Switch Mode

Chapter – 119

အပိုင်း(၁၁၉) အရေးကြီးကိစ္စလေးရှိလို့ သွားလိုက်ပါဦးမယ်

စုရှောင်ရှန် ၏စကားကြောင့် လူတိုင်း မှင်တက်သွားကြသည်။ သူ့ပြောသည်ကိုရုံမည့်သူက အရူးသာရှိလောက်ချေသည်။

‘မင်းပြောချင်တဲ့ ‘တကယ်လို့ ကျုပ်သာပြေးနိုင်ရင် ကျောက်ရှု’ သေမှာမဟုတ်ဘူးဆိုတဲ့ စကားကဘာလဲ။ အသိဉာဏ်ရှိတဲ့ တစ်ယောက်ယောက်ပြောမယ့်စကားမျိုးလား အဲ့တာ’ ကျောက်ကျစ်တုံ့‌တွေးလိုက်ပြီး စိတ်ဆိုး ဒေါသထွက်သွားတော့သည်။

အဖွဲ့လိုက်ပြိုင်ပွဲကတည်းက ဒီကောင်လေးက ဆန်းကြယ်သည်ကိုသိသော်လည်း ယခုလောက် တမူထူးခြားမည်ဟု မထင်ချေ။

“တော်ပြီ မင်းတို့နှစ်ယောက်လုံး လိုက်လာခဲ့”

ယွမ်တု ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး ‘ငါဘာလုပ်မိလို့လဲဟ။ ဘေးကနေ ရပ်ကြည့်နေ‌တာတောင် စုရှောင်ရှန်တစ်ခုခုပြောတာနဲ့ အပြစ်ပေးခံရရောလားဟ’

“ဘာလို့လဲ” သူမေးလိုက်သည်။

ယွမ်တုကို ကျောက်ကျစ်တုံ့ အေးစက်စက်ကြည့်ပြး ဆိုသည်။ “မင်းတို့ကောင်တွေ ဘာကြံနေလဲဆိုတာ ငါမသိဘူး မထင်နဲ့။ လက်ပူးလက်ကြပ်မမိပါစေနဲ့လို့ ဆုတောင်းထားပေါ့ မဟုတ်ရင်တော့ ငါ့အဆိုးမဆိုနဲ့”

“ပြီးတော့ စုရှောင်ရှန်ပြောတာလည်း သဘာ၀ကျတယ်။ မင်းဘာမှမလုပ်ရင်တောင် ဒီမှာဘာဖြစ်ခဲ့လဲဆိုတာ အရင်မျက်မြင်တွေတဲ့သူတစ်ယောက်ပဲ။ ဒီတော့ စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာနမှာ မင်းရှိ ဖို့လိုတယ်”

ယွန်တုစွံ့အသွားသည်။ လခွီးမှ စုရှောင်ရှန်။

သို့သော် ၎င်းကို သူမချေပနိုင်ပါပေ။ တိုက်ပွဲကိုရောက်လာသည့်လူတိုင်း သူထိုနေရာ၌ ဦးဆုံးရှိနေသည်ကို တွေ့လိုက်ကြရသည်မဟုတ်ပါလား။

သူကိုယ်တိုင်လည်း ဓားအရှိန်အဝါကြောင့်ရောက်လာတာပါဟု ဆိုလျှင် ဦးနှောက်ရှိသည့်လူတိုင်း မည်သူမှ သူပြောတာယုံကြလိမ့်မည်မဟုတ်ပေ။

လူတိုင်း စုရှောင်ရှန်က လူသတ်သမားဖြစ်သော်လည်း သူကိုယ်တိုင်က သားကောင်ပါ ဖြစ်နေတာကိုသိသွားကြလေသည်။

၎င်းက စိတ်ထဲ နေရကြပ်စေသော ခံစားချက်ကြီးဖြစ်သည်။ လည်ချောင်း၌ အရိုးညပ်နေသလိုလို ဘာလိုလိုနှင့် ရေခက်လှ၏။

“လခွမ်း ငါ့ဦးနှောက်အလုပ်မလုပ်တော့ဘူးဟ။ တစ်ယောက်‌ယောက်ကို သတ်လိုက်တဲ့ စုရှောင်ရှန်ကို ငါဘာလို့ သနားနေတာလဲဟ…” လူအုပ်ကြားထဲမှ တစ်စုံတစ်‌ယောက် သူ့အတွေးကိုထုတ်ဖော်ပြောကြားလိုက်သည်။

“လျှောက်တွေးမနေဘဲ ပွဲပဲအေးဆေးကြည့်စမ်းပါ” စုရှောင်ရှန်၏ တမူထူးခြားသော လုပ်နည်းလုပ်ပုံများဖြင့် ရင်းနှီးနေသော လူတစ်ချို့ ဝါးလုံးကွဲရယ်လိုက်ကြသည်။ “မင်းက စုရှောင်ရှန်ကို စိတ်ပူနေတယ်ပေါ့။ မင့်ဦးနှောက် ခြောက်နေတယ်ပေါ့။ လှုပ်ကြည့်လေဘာဖြစ်မလဲလို့”

“ဘာဖြစ်လို့လဲ” သူ့စကားကိုကြားသူများ ခေါင်းခါကြည့်လိုက်ကြသည်။

“ကြားရလား”

“ဘာကြားရတာ”

“ရေတွေ ဦးနှောက်နံရံကိုလာတိုက်တဲ့အသံလေ…”

“ဟ လခွမ်း…”

စည်းကမ်းကြီးကြပ်သူများ စုရှောင်ရှန်တို့နှစ်ဦးကို ဝိုင်းလိုက်ကြသည်။

ယွမ်တုကို ကြည့်ရင်း စုရှောင်ရှန် ဆိုသည်။ “သူလည်း စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေး ဌာနကို လိုက်ရမယ်မလား”

ကျောက်ကျစ်တုံ့ ခေါင်းညိတ်ပြလိုက်သည်။ ဘာလို့ သိသာနေသော အချက်ကိုမေးမှန်းမသိ။

‘သူကောမင်းကောပဲ။ ကျောက်ရှုလည်း အသက်ရှင်နေသေးရင် မင်းတို့(၃) ယောက်လုံးသွားရမှာ’ ကျိန်‌ဆဲလိုက်လေသည်။

“သေချာပြီနော်”

“အေး”

“ကောင်းပြီလေ…” စုရှောင်ရှန် တံဆိပ်ပြားတစ်ခုကိုထုတ်ယူပြီး အလျှင်အမြန် ပြောလိုက်သည်။ “အကြီးအကဲစန်း ကျုပ်ကိုအရေးတကြီး ဆင့်ခေါ်ထားတာရှိတယ် နောက်မှ ပြန်လာလို့ရမလား”

ကျောက်ကျစ်တုံ့ စွံ့အသွား၏။

ထို့နောက် စုရှောင်ရှန်၏ လက်ထဲမှ အနီနက်ရောင် တံဆိပ်ပြားကိုမြင်လိုက်ရပြီး မျက်ဖြူလှန်မတတ်ဖြစ်သွားလေတော့သည်။

“မင်းမှာ ဘယ်လိုလုပ်ဒီလိုဟာရှိနေတာလဲဟ ခိုးလာတာလား”

“ခိုးတယ်ဟုတ်လား” စုရှောင်ရှန် ထိုအဖိုးကြီး၏ ထူးဆန်းသည့် စရိုက်သတိရသွားပြီး ရယ်လိုက်သည်။ ထို့နောက် ဆက်ကာ “ကျုပ်တကယ် ခိုးလာတယ်လို့ထင်နေတယ်ပေါ့။ ထားပါ ‌မြေကြီးပေါ်အခုပစ်ချလိုက်မယ်။ ခင်ဗျားကောက်ရဲလား”

ကျောက်ကျစ်တုံ့ ပြောစရာစကား ပျောက်ရှသွား၏။

‘အော် မင်း ဒါတော့သိသေးတယ်ပေါ့ … ဒါဆိုမင်းလက်ထဲ ဘယ်လိုရောက်နေတာလဲပြော’ ဆိုလိုက်သည်။

နေ့လယ်က စာကြည့်တိုက်၌လည်း စုရှောင်ရှန် ထိုတံဆိပ်ပြားကိုကိုင်ကာ သူ့ကို နှင်ထုတ်လိုက်သေး၏။ အကြီးအကဲစန်းနှင့်တွေမှသာ စာကြည့်တိုက်၌ ထားခဲ့ကြောင်းကို သိလိုက်ရလေတော့သည်။

ဘာလို့ ဒီမှာ ပြန်ပေါ်လာတာလဲဟ။

စုရှောင်ရှန် အကြီးအကဲတံဆိပ်ပြားကို ခိုးရဲမည်ဟု ကျောက်ကျစ်တုံ့ မယုံပါပေ။ သို့သော် စုရှောင်ရှန် လက်ထဲ ဘယ်လို ရောက်လာပါသနည်း။

စုရှင်းရှင်းနှင့် ရှောင်ချိစွေတို့ သူ့ခေါင်းထဲဝင်လာလေသည်။

စုရှောင်ရှန်နဲ့ အကြီးအကဲစန်းလည်း ဆရာ…။

မဖြစ်နိုင်တာ။

ဤသို့ ထူးထူးဆန်းဆန်းတွေ လျှောက်တွေးနေသော သူ့ခေါင်း သူ အားပြင်းပြင်းတစ်ချက်ရိုက်လိုက်တော့သည်။

“စုရှောင်ရှန် ငါသတိပေးနေတယ်နော်။ တံဆိပ်ပြားကို တွေ့ရင် တွေ့တဲ့နေရာမှာ ပြန်ထားလိုက်ပါ။ မဟုတ်ရင် ငါသတိ‌မပေးဘူးမပြောနဲ့”

ကျောက်ကျစ်တုံ့၏ အသံ တိုးတိုးကလေးဖြင့် မျက်နှာကြီးနှင့် ဆက်၍ “ငါအလေးအနက်ပြောနေတာ”

[သတိပေးခံရပါသည်။ ပင်ကိုယ်မှတ် +၁]

ကျောက်ကျစ်တုံ့၏ ကောင်းစေလိုသော ရည်ရွယ်ချက်ကို စုရှောင်ရှန်သိပါသည်။ သို့သော် သူ့အတွက် ပူပေးစရာမလိုလေပေ။

‘အဖိုးကြီးကိုယ်တိုင် ငါ့ကိုပေးလိုက်တာ ငါက ဘာလို့ပြန်ပေးရမှာတုန်း။ လိုလာရင် ဒါလေးက အသက်ကယ်ဆေးလေး’

ကျောက်ကျစ်တုံ့အနီးကိုသွားပြီးမှသာ စုရှောင်ရှန် တံဆိပ်ပြားကိုထုတ်ပြခြင်းဖြစ်လေသည်။ ပြီးသည်နှင့် လူအုပ်ကြီးကိုမမြင်ခိုင်းစေချင်စရာ ချက်ခြင်းပြန်သိမ်းလိုက်၏။ အကြီးအကဲစန်း၏ စည်းမျဉ်းများကို လိုက်နာရပေမည်။

“ကျေးဇူးပဲ။ ‌ဒါပေမယ့် ကျုပ်အလျင်လိုနေပြီ။ အကြီးအကဲစန်း တကယ်ခေါ်ထားလို့ပါဆို” စုရှောင်ရှန် အင်မတန် ရိုးသားဟန်ပေါက်လေသည်။

ကျောက်ကျစ်တုံ့၏ အကြည့်များအေးစက်သွားကာ ‘မင်းက ဒီနေရာမှာ ပစ်မှတ်ဖြစ်တယ်ဆိုတာငါသိတယ်။ တစ်ချိန်တည်းမှာပဲ လူသတ်သမားဆိုလည်း ဟုတ်နေတယ်။ ဒီလို ထွက်သွားလို့ရမယ်ထင်နေလား။ အိပ်မက် မက်မနေဲ့’

“စကားမများနဲ့တော့ ငါ့နောက်အေးဆေးလိုက်လာခဲ့”

ကျောက်ကျစ်တုံ့ကို ပုခုံးတို့ကာ စုရှောင်ရှန် တိုးတိုးလေးပြောလိုက်သည်။ “စိတ်ဝိညာဉ်နန်းတော်ရဲ့ စည်းကမ်းတွေက တင်းကြပ်တယ်မလား။ လိုက်လည်းလိုက်နာရတယ်လေ။ အဲ့ထဲမှာ ‘တံဆိပ်ပြားကိုမြင်ရင် လူကိုမြင်တာနဲ့တူတူပဲ’ ဆိုတဲ့ အရာမျိုးလည်းရှိတယ်မလား”

စုရှောင်ရှန် ဘာကိုပြောချင်နေမှန်းမသိသော်လည်း ကျောက်ကျစ်တုံ့ ခေါင်းညိတ်ပြလိုက်လေသည်။

“ဒါပေါ့။ ဘယ်သူမှ စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေ ဖောက်ဖျက်လို့မရဘူး” ထို့ရပ်သွားပြီး ထပ်လောင်းပြောလိုက်သည်။ “တစ်ယောက်ယောက်ကို ‌သတ်ရဲရင်လည်း အကျိုးဆက်အတွက် ပြင်ဆင်ထားရမှာပေါ့”

“ဟီးဟီး ဟုတ်ပြီလေ…”

စုရှောင်ရှန် နောက်သို့ အတော်လေးလှမ်းအောင်ဆုတ်သွားပြီးတဲ့နောက် အမူအရာအလျှင်အမြန်ပြောင်း၍ အော်လိုက်သည်။ “မတားကြနဲ့။ အရေး‌ပေါ် ကိစ္စ”

“ဟမ်”

စုရှောင်ရှန်၏ အော်သံကြောင့် ကျောက်ကျစ်တုံ့ပဲ မှင်တက်သွားသည်မဟုတ် ယွမ်တုလည်း လန့်ဖျပ်သွားတော့သည်။ စည်းကမ်းကြီးကြပ်သူများ အလန့်တကြား ထခုန်လိုက်ကြပြီး လူအုပ်ကြီးလည်း လိပ်ပြာလွင့်တော့မတတ်ဖြစ်သွား၏။

“လခွမ်း… ဘာဖြစ်တာလဲဟ။ ဒါတစ်ယောက်ယောက်ကို သတ်ပြီး ပြုမူရမယ့် အပြုအမူမျိုးလားဟ”

“အထင်ကြီးစရာပဲ။ စည်းကမ်းကြီးကြပ်သူ ကျောက်ကို ဒီလို ပြန်ပြောရဲတာ သူတစ်ယောက်ပဲ တွေ့ဖူးတယ်။ သေချင်နေတာလား ဘာလားပဲ”

“စုရှောင်ရှန်… အရိုအသေပေးပါတယ်”

[လေးစားခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၆၃]

[ကျိန်ဆဲခြင်းခံရပါသည်‌။ ပင်ကိုယ်မှတ် ၇၇]

၎င်းက ရုတ်တရက် ထိတ်လန့်သွားကြသောကြောင့် ဖြစ်နိုင်သည်။

ကျောက်ကျစ်တုံ့က သူခြားလိုက်သည့် အကွာအဝေးအတွင်း လိုက်မလာသည်ကိုတွေ့လိုက်မှ စုရှောင်ရှန် စိတ်သက်သာရာရသွား၏။

‘ငါလုပ်နိုင်တယ်… သေသံကို ခပ်မာမာလေးနဲ့ အဲ့ဒီ အဖိုးကြီး ရဲ့ စွမ်းပကားကို ပြပေးရသေးတာပေါ့’

စုရှောင်ရှန် သူ့နှုတ်ခမ်းထောင့်ကိုတို့ရင်း တိုးတိုးလေးဆိုလိုက်သည်။ “အဲ့တာ အကြီးအကဲစန်း ကျုပ်ကို ခုပြောလိုက်တဲ့စကားပဲ။ ဆက်ပြီး နှောင့်နှေးနေရင် သူကိုယ်တိုင် ရောက်ချလာမှ ပြဿနာပိုတက်နေဦးမယ်…”

ဒေါသထွက်လွန်းလို့ ကျောက်ကျစ်တုံ့ မျက်ခုံးများ စတင်၍ အပြင်းအထန် တုန်ခါလာတော့လေသည်။ “ငါ့ကို လာနောက်နေတာလဲ။ မဆိုမရှိနဲ့ ငါ…”

“ထွက်သွားစမ်း” ကျောက်ကျစ်တုံ့ကို ကြားဖြတ်ပြီး စုရှောင်ရှန် နောက်တစ်ကြိမ် ထပ်အော်လိုက်သည်။

လူတိုင်း၏ နှလုံးများ မြင်းဒုန်းဆိုင်းသွားကြ၏။ သူတို့ မျက်၀န်းများက အံ့ဘွယ်သရဲဖြစ်ရပ်တစ်ခုအား ကြည့်နေရသည့်အလား ပြူးကျယ်သွားကြလေသည်။

သူထပ်အော်လိုက်ပြန်ပြီ။

[ကျိန်ဆဲခံရပါသည်။ ပင်ကိုယ်မှတ် +၇၇]

စုရှောင်ရှန် နေရခက်နေသလိုမျိုး တိုးတိုးက‌လေး ဆိုသည်။ “သူပြောတာနော်… ကျုပ်ပြောတာမဟုတ်ဘူး…”

စုရှောင်ရှန် သူ့ကို ထိုသို့ အော်ရဲမည်ဟု မယုံနိုင်ရာ ကျောက်ကျစ်တုံ့ ကြက်သေသေနေတော့သည်။ သို့သော် စုရှောင်ရှန် လုပ်ဇာတ်ခင်းနေသည်ဟု မဟုတ်ဟု အသေအချာ တပ်အပ်မပြောနိုင်ပါ။

‘ဘာလို့… အလှည့်စားခံနေရတယ်ဆိုပြီး ခံစားချက်ကြီးရနေတာလဲမသိဘူး’

“ငါ…” သူ ပါးစပ်ဟလိုက်သည်။

စုရှောင်ရှန် သူပြောနေတာကို နားထောင်မနေတော့ဘဲ အပေါ့သွားချင်နေသည့်အလား အမူအရာကြီးဖြင့် ကြားဖြတ်ပြောလိုက်လေသည်။ “ကျုပ်ဒီမှာ ဆက်နေ နေရင် ခင်ဗျားရော ကျုပ်ပါ ပြဿနာ‌တက်တော့မယ်။ သွားတော့မယ်”

ထို့နောက် ကျောက်ကျစ်တုံ့ကို အကြီးအကဲတံဆိပ်ပြား တစ်ချက်ပြလိုက်ပြီး အလျှင်အမြန်ပြေးထွက်သွားတော့၏။ ကျောက်ကျစ်တုံ့ လမ်းထပ်ပိတ်မည်ကို စိုးရွံ့သည့်ဟန်ရလေသည်။

“ပြီးတော့ အဲ့ကောင်ကို သေချာစစ်ဆေးကြဦး” သူ့ထံမှ အာရုံလွှဲစေရန် ပြောလိုက်သေးလေသည်။

စုရှောင်ရှန် ထိုသို့ ပြေးသွားနိုင်တာကိုမြင်သောအခါ ယွမ်တု မကျေမချမ်းဖြစ်သွားတော့လေသည်။

“ဒါဘာသဘောလဲ… လူသတ်တရားခံကိုတော့ မထိန်းချုပ်ကြဘဲ ကျုပ်ကတော့ ဖမ်းခံထားရမယ်ပေါ့လေ… ခင်ဗျားတို့ ရူးနေတာလား”

အခြားစည်းကမ်းကြီးကြပ်သူများလည်း မှင်တက်နေကြပြီး “အာ… ကျောက်… ဒါက…”

စုရှောင်ရှန် မြင်ကွင်းက ပျောက်သွားသည်ကိုမြင်သောအခါ ကျောက်ကျစ်တုံ့ မေ့လဲတော့မလိုဖြစ်သွား၏။

‘လခွမ်းလိုပဲ ငါလည်းဘာလုပ်ပေးရမှာလဲ။ သူ့ကို အားသုံးပြီး သွားဖမ်းရမှာလား… ဒီကောင်ပြောသလို အကြီးအကဲစန်းပေါ်လာရင်ဘယ်လိုလုပ်မလဲ… အဲ့ကြရင် ဘယ်သူခေါင်းခံမှာလဲ… ငါပဲကွ… ချီးလိုပဲ’

ကျောက်ကျစ်တုံ့ အသားတွေ တဆတ်ဆတ်တုန်အောင် ဒေါသထွက်နေတော့သည်။ အသက်ကိုခပ်ပြင်းပြင်းရှိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။ “ဒီကိစ္စက အကြီးအကဲတွေပါ ပါတယ်။ ခေါင်းဆောင်ရှောင်ကိုပဲ လက်လွှဲပေးရ‌တော့မှာပဲ”

ထို့နောက် ယွမ်တုကိုတစ်ချက်ကြည့်ပြီး ‌အဝေးသို့ လျှောက်သွားတော့သည်။

“မျက်မြင်သက်သေကို ခေါ်လာခဲ့… သူ့ကိုမလွတ်စေနဲ့”

ယွမ်တုစွံ့အသွားတော့သည်။

ရင်ထဲမှ မကျေမချမ်းမှုကြီးပေါက်ကွဲထွက်တော့မတတ် ဒေါသူပုန်ထသသွားတော့၏။

‘မင်းတို့@#%*…’

Comment

Leave a Reply

Options

not work with dark mode
Reset