Switch Mode

Chapter – 113

အပိုင်း (၁၁၃) အသက်စွမ်းအင်ဝါးမျိုခြင်းသစ်သားခန္ဓာကိုယ်တည်ဆောက်ပုံ

သူမ၏ အိမ်ကိုပြန်ရင်းက ကျိုးထျန်းရှန်တစ်ယောက် အပြင်စည်းဘက်သို့ ဝုန်းဒိုင်းပြေးသွားတာကို မုကျစ်ရှီတွေ့လိုက်ရလေသည်။

စုရှောင်ရှန်အပေါ် သူမ၏ အမြင်ကတော့… အလွန်မုန်းတီးစရာကောင်းသည်။ ဒေါသဖြစ်ဖွယ်ရာကောင်းသည်။

“ဟမ့်… ဘာပဲဖြစ်ဖြစ်လေ… ငါ့အလုပ်မှမဟုတ်တာ” သူမ တွေးလိုက်သည်။

သို့ဖြင့် လူအုပ်ထဲမှ ကျစ်ဆံမြှီးလှုပ်လှုပ် လှုပ်လှုပ်ဖြင့် ခုန်စွ ခုန်စွ ထွက်သွားလိုက်တော့သည်။ ထိုကောင်မလေးက အစိမ်းဖျော့ဖျော့ ၀တ်ရုံကိုပဲ ၀င်ဆင်ထားစဲဖြစ်ရာ တောနတ်သမီးအလား ထင်နေရသည်။ ဆေးလုံးတစ်လုံးကိုထုတ်ယူလိုက်ရင်းလည်း သကြားလုံးအလား ဝါးစားလိုက်၏။

သူမ၏ ပါးစပ်နှင့် နှာခေါင်းများမှ မျက်စိဖြင့်ပင် မြင်နိုင်လောက်သော သိပ်သည်းသည့် ဆေးငွေ့များထွက်လာသည်။ ၎င်းက ကောင်းကောင်း မစုပ်ယူနိုင်လိုက်သော ဆေးလုံး၏ စွမ်းအင်များဖြစ်လေသည်။ ယခုချိန်ထိ မည်သူမှ ဆေးတစ်လုံးကို ရာနှုန်းပြည့် မသုံးစွဲနိုင်သေးပါပေ။

သူမသွားရာ လမ်းတစ်လျှောက်ရှိ အပင်များ ထိုဆန်းကြယ်သည့် စွမ်းအင်များကို ထိလိုသည့်အလား လိုက်လှည့်လိုက်ကြသည်။ သို့သော် သူတို့အတွက် အိပ်မက်ပါပေ။

“ထင်တဲ့အတိုင်း အသက်စွမ်းအင်စု‌စည်းခြင်းဆေးလုံးပဲ” ရုတ်တရက် သက်ပြင်းချသံကို ကြားလိုက်ရ၏။

“ဘယ်သူလဲ” မုကျစ်ရှီ၏ မျက်လုံးများစူးရှသွား‌သည်။ ဖုန်တစ်ချက်ထသွားခြင်းနှင့်အတူ သူမ အနီးနားတစ်ဝိုက်ရှိ အပင်များအားလုံးက သူမ၏ နားနှင့် မျက်လုံးများဖြစ်လာပြီး ၀န်းကျင်တစ်ခုလုံးရှိ အရာအားလုံးကို မြင်ခွင့် ကြားခွင့်ပေးလိုက်တော့သည်။

တစ်ဘက်၌ လူနှစ်ယောက်ကို တွေ့လိုက်ရာလှည့်ကြည့်လိုက်သည်။

တစ်ယောက်က အိုပြီး တစ်ယောက်က ငယ်… ထွီး ထွီး ဘာငယ်တာလဲ နှစ်ယောက်လုံးအဖိုးကြီးတွေ။

“ခေါင်းဆောင်၊ လက်ထောက်မှူး” စူးစမ်းလိုစိတ်က သူမ၏ ထွက်ပြေးချင်စိတ်များကိုဖိနှိပ်လိုက်၏။ “နောက်တောင်ကျနေပြီ။ ကျွန်မလုပ်ပေးနိုင်တာ တစ်ခုခုရှိမလား”

အကြီးအကဲစန်း သူ့ခမောက်ကို ပင့်လိုက်ရာ လရောင်က သူ၏ မျက်နှာကျပေါ်သွားပြီး ခင်မင်ဟန်ရသော အပြုံးကို ထင်ပေါ်သွားစေလေသည်။ “နင့်ရဲ့ စိတ်ဝိညာဉ်ခန္ဓာကိုယ်တည်ဆောက်ပုံက ဘာအမျိုးအစားလဲ”

မုကျစ်ရှီ ၀န်းကျင်ရှိ အပင်များအပေါ် အာရုံစိုက်ထားလိုက်ပြီး ပဟေဠိဖြစ်သလိုဖြင့် ပြန်မေးလိုက်သည်။ “ဘာပြောချင်တာလဲမသိဘူး”

အကြီးအကဲစန်း ရုတ်တရက် သူမရှေ့၌ ပေါ်လာပြီး လက်ကောက်၀တ်ကို ဆတ်ကတည်း ဆွဲကိုင်လိုက်၏။ သူမ အစွမ်းကုန်ရုန်းလိုက်ပါသော်လည်း နေရာမှ တစ်စက်ကလေးမှ မရွေ့သွားတာကို တွေ့လိုက်ရလေသည်။

“ဟမ်… ထူးဆန်းတယ်။ ဘာလို့ နင်က သာမန်ပြန်ဖြစ်သွားတာလဲ စိတ်ဝိညာဉ်စာကြည့်တိုက်မှာတုန်းက ဒီလိုမဟုတ်ပါဘူး”

အကြီးအကဲစန်း စာကြည့်တိုက်၌ မုကျစ်ရှီစာအုပ်များကို ခိုးမလို လုပ်နေသည့် အချိန်ကို ပြန်မြင်ယောင်လိုက်သည်။ ထိုစဉ်က သူ့ကိုတွေ့သွားပြီး မုကျစ်ရှီ အလွန်အမင်းထိတ်လန့်၍ သတိမေ့မျောသွားခဲ့လေသည်။ ထို့ပြင် အလွန်ကြီးမားသော အသက်စွမ်းအင်တစ်ခုကိုလည်း ခံစားလိုက်ရသေး၏။

သို့သော် ၎င်းက တကယ်ကြောက်စရာကောင်းသည့် အရာမဟုတ်ပါပေ။ တကယ် ဆန်းကြယ်သည့်အရာက သူမ၏ သစ်သားဓာတ်စွမ်းအင်က အသက်စွမ်းအင်များကို စားသုံးပြီး ထပ်၍ ဆင့်ကဲပြောင်းလဲအောင်လုပ်လို့ရခြင်းဖြစ်၏။

သူ‌ရှင်သန်နေထိုင်ခဲ့သည့် ကာလပတ်လုံး ၎င်းက ထိုသို့ ထူးဆန်းသည့် စိတ်ဝိညာဉ်ခန္ဓာကိုယ်အမျိုးအစားကို ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်ပါသည်။ ထိုစဉ်က စုရှောင်ရှန် အရေးကိစ္စနဲ့ပတ်သက်၍ အာရုံရောက်နေရာ သူမကို ဆက်လက်၍ မဆန်းစစ်ခဲ့ပါချေ။

ထို့နောက် သူသေချာရှာကြည့်သည့်တိုင်အောင် ထိုသို့သော စိတ်ဝိညာဉ်ခန္ဓာကိုယ် အမျိုးအစား၏ အချက်အလက်များကို မတွေ့ရပါလေ။ ဆင့်ကဲပြောင်းလဲနိုင်သည့် စိတ်ဝိညာဉ်ခန္ဓာကိုယ်အမျိုးအစားက အတွေးအခေါ်အရပြောရလျှင် သတ်မှတ်ထားသော အခြေတစ်ခုသို့‌ရောက်သော် မြင့်မြတ်ခန္ဓာကိုယ် ဖြစ်လာရန် အလားအလာကို ပိုင်ဆိုင်ထားလေသည်။

မုကျစ်ရှီ၏ ခန္ဓာကိုယ်က အသက်စွမ်းအင်ကို စားသုံးရန်လိုလေသည်။ ထို့ကြောင့် အသက်စွမ်းအင်စုစည်းခြင်းဆေးလုံးကို သူမစားနေရခြင်းဖြစ်ပါသည်။

အကယ်၍ သူမ၏ အသက်စွမ်းအင်က လုံလုံလောက်လောက် မမြင့်မားပါက သူမ၏ သစ်သားဓာတ်စွမ်းအင်များက ဖြေးဖြေးချင်းစီ ယို့ယွင်းလာမည်ဖြစ်ကာ သူမ၏ စွမ်းအင်များလည်း လျော့နည်းသွားပေလိမ့်မည်။

“အသက်စွမ်းအင်စုစည်းခြင်းဆေးလုံးကို စားလိုက်ရင် နင့်အသက်စွမ်းအင်တွေက စိမ့်ထွက်နေရမှာလေ ဒါပေမယ့် ခုတော့ အဲ့အသက်စွမ်းအင်တွေက တင်းမာတဲ့ အခြေအနေကြောင့် ဖိနှိပ်ခံလိုက်ရတယ်မဟုတ်လား” အကြီးအကဲစန်း ခပ်သဲ့သဲ့ရယ်လိုက်သည်။ သူ့မျက်ကွင်းညိုကြီးက လရောင်အောက်‌၌တော့ လိပ်ပြာလွင့်စေမတတ်ကြောက်မက်ဖွယ်ရာကောင်းနေ၏။ မုကျစ်ရှီကိုကြည့်ရတာ နားမလည်နိုင်သေးဟန်ရသဖြင့် ခေါင်းကိုအသာခါရမ်းလိုက်တော့သည်။ “ငါ့ကို အမှန်တိုင်းမပြောလဲကိစ္စမရှိဘူး။ ဘာလို့ဆို နင်ရောက်ချင်တဲ့ ပန်းတိုင်က နင့်အတွက် လက်လှမ်းမမှီနိုင်တဲ့ နေရာမှာ ရှိနေလို့ပဲ”

“ရှင်တို့ပြောနေတဲ့ စိတ်ဝိညာဉ်ခန္ဓာကိုယ်ဘာညာကို ကျွန်မ မသိဘူး။ သိတာက ဒီဆေးလုံးတွေမစားရင် သေလိမ့်မယ်ဆိုတာပဲ” မုကျစ်ရှီ ထိတ်ထိတ်ပျာပျာဖြစ်လာပြီး “အသက်စွမ်းအင်ကို ရှာနေတာဆိုရင်တော့ တခြား ပိုများနေရာမှာသွားရှာကြပါလား”

‘ငါ့ထက် အသက်စွမ်းအင် အဆ (၁၀၀) လောက်ပိုများတဲ့သူရှိတယ်’ သူမ ၎င်းကိုတော့ စိတ်ထဲမှသာပြောလိုက်သည်။

“အို… စုရှောင်ရှန်ကို ပြောချင်နေတာလား” အကြီးအကဲစန်းက အကုန်သိပြီးသကဲ့သို့ မေးလိုက်သည်။

မုကျစ်ရှီ ဘာဆက်လုပ်ရမှန်းမသိ ပျာယာခတ်သွား၏။

“အသက်စွမ်းအင် ဝါးမျိုခြင်း သစ်သားခန္ဓာကိုယ်” ရဲ့ရှောင်ထျန်း မျက်မှောင်ကျုံ့ပြီး ဆက်လိုက်သည်။ “ဒီလို ခန္ဓာကိုယ် တည်ဆောက်ပုံက အင်မတန်ရှားတယ်။ ငါတောင် ကြားဖူးတာ ခပ်ရေးရေးလေးပဲမှတ်မိတော့တယ်”

မုကျစ်ရှီ သူမ၏ ကျစ်ဆံမြှီးကို ကိုင်ရင်း နောက်သို့ ခြေလှမ်းများစွာဆုတ်သွားလိုက်၏။ “ရှင်တို့နှစ်ယောက် ဘာလုပ်ချင်လို့လဲ။ ကျွန်မ ငြိမ်ခံနေမှာ မဟုတ်ဘူး”

ရဲ့ရှောင်ထျန်း ထိုမှ သူ့ဘေးနားရှိ အဖိုကြီးက ကြောက်မက်ဖွယ်ရာ ဖိအားကို ထုတ်လွှတ်နေမှန်းသိလိုက်ရတော့သည်။ ဤ စကားဝိုင်းက သာမန် သာဖြစ်သင့်‌လေသည်။ သို့သော် အဖိုးကြီး၏ တည်ရှိမှုက ၎င်းကို ပြောင်းလဲသွားစေတော့၏။

“စိတ်မပူပါနဲ့။ နင်က စိတ်ဝိညာဉ်နန်းတော်ရဲ့ ဂိုဏ်းသားတစ်ယောက်ပါ။ ဆိုလိုတာက ငါတို့ရဲ့ တပြည့်ပဲပေါ့။ တခြား လျှောက်မတွေးပါနဲ့” လေထဲ၌ ပျံဝဲနေသော ရဲ့ရှောင်ထျန်း သူမ၏ ခေါင်းကို ပွတ်ကာ နှစ်သိမ့်လိုက်သည်။

အကြီးအကဲစန်း ပါးစပ်ဟရန် ပြင်လိုက်စဉ် ရဲ့ရှောင်ထျန်း၏ စူးရှရှအကြည့်နှင့် ရင်ဆိုင်ရပြီး ပါးစပ်ပြန်ပိတ်လိုက်တော့၏။

“ဒီလိုကွာ ငါတို့မှာ နင့်အတွက် အခွင့်အရေးကြီးတစ်ခုရှိတယ်။ ဒါပေမယ့် အဲ့တာက နင့်ကိုသေသွားနိုင်စေလောက်တယ်။ ဘယ်လိုလဲ လုပ်ရဲမလား”

မုကျစ်ရှီ အလိုလို ခေါင်းခါနေရင်းမှ ရပ်ပြီး ထိုအဆိုပြုချက်ကို သေချာစဉ်းစားကြည့်လိုက်သည်။

“ဘာအခွင့်အရေးလဲ”

ရဲ့ရှောင်ထျန်း ခေါင်းကိုသာခါရမ်းပြီး ဘာမှ မပြောပါချေ။

၎င်းက မည်သည်ဖြစ်သည်ကို တည့်တိုးပြော၍မရပါလား။ လူငယ်တွေ စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ရန်လိုသေးလေသည်။

ကျင့်ကြံသူတစ်ယောက်က သေရမည်ကိုကြောက်ရွံ့နေလျှင် စိတ်ဝိညာဉ်နန်းတော်မှထွက်သွားပြီးနောက် ကိုယ်ပိုင်စွန့်စားခန်းများဖွင့်ရာတွင် စစ်မှန်သော စိတ်ဝိညာဉ်ကျင့်ကြံခြင်းလမ်းစဉ်အပေါ် ခြေချနိုင်လိမ့်မည်မဟုတ်ပါပေ။

အတွင်းစည်း၌တောင် လူသတ်ခွင့်ပြုထားသည်မဟုတ်ပါလား။

အကြီးအကဲစန်း သူ့လက်များကို စိတ်မရှည်စွာ ပွတ်လိုက်လေသည်။ ရဲ့ရှောင်ထျန်းက အရာအားလုံးကို အသေးစိတ် စနစ်တကျ စီစဉ်ချင်သောကြောင့် အချိန်မယူသင့်ဘဲ အများကြီး ကြာမြင့်စေ၏။

‘ကမ္ဘာပေါ်မှာ အရာအားလုံးက အဲ့အတိုင်းလည်ပတ်နေတယ်လို့ မင်းက ထင်လို့လား… ငါသာဆိုရင် ရော့ပတ္တမြား ရော့နဂါးဖြစ်နေလောက်ပြီ… အစေ့ကိုအရင်ဆိုက် ပြီးမှ ကလေးတွေကို ပုံပြင်ပြောပြ။ ဒီဟာက မင်းအတွက်အခွင့်အရေးဘာညာ ယူမလား မယူဘူးလား… အပြင်ဘက်မှာ ပါရမီရှင်တွေ အများကြီးရှိတယ်။ သူတို့အားလုံး လက်ခံတာကို တစ်ယောက်ချင်းစီ ဒီတိုင်းစောင့်နေရမှာလား… သေစမ်းကွာ။ ထျန်းစန်းနန်းတော်က လူငယ်တွေရဲ့ အထွတ်အထိပ်လမ်းစဉ်ကို ကာဆီးကာဆီးလုပ်နေတာပဲ။ ဒီလို အလကားနေနေတာက အောက်ခြေလွတ်စေပြီး သေခြင်းကိုဦးတည်သွားမှာပဲ။ ဒီနေရာမှာ ရှောင်ချိစွေတစ်ယောက်ဘဲ သုံးစားလို့ရတယ်’ စိတ်ထဲမှဆိုလိုက်သည်။

မုကျစ်ရှီ ချက်ခြင်း မတုန့်ပြန်လိုက်ပါပေ။ ထိုအစား ရဲ့ရှောင်ထျန်းကိုကြည့်ကာ “ကျွန်မကို စဉ်းစားဖို့ အချိန်ပေးလို့ရမလား”

အကြီးအကဲစန်း နောက်ထပ်တစ်ကြိမ် တစ်စုံတစ်ခုကိုပြောရန် ပြင်လိုက်စဉ် ရဲ့ရှောင်ထျန်း အလျှင်အမြန် ကြား၀င်ဖြတ်လိုက်၏။

“ရတယ် စဉ်းစားဖို့ အချိန်တစ်ရက်ပေးမယ်”

ဟူးးးး…။

ယောင်ယင်ယင်၏ အိမ်မှ ထွက်လာပြီးနောက် စုရှောင်ရှန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်နိုင်သည်။

စုရှင်းရှင်းတစ်ယောက် သူတို့ကြားထဲ၌ ရှိနေလေရာ တစ်ဦးနှင့်တစ်ဦး စကားနိုင်သာလုလိုက်ကြပြီး တကယ် မချလိုက်ကြပါပေ။ ထို့နောက် ယောင်ယင်ယင်ကို စုရှင်းရှင်း အပြင် ခေါ်ထုတ်သွား၏။ စုရှောင်ရှန်လည်း ထိုနေရာ၌ မနေရဲတော့ဘဲ ထွက်လာလိုက်လေသည်။

“အဲ့ဒီယင်ယင်စုန်းမက ငါသာ ဧကရာဇ်ဆေးတစ်လုံးကိုပေးနိုင်ရင် တောင်တစ်ခုလုံးကို ပေးမယ်လို့ပြောပေမယ့်… ဒီဆေးလုံး… ငါဘယ်က သွားရှာရမှာတုန်း” စုရှောင်ရှန် သက်ပြင်းချလိုက်၏။

တောင်အနောက်ဘက်က တကယ်ကြီး‌လေသည်။ အိမ်အလွတ်များစွာလည်းရှိ၏။

သို့သော် စုရှင်းရှင်းထံမှ ထို နေရာတစ်ခုလုံးကို ယောင်ယင်ယင် တစ်ယောက်တည်း မောင်ပိုင်စီးထားကြောင်းသိလိုက်ရ၏။ အခြားသူများ ယောင်ယင်ယင်ကိုမနိုင်တာက တစ်ကြောင်း၊ မျက်နှာသွားမပြရဲတာတို့က တစ်ကြောင်းဖြစ်သည်။ မဟုတ်ပါက ရောက်သည်နှင့် ချက်ခြင်း ပြန်၍ လွင့်ပျံထွက်သွားပေလိမ့်မည်။

သူမ၏ အကိုရှောင်ရှန် အတွင်းစည်း၌ နေဖို့နေရာလာရှာတာ‌ဖြစ်ကြောင်းသိရာ စုရှင်းရှင်း အလွန်၀မ်းသာသွားပြီး သူ့ကို အလွတ်မပေးလိုက်ပါချေ။ သို့ဖြင့် သူမ၏ အနီးရှိခြံတစ်ခုကို ရွေးချယ်လိုက်ရတော့လေသည်။ ကံကောင်းတာက ၎င်းက ယောင်ယင်ယင်နှင့် အတော်အလှမ်းဝေးသော နေရာ၌ ဖြစ်နေ၏။

သူ့အိမ်အသစ်ကို တံဆံပြားလက်ထဲ၌ ကိုင်ရင်း၀င်သွားလိုက်သည်။

၎င်းက အမှန်တကယ် ကျယ်လှသည်။ သန့်လည်းသန့်ရှင်းသည်။ အိမ်ကြီးနှစ်လုံးမှ အပ‌ ပေါင်းပင် တစ်စုံတစ်လေမှ မတွေ့ရပါချေ။

“ ဒီမှာလည်း ဘယ်သူမှ နေတဲ့ပုံ မပေါ်ပါဘူး”

၎င်းနှင့်ဆန့်ကျင်ဘက် ယောင်ယင်ယင်၏ ခြံကတော့ ၀င်လိုက်သည်နှင့် အနီရောင်ပန်းပင်လယ်ကြီးကိုတွေ့ရလေသည်။ ၎င်းက အလွန်ပင် ထူးဆန်းနေပြီဖြစ်ရာ အဘယ်ကြောင့် အတွင်းသို့ တုံးအစွာ ၀င်သွားရပါသနည်း။

ချီးပဲ…။

ဤနေရာတွင် အဓိကအိမ်နှင့် ဧည့်ဆောင်ဟူ၍ ရှိလေသည်။ တောင်ကပို့လေးနှင့် ရေကန်လေးလည်း မခြားမနားပင်။ ထို့နောက် နေရာလွတ်အကျယ်ကြီးကို သူ့စိတ်ကြိုက်ပုံသွင်းရန်ကြံလိုက်သည်။

သို့သော် အချိန်က မရှိတော့လေရာ အဓိကအိမ်အတွင်းသို့၀င်ပြီး ကျောက်ပြားလိုလို အစီအရင်ပဲ့ကိုင်ပေါ်တွင် တံဆိပ်ပြားကိုတင်ပြီး သူ့ကိုယ်သူ အိမ်ရှင်ဖြစ်ကြောင်း အသိအမှတ်ပြုစေလိုက်သည်။

ကျွီ…။

စုရှောင်ရှန် ကုတင်အထက်ကို ချက်ခြင်းခုန်တက်လိုက်၏။ ၎င်းက အိပ်ယာခင်းရော ဆောင်ရောမရှိသော ရေပြင်ညီ သစ်သားတုံး အကြီးအကြီးသာဖြစ်လေသည်။

အလွန်အမင်း နွမ်းလျနေပြီဖြစ်ရာ သူ့မျက်လုံးများကိုဖြေး‌ဖြေးချင်းပိတ်၍ နှစ်ချိုက်စွာအိပ်ပြီး အိပ်မက်ကောင်းလေးမက်မည်ဟူ‌သော အကြောင်းကို တွေးတောလိုက်၏။

“…”

သို့သော် မကြာပါချေ ဆတ်ကတည်း သူ့မျက်လုံးများ ပြန်ပွင့်လာတော့သည်။ သူထပ်ပိတ်လိုက်ပါသည်။

မထူးခြားနား ထိုသို့ပြန်ဖြစ်လေသည်။

“ချီးလိုပဲ… ငါဒီညလည်း မအိပ်ရတော့ဘူးထင်တယ်”

Comment

Leave a Reply

Options

not work with dark mode
Reset