အပိုင်း (၁၁၄) ယူချင်ယူမယူချင်နေ
ညကောင်းကင်ယံ၌ လက ထိန်ထိန်သာနေတော့သည်။
ရာသီဥတုက အလွန်အေးမြနေသည်။ ညလေညှင်းကလေးက သစ်တောကလေးကိုဖြတ်၍ တိုက်ခိုက်နေ၏။ လရောင်ကလေးကလည်း အလွန် ချမ်းစိမ့်နေဟန်ရသည်။
အချို့လူများက ဤသို့သော လေမရှိမိုးမရှိ ချမ်းစိမ့်သည့်ညများ၌ တံခါးပိတ်ကာ အိပ်ယာစောစော၀င်ကြမည်ဖြစ်ပြီး အများစုကတော့ သူတို့ခြံထဲဆင်းပြီး ရှူခင်းကို ခံစားကြမည်ဖြစ်၏။
အဖြူရောင်နှင့် အနက်ရောင်ပုံရိပ်တို့က ညီလာခံ ခန်းမ အနောက်ရှိ တောင်တန်းများအတွင်း အလျင်လိုသည့်အလား ပြေးလွှားနေကြ၏။
“စုရှောင်ရှန် အတွင်းစည်းကိုကျူးကျော်လာတယ်ဆိုတာ သေချာပါတယ်နော်” ယွမ်တုပြောတာကို ကျောက်ရှုမယုံနိုင်ဖြစ်နေသည်။ မြေပြင်ပေါ်ရှိ သစ်ရွက်အချို့ကို နင်းလိုက်မိသောအခါ ၎င်းတို့အပေါ်၌ ရေခဲလွှာတစ်ခုပေါ်လာတော့၏။
ယွမ်တု၏ အင်္ကျီလက်စက လေနှင့်အတူ လွင့်မျောနေလေသည်။ သူကျောက်ရှုကိုကြည့်ပြီး ထပ်လောင်းပြောလိုက်သည်။ “သူအတွင်းစည်းကိုကျူးကျော်လာတာမဟုတ်ရင်တောင် အခု အတွင်းစည်းထဲမှာ ရှိနေတာတော့သေချာတယ်။ ငါ့သတင်းတွေက လုံး၀ မမှားဘူး… သူ့ကိုတစ်ယောက်ယောက်က အတွင်းစည်းထဲကို တိတ်တဆိတ် ဆင့်ခေါ်လိုက်တယ်ဆိုရင်တောင် သူရောက်လာတာကို မကြေငြာရသေးဘူးလေ။ မင်းရော ငါရောမသိဘူး။ ဒီလိုဆို ကျူးကျော်တာပဲမဟုတ်လား… အတွင်းစည်းထိပ်သီး(၃၃) ဦးက ကျူးကျော်တဲ့ ဘယ်သူ့ကိုမဆို တုန့်ဆိုင်းခြင်းရှိ သတ်ပစ်လို့ရတယ်။ ဒါ နောက်(၃) ရက်အတွင်းမှာ မင်းအတွက် အခွင့်အရေးတစ်ခုပဲ။ ဘာလဲ လက်လွှတ်ခံလိုက်တော့မယ်လို့ ပြောချင်နေတာလား”
ထို့နောက် ယွမ်တု အသာရယ်လိုက်ရင်း “စိတ်ဝိညာဉ်နန်းတော်အပြင်ဘက်ထွက်သွားမှ သတ်မယ်လို့တော့ ငါ့ကိုမပြောနဲ့နော်။ ပြီးတော့ သူထွက်မယ်လို့ထင်လား”
ကျောက်ရှုသစ်တောကြား၌ ပျံလွှားနေရင်းက မနှေးသွားသော်လည်း တိတ်ဆိတ်သွားသည်။ “ငါ့ကို ဘာလို့ ဒါတွေအကုန်လာပြောပြီး ကူညီနေရတာလဲ။ မင်းနဲ့ စုရှောင်ရှန်နဲ့ ရန်ငြိုးရှိလို့လား”
“သူနဲ့ငါ့အကြားရယ်လို့တော့ မဟုတ်ဘူး။ ဘယ်လိုပြောရမလဲ တစ်ခုခုတော့ တစ်ခုခုပဲပေါ့” ထို့နောက် လန်ရှင်းရှီ ပြောသည်ကို သတိရသွားပြီး စကားပြောနေတာရပ်လိုက်သည်။ ပြီးမှ သက်ပြင်းချရင်း “ဒါပေမယ့် ငါသူ့ကိုမသတ်ဘူး”
“မင်းက ဓားငှားပြီး သူတို့သတ်နေတာပဲ”
“ဟုတ်တယ်” မထင်မှတ်ထားစွာ ယွမ်တု မငြင်းလိုက်ပါချေ။ “ငါလုပ်မယ်ဆိုရင်တောင် သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားရုံလောက်ပဲ။ ပြီးရင်တော့ ငါပဲ ပြစ်ဒဏ်စီရင်ရေးခုံရုံးကိုရောက်သွားမှာ အဖက်တင်တယ်။ သူကတော့ ထျန်းရွှမ်တံခါး၀င်ခွင့်တစ်နေရာကို ရနေတုန်းပဲ။ မင်းကတော့… အခွင့်အရေးရှိမှာမဟုတ်ဘူး”
ကျောက်ရှု လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ့ တစ်ဘ၀လုံးမှာမှ တစ်ခါသာရရှိသော အခွင့်အရေးက မျက်စိရှေ့၌ ရှိနေ၏။ ထျန်းရွှမ်တံခါးက ၀င်ခွင့်ရဖို့အတွက် (၃) နှစ်တာမျှ သူစောင့်ခဲ့ရသည့် အခွင့်အရေးဖြစ်လေသည်။ ထိုအခွင့်အရေးကို လက်လွှတ်မခံနိုင်ပါချေ။
သို့သော် အကြောင်းပြချက်က တရားမျှတဖို့ဆိုရင်တောင် အတွင်းစည်းကို ၀င်ခွင့်ရှိတဲ့ တစ်ယောက်ယောက်ကိုသတ်တာကြီးကြ…
“စုရှောင်ရှန်မှာ ဘာကျောထောက်နောက်ခံမှ မရှ်ိတာသေချာလို့လား”
“သေချာတယ်”
“မင်းက သေချာမှန်းဘယ်လိုသိတာ”
“ဒီလိုပဲသိတာ”
ကျောက်ရှုကို စိတ်အေးသွားစေရန်အတွက် ယွမ်တု ထပ်လောင်းပြောလိုက်သည်။ “သူ့မှာသာ ကျောက်ထောက်နောက်ခံရှ်ိနေရင် မိုးတိမ်လေပြိုင်ပွဲမှာ ဗိုလ်ဆွဲသွားတာတောင် အပြင်စည်းမှာ သောင်တင်နေမယ်လို့ထင်လား”
ကျောက်ရှု ရုတ်တရက် ပြေးနေရာမှ ရပ်လိုက်သည်။ သူ့သတ်ဖြတ်လိုစိတ်အပေါ် အာရုံစိုက်လိုက်ရာ သူ့ခြေထောက်အောက်ရှိ ရေခဲများက သူရပ်နေသည့် သစ်ပင်တစ်ခုလုံးကို အေးခဲသွားစေလေသည်။
ယွမ်တုလည်း ရပ်သွားပြီး လည်ပြန်ကြည့်လိုက်သည်။ ကျောက်ရှု ရုတ်တရက် ရပ်တန့်သွားသောကြောင့် ထိတ်ထိတ်ပျာပျာဖြစ်သွား၏။
‘ငါတို့ သဘောတူညီမှုရပြီထင်နေတာ… မင်းက ခုကျမှ နှုတ်ထွက်တော့မှာလား။ ငါကိုယ်တိုင်လုပ်ရတော့မှာလားဟ’ သူတွေးလိုက်သည်။
“ဒါမင်းအတွက် အခွင့်အရေးကြီးတစ်ခုနော် လက်လွှတ်မခံနဲ့။ မင်းတစ်ခုခုဖြစ်သွားရင်တောင် မင်းရဲ့ ပြစ်ဒဏ်ကို လျော့ပေါ့စေဖို့ တစ်ယောက်ယောက်ကို စီစဉ်ခိုင်းလို့ရတယ်” ယွမ်တု အကောင်းဆုံး ရိုးသားပုံပေါက်ရန် ကြိုးစားလိုက်လေသည်။
ယွမ်တုပြောသည်များကို ကျောက်ရှု လစ်လျူရှုလိုက်ပြီး ပုံပါ စာရွက်တစ်ရွက်ကိုထုတ်ယူလိုက်သည်။ သူ့အကြည့်များက အောက်က သိပ်မဝေးသောနေရာမှ အရပ်ရှည်ရှည် ကြည့်၍ကောင်းသော လူငယ်လေးတစ်ယောက်ကို ကြည့်နေလေသည်။
“အဲ့ဒီတစ်ယောက်မလား”
ကျောက်ရှုကြည့်နေသည့် နေရာကို ယွမ်တုလိုက်ကြည့်လိုက်ရာ သူတွေ့လိုက်သောအရာကြောင့် မှင်တက်သွားတော့၏။
“စုရှောင်ရှန်ပါလား… သူဘာလုပ်နေတာလဲ”
…
စုရှောင်ရှန်တွင် အိပ်မရသည့် ရောဂါ အပြင်းအထန် ရှိလေသည်။
ရေအေးအေးဖြင့် ချိုးပြီးသည်တောင်မှ အိပ်မရဖြစ်နေတော့၏။
ကြည့်ရတာ ညနက်သည်အထိ ညများစွာနေခဲ့ပြီးနောက် သူ့ဦးနှောက်က ၎င်းကို အသားကျသွားသည့်ဟန်ရလေသည်။ အပြင်ပန်း၌ နွမ်းနယ်နေဟန်ရသော်လည်း မျင်လုံးပိတ်လိုက်သည်နှင့် တက်တက်ကြွကြွရှိနေတော့လေသည်။
သူ့အိမ်ကိုသူရှာတွေ့ပြီးသွားပြီဖြစ်ရာ စိတ်အေးအေးရှိသွားပြီဖြစ်၏။ သို့ဖြင့် အပြင်ဘက်၌ ရှုခင်းကြည့်ရင်း တစ်ချိန်၌လိုလာနိုင်လောက်သည့် ထွက်ပြေးလို့လွတ်မည့် လမ်းများကိုမှတ်ထားရန် လမ်းလျှောက်ထွက်လာလေသည်။
“ငါကိုသတ်ချင်တဲ့လူက အမြဲရှိနေတာဆိုတော့” သူကျိန်ဆဲလိုက်သည်။
မကြာခင် သူ့ရှေ့သို့ သတ်ဖြတ်ချင်သော စိတ်ဆန္ဒများဖြင့် ပြည့်နေသော အဖြူရောင်အရာကြီးကျလာ၏။
စုရှောင်ရှန် စွံ့အသွားသည်။ ‘လခွမ်း ဒီလောက်တောင် မြန်မြန်ရောက်လာပါလားဟ… မိုးလည်းရွာမနေသလို ဒီနေရာကလည်း အပြင်စည်းက ဘယ်သူမှ မဖြတ်တဲ့ သစ်တောလို နေရာမျိုးမဟုတ်ပါဘူး။ အချို့အတွင်းစည်းဂိုဏ်းသားတွေကိုတောင် လမ်းတစ်လျှောက်တွေ့ခဲ့ရသေးတာ… တစ်ယောက်ယောက်က ငါ့ကို ဒီလိုနေရာမျိုးမှာ တကယ်လာသတ်ရဲတယ်ပေါ့’
“ဆိုတော့ မင်းက စုရှောင်ရှန်ပေါ့လေ” ကျောက်ရှု အေးစက်စက်မေးလိုက်သည်။
“မဟုတ်ဘူး”
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် အပြစ်ကင်းမဲ့စွာ မျက်တောင်ပုတ်ခတ်လိုက်သည်။ “ငါ့နာမည်က ၀မ်မင်ပါ။ ငါ့သူငယ်ချင်းနှစ်ယောက်နဲ့ ဒီမှာတွေ့ဖို့ချိန်းထားတာ…” ထို့နောက် လက်ဆုပ် ဦးညွှတ်လိုက်ပြီး “နောက်မှ ပြန်တွေ့တာပေါ့ ညီအကို”
၎င်းက အလွန် အသုံး၀င်သော စကားဖြစ်သည်။ အေးစက်စက်လူရှာနေသည့်လူက သူမဟုတ်ဟု ငြင်းလိုက်ရုံမသာက အေးစက်စက်လူကို နှင်ထုတ်ရန်ပါ သူ့သူငယ်ချင်းများ မကြာခင်ရောက်လာမည်ဟု ပါ၀င်လေသည်။ ပြည့်စုံအောင်လို့ အဆုံး၌ လောက၀တ်အနည်းအကျဉ်းတောင်ထည့်လိုက်သေး၏။
သူချက်ခြင်းလှုပ်ရှားလိုက်ပါက အခြားသူလည်း ချက်ခြင်းလှုပ်ရှားလိုက်နိုင်ပေသည်။
ကျောက်ရှု မှင်တက်သွားတော့သည်။
အကယ်၍ သူ၏ ရုပ်ပုံဆွဲထားသောစာရွက်နှင့် ယွမ်တု၏ စိတ်ချင်းဆက်သွယ်မှုတို့ကြောင့်သာမဟုတ်ပါက သူ့ရှေ့မှ ကောင်လေး ပြောတာ သူယုံမိပေလိမ့်မည်။
“ဘာမှမပြောဘဲနဲ့ သူ့ကို တစ်ချက်တည်းသတ်လိုက်။ မင်းမှာ အခွင့်အရေးအများကြီးမရှိဘူး… အချိန်ပိုပြီးဆွဲလေလေ အခြေအနေလွဲချော်သွားဖို့က အခွင့်အရေးများလေပဲ” ယွမ်တု စိတ်ချင်းဆက်သွယ်၍ လှမ်းပြောလိုက်သည်။
အကယ်၍ ကျောက်ရှုသာ ပစ်မှတ်ကို ရှာမတွေ့သေးပါက ဤအလုပ်ကိုလုပ်ဖို့ တုန့်ဆိုင်းမိမည်ဖြစ်သော်လည်း ယခု စိတ်ပိုင်းဖြတ်ပြီးချိန်၌တော့ တုန့်ဆိုင်းခြင်းအလျင်းမရှိပါတော့ပေ။
စုရှောင်ရှန် ထွက်သွားရန်ပြင်လိုက်သောအခါ သူ့ခြေထောက်ရှိ မြေပြင်တစ်ခုလုံးခဲသွားပြီး သူ့ကိုဆွဲထားကြောင်းတွေ့လိုက်ရလေသည်။
ရေခဲ အမျိုးအစားလား။
ကျောက်ချင်းထန်လိုလေ။
စုရှောင်ရှန်၏ မျက်ဆံများကျုံ့သွားသည်။ ကျောက်ချင်းထန်၏ ”သဏ္ဌာန်မဲ့အေးခဲခြင်း” ကို သူမှတ်မိနေပါသေးသည်။ ၎င်းမှ အလင်းပေါက်ကာ “အရာအားလုံးကဓား” ကို သူနားလည်သွားနိုင်သည်မဟုတ်ပါလား။
“မင်း…”
ဒီနေရာက သူ့ခြံမဟုတ်ရာ သူ့ကိုကာကွယ်ဖို့ အစီအရင်လည်းမရှိပါပေ။ သို့ဖြင့် အကူအညီအော်တောင်းရန်သာကျန်တော့၏။ သို့သော် ပါးစပ်ဟရန်ကြံလိုက်သည့်အချိန် သူ့အောက်ရှိ ရေလဲကြမ်းပြင် အက်ကွဲသွားလေသည်။
အရိုးအေးမတတ် ရေခဲစွမ်းအင်များ ချက်ခြင်း သူ့ကိုယ်ထဲစိမ့်၀င်လာပြီး တစ်ကိုယ်လုံးကို ပြန့်သွားကာ အပြင်ရောအတွင်းမှပါ အေးခဲသွားစေလိုက်၏။ ထိုသူ၏ ခွန်အားက ကျောက်ချင်းထန်ထက် အပုံကြီးသာနေလေတော့သည်။
ထိုသူက သူ့ကိုထိပင်မထိရသေးသလို နှင်းများလည်း ကျမနေပါပေ။ ထိုသူ့ကိုကြည့်ရတာ အကြည့်တစ်ချက်ဖြင့် တစ်ယောက်ယောက်ကို သေသည်အထိ အေးခဲစေနိုင်သည့်ဟန်ရသည်။
[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]
[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]
“…”
စုရှောင်ရှန်အတွင်းစိတ်ထဲ၌ ထိတ်လန့်တုန်လှုပ်နေ၏။ ဤကဲ့သို့သော ဘာမှမပြောဘဲ ချသည့် လူများကိုသူအကြောက်ဆုံးဖြစ်ပါသည်။ သူတို့ကို လိမ်လည်လှည့်ဖျား၍ မရပါလား။
ရေခဲကျောက်ရုပ်ကြီးက စက္ကန့်ပိုင်းအတွင်း အေးခဲလို့ပြီးဆုံးသွားခဲ့၏။
ကျောက်ရှု သင်္ကာမကင်းဖြစ်သွားသည်။ သူ့ရှေ့မှလူက ယွမ်တုပြောသည်ထက် အတော်လေး အားနည်းသည့်ပုံပေါက်နေသည်။
သို့သော် သူက စိတ်ဝိညာဉ်ကျင့်ကြံခြင်းအဆင့်(၉) ၌သာရှိနေသေးရာ အတွင်းစည်းထိပ်သီး(၃၃) ဦးကို မည်သို့ယှဉ်နိုင်ပါမည်နည်း။
ဓားတိုတစ်ချောင်းကိုထုတ်ယူပြီး မလှမ်းမကမ်းမှ ရေခဲရုပ်ထုကြီးကို သတိကြီးကြီးထားပြီးကြည့်လိုက်၏။ ထို့နောက်ဓာတိုကို ပစ်လိုက်တော့သည်။
ဓားတိုက ရေခဲရုပ်ကြီးထံ လေးက်ြိုးမှ ပစ်လွှတ်လိုက်သော မြှားတစ်ချောင်းအလား လွင့်ပျံသွား၏။
ထန်းးး…။
ဓားက ထင်ထားသလို ရေခဲရုပ်ထုကြီးကို မဖောက်သွားပါချေ။ ၎င်းကို အားပြင်းပြင်းဖြင့် ပစ်လွှတ်လိုက်ရာ ထန်းးး ဟူသော မြည်သံဖြင့်အတူ သူ့ထံ တန်ပြန် ပျံသန်းလာတော့၏။
၎င်းကို ခေါင်းငုံ့ပြီး ကျောက်ရှု ရှောင်လိုက်သည်။ ထိုဓားပစ်ချက်ကြောင့် ရေခဲရုပ်ထုကြီးထက်၌ ကြီးမားသော အက်ကွဲရာများထလာသည်ကို တွေ့လိုက်ရ လေသည်။ ထို့နောက် ပေါက်ကွဲသွားကာ အရပ်မျက်နှာ အစုံစုံသို့ ရေခဲစများအဖြစ် လွင့်ပျံသွားတော့၏။
‘ဘာဖြစ်တာလဲဟ… ငါ့ရဲ့ ရေခဲထိန်းချုပ်ခြင်းက ဒီလိုမဖြစ်သင့်ပါဘူး။ သူရေခဲထဲကနေ ဘယ်လိုရုန်းထွက်လာနိုင်တာလဲ’ ကျောက်ရှု အံ့အားသင့်သွားသည်။
ထိုစစ်မှန်ခြင်းနယ်ပယ် အထွတ်အထိပ်ရှိ စိတ်ဝိညာဉ်နည်းစနစ်က ပစ်မှတ်နှင့် အနီးကပ်ရှိစရာမလိုဘဲ အဝေးမှလည်း ဟင်းလင်းပြင်ကတစ်ဆင့် ပစ်လွှတ်လည်းရလေသည်။ သူ့မျက်စိတစ်ဆုံးရှိ ဘယ်အရာကိုမဆိုထိအောင်ပစ်နိုင်လေရော ရှောင်လွှဲဖို့ မဖြစ်နိုင်ပါပေ။
သူ့နည်းစနစ်က ဓားပစ်လိုက်ရုံဖြင့် ပျက်ဆီးသွားနိုင်သလားဟု သံသယဖြစ်သွားတော့သည်။
စုရှောင်ရှန် ငရဲမီးတောက်ကောင်းကင်မီးလျှံများကို ခန္ဓာကိုယ်တစ်လျှောက်လည်ပတ်စေလိုက်သည်။ သို့ဖြင့် သူ့ကိုယ်မှ အရိုးစိမ့်မတတ် ရေခဲစွမ်းအင်များကို လုံး၀ ပယ်ထုတ်လိုက်ပြီး ကိုယ်ကို ထိန်းချုပ်မှုပြန်ရသွားတော့၏။
‘ကြောက်စရာကောင်းလိုက်တာ… ချီးလိုပဲ။ ဒီကောင်က ငါ့ကို မျက်စိတစ်မှိတ်အတွင်း အေးခဲသွားစေလိုက်တယ်။ ငါအစကတည်းက လေးစားမှုမပြခဲ့သင့်ဘူး… ပြီးတော့ ဘာစိတ်ဝိညာဉ်နည်းစနစ်ကြီးလဲဟ။ မကြမ်းလွန်းနေဘူးလား။ သူပစ်လိုက်တဲ့ဓားက ရေခဲကိုတုန်ခါသွားစေပြီး ငါ့ကိုမတုန်ခါသွားစေဘူးဆိုရင် တုန်ခါနေတဲ့ ငါနဲ့ရေခဲက ဓားကို ပြန်တုန်ခါစေလိုက်မှာမဟုတ်ဘူး။ မဟုတ်ရင်တော့ သေပြီဆရာပဲ’
“အတွင်းစည်းမှာ ဒါမျိုးလုပ်ရဲတယ်ပေါ့” စုရှောင်ရှန် အေးစက်စက်မေးလိုက်သည်။
ကျောက်ရှုလက်နှစ်ချောင်းကိုဆန့်ထုတ်လိုက်ရာ သူ့ခြေထောက်အောက်၌ မှော်မန္တန်ရွတ်ဖတ်ရာတွင် ပေါ်လာသကဲ့သို့ ပုံစံလိုအရာပေါ်လာခဲ့သည်။ ထို့နောက် မြေပြင်မှနေ၍ ရေခဲစွမ်းအင်များ ၀န်းကျင်သို့ လွင့်ပြန့်သွားပြီး သူတို့နှစ်ယောက်ကို လေးဘက်လေးလံ၊ အပေါ်၊ အောက် အလုံပိတ်လှောင်ထားသည့် “ရေခဲနံရံ” လေးဖြစ်သွားစေလိုက်၏။
“မင်းအကူအညီခေါ်လို့မရစေရဘူး” ကျောက်ရှု အလေးအနက်ဆိုသည်။
“ဘာလို့ ငါ့ကိုသတ်ချင်ရတာလဲ” လန်ရှင်းရှီကို စုရှောင်ရှန်တွေးလိုက်မိသည်။ ကြည့်ရတာ သူမ ကိုယ်တိုင်မလုပ်ရဲဘဲ တစ်စုံတစ်ယောက်ကို လွှတ်လိုက်သည့် ဟန်ရသည်။ သို့ဖြင့် သူမလက်ကို သွေးမစွန်းထင်းအောင်လုပ်နေသည်လော။
ကျောက်ရှု ခေါင်းကိုခါရမ်းပြီး ဘာမှ မပြောလိုက်ပါပေ။
“သူမ မင်းကိုဘယ်လောက် ကမ်းလှမ်းထားတာလဲ။ ဘယ်လောက်ဖြစ်ဖြစ် ငါမင်းကို အဲ့ထက် (၁၀) ဆပိုပေးမယ်”
ငွေစကားပြောလာသောအခါ ကျောက်ရှု ပဟေဠိဖြစ်သွားသည်။ သူက ထျန်းရွှမ်းတံခါးအတွက်နေရာကို လိုချင်၍သာ လုပ်နေခြင်းဖြစ်လေသည်။
“အဆ (၁၀၀) ကွာ”
“…”
“ငါ့မှာ မူလနန်းတော် ဆေးလုံးတွေအများကြီးရှိတယ်။ မင်းကို (၁၀) လုံးပေးမယ်”
“…”
“နှစ်ဆယ်”
ကျောက်ရှု၏ အမူအရာက လုံး၀ မှုန်မှိုင်းသွားပြီး သူ၏ မျက်စိထောင့်လည်း လှုပ်လာတော့လေသည်။
‘ငါမင်းအသက်ကိုယူဖို့လာတာ။ လေလံပွဲလုပ်တယ်ထင်နေတာလားဟ’
“မင်းတော်တော်လွန်နေပြီနော်” စုရှောင်ရှန် အသက်ပြင်းပြင်း ရှိုက်လိုက်သည်။
“ဆေးလုံး (၃၀) ကွာ။ နောက်ဆုံးဈေးပဲ”