အပိုင်း(၁၁၇) ငါတကယ် အဲ့လောက်ကြမ်းလား
အတွင်းစည်းတစ်နေရာ လူသူကင်းရှင်းသော တောလေးတစ်ခုအတွင်း၌ဖြစ်သည်…။
“အချစ်လေး စိတ်ကိုလျော့ပါကွာ…ကိုယ်နေ့လည်က ချိန်းထားတာ မလာဖြစ်တာက တကယ် အရေးကြီးတဲ့ တာ၀န်ရှိလို့ပါကွာ… ဟုတ်သား… ကိုယ်ရန်သူကိုလိုက်ဖမ်းနေလို့ပါ… ဒါ… ဒါပေမယ့် မမိလိုက်ဘူး”
ကျောက်ကျစ်တုံ့ ရှက်ကိုးရှက်ကန်း နှာခေါင်းကို ပွတ်လိုက်သည်။ စိတ်ထဲမှလည်း စုရှောင်ရှန်ကို ပြဿနာရှာသည့်အတွက် ကျိန်ဆဲလိုက်၏။ အကယ်၍ သူကြောင့်သာမဟုတ်ပါက ထိုမျှကြီးသော ဖြစ်ရပ်တစ်ခုလည်း ဖြစ်သွားလိမ့်မည်မဟုတ်ပါပေ။
ထို့နောက် သူ့ရှေ့မှ လှပသော မိန်းမပျိုးလေးကို သိုင်းဖက်လိုက်တော့သည်။
“တွေ့လား ကိုယ်အခု ပြန်ပေးဆပ်နေပါပြီကွာ။ ညကောင်းကင်လေး ဘယ်လောက်လှလည်းကြည့်ကြည့်ပါဦး။ နေ့လယ်ပိုင်း ကိုယ်တို့ချိန်းတွေ့တာ ထက်ပိုလှနေမှာ… ကိုယ်တစ်ကယ် နောက်မိန်းမတစ်ယောက်ကို မရှာရပါဘူးကွာ။ မင်းမှမင်းပဲ ကိုယ့်နှလုံးသားထဲမှာ တစ်ယောက်တည်း စွဲစွဲမြဲမြဲ ရှိရတာပါကွာ… ကိုယ့်ကိုယ် စကားပြန်ပြောပါဦးကွာ… နော်… နော်လို့”
ချစ်ခင်နှစ်သက်မှုများဖြင့် ပြည့်နေသော မျက်၀န်းများဖြင့် ထိုမိန်းမပျိုလေးကိုကြည့်လိုက်တော့လေသည်။ သူ၏ ခံစားချက်များက သူ့မျက်နှာထက်တွင် ထင်ဟပ်နေရာ မိန်းမပျိုလေး၏ ဒေါသများတဖြေးဖြေးပျောက်ကွယ်လာလေသည်။
ကျောက်ကျစ်တုံ့ လက်တစ်ဖက်ကိုရင်ဘက်ပေါ်တင်၍ ကျန်တစ်ဖက်ကို မြှောက်ကာ လက်(၃) ချောင်းထောင်လိုက်ပြီး “ကောင်းပါပြီကွာ… ကိုယ်ကျိန်ဆို ပြမယ်ဟုတ်ပြီလား”
သူမက ကျောက်ကျစ်တုံ့၏ နှုတ်ခမ်းအပေါ်လက်တင်လိုက်ရင်း ညုတုတု ကလေးပြောလိုက်သည်။ “မလုပ်ပါနဲ့ ရှင်ရယ်”
ကျောက်ကျစ်တုံ့သူ့ခေါင်းကိုခါရမ်းလိုက်သည်။ ထို့နောက် သူမ၏ လက်ချောင်းကလေးကို ကိုင်ရင်း ချစ်မြတ်နိုးစွာကြည့်လိုက်၏။ “ဒါပေမယ့် ကိုယ့်အချစ်ကို သက်သေပြပြီး ကျိန်ဆိုပြချင်တယ်လေ”
ဤသို့အခွင့်အရေးကိုဆုံးရှုံးခံရအောင် သူက ငပေါလား။ (အတုယူ)
“အင်း” မိန်းမပျိုလေးက မေးထောက်လိုက်သည်။ သူဘာကျိန်ဆိုတော့မည်မှန်းသိသည့်အလား ရှက်သွေးဖြန်းသွားလေသည်။
မိန်းမပျိုလေးကို ချစ်မြတ်နိုးစွာ ကြည့်နေရင်းမှ ကျောက်ကျစ်တုံ့ လက်(၃) ချောင်းပြန်ထောင်လိုက်ပြီး ချစ်ခင်နှစ်သက်စွာဆိုလိုက်သည်။ “ငါ ကျောက်ကျစ်တုံ့ ငါ့အချစ်လေး မီမီ တစ်ယောက်တည်းကိုပဲ တစ်ဘ၀လုံးချစ်သွားမယ်လို့ ကျိန်ဆိုပါတယ်။ အလိမ်အညာတစ်ခုပါခဲ့ရင် မိုးကြိုး ချက်ခြင်း ပစ်ခံရပါစေဗျာ”
ဘုန်းးးး
လေထဲတွင် အသံကျယ်ကြီးတစ်ခုနှင့်အတူ လျှပ်ပြက်သွား၏။
ကျောက်ကျစ်တုံ့ ပျောက်စရာစကားများပျောက်ရှသွားတော့သည်။
“ဒါ… ရှင်…” မိန်းမပျိုလေး သူ့ကို လက်ညိုးထိုးပြီး မယုံနိုင်စွာကြည့်လိုက်သည်။ ထို့နောက် ရင်ဘက်ကို လက်တစ်ဖက်ဖြင့် ပိုက်ထားရင်းမှ ဖြေးဖြေးချင်းနောက်ဆုတ်သွားပြီးနောက် မျက်နှာကိုအုပ်လိုက်ကာ ပြေးသွားတော့သည်။
“အချစ်လေး ပြန်လာခဲ့ပါ။ အဲ့တာ မိုးကြိုးမဟုတ်ရပါဘူး။ ဓားအရှိန်အဝါပါကွာ” ကျောက်ကျစ်တုံ့ သံကုန်အော်ဟစ်လိုက်တော့သည်။
သို့သော် မိန်းမပျိုလေးက လှည့်မကြည့်လိုက်ပါပေ။
“အဲ့တာက စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒပါကွာလို့”
ကျောက်ကျစ်တုံ့ သူ့နှလုံးသာ အစိတ်စိတ်အမွှာမွှာ ကြေကွဲသွားတော့ မတတ်ခံစားနေရလေသည်။ ထို့နောက် ကောင်းကင်ကို လက်ညှ်ိုးထိုးပြီး သံကုန် ဟစ်လိုက်တော့သည်။ “စုရှင်းရှင်း ဒါနဲ့ဆို (၆) ကြိမ်မြောက်ပဲ။ ငါ့အချစ်လမ်းစဉ်မှာ လာရှုပ်တဲ့အတွက် အသေဆိုးနဲ့ သေပါစေ”
ထိုသို့ ဟစ်လိုက်ပြီးသည့်နောက် ချက်ခြင်း ပြေးထွက်သွားလိုက်တော့သည်။ သို့သော် မိန်းမပျိုလေးနောက်ကိုတော့မဟုတ်ဘဲ ဓားအရှိန်အဝါထွက်လာသည့်ဘက်သို့ ဖြစ်လေတော့သည်။
မိန်းမပျိုလေး သစ်တောထဲသို့ ကြာကြာ မပြေးလိုက်ပါချေ။ ဖြေးဖြေးလေးပြေးနေတာတောင် သူမနောက်ကို လိုက်လာသည့် ထိုသူက မရှ်ိလေရာ တစ်စုံတစ်ခုကို နားလည်သွားတော့၏။
“နောက်ဆုံးတော့လည်း ငါတစ်ယောက်တည်းပဲ ကျန်တော့တာပါပဲ။ ဟင့်… ဟင့်…”
…
ညကောင်းကင်ယံကို ကြယ်ပွင့်ကလေးများက တန်ဆာဆင်ထားကြလေသည်။ သို့ဖြင့် ချစ်သူရည်းစားအတွဲလေးများ၊ သခင်လေးများက အတွင်းစည်းထဲ၌ သူတို့ကိစ္စကို သူတို့ လုပ်ဆောင်နေကြ၏။
စုရှောင်ရှန်၏ ဓားအရှိန်အဝါက ကောင်းကင်ယံသို့ ထိုးတက်သွားလေရာ လူတိုင်း၏ အာရုံကိုဖမ်းစားသွားခဲ့ပြီး ရုတ်ရုတ်သဲသဲ ဖြစ်လာတော့သည်။ သို့ဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာသို့ လူများစုလာတော့လေသည်။
ယွမ်တု စိုးရိမ်တကြီးဖြင့် ဂနာမငြိမ်ဖြစ်နေလေသည်။ အခြေအနေက သူထိန်းချုပ်နိုင်သည်ထက် ပိုလာသောအခါ သူကိုယ်တိုင်၀င်ပါပြီး စုရှောင်ရှန်ကို အဆုံးသတ်ပေးရန် ကြံလိုက်သည်။ သို့သော် လက်တစ်ဖက်ပြတ်သွားသော ကျောက်ရှုက ကျန်လက်တစ်ဖက်တည်းဖြင့် လက်ကွက်တွေဆက်လုပ်နေတာကို တွေ့လိုက်ရရာ ထိုဆန္ဒကိုအလျှင်အမြန်ချုပ်တည်းလိုက်တော့သည်။
ထို လက်ကွက်များကို သူရင်းနှီးပါသည်။
“ရေခဲကပ်” အံ့အားသင့်စွာ ရေရွတ်လိုက်မိ၏။
၎င်းက ထိပ်သီး(၃၃) ယောက်ကိုရွေးချယ်ပွဲမှာ တစ်စုံတစ်ယောက်ကို မတော်တဆသတ်မိလိုက်သည့် လက်တစ်ဖက်တည်းဖြင့်ရေနိုင်သော နည်းစနစ်များထဲမှ တစ်ခုပင်ဖြစ်သည်။
ရေခဲထုကြီးထဲ၌ ဘာဖြစ်နေသည်ကို ယွမ်တုမသိပါ။ သို့သော် ကျောက်ရှုကို ဤအခြေအနေထိရောက်အောင် တွန်းအားပေးနိုင်သောကြောင့် စုရှောင်ရှန်ကို အထင်ကြီးမိလေသည်။
“အချိန်သာလုံလုံလောက်လောက်ရရင် ဒီကောင်လေး အထင်ကရ လူတစ်ယောက်ဖြစ်လာမှာ။ ဒါပေမယ့် သနားစရာပဲ…”
…
ခရက် ခရက်
စုရှောင်ရှန် ပို၍ စက်ဆုပ်ရွံရှာသွားတော့သည်။
“ဒီကောင်က တကယ်လိုက်ကပ်တဲ့ကောင်ပဲ… ရေခဲအမျိုးအစားစွမ်းအင်ကိုဒီလို ရွံစရာကောင်းအောင်သုံးရတယ်လို့။ ခုတော့ ငါ့တိုက်ကွက်တွေအားလုံးက ချိတ်ပိတ်ခံလိုက်ရသလိုပဲ သုံးလို့ရတော့ဘူး”
သူ့ကို ကြီးမားသော ရေခဲတုံးကြီးများက ၀န်းရံထားလေသည်။ လက်ကွက်များကို အလျှင်အမြန်လုပ်ဆောင်လိုက်ရာ ထိုရေခဲတုံးများက လူတစ်ယောက်အရွယ်အစား စက်၀န်းသဏ္ဌာန်လှောင်အိမ်အလားဖြစ်လာပြီး စုရှောင်ရှန်ကို ပိတ်လှောင်ထားလိုက်တော့သည်။
ကျောက်ရှု၏ အမူအရာက ရက်စက်ခက်ထန်နေသည်။ သို့သော်”ရေခဲကပ်” ဟု ဖျော့တော့တော့သာအော်နိုင်လိုက်၏။
ထိုလှောင်အိမ်ကြီးက လေထဲကိုမြှောက်တက်သွားပြီး စုရှောင်ရှန်ကို ပျံဝဲနေစေလိုက်၏။ ထို့နောက် လှောင်အိမ်၏ အပြင်ဘက်၌ ချွန်ချွန်ထက်ထက် ရေခဲလှံတံကြီးများ ထွက်ပေါ်လာကြလေသည်။
ဤအချင်းအရာကိုမြင်သော် စုရှောင်ရှန် ထိတ်ထိတ်ပျာပျာဖြစ်သွားလေသည်။ ထိုလှံတံများ၏ အဖျားပိုင်းများအားလုံးက သူ့ကို ဦးတည်ထားခြင်းဖြစ်လေသည်။ နောက်ဘာဆက်ဖြစ်မယ်ဆိုတာကို မသိရင်တော့ သူက ဦးနှောက်မပါလို့ဘဲဖြစ်ရပေမည်။
“လွှတ်ပေးစမ်း”
သူရဲရဲတင်းတင်းမျိုချလိုက်သောမီးတောက်အစေ့က သူ့ကို နာကျင်မှုတွေပေးနေသော်လည်း ယခုတော့ နောက်ဆုံး သူ၏အသက်ကို ကယ်မည့်မျှော်လင့်ချက် ကောက်ရိုးမျှင်လေးဖြစ်လာခဲ့၏။ ထိုမီးတောက်အစေ့က သူ့ဒန်ထျန်ထဲ၌ ဝဲပျံနေကာ အအေးဓာတ်များကို အပြင်သို့ ဖယ်ထုတ်ပေးနေလေသည်။
၎င်းက အအေးဓာတ်များကိုဖယ်ထုတ်နိုင်သည်ကတော့မှန်ပေမယ့် သူ့လှုပ်ရှားမှုများကတော့ နှေးကွေးနေစဲဖြစ်လေသည်။ ထိုအစေ့က သူကိုယ်တိုင် ဖန်တီးထားတယ် ဆိုပေမယ့် ဒန်ထျန်ထဲ၌ မတော်တဆ ပေါက်ကွဲသွားပါက သူသေသွားပေလိမ့်မည်။
“အချိန်ကောင်းကောင်းမရဘူးကွာ။ ဒီကောင့် ထိန်းချုပ်တဲ့စွမ်းအင်က သောက်ရမ်း ရွံဖို့ ကောင်းလွန်းတယ်”
ထို့နောက် လက်သီးများကိုကျစ်ကျစ်ပါအောင်ဆုပ်၍ ချွန်ထက်ခြင်းဖြင့် ဖုံးအုပ်လိုက်လေတော့သည်။
“ဖောက်စမ်းကွာ” ကျောက်ရှု အော်လိုက်သည်။ ရေခဲလှံတံ (၃၆) ချောင်းစလုံး တစ်ခုကိုတစ်ခု ကန့်လန်ဖြတ်ဖြင့် စုရှောင်ရှန်၏ ကိုယ်ကို ဇကာပေါက်များဖြစ်သွား အောင်ထိုးဖို့ ၀င်သွားလေသည်။
ဖူးးးးးး…..
လေထဲ၌ သွေးများလွင့်ပျံလာသည်ကိုမြင်သောအခါ ယွမ်တု ကြက်သီးဖျင်းဖျင်းထသွားတော့သည်။
၎င်းက အတွင်းစည်းထိပ်သီး (၃၃) ဦးရွေးချယ်ပွဲက ပြိုင်ဘက်ကို သေသည်အထိ ဇကာပေါက်လုပ်လိုက်သော နည်းစနစ်ဖြစ်လေသည်။ ဖြစ်စဉ်က အလွန်မြန်ဆန်လွန်းနေရာ ပြိုင်ဘက်က အရှုံးတောင်မပေးနိုင်လိုက်ဘဲ ချက်ခြင်း အသတ်ခံလိုက်ရတော့၏။
ဤနေရာတွင် လူများစုစည်းလာခဲ့ပြီးဖြစ်သည်။ ဤတိုက်ပွဲက ပမွှားလေးပါဟု ကနဦးထင်နေကြသည့်လူများ ဤမြင်ကွင်းကိုမြင်သော် အံ့ဩဘနန်းဖြစ်သွားကြတော့သည်။
“လခွမ်း… ဘ-ဘ-ဘာကြီးလဲဟ… ဟေး လူတွေ ဒီမှာလာကြည့်ကြပါဦး။ သောက်ရမ်းမိုက်တာကြီး ဖြစ်နေတယ်”
“အစွမ်းကုန်ကိုထုတ်သုံးလိုက်တော့တာ။ ဒီတိုက်ကွက်က ငါမန်းနက်ကိုချိုးလိုက်တဲ့ စုရှင်းရှင်းရဲ့ မနက်ကဓားကွက်ထက်တောင်ကြမ်းတယ်။ ဒါဆို ဒီတိုက်ပွဲက အကြီးအကျယ်ပေါ့လေ။ ဘယ်ကောင်က သတ္တိရှိပြလိုက်တာလဲဟေ့”
“ဘုရားရေ အဲ့တာ ကျောက်ရှုမလား လက်တစ်ဖက်ပြတ်နဲ့က။ ဘယ်သူ့ကိုသွားရန်စမိလို့ ဒီလောက် ပြင်းပြင်းထန်ထန်ကြီး အခြေအနေဆိုးနေရတာတုန်းဟ”
“ရန်သွားစတယ်ဟုတ်လား။ သေချာကြည့် အဲ့တာ ‘ရေခဲကပ်’ ပဲ လှောင်အိမ်ထဲက ဘဲကတော့ ခုဆိုသေတောင်သေနေလောက်ပြီ”
“ဖေးဖေးမကြည့်နဲ့ မိန်းကလေးတစ်ယောက်က ဒါမျိုးတွေမကြည့်သင့်ဘူး”
“ဘာကြီး…မဖြစ်နိုင်တာ။ ဒီလောက်ကြမ်းထော်နေတာကြီးကို။ မကြည့်ရရင် သောက်ရမ်း နာသွားမှာပေါ့”
“ဘာပြောတယ်…”
“မဟုတ်ဘူး… အာ… မကြည့်ရရင် သူများတွေပြောတဲ့အခါ ကိုယ်က ငူငူကြီး နားထောင်နေရမယ်လို့…”
[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁၀၈]
[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁၀၈]
[အစိုးရိမ်ခံရပါသည်။ ပင်ကိုယ်မှတ် +၁၄]
[မြည်တမ်းခြင်းခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၆]
“…”
သူ့ကိုကြည့်ရတာ ဇကာပေါက်ဖြစ်နေဟန်ရသော်လည်း တကယ့်ထိခိုက်မှုက သူပထမဦးဆုံးသုံးလိုက်တော့ ‘ရေခဲနဂါးအသက်ရှူခြင်း’ လောက်တောင် သူ့ကို ဒဏ်ရာကအောင်မလုပ်နိုင်ပါပေ။
သူ့စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်က ပထအလွှာ ကာကွယ်မှုကိုပေးပြီး လှံတံများ၏ ထိခိုက်မှုကို တစ်၀က်လောက်လျော့ပေးလိုက်လေတော့သည်။
ချွန်ထက်ခြင်းက သူ့အရည်ပြားကိုသံမဏိအလား မာကြောစေပြီး ဒုတိယ အကာအကွယ်အလွှာဖြစ်လေသည်။
ကြော့ကွင်းက သူ၏ တတိယမြောက်အလွှာအဖြစ် ရေခဲလှံတံတိုင်းအား သူ့ကို ဇကာပေါက်ဖြစ်အောင် တစ်ချက်တည်းဖြင့် မသေအောင်လို့ ပြန်ကန်ထုတ်ပေးနေလေသည်။
ထာ၀ရ အသက်စွမ်းအင်ကတော့ စတုတ္ထအလွှာ အကာအကွယ်ဖြစ်ပြီး သူ့ဒဏ်ရာများမှ အဆက်မပြတ်ပြန်၍ သက်သာလာနေစေလေသည်။
“ငါအဲ့လောက်တောင်ကြမ်းလားဟ”
သို့မှ ထိုအရိုးစိမ့်မတတ် အအေးဓာတ်က သူ့ကို သိသာသော ဒဏ်ရာရစေသော်လည်း ထိုစွမ်းအားကြီးမားဟန်ရပါသည်ဆိုသော ရုပ်ပိုင်းဆိုင်ရာ တိုက်လိုက်မှုတော့ ခြစ်ရာလေးပင် မထင်ကြောင်းကို သိလိုက်ရသည်။
ဤသို့သော တိုက်ခိုက်မှူများက သူ့အပေါ် အကျိုးမရှိပါလေ။
သူ၏ ပဉ္စမအလွှာ ကာကွယ်မှုအဖြစ် အဆင့်မြင့်စွမ်းအင်က တိတ်တဆိတ်လေး အလုပ် လုပ်နေရာ စိတ်ဝိညာဉ်အနှစ် တစ်၀က်ကျော်တောင် ပြန်လည် ပြည့်ဖြိုးလာခဲ့လေပြီ။ ထို့နောက် မီးတောက်အစေ့နှစ်စေ့ကိုဖန်တီးကာ သူ့လက်ကိုချုပ်နှောင်ထားသော ရေခဲ လက်ထိပ်များကို အရည်ဖျော်ပစ်လိုက်၏။
ထို့နောက် သူ့အောက်ပိုင်းကို ကိုင်ထားရင်းမှ မတူသလို မတန်သလို မေးလိုက်လေသည်။ “မင်းလုပ်နိုင်တာ ဒါအကုန်ပဲလား”
ကျောက်ရှု တစ်ကိုယ်လုံး တုန်ရင်နေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေလေသည်။ သူ့စိတ်ဝိညာဉ်အနှစ်များအားလုံးကို အသုံးပြုပြီးပြီ မဟုတ်ပါလား။
ရေခဲနဂါးအသက်ရှူခြင်းက သူ့စိတ်ဝိညာဉ်အနှစ်ပမာဏ အကုန်လုံးနီးပါးကို ကုန်ခမ်းသွားစေပြီးဖြစ်လေသည်။ ထို့နောက် ရေခဲကပ်ကို ဆက်၍ သုံးနိုင်တာကိုက အံ့ဘွယ်သရဲ ဖြစ်နေလေပြီ။
သို့သော် သူ့အစွမ်းအထက်ဆုံး သတ်ဖြတ်ခြင်းနည်းစနစ်က လုံးလုံးအသုံးမ၀င်ဖြစ်နေလေရာ ဘာဖြစ်နေသနည်း မသိပါတော့ချေ။ စုရှောင်ရှန်က တကယ်ကော စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်ဖြင့် လူဟုတ်ရဲ့လော။
‘ယွမ်တု မင်းငါ့ကို ချောက်တွန်းလိုက်တာပဲ’ သူတွေးလိုက်သည်။
ရေခဲလှံတံများ၏ စွမ်းအင်က တဖြေးဖြေးအားနည်းသွားခဲ့ရာ ယခု သူ့အသားကိုပင် မထိုးဖောက်နိုင်တော့ပါပေ။ စုရှောင်ရှန် ပြန်လှုပ်နိုင်သွားသည်။
ဂျွတ် ဂျလွတ်
စုရှောင်ရှန် လည်ပင်းအမှ အကြောအဆစ်များကိုချိုးလိုက်ပြီး ခက်ထန်သော အကြည့် သူ့မျက်၀န်းထဲ၌ နေရာယူလာခဲ့လေသည်။ ထို့နောက် ဖျော့တော့သော လေသံဖြင့် “ငါ့အလှည့်ပဲ”
လူတစ်ရပ်စာလောက်ရှိသည့် ဆေးမီးဖိုအိုးကြီးကို စုရှောင်ရှန်မပြီး လှောင်အိမ်နှင့်ရိုက်လိုက်သည်ကိုမြင်ရာ လူတိုင်း မှင်တက်သွားကြ၏။
ဘုန်းးးးး…။
ရေခဲအပိုင်းအစများ ထိုတစ်ချက်တည်းဖြင့် နေရာအနှံ့ကို လွင့်ပြန့်သွားတော့၏။ စုရှောင်ရှန် လှောင်အိမ်၏ အပြင်ထွက်လိုက်သည်။
ကျောက်ရှု အန္တရာယ်ကို အာရုံခံမိ၍ တံတွေးကိုခက်ခက်ခဲခဲမျိုချလိုက်ရသည်။ ထို့နောက် ယွမ်တုအားအလိုလိုကြည့်လိုက်မိ၏။ သူ့ပါးစပ်ကမလှုပ်သော်လည်း သူပြောချင်သည်က သိသာသည်။ ငါ့ကိုကယ်ပါ။
ဝှစ်…။
စုရှောင်ရှန် မည်သူ့ကိုမှ တုန့်ပြန်ရန် အချိန်မပေးလိုက်ပါဘဲ ဆေးမီးဖိုအိုးကြီးကို ပစ်လွှတ်လိုက်တော့သည်။ ကျောက်ရှု သူ့ပါးစပ်ထဲဆေးတစ်လုံးပစ်ထည့်ပြီး ၎င်းကို ရှောင်ရှန် လုပ်လိုက်လေသည်။
ဝှစ်
ဓားအရှိန်အဝါတစ်ခု ကျောက်ရှု၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး နေရာတွင်ဘဲ သူ့ကို လှုပ်မရအောင် လုပ်လိုက်တော့လေသည်။
ထိုတိုက်ကွက်ကို မျက်နှာဖုံးတပ်နှင့်လူ အကြီးအကဲကိုးဦးကို ထိန်းချုပ်ထားသည်မှ စုရှောင်ရှန်ကူးယူထားခြင်းဖြစ်သည်။ “အရာအားလုံးကဓား” မှ “လူအားလုံးကဓား” အပေါ် သူ၏နားလည်သဘောပေါက်မှုက မည်မျှ ကောင်းသည်ဆို မိုမိုတို့ မုကျစ်ရှီတို့ အပေါ်အသုံးပြုခြင်းကိုကြည့်၍ သိနိုင်သည်။
ထိုညက မျက်နှာဖုံးတပ်နှင့်လူက ထိုသို့ သူတကယ် လုပ်လို့ရကြောင်းကို လမ်းစဖွင့်ပေးလိုက်တော့သည်။
ဆေးမီးဖိုအိုးကြီးက ကျောက်ရှုကိုတိုက်မိပြီး ဆက်၍ ပျံသန်းသွား၏။ လူအုပ်ကြီးအံ့အားသင့်နေပြီးမှ ဆေးမီးဖိုအိုး၏ အခြေ၌ ဓားနက်တစ်လက်ရှိနေသည်ကိုတွေ့လိုက်ရလေသည်။ ယခု ၎င်းက နောက်ပြန်ကွေ့ကာ အရှိန်ဖြင့်ပြန်လာနေသည်ကို တွေ့လိုက်ရတော့လေသည်။
ဓားက ကျောက်ရှုကို စုရှောင်ရှန်ရှေ့ အရင်ရောက်အောင် ဆေးမီးဖိုအိုးကြီးကို တိုက်လိုက်လောတော့သည်။
တိုက်ပွဲကို တစ်ချိန်လုံးကြည့်နေခဲ့သည့် ယွမ်တု ဤသည်ကိုမြင်သော် မျက်ဆံများကျုံ့သွားတော့သည်။ သူထိုင်၍ ကြည့်မနေနိုင်တော့ပါချေ။
“ရပ်လိုက်”
“ရပ်လိုက်”
ဒုတိယ “ရပ်လိုက်” က အဝေးကြီးနေမှလာခဲ့၏။ ထိုအသံမှလည်း ၎င်းက အလွန်လျှင်မြန်သောအရှိန်ဖြင့်လာနေသူဆိုတာကို သိနိုင်လေသည်။
ကျောက်ရှု ကြောက်ရွံ့မှုတို့ဖြင့် ကြီးစိုးနေ၏။ မည်မျှ အထုအထောင်းထားရသည်ဆို ထုတ်ချင်းဖောက် တော့မည့် လာနေသော ဓားနက်ကိုပင် ဂရုမစိုက်တော့ဘဲ ကြောက်ရွံ့ထိတ်လန့်မှုတို့ဖြင့် အော်လိုက်၏။ “အတွင်းစည်းမှာ လူမသတ်ရဘူး”
စုရှောင်ရှန် ရယ်လိုက်သည်။
၎င်းက သူ့ တုန့်ပြန်ချက်ဖြစ်လေပြီး တိုက်ပွဲအပြင်ဘက်မှ အခြားအရာများဖြစ်ပျက်နေသည်ကို မသိသည့်အလားရှိနေလေသည်။
သူ့လက်ကိုမြှောက်လိုက်ရာ မီးတောက်အစေ့(၂)စေ့ လက်ချောင်းထိပ်များ၌ ပေါ်လာလေသည်။ ထို့နောက် တတိယတစ်ခုကို ဒန်ထျန်ထဲရှိစွမ်းအင်များဖြင့် ဂရုတစိုက်ဖန်တီးလိုက်လေသည်။
စတုတ္ထတစ်ခုကို ဖန်တီးလိုက်ချင်ပါသော်လည်း အခွင့်မရပေ။ သို့ဖြင့် အစွမ်းအထက် လက်သုံးချောင်းပေါ်မှ ငရဲစေ့များ ကိုထုတ်သုံးရန်ပြင်လိုက်တော့သည်။
စုရှောင်ရှန် တိတ်တခိုးနာကျင်ခြင်းဖြင့် အထိုးခံရရေးကိုရှောင်ကျဉ်ရန် တစ်ဘက်သို့ ရွှေ့လိုက်လေသည်။ ထို့နောက် ညာလက်တွင် ချွန်ထက်ခြင်းအလင်းကိုဖုံးအုပ်ကာ ကျောက်ရှု၏ ရင်ဘက်ပေါ်သို့ စိုက်ချလိုက်တော့သည်။
ဇွက်…။
အရှိန်အဟုန်ဖြင့် အနက်ရောင်ဓားက ကျောက်ရှု၏ အရှေ့မှ ၀မ်းဗိုက်ကိုဖောက်ပြီး ကြမ်းပြင်၌ စိုက်လိုက်လေတော့သည်။
ဘုန်းးးး…။
စုရှောင်ရှန်၏ အသေအချာထိန်းချုပ်မှုများအောက်၌ မီးတောက်အစေ့ (၃) စေ့ ကျောက်ရှု၏ ရင်ဘက်မှ အပေါက်များအတွင်းသို့ ၀င်သွားလေသည်။ ထို့နောက် ကျောက်ရှုကို တွန်းလိုက်သောအခါ ကြော့ကွင်းမှပြန်ကန်အားကြောင့် ကျောက်ရှု လေထဲလွင့်ပျံသွားတော့၏။
ယွမ်တု ကျောက်ရှုကိုလာကယ်နေသည့်လမ်း၌ ရပ်တန့်သွားသည်။ ကြီးကြပ်သူလာနေတာတောင် စုရှောင်ရှန် လူသတ်မပြတ်တာကို မယုံကြည်နိုင်ဖြစ်နေလေသည်။
အဝေးကြီးမှ ကျောက်ကျစ်တုံ့ကတော့ ဘာမှ မတတ်နိုင်ဖြစ်နေသည်။ သူတို့ (၂) ဦးစလုံးမှာ သွေးများဖြင့် နီရဲနေသော ကြောင့် သတ်ဖြတ်နေသည့်သူကိုလည်းမသိရပါပေ။
လူတိုင်းကောင်းကင်ယံကိုမော့ကြည့်လိုက်တဲ့အခါ ကျောက်ရှု အသည်းအသန် ဖြစ်နေသည်ကိုတွေ့လိုက်ကြရ၏။
စိတ်အလွန်အမင်း စိတ်ဂရောက်ဂယက်ခက် နေသောကြောင့် စုရှောင်ရှန် ခေါင်းကိုငုံ့ကာ အသက်ကို ခပ်ပြင်းပြင်းရှုလိုက်လေသည်။ လူ့အသက်များ သတ်ရခြင်းကို သူသဘောမကျပါချေ။
သို့သော် ဒီညကတော့… သူ့ကိုသတ်ဖို့ကြိုစားတဲ့သူကို လွမ်းဆွတ်မှတ်တမ်းဖြင့် မီးရှူးမီးပန်းကြီးဖောက်တော့လေမည်။
ဘုန်းးးး…။
လေထဲ၌ အင်မတန်ကျယ်လောင်သော ပေါက်ကွဲမှုကြီးတစ်ခုဖြစ်သွားတော့သည်။ ၎င်းကြောင့် လေထုပင် တုန်ခါသွားတော့၏။
ထိုစဉ် အပြင်စည်းကလူများတောင် နေ့လယ်က ဖြစ်ပွားသွားသော ပေါက်ကွဲမှုနှင့် အလားသဏ္ဌာန်တူညီသည့် ညကောင်းကင်ယံက ပေါက်ကွဲမှုကိုကြီး မော့ကြည့်လိုက်ကြလေသည်။
ကျိုးထျန်းရှန် ရစရာမရှိအောင် ပျက်ဆီးနေသော ခြံလေးအထဲ၌ ရပ်နေ၏။ စုရှောင်ရှန်ကို သူစောင့်နေတာ အလွန်ကြာမြင့်နေလေပြီ။ စုရှောင်ရှန်ပြန်လာတာနှင့် တစ်စုံတစ်ယောက် သူ့ကိုသတ်ဖို့ကြံနေတယ်ဆိုတာကို ပြောရပေမည်။
ကောင်းကင်ယံက ပေါက်ကွဲမှာက ထို တောင့်တောင့်ဖြောင့်ဖြောင့် ကိုရိုးသား၏ အာရုံကိုဖမ်းစားသွားလေသည်။ သူ၏ ဆေဘာကိုကိုင်ထားရင်းမှ ရေရွတ်လိုက်၏။ “နောက်ထပ် ပေါက်ကွဲမှုတစ်ခု။ ဒါနဲ့ဆို (၃) ခါလောက်ရှိပြီထင်တယ်… တစ်ယောက်ယောက်က စိတ်ဝိညာဉ်နန်းတော်ထဲမှာ ဒီနေ့ အကြီးအကျယ် အောင်ပွဲခံ နေတာပဲဖြစ်ရမယ်”
အတွင်းစည်း တိုက်ပွဲဖြစ်ပွားရာနေရာ၌…။
စုရှောင်ရှန် သူ့အတွင်းစိတ်ထဲမှ အတွေးများကိုခါထုတ်လိုက်ရင်း သူ၏ သွေးသံရဲရဲဖြစ်နေသော ခန္ဓာကိုယ်ကိုကြည့်လိုက်လေသည်။ ထို့နောက် မျက်မှောင်ကျုံ့လိုက်ပြီး မလှမ်းမကမ်းမှ ယွမ်တုကို ကြည့်လိုက်သည်။
ဒီတစ်ယောက်က ဘယ်သူမှန်း ဘာမှန်း သူမသိပေမယ့် ကောင်းကင်ယံသို့ မီးရှုးမီးပန်းအဖြစ်ပြောင်းခံလိုက်ရသော တစ်ယောက်နှင့်အတူ ပါလာသော လူတစ်ယောက်ဆိုတော့ သိသည်။
ထိုလူက အဝေးကြီး၌ အပုန်းကောင်းခဲ့ပါသော်လည်း စုရှောင်ရှန်၏ အကြားအမြင်က အရာအားလုံးကို ပုံဖော်ပေးလေရာ သူလူ၏ လှုပ်ရှားမှုတိုင်းကိုသူသိလေသည်။
ထိုလူ အစကတည်းက စောင့်ကြည့်နေတာ သိသောကြောင့် စုရှောင်ရှန် ထွက်မပြေးရဲခြင်းဖြစ်လေသည်။
“အဆင့်မြင့်စိတ်ဝိညာဉ်”က သူ၏ ငရဲမီးတောက်စိတ်ဝိညာဉ်အနှစ်ကို အနည်းငယ် ပြန်လည်ပြည့်ဖြိုးစေပြီးဖြစ်လေသည်။
ယွမ်တုကို စုရှောင်ရှန်စိုက်ကြည့်လိုက်ပြီး မတူသလိုမတန်သလို မျက်စပစ်ပြလိုက်လေသည်။
“ငါ့ကိုသတ်ချင်လို့လား။ လာစမ်းကြည့်လေ”