အခန်း (၁၄ )
နောက်တစ်ဆင့်တက်ပြီ
“ဟင်…”
ရဲချန်ဖန် ထွက်သွားပြီး မကြာခင် ချောင်ဂျင်ယွမ် ပြန်သတိရ လာသည်။
မျက်လုံး ဖွင့်လိုက်သည်နှင့် သူမ ဂနာမငြိမ် ဖြစ်လာပြီး ပတ်ဝန်းကျင်ကို စူးစမ်း လိုက်သည်။ မျက်ရည်များ ထိန်းမရအောင် ကျဆင်း လာသည်။
“အဝတ်တွေ ဒီအဝတ်တွေက ဘယ်သူဟာလဲ။ ငါကို ဘာမှ မလုပ်ဘူးပေါ့”
သူမ သူ့ခန္ဓာကိုယ်သူ ပြန်စစ်လိုက်ရာ သူမ အဝတ်အစားတွေ ဝတ်ထားပြီး သူမ ခန္ဓာကိုယ် ထိခိုက်မှု မရှိချေ။ သူမ ဒဏ်ရာများသည်လည်း ပျောက်ကင်း လုနီးပါး သက်သာနေပြီဖြစ်သည်။ သူမခန္ဓာကိုယ်ကို အင်္ကျီဖြင့် ဖုံးလွှမ်းထားသည်ကို တွေ့လိုက်သည်။
“ဒါ… ဒါဟို … ငါ့ကို ကယ်တင်ခဲ့တဲ့ ကိုလူချော အင်္ကျီဖြစ်ရမယ်”
သူမ ဝိုးတဝါးသာ မှတ်မိသော်လည်း ရဲချန်ဖန် အကြောင်းတွေး လိုက်ပါက နတ်ပြည်မှ ဆင်းလာသည့် နတ်သား တစ်ပါးလို ခံစားရသည်။ သူမခန္ဓာကိုယ်ကို စစ်ဆေးစဉ် မျှော်လင့်ချက် တစ်မျိုးကို တိတ်တခိုး မျှော်လင့်နေမိသည်။
“ကံကောင်းလို့။ ငါ ဟိုသူခိုးကောင် အနိုင်ကျင့်တာ မခံရတာ။ ငါ့ကို သူ… သူတကယ်… ကယ်တင်သွားတာပဲ”
သူမ၏ ခန္ဓာကိုယ် ဖြူစင်သန့်ရှင်း နေသည့်အတွက် ဝမ်းသာ မျက်ရည်များ ကျနေသည်။ သူမ စိတ်ထဲတွင် သူ့ကို ကယ်တင်ခဲ့သည့် နတ်သားလေးကို ကျေးဇူးတင် နေမိသည်။
“သူက ဘယ်သူလဲ မသိဘူး။ သူ့မျက်နှာကို တစ်ခါမှ မတွေ့ဖူးပေမဲ့ ဘာလို့ ရင်းနှီးတယ်လို့ ခံစားနေရတာလဲ”
“အဲဒါ သူ ဖြစ်နိုင်မလား”
သူမ စဉ်းစား လိုက်တော့ ရဲချန်ဖန်၏ပုံရိပ်သည် သူမစိတ်ထဲ ပေါ်လာသည်။
“သူ မဖြစ်နိုင်ပါဘူး။ သူက ဝိညာဉ်သားရဲ မရှိတဲ့ အလကားကောင်။ ငါ့ကို ကယ်ဖို့ ဘယ်လို အစွမ်းရှိမှာလဲ”
ချက်ချင်းပင် ခေါင်းခါ လိုက်ပြီး ကိုယ့်ဘာသာကိုယ် ရယ်လိုက်သည်။
ချောင်ဂျင်ယွမ် ကို ကယ်ပြီးနောက် အဖြူရောင် တိမ်တိုက် တောင်တန်းမှ သူ မထွက်သွားဘဲ တောနက်ထဲ ဝင်သွားရာ ချောင်ကျသော နေရာတစ်ခုတွင် အလွန်နက်သော ရေကန်ကို တွေ့လိုက်ရသည်။
“ဒီနေရာက မဆိုးဘူး။ မီးတောက် ဆေးလုံးကို ဒီမှာ စုပ်ယူရမယ်”
သူ ရေခဲတစ်မျှ အေးစက်နေသော ရေထဲ စိမ်လိုက်ပြီး မီးတောက်ဆေးလုံးကို မြိုချ လိုက်သည်။ တစ်မိနစ်လောက် ကြာပြီးနောက် သူ့ဗိုက်တွင် ပူလောင်မှုကို စတင် ခံစား လာရသည်။ အပူလှိုင်းများသည် သူ့ဗိုက်မှ ထွက်ပေါ်လာပြီး သူကိုယ်တွင်း အစိတ်အပိုင်းများထဲ ဝင်ရောက် သွားသည်။
တစ်ချိန်တည်းမှာပင် သူ မီးတောင်ထဲ ကျသွားသလို ခံစားလိုက် ရသည်။ အပူစွမ်းအင်များ ပြန့်နှံ့လာပြီး မီးနဲ့မြိုက်ခံရသလို ဖြစ်နေသည်။ အလွန် နာကျင်မှုကြောင့် သူ့တစ်ကိုယ်လုံး တုန်ခါနေသည်။ အရိုးကွဲမတက် အေးစက်သော ရေထဲသာ မစိမ်ခဲ့ပါက ဤမျှပူသော စွမ်းအင်ကို သူခံနိုင်မည် မဟုတ်ပေ။
အပြင်းအထန် နာကျင်မှုသည် သူ၏ သံဓိဌာန်ကို ပိုသန်မာစေပြီး မလျှော့သော စိတ်ဓါတ်ကို ပိုခိုင်မာစေရန် တွန်းအား ပေးနေသည်။ မီးတောက် ဆေးလုံး စုပ်ယူခြင်းသည် ရုပ်ပိုင်းဆိုင်ရာ အလွန်နာကျင် စေရုံသာမက စိတ်ဓါတ်ပိုင်းအရပါ ပြိုလဲမတက် နာကျင် စေသည်။
မယုံနိုင်စရာ နာကျင်မှုကြောင့် ရဲချန်ဖန် အံတင်းပြီး ခါးသီးစွာ အောင့်ခံ နေရသည်။ ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကို အကြိမ်ကြိမ် လေ့ကျင့်နေပြီး မီးတောက် ဆေးလုံးကို ခန္ဓာကိုယ်အတွင်း စုပ်ယူနေလိုက်သည်။ သူ့ခန္ဓာကိုယ် ဆဲလ်တစ်ခုချင်းဆီက ပြောင်းလဲနေသည်။ တဖြည်းဖြည်းချင်း အမည်းရောင် သွေးပုပ်များသည် သူ့ချွေးပေါက်များမှ ထွက်လာပြီး သူ့ဆဲလ်များကို ပိုသန့်စင်သည်ထက် သန့်စင် လာစေသည်။
အပူလှိုင်း တစ်လှိုင်းပြီး တစ်လှိုင်း ရဲချန်ဖန် ခန္ဓာကိုယ်ထဲ ဝင်လာနေပြီး အရိုးကွဲမတတ် အေးနေသည့် ရေများသည်လည်း ပူသထက် ပူလာသည်။
ရေကန်ထက်တွင် ရေငွေ့များ ဖြစ်ပေါ်နေပြီး လေထဲပျံ့လွင့်နေသည်။
“တောင့်ထား… ဒီလိုနာတာ ဘာမှမဟုတ်ဘူး။ ငါသေချာပေါက် အောင်မြင်ရမယ်”
သွေးကြောများကို မြန်မြန် လည်ပတ်လိုက်ပြီး ဆေးစွမ်းနှင့် ခန္ဓာကိုယ်ကို ပေါင်းစပ်လိုက်သည်။
တစ်နာရီ… နှစ်နာရီ …ကြာပြီးနောက်…
သူမခံရပ်နိုင် ဖြစ်လာပြီး ဆဲလ်များသည် ကွဲမတတ် ဖြစ်လာကာ ပို၍မဲနက် ပြစ်ခဲနေသော သွေးပုပ်များ စိမ့်ထွက် လာသည်။
“ခန္ဓာကိုယ် ပြောင်းလဲနေပြီ။ အရိုးအသစ်တွေ ထွက်လာသလိုပဲ”
ခန္ဓာကိုယ် ပြောင်းလဲမှုများကို ခံစားနေရင်း စိတ်အေး သွားသည်။ ထို့နောက် နာကျင်မှုကို ဆက်အောင့်ခံနေသည်။
နောက်ဆုံးတွင် မီးတောက် ဆေးလုံး၏ အာနိသင် ကုန်သွားသည်။ သူ့ခန္ဓာကိုယ် ဆဲလ်များသည် နှစ်ဆ ပိုမိုသန်မာလာပြီး မသန့်စင်မှုများလည်း ပျောက်ကွယ် သွားလေသည်။
သူ့ခန္ဓာကိုယ် အလွန်အားနည်း နေသော်လည်း သူအလွန် ပျော်ရွှင်နေမိသည်။ သူ ဒုတိယအဆင့် ရောက်သွားသော်လည်း ဒုတိယအဆင့် အထွတ်အထိပ်နှင့်ဆိုလျှင် မိုးနဲ့မြေလို ကွာခြား နေသေးသည်။
“ကောင်းကင် ခန္ဓာကိုယ် ဒုတိယအဆင့် ရောက်အောင် ကျင့်ဖို့က တကယ် မလွယ်ပါလား”
သို့သော် သူ စိတ်မပျက် သွားပေ။ အရင်းအမြစ် အလုံအလောက်သာ ရှိပါက ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ် ခြောက်ဆင့်လုံး အောင်မြင်ရန် ယုံကြည်မှုရှိသည်။
သူ့ခန္ဓာကိုယ်ကို ဆေးကြော သန့်စင်ပြီး နောက်ကန်ထဲမှ ထွက်လိုက်သည်။ ဆယ်မီတာ ကျော်မြင့်သည့် ယောက်ျားကြီး လေးဦးဖက်စာခန့်ရှိသော အလွန်ကြီးမား ခိုင်မာသည့် ရှေ့ဟောင်း သစ်ပင်ကြီးရှေ့တွင် သူရပ်လိုက်ပြီး သူ၏ တိုးလာသော စွမ်းအားများကို စမ်းသပ်ရန် လုပ်လိုက်သည်။
“ယား…”
ရဲချန်ဖန် သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများ စုစည်းလိုက်ရာ သူခန္ဓာကိုယ်မှ အသံများပင် ထွက်လာသည်။ ထို့နောက် အားကုန်သုံး၍ သစ်ပင်ကြီးကို ထိုးချလိုက်သည်။
“ကွဲကြေသံများနှင့်အတူ သစ်ပင်ကြီးသည် ပြင်းထန်လှသည့် လက်သီး ဒဏ်မခံနိုင်ဘဲ အက်ရာများ ပေါ်လာပြီး အရင်းကနေ ကျိုးကျသွားသည်။
“ငါ့မှာ ဂျင်နှစ်ထောင့်ငါးရာ စွမ်းအားရှိနေပြီပဲ။ ငါ သားရဲသခင် အဆင့်နဲ့ တိုက်ခိုက်ရင် ဘယ်လိုနေမလဲ မသိဘူး”
ရဲချန်ဖန် ခန္ဓာကိုယ်သည် ဆင့်ကဲပြောင်းလဲ သွားပြီဖြစ်သည်။ သူ့ခန္ဓာကိုယ် စွမ်းအား တစ်ခုနှင့်ပင် အဆင့်ခြောက် သားရဲရှင်ကို အသာလေး ထိန်းချုပ်နိုင်စွမ်း ရှိလာမည် ဖြစ်သည်။ သူ့ကို သားရဲသခင် ပထမအဆင့်ဟု ပြောနိုင်ပေသည်။
သူ သားရဲအဆင့် ရောက်ပြီးနောက် အစွမ်းထက်သော ဝိညာဉ်သိုင်း စတင်လေ့ကျင် နိုင်တော့မည်။ သားရဲရှင် အဆင့်ကို ခန္ဓာကိုယ် စွမ်းအား တစ်ခုတည်းဖြင့် သတ်ဖြတ် အနိုင်ယူရန် ခက်ခဲပေမည်။
သူ့ခန္ဓာကိုယ် စွမ်းအားသည် လက်တလော တိုးတက်ဖို့ မဖြစ်နိုင်ရာ အဆင့်သုံး သားရဲရှင်အဆင့် ရောက်ရန် ကြိုးစားဖို့ ဆုံးဖြတ်လိုက်သည်။
ဝိညာဉ် ကျောက်တုံးများကို ဝိညာဉ်စုပ်သိုင်း အသုံးပြုပြီး စတင် စုပ်ယူတော့သည်။ များပြားလှသော ဝိညာဉ် စွမ်းအင်များသည် သွေးဥထဲ ဝင်ရောက်သွားသည်။
နောက်ဆုံး ကျန်သော ဝိညာဉ်ကျောက်တုံးကို စုပ်ယူပြီးချိန်တွင် သွေးဥတွင် နောက်ထပ် အက်ရာတစ်ခုကို တွေ့လိုက် ရသည်။
ထို့နောက် သွေးဥမှ ကြီးမားသော ဝိညာဉ်အစွမ်း ထွက်လာပြီး သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက် ပေါင်းစည်း သွားသည်။ သူချက်ချင်း ဆိုသလိုပင် အဆင့်သုံး သားရဲရှင်အဆင့် ရောက်ရှိ သွားသည်။
ဤသည်မှာ အလွန်အစွမ်းထက်သော ဝိညာဉ်စုပ်သိုင်း၏ အရေးပါမှု ဖြစ်သည်။
“ပြန်ဖို့အချိန် ရောက်ပြီ”
သူ အဖြူရောင် အင်ပါယာ မြို့တော်ကို ပြန်လာခဲ့သည်။ ထိုအချိန်တွင် သူ
မမျှော်လင့်ထားသော သူသည်လည်း အဖြူရောင် အင်ပါယာမြို့တော်ကို ရောက်ရှိလာသည်။
အခန်း (၁၄) ပြီး၏။
***