အပိုင်း (၁၁၈) တကယ့် လူသတ်သမားကသူ
“စု… စုရှောင်ရှန်”
လူသတ်ကွင်းသို့ရောက်လာပြီးနောက် လက်သည် တရားခံကိုမြင်သောအခါ ကျောက်ကျစ်တုံ့ အလွန်အံ့ဩသွားသည်။
တောထဲ၌ ကလူကျီဆယ်နေစဉ်က စစ်မှန်ခြင်းနယ်ပယ်ဓားအရှိန်အ၀ါမှာ စုရှင်းရှင်း သူ့ကို ဓားဆန္ဒဖြင့် ဆင့်ခေါ်နေခြင်းဟု တွေးထင်ထားခဲ့လေသည်။ သို့ဖြင့် တာ၀န်ရှိသူက စုရှောင်ရှန်ဟု ထင်မထားလေပေ။
ဒေါသတို့ဖြင့် ကျောက်ကျစ်တုံ့တုန်ခါသွား၏။
‘ဒီကောင်နေ့လယ်က မီမီနဲ့ ငါ့ရဲ့ ချိန်းဆိုမှုကို ဖျက်ရုံမကဘူး အခု အခြေအနေပေးရင် ရေကူးနိုင်တော့မယ့် ငါ့ကိုလည်း… ကွာ’ ကျောက်ကျစ်တုံ့၏ အတွေးများ ပြန့်ကျက်သွားတော့သည်
‘ဒီကောင်ငါ့ကိစ္စတွေကိုလိုက်ဖျက်တာမှ မလုံလောက်သေးဘူး စိတ်ဝိညာဉ်နန်းတော်မှာ တစ်ခုခု မကောင်းတာဖြစ်ပြီဆိုရင် ဒင်းပဲ။ မနေ့ညက တစ်ခါ၊ နေ့လယ်က တစ်ခါ၊ ပြီးတော့ အခုတစ်ခါ… တစ်ရက်လောက်တောင် ပြဿနာမရှာဘဲမနေနိုင်ဘူးလားဟ’
လူအုပ်က ဖြေးဖြေးချင်း ဆူလာခဲ့လေသည်။ ညကောင်းကင်ယံက မီးရှူမီးပန်းက လူတိုင်းကို လန့်ဖျပ်သွားစေခဲ့ကာ အာရုံများကို ဆွဲဆောင်လိုက်တော့လေသည်။ ကျောက်ကျစ်တုံ့၏ အခေါ်ကြောင့် လူတိုင်း ယင်၀င်ဥနိုင်လောက်အောင် ပါးစပ်ဟောင်းလောင်းကြီးများဖြစ်သွားကြတော့သည်။
“စုရှောင်ရှန်… စုရှောင်ရှန်ဆိုတာ သူလား”
“အဲ့ကောင်က အပြင်စည်းဂိုဏ်းသားမလား အတွင်းစည်းကို လူသတ်ဖို့ရောက်လာတာလားဟ”
“အထင်မကြီးဘဲကိုမနေနိုင်တော့တာ”
“သူ့ကိုဘာဆက်ဖြစ်မလဲ သိချင်လိုက်တာ… ငိငိ”
ထျန်းစန်းနန်းတော်၌ နာမည်ကြီး လူများ၏ အဆင့်ကို သတ်မှတ်ပေးရမည်ဆို စုရှောင်ရှန်က ထိပ်ဆုံးမှဖြစ်လေသည်။ ထိုသို့ဖြစ်ရခြင်းကလည်း ရိုးရှင်းပါသည်။ ထူးဆန်းသော သူနှင့်ပတ်သက်သည့် ကောလဟာလများကြောင့် ဖြစ်တော့သည်။
ဦးစွာ မိုးတိမ်လေပြိုင်ပွဲ၌ ဗိုလ်ဆွဲသွားသည့်တိုင် အတွင်းစည်း ၀င်ခွင့်ကို ငြင်းပယ်ခြင်းခံရသည်။ စိတ်ဝိညာဉ်နန်းတော်၏ မျက်နှာဖုံးတပ်လူ ဖမ်းစီးရေး၌လည်း အဓိက ဇာတ်ကောင်အဖြစ် သံသယဝင်ခံရသည်။ စုရှင်းရှင်းနောက်မှ ကြိုးကိုင်နေသူကြီး အစသဖြင့် နာမည်ကြီးနေတော့၏။
လူတိုင်း တိုက်ပွဲဖြစ်ပွားရာ နေရာမှ သွေးသံရဲရဲ လူကိုကြည့်လိုက်ကြပြီး တံတွေးများမျိုချမိလိုက်ကြလေသည်။ ကြည့်ရတာ သူ၏စာရင်းထဲကို နောက်ထပ် အဖြစ်အပျက်တစ်ခု ထပ်ထည့်ရတော့မည်။
“ငါထင်တာမမှားရင် မီးရှူးမီးပန်းက ကျောက်ရှုကနေဖြစ်သွားတာလား”
“သူက ထိပ်သီး(၃၃) ဦးထဲကို ခုမှ ၀င်ထားတဲ့သူကွာ…”
ပထမဦးဆုံးအနေဖြင့် လူတိုင်း အတွင်းစည်းဂိုဏ်းသားများက သာမန် ဂိုဏ်းသားများဖြစ်သည့်အလား ခံစားလိုက်ကြရလေသည်။ စုရှောင်ရှန်က စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ်အဆင့်(၉) ၌သာရှိပြီး အပြင်စည်းဂိုဏ်းသားတစ်ယောက်ဖြစ်လေသည်။
“ကမ္ဘာကြီး ရုတ်တရက် ပြောင်းပြန်လည်ပတ်သွားသလိုပဲ။ ငါ အိပ်မက် မက်နေတာများလား”
ဘုတ်…။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၂၂]
“လခွေးလား ဘာလို့ ငါ့ကိုရိုက်တာလဲ”
“နာတယ်မလား အဲ့တာဆို အိပ်မက် မဟုတ်လို့ပေါ့”
“ဘောလား”
…
[အလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၃၃]
“…”
ပင်ကိုယ်မှတ်များကိုကြည့်လိုက်သောအခါ တိုက်ပွဲတစ်ပွဲထဲနှင့် (၂၀၀၀) ကျောက်ထိုးတက်သွားကြောင်းကို စုရှောင်ရှန် တွေ့လိုက်ရလေသည်။
တိုက်ပွဲအတွင်း ပင်ကိုယ်မှတ် အများဆုံးပေးသည်က သူ့ကို အကြိမ်ရေများစွာလာရောက် တိုက်ခိုက်သည့် ရေခဲလှံတံများဖြစ်သည်။ ဒဏ်ရာပြင်းပြင်းထန်ထန်မရသော်လည်း စက္ကန့်တိုင်းတော့ ပင်ကိုယ်မှတ် (၁၀၀) လောက် ရလေတော့သည်။
သူ့ပင်ကိုယ်စွမ်းရည်တို့ကိုအကြောင်းပြု၍လည်း စုရှောင်ရှန်၏ အခြေအနေက တစ်၀က်ကျော်ကျော်ပြန်ကောင်းလာခဲ့၏။ ယခု ဆက်လက်၍ တိုက်ခိုက်ရမည်ဆိုလျှင်တောင် အဆုံးထိတိုက်ခိုက်နိုင်မည်ဟု သူ့တွင် ယုံကြည်ချက်ရှိလေတော့သည်။
သို့သော် ကြီးကြပ်သူများ များသထက် များလာခြင်းနှင့်အတူ တိုက်ပွဲဖြစ်ပွားရန်က တစ်စထက် တစ်စ နည်းသွားလေတော့သည်။ ယွမ်တုထံမှ အကြည့်လွှဲလိုက်ပြီး ကျောက်ကျစ်တုံ့ကို စုရှောင်ရှန် အထိတ်တလန့် ဖြစ်နေဟန်ဖြင့် ကြည့်လိုက်လေသည်။
“ကြီးကြပ်သူ ကယ်ပါ ဒီကောင်တွေ ကျုပ်ကိုသတ်ဖို့ကြိုးစားနေတယ်” ယွမ်တုကို လက်ညှိုးထိုးပြလိုက်၏။
လူတိုင်းစွံ့အသွားကြလေသည်။
မည်သူက မည်သူ့ကို သတ်လိုက်သနည်း။
လူဆိုးက နစ်နာသူအလားပြုမူနေ၏။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၅၂]
ကျောက်ကျစ်တုံ့ ဟာသ လုပ်နေဖို့ စိတ်မရှိပါပေ။ ပြိုင်ပွဲလည်းမဟုတ်ရာ ပိုလို့ဆိုးလေသည်။
“ဘာမှမပြောနဲ့တော့ ငါနဲ့ စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာနကို လိုက်ခဲ့တော့ ပြစ်ဒဏ်စီရင်ရေးခုံရုံးမှာ ရောက်မှ ရှင်းတော့”
ယွမ်တု၏ မျက်နှာထက် ၀င်းပသွားသည်။ ပြစ်ဒဏ်စီရင်ရေးခုံရုံးကိုရောက်ခဲ့လျှင် စုရှောင်ရှန် သေပေလိမ့်မည်။ သို့ဆိုလျှင် သူ၏ တာ၀န်က ပြီးမြောက်သည်ဟု ယူဆ၍ ရသလော။ သို့သော် လန်ရှင်းရှီက စုရှောင်ရှန်၏ ခေါင်းကို တစ်ရက်အတွင်းယူလာရန် ပြောခြင်းဖြစ်ပေလေသည်။
ယွမ်တု ခေါင်းခါလိုက်သည်။ စုရှောင်ရှန်၏ ခွန်အားနှင့်ဆိုပါက ထိုတာ၀န်ကို တစ်ရက်တည်းနှင့် မည်သို့မျှပြီးမြောက်နိုင်လိမ့်မည်မဟုတ်ပေ။ သူ့ကို တစ်လလောက် ကြိုတင်ပြင်ဆင်ခွင့်ပေးကာမှ ကျိုးကြောင်းသင့်လျော်ဦးမည်။
နေ့တစ်ခင်းစာလောက်မတွေ့လိုက်ရသည်နှင့် ကျောက်ကျစ်တုံ့ သူ့အပေါ် ထိုမျှစိမ်းကားသွားမည်ဟု စုရှောင်ရှန် မထင်ပါလေ။
သူ့စပ်ဖြီးဖြီးမျက်နှာထားကို ပြန်ပြင်လိုက်ပြီး စုရှောင်ရှန် လေးလေးနက်နက်ဆိုသည်။ “ကျုပ်ဟာကျုပ် အိပ်မရလို့ လမ်းလျှောက်ထွက်လာတာကို အတွင်းစည်းဂိုဏ်းသားတစ်ယောက်ကလာသတ်တာလေ။ ဘာလဲ လည်ဆင်းခံပေးလိုက်ရမှာလား”
“ငါလည်း မင်းကိုရပ်ဖို့ အော်လိုက်တယ်လေ” ကျောက်ကျစ်တုံ့ ခက်ထန်စွာ ပြန်ပြောသည်။
‘ဒီည စည်းကမ်းကြီးကြပ်သူတွေရဲ့ အာဏာကို ဘာကောင်ကြီးလာလာ ၀င်မနှောက် စေရဘူးကွ။ အဲ့ကောင်ကြီးက အကြီးအကဲစန်းနဲ့ ဆက်နွယ်ချင် ဆက်နွယ် နေပါစေ’ သူ ကျိန်ဆိုလိုက်သည်။
စုရှောင်ရှန် ခပ်ညစ်ညစ်ပြုံး၍ ဆက်လက်ပြီး “ကျုပ်အသတ်ခံရတော့မယ်ဆိုတုန်းက ခင်ဗျားက ဘယ်ရောက်နေတာလဲ။ ခုတော့ အခြေအနေကို ကျုပ်ပြောင်းနိုင်လိုက်တော့မှ ရပ်တဲ့လား… ချစ်စရာလေးနော်… ကျုပ်နေရာမှာသာ တစ်ခြားသူတစ်ယောက်ဆိုရင် ခင်ဗျားသူ့ကို တွေ့နေနိုင်ဦးမယ်တောင်ထင်လို့လား။ မနက်ဖြန်မနက်ကြမှ စိတ်ဝိညာဉ်နန်းတော်ဂိုဏ်းသားတစ်ယောက် သေသွားပြီဆိုတာ ကြားရလိမ့်မယ်”
စုရှောင်ရှန်ပြောနေတာ အမှန်တရားများဖြစ်တာကြောင့် ကျောက်ကျစ်တုံ့ တိတ်ဆိတ်နေလိုက်တော့သည်။
သို့သော်…
“ဒါက အခြေခံ လုပ်ရိုးလုပ်စဉ်ပဲ။ ခုံရုံးမှာ မင်းဟာမင်း အကြီးအကဲကို ရှင်းပြရင် ရှင်းပြ”
“ရတယ်လေ” မထင်မှတ်ထားစွာဖြင့် စုရှောင်ရှန် မငြင်းပါချေ။ ယွမ်တုကိုသာ လက်ညှိုးထိုးလိုက်ပြီး “ဒီကောင်ကတော့ ကျုပ်နဲ့လိုက်ခဲ့ရမယ်”
ယွမ်တု မှင်တက်သွားသည်။ ‘ဘာလို့ ငါ့ကိုပါဆွဲထည့်နေတာလဲဟ။ ငါဘာလုပ်လို့လဲ တစ်ချိန်လုံး ဒီတိုင်းပဲကြည့်နေတာပါ’ စိတ်ထဲမှ ဆိုသည်။
ယွမ်တုကို ကျောက်ကျစ်တုံ့ မျက်မှောင်ကျုံ့ရင်းကြည့်လိုက်သည်။ ထို့နောက်တစ်စုံတစ်ခုကို အမှတ်ရသွားသည့်အလား “ထပ်ပြီးတော့ ကျန်းမျိုးနွယ်စုက ကျန်းရှင်းရှုံပဲလား”
စုရှောင်ရှန်မှင်တက်သွားပြီး “သိသားပဲ” ဟူသည့် ပုံစံဖမ်းလိုက်တော့သည်။ “ကြည့်ရတာ မင်းကိုသူလွှတ်လိုက်တာပဲနေမယ်… ပထမ ဖုန်းကုန်းနဲ့ ရှောင်းယီပြီးတော့ ဒီနေ့က… ကျောက်ရှုလား ဘာလား… ဘာလို့ ငါ့ကို ကိုယ်တိုင်ကိုယ်ကျလာမချတာလဲ။ ဖမ်းခံရမှာကြောက်လို့လား။ ဒါမှမဟုတ် ငါစုရှောင်ရှန်ကို ကြောက်လို့လား”
၀န်းကျင်ရှိလူတိုင်း တိတ်ဆိတ်သွားကြလေသည်။ အချို့အရာများက မပြောဘဲထားသည်က ကောင်း၏။ ထိုသို့သောကိစ္စမျိုးက ဖြစ်တတ်တယ်ဆိုပေမယ့် အတွင်းစည်း အချင်းချင်းသာ ဖြစ်ပျက်သည်က များလေသည်။
ယခုတော့ ထိပ်သီး(၃၃) ဦးထဲမှ တစ်ယောက် အပြင်စည်းဂိုဏ်းသားကို လုပ်ကြံဖို့ စေလွှတ်လိုက်တော့၏။ ပိုဆိုးတာက လုပ်ကြံတိုင်းလည်း ကျရှုံးနေခြင်းဖြစ်ရာ ထိုအရာမျိုးကို မပြောဘဲထားသည်က ပို၍ ကောင်းပေသည်။
၎င်းက အတွင်းစည်းဂိုဏ်းသားများ ယှဉ်လျှင် အပြင်စည်းဂိုဏ်းသားလောက်တောင် မတောက်ပြောင်ခြင်း မဟုတ်ဘူးပေလော။ လူထု၏အမြင်က ပြောင်းလဲလာသည်ကိုမြင်သောအခါ ယွမ်တု ပျာယာခတ်သွားတော့သည်။
“မင်းပြောတာနဲ့ ဘာမှ မပတ်သက်ဘူး။ လျှောက်မပြောနဲ့။ ဒါက နှစ်ကိုယ်ကြားက သွေးကြွေးကွ။ စုရှောင်ရှန်က ကျောက်ရှုစီကနေ ထျန်းရွှမ်တံခါး၀င်ခွင့်ကို လုယူသွားတာ။ ဒါနဲ့ သူလည်းလုပ်မိလုပ်ရာ လုပ်လိုက်တာပဲ။ ဒါပေမယ့် ဘယ်သူကထင်မှာလဲ…”
ယွမ်တု သူ့စကားကိုဆုံးအောင် မပြောနိုင်ဖြစ်နေလေသည်။ ထိပ်သီး(၃၃)ဦး၀င် အသစ်က အပြင်စည်းဂိုဏ်းသားတစ်ယောက်ကို ရှုံးမည်ဟု မည်သူက ထင်ထားပေလိမ့်မည်နည်း။ သို့သော် ယွမ်တု၏ စကားက ၀န်းကျင်မှ လူတိုင်းကို အံ့ဩဘနန်းဖြစ်သွားစေလေသည်။
“ထျန်းရွှမ်တံခါး၀င်ခွင့် လုတယ်ဟုတ်လား”
“ဒါဆိုရင် စုရှောင်ရှန် ထျန်းရွှမ်တံခါး၀င်ခွင့် တစ်နေရာ ရသွားလို့ ကျောက်ရှုက သူ့ကို သတ်ဖို့လုပ်တာပေါ့”
“လခွမ်း ခုမှ ဇာတ်ရည်လည်တော့တယ်။ စကားမစပ် စုရှောင်ရှန်က ဘယ်လိုလုပ် ထျန်းရွှမ်တံခါး၀င်ခွင့်ရသွားတာလဲ။ မလွန်ဘူးလား။ အတွင်းစည်းမှာ ဒီလောက် ဂိုဏ်းသားတွေအများကြီးရှိနေတာ ဘာလို့ အပြင်စည်းဂိုဏ်းသားတစ်ယောက်ကို ပေးရတာတုန်း”
“ဟက် မင်းကကော ကျောက်ရှုကိုသတ်နိုင်လို့လား”
“…”
“ပါးစပ်ပိတ်ထားစမ်းပါကွာ”
ထျန်းရွှမ်တံခါ၀င်ခွင့်က ယခုညမှ ကြေငြာထားသည်ဖြစ်ရာ လူသိနည်းပေသည်။ ယခုတော့ လူတိုင်းသိသွားကြပြီဖြစ်၏။
စုရှောင်ရှန်လည်း မှင်တက်သွားတော့သည်။ ကနဦးက အကြီးအကဲစန်း သူ့ကို နေရာရအောင် အေးဆေးလေး လုပ်ပေးနိုင်တယ် မှတ်နေလေသည်။ သူအခွင့်အရေးရလိုက်သည်က တစ်စုံတစ်ယောက်၏ အခွင့်အရေးကို ဆုံးရှုံးသွားစေပြီး ယခုကဲ့သို့ ဖြစ်စေမည်ဟု မထင်ထားပါလေ။
“အဲ့ဒီ အဖိုးကြီးကတော့ကွာ။ ငါ့ကို ဘာလို့ ဘာမှ မပြောတာလဲမသိဘူး။ ဟင် သူ့စရိုက်နဲ့ဆိုရင် ပြောကာမှ ထူးဆန်းဦးမယ်”
စက္ကန့်ပိုင်းအတွင်း စုရှောင်ရှန် ဇာတ်ရည်လည်သွားလေသည်။ သို့သော်အဖိုးကြီးကို ဘာဖြစ်ခဲ့သလဲကတော့ မေးရဦးပေမည်။ ဖြစ်ရပ်တစ်ခုလုံးက သူ့ကို ပဟေဠိ ဖြစ် နေစေ၏။
အကြီးအကဲစန်းသာ အနာဂါတ်၌ ဤသို့ထပ်လုပ်ပါက သူနှင့် အားလုံးကို ရန်တိုက်ပေးခြင်းမဟုတ်ပေဘူးလော။
‘ငါ အသက်ဆက်ရှင်ချင်သေးတယ်ဟ’ သူတွေးလိုက်၏။
ကျောက်ကျစ်တုံ့သူ၏ ရပ်တည်မှုကို ပြောင်းတော့မည်ဆိုတာ တွေ့လိုက်ရရာ စုရှောင်ရှန် အလျှင်အမြန်ဆိုလိုက်သည်။ “တကယ်လို့ ကျောက်ရှုက ထျန်းရွှမ်တံခါး၀င်ခွင့်အတွက် ကျူပ်ကိုလာသတ်တယ်ဆိုရင်တောင် ဒီကောင်နဲ့လည်း အများကြီးပတ်သက်နေသေးတယ်” ယွမ်တုကို စုရှောင်ရှန်ကြည့်လိုက်သည်။
“သူတို့အတူတူလာကြတာ။ တစ်ယောက်က ကျုပ်ကိုလာသတ်ပြီး တစ်ယောက်က လူစောင့်ပေးနေတယ်”
ကျောက်ကျစ်တုံ့ ဘာမှ မပြောနိုင်ခင်မှာပင် စုရှောင်ရှန် ထပ်လောင်းပြောဆိုလိုက်လေသည်။ “မမေးနဲ့ ကျုပ်မှာ သက်သေမရှိဘူး။ ကျောက်ရှုလည်းဒီလောက်အားနည်းမယ်လို့တော့ ကျုပ်လည်း မထင်ဘူးလေ။ ပထမတော့ ငါ့ကို လာသတ်တာတာဟဆိုပြီး ပြေးမလို့ကို…”
ယွမ်တုကို စုရှောင်ရှန် လက်ညိုးထိုးလိုက်ကာ “သူလေ… သူပေါ့.. ကျုပ်ထွက်ပြေးမယ့်လမ်းကိုပိတ်ထားတာ မဟုတ်ရင် ကျုပ်ထွက်ပြေးနိုင်ပြီး ကျောက်ရှုလည်း သေမှာမဟုတ်တော့ဘူး… သူကမှ တကယ့် လူသတ်သမား။ ကျုပ်မဟုတ်ဘူး”