အပိုင်း (၁၁၆) ဆေးစားခြင်းပုံစံ၊ ဓားထုတ်ဓားကွက်
ဒုတိယမြောက်မီးတောက်အစေ့က လေထဲတွင် လှပစွာ ဝိုက်သွားပြီးတော့ သူ့စီကို ပြေးဝင်နေသည့် ကျောက်ရှုကိုသွားထိသည်။
၎င်းက တိုက်ပွဲများ မည်သို့ ဖြစ်ပွားခြင်းပင်။ အလွန်သေးငယ်သော အချက်ကလေးတစ်ချက်ပင်လျှင် တိုက်ပွဲ၏ ရလဒ်ကို ပြောင်းလဲပေးနိုင်သည်။
စုရှောင်ရှန်၏ ခန္ဓာကိုယ်က ကျောက်ရှုထက်တော့ ပို၍ သန်မာသည်။ ထို့ပြင် တကယ် ပေါက်ကွဲမှုဖြစ်သည့် နေရာနှင့်လည်း အဝေးကြီး၌ဖြစ်လေသည်။ သို့ဖြစ်ပါ၍ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်မှု အလျှင်အမြန်ပြန်ရလိုက်ပြီး တန်ပြန်တိုက်လိုက်လိုက်လေတော့သည်။
ထိုမီးတောက်အစေ့လေးက သေမင်း၏ တံစဉ်းကဲ့သို့ ဝိုက်သွားပြီး ကျောက်ရှုမျက်နှာ တည့်တည့်ကို သွားထိတော့လေမည်။
ကျောက်ရှူ၏ ခန္ဓာကိုယ်က ယခင်တစ်ခေါက် ပေါက်ကွဲမှုမှ မီးကျွမ်းသွားပြီဖြစ်လေသည်။ ယခု ၀င်လာနေသောတစ်ခုကို မရှောင်နိုင်လျှင်အခြေအနေက ဆိုးရွားသွားတော့မည်။
ကျောက်ရှု လေထဲ၌ ကိုယ်ကိုလှည့်လိုက်ပြီး လက်ကွက်တစ်ခုကို လုပ်ဆောင်လိုက်သည်။ ထို့နောက် ပူပေါင်းအလား သူ၏ ပါးများက ဖောင်းသွားပြီးတော့ အားဖြင့် မှုတ်ထုတ်လိုက်တော့သည်။
ရေခဲနဂါး အသက်ရှူခြင်း…။
ဖူးးးး…။
အအေးဓာတ်စွမ်းအင်များက အနောက်မှ ကပ်၍လိုက်ပါလာသော ရေခဲအပိုင်းအစများနှင့်အတူ ရှေ့သို့ ထွက်သွားလေတော့သည်။
ထို့နောက် ရေခဲနဂါးကြီး၏ ပုံရိပ်က လေထဲ၌ ပေါ်လာတော့သည်။ ရေခဲအပိုင်းအစများကို နေရာတစ်ဝိုက်လှိုင်းများအလား ပြန့်ထွက်သွားစေရာ အရာအားလုံးပြန်အေးခဲသွားပြန်လေသည်။
မီးတောက်အစေ့လေးက ဧကရာမ လက်ဖ၀ါးဖြင့် ထိတိုက်သွားသည့်အလား ရှေ့သို့ဆက်၍ မရွေ့နိုင်တော့ဘဲ ရပ်တန့်သွားသည်။
ထို့အပြင် ရေခဲအပိုင်းအစများက မီးစွမ်းအင်များအပေါ် ကျလာလေရာ မီးတောက်အစေ့အား အလုံးစုံလုံး ငြိမ်းသွားစေလိုက်တော့သည်။
“လခွမ်း”
စုရှောင်ရှန်၏ မျက်လုံးများ မယုံကြည်နိုင်မှုတို့နှင့်အတူ ပြူးကျယ်သွားတော့သည်။ ထိုလူက သူ၏ “ကျည်ဆံ” ကို တားလိုက်နိုင်သည်လား။
သို့သော် သူ၎င်းကိုတားလိုက်နိုင်တာသာမန်ပင်ဖြစ်သည်။ သူက တုံးအလေရာ ၎င်းကို တားပေလိမ့်မည်။
ရေခဲအပိုင်းအစများ ပင်လယ်ပြင်မှု လှိုင်းလုံးများအလား ပြန့်သွားသည်။ ရေခဲနံရံကို ကျောပေးရင်းကပ်နေသည်ဖြစ်ရာ သူ့တွင် ဘယ်မှာမှ သွားစရာမရှိပါတော့ပေ။
ထိုလှိုင်းများလာရိုက်ခတ်လျှင် အသက်ရှင်နိုင်ပါ့မလား အောင့်မေ့လိုက်သည်။
“ကြော့ကွင်း” ကလည်း ဤနေရာတွင် အကျိုးသက်ရောက်မှု ရှိမည့်ဟန် မပေါ်ပါပေ။
သူ၏ ဓားကွက်လေးခုဖြစ်သော ပိုးအိမ်၊ လွှဲခြင်း၊ ပြောင်းပြန်နှင့် ဓားထုတ် တို့ အတွေးထဲ၀င်လာပါသည်။
မဖြနိုင်ပါပေ။ တစ်ခုမှ ဤသို့ ဧရိယာ ကြီးမားစွာ သက်ရောက်သော တိုက်ကွက်မျိုးနှင့် ယှဉ်နိုင်လိမ့်မည်မဟုတ်ပါ။
အဆင့်နိမ့်မီးဘောလုံးရော…။
မဖြစ်နိုင်ပါပေ။ အလွန်နီးကပ်လာနေရာ အချိန်မရှိပါတော့ပေ။
ရေခဲများ သူ့မျက်နှာကိုစတင်၍ ဖုံးလွှမ်းလာသည့် အခိုက်အတန့်မှာမှ စုရှောင်ရှန် အကြံတစ်ခုရသွားသည်။ အကြီးအကဲစန်းသူ့ကိုပေးထားသော ဆေးမီးဖိုအိုးကြီးကိုထုတ်ယူပြီး အထဲကိုခုန်၀င်လိုက်တော့သည်။
တကယ်တော်တဲ့သူရဲကောင်းတွေဆိုတာ ဘယ်အချိန်မှာ စစ်ချီ ဘယ်အချိန်မှာ တပ်ဆုတ်ရမလည်းသိလေသည်။
ဘုနြးးးးးးးးး…။
ရေခဲလှိုင်းများ သူ့လာရိုက်ခတ်တော့သည်။ လက်တစ်ဖက်က ဆေးမီးဖိုအိုး၏ အဖုံးကို တင်းတင်းဆွဲထားရင်းမှ တစ်ဖက်က ရေခဲစွမ်းအင်များကို ဖယ်ထုတ်ဖို့ မီးတောက်အစေ့တစ်စေ့ကို သိပ်သည်းလိုက်၏။
“အေးလိုက်တာကွာ”
ဆေးမီးဖိုအိုးက အပူစီးကူးစေသည့် ပစ္စည်းဖြစ်လေရာ အအေးဓာတ်များကို သူ့ခန္ဓာကိုယ်စီသို့ လွှဲပေးလိုက်တော့သည်။ အလွန် စိတ်ပျက်ဖွယ်ရာ အခြေအနေတစ်ခုပင်။
ရေခဲများက သူ့ကို တိုက်ရိုက် မထိနိုင်ဘဲ ဆေးမီးဖိုအိုးကြီးကိုသာ ထိသော်လည်း ၎င်းမှ သက်ရောက်မှုက လစ်လျူရှုလို့ရသည့် အရာတစ်ခုမဟုတ်ပါပေ။
သူ့ပင်ကိုယ်စွမ်းရည်များမှ နာကျင်မှုကို ပထမဦးဆုံးအကြိမ်ခံစားရခြင်းဖြစ်သည်။ ကြော့ကွင်းကြောင့် သူ့လက်က အဆက်မပြတ် ပြင်းပြင်းထန်ထန် လှုပ်နေလေရာ စတင်၍ပင် ကျဉ်ထုံလာခဲ့၏။
ပိုဆိုးသည်က လက်လွှတ်လိုက်၍ မရခြင်းပင်။ မဟုတ်ပါက ပြားပြားကြေအောင် ထုထောင်းခံလိုက်ရပေမည်။
ဂတ် ဂတ် ဂတ် ဂတ် ဂတ်…
အပူနှင့်အအေးတို့၏ တိုက်ခိုက်မှု၊ နောက်ကြော့ကွင်းမှ အဆက်မပြတ်တုန်ခါမှုတို့ပေါင်း၍ သူ့တစ်ကိုယ်လုံးကို အပြင်းအထန် တုန်ခါသွားစေပြီး မျက်နှာလည်း အရောင်ဆက်တိုက်ပြောင်းနေတော့သည်။
[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]
[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]
…
“အဖိုးကြီးပေးတဲ့ လိပ်အခွံကြောင့်မို့မသေတယ်… ကြောက်စရာကောင်းလိုက်တာ”
သို့မှ သူသိလိုက်ရသည်က ငရဲမီးတောက်မျိုးဆက်၏ ဆေးမီးဖိုအိုးတွေက… အမှန်တကယ် တိုက်ခိုက်ရန်အတွက်ဖြစ်ကြောင်းပင်။
သူ့စိတ်မလွတ်အောင် ရုန်းကန်နေလိုက်ပြီး သတိကြီးကြီးထားလိုက်သည်။ သို့သော် ထိုသို့လုပ်ခြင်းက ပို၍ ပို၍ ခက်ခဲလာသည်ကို သိလိုက်ရ၏။
‘ဒီကောင့် တိုက်ကွက်ကမပြီးသေးဘူးလားဟ… သူ့အဆုတ်တွေကို ဘာနဲ့များလုပ်ထားတာလဲ’ စုရှောင်ရှန် အံကို တင်းတင်း ကြိတ်လိုက်သည်။
သူ့လက်ဖဝါးမှ စီးကူး လာနေသော အအေးဓာတ်များက သူ့ဦးနှောက်ကိုပါ ခဲသွားစေသကဲ့သို့ ခံစားနေရ၏။ ယခု စိတ်ဆန္ဒတစ်ခုတည်းဖြင့် တောင့်ခံထားခြင်းဖြစ်လေသည်။
“ရေခဲနဂါးအသက်ရှူခြင်း”က အသက်(၁၂) ကြိမ်ရှိုက်စာပြီးသည်တောင် ရပ်တန့်မည့်ဟန်မရဘဲ ဆက်လက်၍ တိုက်ခိုက်နေတော့သည်။ သူ့တစ်ကိုယ်လုံး ရေခဲရုပ်ထုကြီးအဖြစ်ပြောင်းနေသည်ကိုပင် ခံစားလိုက်ရသည်။ မီးတောက်အစေ့ရှ်ိသော သူ၏ လက်တစ်ဖက်သာ အသားဟူသော အရောင်ရှိပေတော့သည်။
အခြေအနေက မည်မျှဆိုးရွားသည်ဆို သူ၏ ထာ၀ရအသက်စွမ်းအင်တောင်မှ ဖိနှိပ်ခံနေရပြီး အလွန်နှေးကွေးသော နှုန်းထားဖြင့်သာ ပြန်လည်ကောင်းမွန်နေစေလေသည်။
၎င်းက တိုက်ရိုက်ထိတွေ့ခြင်းမဟုတ်၍ တော်သေးသည်။
“ငါတော့ ကွိုင်တက်ပြီ”
စုရှောင်ရှန် သတိလစ်မေ့မျောသွားမတတ်ခံစားနေရသည်။ သို့ဖြင့် သတိမလွတ်သွားစေရန် ရုန်းကန်နေရ၏။
…
ကျောက်ရှု ရေခဲနံရံကြီး၏ တစ်၀က်လောက် ရေခဲများဖြင့် ပြည့်သွားသည်ကိုမြင်လိုက်ရသည်။ စုရှောင်ရှန်၏ အသက်စွမ်းအင်ရော တည်ရှိမှုကိုပါ အာရုံခံကြည့်၍ မရတော့ပေ။
မည်သူမှ အရှင်သခင်နယ်ပယ်နှင့်နီးကပ်သောစိတ်ဝိညာဉ်နည်းစနစ်၏ သတ်ဖြတ်မှုကိုခံနိုင်လိမ့်မည်မဟုတ်ပေ။ ထိုသူ့ထံတွင် စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ရှိသည်ဆိုစေဦးတော့။
ထို့ပြင် စွမ်းရည်ကို မြှင့်ရန် တိုက်ကွက်၏ (၅၀) ရာခိုင်နှုန်းလောက်ကို ထပ်တိုးချဲ့၍ ဆက်ပြီးတိုက်ခိုက်လိုက်သေးသည်။ ထိုသို့ ကြောက်မက်ဖွယ်ရာကောင်းသောစိတ်ဝိညာဉ်နည်းစနစ်က သူ့ဒန်ထျန်ထဲမှ စိတ်ဝိညာဉ်အနှစ်များကိုပင် ကုန်ခမ်းလုနီးပါး စားသုံးသွား၏။
“စုရှောင်ရှန် သေကိုသေမှာ… စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့်(၉)က လူတစ်ယောက်က ဒီလောက် သတ်ဖို့ ခက်ခဲလိမ့်မယ်လို့ကွာ…”
ကျောက်ရှု နောက်ဆုံးတော့ ဆေးလုံးများစွာကိုထုတ်ယူလိုက်ပြီးတော့ လောင်ကျွမ်းသွားသော သူ့ခန္ဓာကိုယ်ကို ပြန်ကုသဖို့ အာရုံစိုက်လိုက်သည်။ ထိုစဉ် ပြင်းထန်သောနာကျင်မှုကိူခံစားလိုက်ရပြီး ကြက်သေသေသွားတော့၏။
မီးလျှံအသေးလေးတစ်စက ရေခဲထဲမှ တောက်လောင်လာလေသည်။ ထို့နောက် အရပ်လေးမျက်နှာကို ချက်ခြင်းပြန့်သွား၏။ ဓားဆန္ဒက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး လမ်းတစ်လျှောက်ရှိ ရေခဲများကို ချိုးဖျက်သွားလေသည်။
ကြယ်များကဲ့သို့ မှိတ်တုတ် မှိတ်တုတ် အလင်းများတောက်ပသွားပြီး ရေခဲမျက်နှာပြင် အက်ကွဲသွားသည်။ ကျောက်ရှု ဓားအရှိန်အဝါကိုတောင် ခက်ခက်ခဲခဲရင်ဆိုင်နေရစဉ် သူ့ဘယ်ဘက် ပုခုံးမှ နာကျင်မှုကိုခံစားလိုက်ရလေသည်။ သူ့လက်တစ်ဖက် ပြတ်တောက်သွားပြီး သွေးများ လေထဲ၌ လွင့်ပြန့်သွား၏။
အားးးးးး…။
အဆုတ်ကွဲကြေထွက်မတတ် သံကုန် အော်ဟစ်လိုက်၏။ ထိုရုတ်တရက် တိုက်ကွက်ကြောင့် စိတ်လွတ်သွားတော့သည်။
‘စုရှောင်ရှန် အသက်ရှင်နေသေးတယ်လား… ဒီလိုကြောက်စရာကောင်းတဲ့ လှိုင်းတိုက်ခိုက်မှုတွေအောက်မှာ ဘယ်လိုအသက်ရှင်နေသေးတာလဲဟ။ အသက်ရှင်နေသေးတယ်ဆိုရင်တောင် ဘယ်လို တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ကျန်နေသေးတာလဲ… တိုက်ခိုက်နိုင်တယ်ဆိုရင်တောင် ဒီရေခဲအလွှာတွေထဲက ငါ့နေရာကို တိတိကျကျကြီး ဘယ်လို ခုတ်လိုက်နိုင်တာလဲဟ’
ကျောက်ရှု၏ မျက်၀န်းများ၌ ကြောက်ရွံ့မှုတို့ ကြီးစိုးသွားတော့သည်။
ဘုန်းးးးး
သူစဉ်းစားလို့မပြီးသေးခင်ဘဲ သူ့အထက်မှ ပေါက်ကွဲသံကြီးပေါ်လာတော့သည်။ ဓားအရှိန်အဝါက ရေခဲကို ဖောက်ထွက်သွားခဲ့ရာ ရေခဲနံရံက ဆက်လက်၍ မတည်မြဲတော့ဘဲ နေရာတိုင်းမှာ အက်ကွဲကြောင်းများထလာပြီး နောက်ဆုံးမှ ပေါက်ကွဲထွက်သွား၏။
အပြင်ဘက်၌ စိုးရိမ်တကြီး စောင့်နေသော ယွမ်တု အောက်ဘက်မှ ရေခဲ ထုကြီး အက်ကွဲသွားပြီး အဖြူရောင် ဓားအလင်းတန်းတစ်ခုထွက်လာသည်ကိုမြင်ရာ အံ့ဩဘနန်းဖြစ်သွားတော့သည်။
ထိုဓားအလင်းတန်းက စွမ်းအားကြီးလွန်း၍တော့မဟုတ် သူက တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် အနီးဆုံး၌ ရှိနေရာ ၎င်းကို ရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရ၏။
ထို့နောက် စူးစူးဝါးဝါးအော်ဟစ်သံကြီကို နောက်ဆက်တွဲကြားလိုက်ရလေသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ထိုအသံက ကျောက်ရှု၏ အသံဖြစ်လေသည်။
‘အတွင်းစည်းထပ်သီး (၃၃) ဦးထဲက သူက စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့်(၉) က လူတစ်ယောက်နဲ့တိုက်ခိုက်တာ ဒီလောက် စူးစူးဝါးဝါးအော်ဟစ်ရသလား’ တွေးလိုက်သည်။
ယွမ်တု၏ မျက်လုံးများ ပြူးကျယ်သွားသည်။
သူစောင့်ကြည့်နေခြင်းနှင့်အတူ ရေခဲထုကြီးက တိုက်ပွဲဖြစ်ပွားသည့်နေရာကို ဖုံးလွှမ်းထားသောကြောင့် ထိုတိုက်ပွဲက မည်သည့် အာရုံကိုမှ မဆွဲဆောင်ပါချေ။ ထိုစူးစူးဝါးဝါးအော်သံကြီးပြီးနောက်တော့ မပြောတတ်တော့ချေ။
ပို၍ ထိတ်လန့်စရာကောင်းသည်က တိုက်ပွဲ၍ ရလဒ်က လုံးလုံးလျားလျား ထင်ထားသည်နှင့် တစ်လွဲဖြစ်သွားခြင်းပေ။
“ဘာလဲကွာ…”
…
ထျန်းစန်းနန်းတော်တစ်ခုလုံး၌ ရှောင်ချိစွေတစ်ယောက်တည်းကသာ စုရှောင်ရှန်၏ တိုက်ပွဲကို ကြည့်ပြီး တစ်စုံတစ်ခုကို နားလည်သွားသူဖြစ်ရမည်။
ပေါတောတောနှင့် အလေးအနက်မရှိသော်လည်း ကောင်လေးက တိုက်ပွဲအတွင်းဟာကွက်များကို တွေ့သည်နှင့် အမိအရဆုပ်ကိုင်ပြီး အနိုင်ယူတတ်သော သူဖြစ်လေသည်။
ကျောက်ရှု တစ်ယောက်ဘယ်တော့မှ စုရှောင်ရှန်က အဆုံးထိ သူ၏ တိုက်ကွက်ကို ကာကွယ်ခြင်းမရှိဘဲ အသက်စွမ်းအင်များဖြင့်သာ တောင့်ခံကာ အကြားအမြင်ဖြင့် တစ်ချိန်လုံးသူ့ကို ကြည့်နေခဲ့သည်ကို သိလိမ့်မည် မဟုတ်ပါပေ။
သို့ဖြင့် ကျောက်ရှူ သတိမမူမိလိုက်သည့်အချိန်၌ မီးတောက်အစေ့နှင့် စိတ်ဝိညာဉ်ကျင့်ကြံခြင်း ဆေး(၁၀) လုံးကိုရှိုက်ကာ အအေးဓာတ်ကို ဖယ်ထုတ်ရင်း ခန္ဓာကိုယ်ကိုလည်း ထိန်းချုပ်မှုပြန်ရအောင် တစ်ချိန်တည်းလုပ်ခဲ့လေသည်။ ထို့နောက် အသက်ရှူခြင်းနည်းစနစ်၏ ဆိုးကျိုးကို နာကျင်မှုများဖြင့်ဖိနှိပ်ကာ ထိုနောက်ဆုံးတိုက်ကွက်၌ အကုန်ပုံအောလိုက်တော့၏။
ဆေးစားခြင်းပုံစံ၊ ဓားထုတ်ဓားကွက်
ထိုဓားကွက်က ဖုန်းကုန်း၏ လက်တစ်ဖက်ကိုလည်း ယခင်က ပြတ်သွားစေဖူးလေသည်။ ထိုအခိုက်အတန့်၌ ထိုဓားကွက်က ရေခဲများကို ချိုးဖျက်ကာ လေထဲမှ ကျောက်ရှုထံ ၀င်သွားပြီး လက်တစ်ဖက်ကို ပိုင်းဖြတ်လိုက်တော့သည်။
သေသေချာချာ ပြင်ဆင်ထားသည့် မိုမိုမှ တစ်ပါး ထိုဓားကွက်၏ အံ့မခန်းလျှင်မြန်မှုနောက်ကိုလိုက်၍ မည်သူမျှ အချိန်မှီမတုန့်ပြန်နိုင်ကြပါပေ။
စုရှောင်ရှန်က သူ့ကိုယ်သူ မသနားသည့်သူဖြစ်ပြီး သူ့ရန်သူအပေါ်ဆိုလျှင်ပိုလို့ မသနားသေးသည်။
သူ့တစ်ကိုယ်လုံးမှ နာကျင်မှုများကိုဖိနှိပ်ပြီးနောက် ထိုစဉ်ကအတိုင်း ဓားကွက်ကို လိုက်လုပ်ရန်ပြင်လိုက်လေသည်။ သို့သော် သူ့လက်လှုပ်လို့မရတာ မြင်လိုက်ရသည်။
အောက်သို့ငုံ့ကြည့်လိုက်ရာတွင်လည်း သူ့ခြေထောက်မှစ၍ ရေခဲများတွယ်တက်လာသည်ကိုတွေ့လိုက်ရသည်။
ဘေးပတ်၀န်းကျင်မှ ရေခဲများက ပိုင်းဖြတ်ရာဖြင့်သာပွင့်သွားသည်ဖြစ်ပြီး အရည်မပျော်သွားပါလေ။ ထို့ပြင် ၎င်းတို့က ကိုယ်ပိုင်အသိစိတ်လည်းရှိဟန်ရသည့်အလား စုရှောင်ရှန်အပေါ်သို့ တွယ်ကပ်လာကြပြီး သူ့ကိုလှုပ်မရတော့အောင်လုပ်လိုက်လေသည်။
“လခွမ်း… ဒီထိန်းချုပ်တဲ့ အကွက်ပဲလာပြန်ပြီ”
သူမော့ကြည့်လိုက်ရာ သွေးသံရဲရဲဖြင့် ခက်ထန်ကြမ်းတမ်းဟန်ရသည့် လူတစ်ယောက်က ခန္ဓာကိုယ်တစ်ခြမ်းကိုအေးခဲစေလိုက်ပြီး လက်တစ်ဖက်တည်းဖြင့် လက်ကွက်များလုပ်နေသည်ကိုမြင်လိုက်ရတော့သည်။
“လခွမ်း… ဘယ်အချိန်မှာ အလျော့ပေးရမယ်ဆိုတာမသိဘူးလားဟ”
စုရှောင်ရှန် ကနဦးက တက်ကြွနေသေးသည်။ ယခု ထိုမြင်ကွင်းကိုမြင်သော် သွေးဆုတ်ဖြူရော်သွားတော့၏။