် တစ်ဘက်သို့ လှည့်သွားကာ ပြောလိုက်သည်။ “ကုန်းမြေတစ်ခုလုံးနဲ့ယှဉ်ရင်တောင် သူမရဲ့ ပါရမီက ထိပ်ဆုံးမှာပဲ”

အကြီးအကဲစန်း၏ စကားကြောင့် စုရှောင်ရှန် စိတ်သက်သာရာရသွားတော့သည်။ အဖိုးကြီးက စုရှင်းရှင်းကို “အလကားအမှိုက်ပဲ”၊ “စကားထဲတောင်ထည့်ပြောဖို့မတန်ဘူး” အစရှိသဖြင့် ပြောမှာကို ကြောက်မိလေသည်။ မဟုတ်ပါက မရှိတဲ့ သူ့မာနလေး ပြားပြား၀ပ်သွားပေလိမ့်မည်။

“ဒါပေမယ့် သူမနဲ့ ပါရမီခြင်းယှဉ်နိုင်တဲ့ အခြာ‌သူတွေလည်းရှိကြသေးတယ်” အကြီးအကဲစန်း၏ စကားက ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အတိကောင်းပေ၏။

ထို့နောက် ဆက်၍ “ပါရမီရှင်တွေထဲမှာ နံပါတ်(၁)၊ အထွတ်အထိပ်၊ အကောင်းဆုံးလို့ နယ်မြေကြီး(၅) နယ်မြေလုံး ဝိုင်းအသိအမှတ်ပြုခဲ့ကြတဲ့ ပါရမီရှင်ရှိခဲ့တယ်။ မင်းတို့မျိုးဆက်နဲ့ သိပ်မကွာပါဘူး။ လွန်ခဲ့တဲ့ နှစ်(၃၀) လောက်ကပဲ”

“အားလုံးက အသိအမှတ်ပြုကြတယ် ဟုတ်လား”

စုရှောင်ရှန် အဓိက အရေးပါသည့် အလေးပေးမှုကို သတိပြုမိလိုက်သည်။ မယုံကြည်နိုင်စွာ သူက ‘နယ်မြေငါးနယ်မြေလုံးဝိုင်းအသိအမှတ်ပြုတဲ့သူ ဟုတ်လား… တကယ်ကြီးလားဟ’ ဟုတွေးလိုက်တော့သည်။

“ဒဏ္ဌာရီ၊ သမိုင်းတွေထဲက လူတွေထက်တောင် ပိုသန်မာတာလား” မေးလိုက်လေသည်။

အကြီးအကဲစန်း ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ် သန်မာတာမှ အပုံကြီးပဲ… နယ်မြေကြီးငါးနယ်မြေလုံးရဲ့ အသိအမှတ်ပြုခံ အသန်မာဆုံး ပါရမီရှင်က ဘယ်ကမှမဟုတ်ဘူး။ ဒီငါတို့ အရှေ့ပိုင်းနယ်‌မြေဖြစ်တဲ့ မြင့်မြတ်ဓားနယ်မြေက မွေးထုတ်ပေးလိုက်တဲ့ မင်းလို ဓားသမားတစ်ယောက်ပဲ”

“အချိန်အကြာကြီး ‌လျှောက်ခြေဆန့်နေပြီးနောက် သူ့ကျင့်ကြံခြင်း ခရီးစဉ်ကို အသက်(၁၈) နှစ်ရောက်တော့ စတင်လိုက်တယ်။ သူဓားစကိုင်လိုက်တာနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို အံ့ဩတုန်လှုပ်သွားစေခဲ့တယ်”

“စစ်မှန်ခြင်းနယ်ပယ်ကို စက္ကန့်ပိုင်းအတွင်း ရောက်သွားပြီးတော့ (၃) နှစ်အတွင်း ဓားနတ်ဘုရားတစ်ပါးဖြစ်လာခဲ့တော့တာပဲ။ ဒီလိုနဲ့ အသက်(၂၁) နှစ်အရွယ်မှာပဲ သူများတွေ တစ်ဘ၀လုံး ရောက်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ရတဲ့ အမြင့်ကိုရောက်သွားခဲ့တယ်”

“ထွက်သွားပြီး ဘယ်ဓားသမားကိုမဆိုမေးကြည့်လိုက်။ သူတို့အားလုံး သူ့ရဲ့ ပုံပြင်တွေကို ပြောပြနိုင်မယ်ဆိုတာ ငါ(၁၀၀) ရာခိုင်နှုန်း အာမခံတယ်”

စုရှောင်ရှန်၏ အံ့အားသင့်နေသော မျက်နှာကိုမြင်လျှင် သူ့မျက်နှာပေါ်မှ ၀မ်းနည်းနေသော အမူအရာကို ဖျောက်လိုက်ပြီး သူ့စကားကိုပြန်ပြင်ပြောလိုက်တော့သည်။ “၉၉ရာခိုင်နှုန်း”

‘အဲ့တာကို ပါရမီရှင်လို့ ခေါ်သလား… အဲ့တာ မကောင်းဆိုးဝါးဟ’ စုရှောင်ရှန် ပြောစရာစကားများပျောက်ရှနေတော့သည်။

‘စစ်မှန်ခြင်းနယ်ပယ်ကို စက္ကန့်ပိုင်းအတွင်းရောက်တယ်၊ သုံးနှစ်အတွင်း ဓားနတ်ဘုရားဖြစ်လာတယ်တဲ့… ကုန်းမြေတစ်လျှောက်တောင် ဓားနတ်ဘုရား (၇)ပါးပဲရှိတာ သူက ဘယ်လို လုပ်နိုင်သွားတာလဲ’

ထို့နောက် သူ့စိတ်ထဲမှ အနီရောင်ဖန်သားပြင်ကို မတူသလို မတန်သလိုကြည့်ပြီး ‘ကြည့်ပါဦး သူများတွေကို။ ဒါနဲ့များ ကိုယ့်ကိုယ်ကို စနစ်လို့ ခေါ်နေသေးတယ်’

သူ့အံ့အားသင့်မှုများကိုဖိနှိပ်ကာ ဓာတ်ကျနေသော ဟန်ပန်ဖြင့် မေးလိုက်တော့လေသည်။ “သူကဘယ်သူလဲ”

“အဋ္ဌမမြောက် ဓားနတ်ဘုရား၊ ပန်ကျွင်းအန်”

Comment

Leave a Reply

Options

not work with dark mode
Reset