အပိုင်း (၁၁၀) ခြေရှုပ်နေတာ လူမိခြင်း
“နင်ဘယ်ကို ကြည့်နေတာလဲ”
စုရှောင်ရှန်၏ အကြည့်များက သူမ၏ ခြေတံပေါ်၌သာ ရှိနေသေးသည်ကို တွေ့ရာ ယောင်ယင်ယင် နီမြန်းနေသော မျက်နှာဖြင့် သူ၏ မေးကို ကိုင်၍ ဆတ်ကနဲ ပင့်လိုက်၏။
ခရက်
စုရှောင်ရှန် လည်ရိုးကျိုးသွားတော့မလို ခံစားလိုက်ရသည်။ သူ့မျက်လုံးထဲ၌ မျက်နှာကျက်ကြီးကိုသာ မြင်နေရ၏။
ယောင်ယင်ယင် မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး ညှင်သာစွာ ညုတုတုပြောသည်။ “ငါ့ကို ဆေးတစ်လုံးပဲ ယူလာပေးရင် ကြေပြီ”
‘ဆေးလုံး… ငါ့ကို တကယ်ကြီး ဆေးလုံးတစ်လုံးတည်းတောင်းတာလား… နေပါဦး… တောင်းချင်းတောင်း အဖိုးကြီးစီ သွားတောင်းရမှာလေ ဘာလို့ ငါ့စီလာတောင်းတာတုန်း”
စုရှောင်ရှန် သူမ၏ လက်ကိုဆွဲချလိုက်ရာမှာ ခေါင်းလှုပ်ဖို့နေရာ ရှိသွားလေသည်။ ထို့နောက် တစ်အောင့်ကြာ ခေါင်းငုံ့သွားပြီးနောက် ပြန်မော့ကာ ဆိုလိုက်သည်။ “ဘာဆေးလုံးလဲ”
“အလင်းပေါက်စေတဲ့ဆေး မဟုတ်ရင် ဧကရာဇ်ဆေးတစ်လုံးပေါ့” မျက်တောင်ပုတ်ခတ်ရင်းပြောသည်။
ဧကရာဇ်ဆေးလုံးဟုတ်လား …။
စုရှောင်ရှန် တစ်ဆတ်ဆတ်တုန်ခါသွား၏။ ဧကရာဇ်က အရှင်သခင် ထက် တစ်ဆင့်မြင့်လေရာ သူမက…
“နင်က အရှင်သခင်နယ်ပယ် အထွတ်အထိပ်မှာလား”
သူ့လေသံက တုန်ရင်နေ၏။ ကွိုင်တော့တက်ပြီ။
‘ကြည့်ရတာငါတော့ မလွတ်လောက်တော့ဘူးထင်ပါတယ်’
“အရှင်သခင်နယ်ပယ် အထွတ်အထိပ်အဆင့် မရောက်လည်း ဧကရာဇ်ဆေးလုံးကို သုံးလို့ရပါတယ်နော်” ယောင်ယင်ယင် စုရှောင်ရှန်ကို မျက်စောင်းထိုး၍ ကြည့်လိုက်လေသည်။ သူမ၏ မျက်နှာပေါ်မှ လှပမှုကတော့ မျက်မကွက်ပေ။
“စစ်မှန်ခြင်းဆေးလုံးကတောင် အဆင့်(၈)၊ အရှင်သခင်ဆေးလုံးကို အဆင့်(၆) ကစမယ်… ဒါဆို ဧကရာဇ်ဆေးလုံးက …” စုရှောင်ရှန် စိတ်ထဲ၌ တွက်ကြည့်လိုက်တော့သည်။
“အဆင့်လေးမဟုတ်လား။ သေပြီဆရာပဲ”
စုရှောင်ကို ခေါင်းကို အပြင်းအထန် ခါရမ်းလိုက်ပြီး “ငါ့စီက ဧကရာဇ်ဆေးလုံးကို တစ်လုံးတစ်လေတောင်မရစေရဘူး အိပ်မက် မက်မနေနဲ့… ငါ့မှာ မူလနန်းတော်ဆေးလုံး ပဲရှိတယ်။ အဲ့တာပဲ (၁၀) လုံးပေးနိုင်မယ်”
စုရှောင်ရှန်ရဲ့ အသည်းအသန် ငြင်းဆိုနေမှုကြောင့် ယောင်ယင်ယင် ရယ်ချင်သွားသည်။
‘ငါက မူလနန်းတော်ဆေးလုံးနဲ့ ဘာလုပ်ရမှာ…’ သူမ တွေးလိုက်လေသည်။
“ဧကရာဇ် ဆေးတစ်လုံး” သူမ ထပ်ပြောလိုက်သည်။
“ဒီလိုဆေးလုံးတော့မရှိဘူး။ မပေးနိုင်ဘူး” စုရှောင်ရှန် ခေါင်းကိုခါရမ်းနေရင်းမှ ထပ်၍ညှိနှိုင်းလိုက်သည်။ “အရှင်သခင်ဆေးလုံးဆိုရင်ရော။ အဲ့လိုမျိုးဆိုရင်တော့ ရအောင် တောင်းပေးနိုင်တယ်”
“ဟုတ်လား” ယောင်ယင်ယင် မျက်ခုံးပင့်လိုက်သည်။ သူမ၏ မျက်၀န်းများတွင် တစ်စုံတစ်ခုကိုသိသွားသည့်အလား တောက်ပသွား၏။ “ဒါဆို နင်တကယ် ဆေးလုံးတွေ တောင်းနိုင်တာပေါ့နော်”
စုရှောင်ရှန်၏ နှလုံး မြင်းဒုန်းဆိုင်းသွား၏။ ဤမိန်းကလေး သူ့ကို တစ်လျှောက်လုံး လှည့်စားနေခဲ့သည်လား အောင့်မေ့လိုက်တော့သည်။
“မရဘူး ဧကရာဇ် ဆေးလုံးပဲဖြစ်ရမယ်” ယောင်ယင်ယင် သူမ၏ မျက်နှာကို သူ့အနီးထပ်တိုးလိုက်လေရာ စုရှောင်ရှန်တောင် သူမထံမှ နွေးထွေးသော ရှိုက်သက်ကို ခံစားလိုက်ရ၏။
“အရှင်သခင်ကို တက်လှမ်းဖို့ဆိုတာ ငါ့အတွက် ငှက်ပျောသီးခွာစားရသလိုပဲ။ အဲ့တော့ အရှင်သခင်ဆေးလုံးနဲ့ ဘာလုပ်ရမှာတုန်း… နင့်စစ်မှန်ခြင်းဆေးလုံးတွေကတော့… ကိုယ့်ဟာကိုယ်ပဲသုံးစမ်းပါ စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့်(၉) က လူသစ်လေးရဲ့” သူမ၏ နှုတ်ခမ်းထောင့် ကွေးတက်သွားသည်။ မျက်၀န်းများထဲမှ ပြက်ရယ်ပြုမှုများကို ဖုန်းကွယ်မထားပါချေ။
[ဖျားယောင်းခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် တစ်စုံတစ်ခုကို ပြောရန်ပြင်လိုက်ချိန် သူ၏ နှုတ်ခမ်းများပေါ်သို့ လက်တစ်ချောင်းလာတင်ပြီး ပိတ်လိုက်၏။
“ငါကတိတည်မှာပါ။ ငါ့ကိုသာ ဧကရာဇ်ဆေးတစ်လုံး ယူလာနိုင်ပေးရင် ဒီနေ့ကိစ္စအတွက် ခွင့်လွှတ်ပေးရုံမကဘူး ဆုပါချဦးမယ်”
“ဘာဆုအကြောင်းပြောနေတာလဲ” စုရှောင်ရှန် သူ့နှုတ်ခမ်းပေါ်ရှိ ထိုလက်ချောင်းကို ကိုက်ပစ်ချင်စိတ်များ ပေါ်လာခဲ့၏။
“ဒီမှာနေစရာရှာနေတယ်လို့ နင်ပြောတယ်မလား။ ငါ့ကို ဆေးလုံးယူလာနိုင်ပေးရင် ဒီနေရာမကဘူး တောင်တစ်ခုလုံးကိုပါ ပေးမယ်။ ပြီးတော့ …”
ယောင်ယင်ယင် သူမ၏ အိပ်ယာထက်သို့ ဖိထားသော စုရှောင်ရှန်၏ လက်များအပေါ် အကြည့်လွှဲလိုက်ပြီး “ငါ့ပစ္စည်းတွေကိုယူကိုင်ရင်တောင် ဘာမှ မပြောဘူး။ အကုန်နော်…”
ဘာကြီး…။
စုရှောင်ရှန် သူမ၏ အကြည့်နောက်ကို လိုက်ပြီး သူ့လက်ကို မလိုက်ရာ မထင်မှတ်ထားစွာဖြင့် ပိုးချည်ဖြင့် ပြုလုပ်ထားသော အနီရောင်အ၀တ်စတစ်ခု ကပ်ပါလာခဲ့၏။
ထိုအ၀တ်စလေးက သေးငယ်သည်။ ချောမွေ့သည်။
စုရှောင်ရှန် လန့်ဖျပ်သွားပြီး ထိုအ၀တ်စကို လွှင့်ပစ်လိုက်၏။
“မလုပ်ပါနဲ့။ ဧကရာဇ်ဆေးလုံးကို တကယ် မပေးနိုင်လို့ပါ။ ပြီးတော့ နင့်ရဲ့ ပစ္စည်းတွေကိုလည်း မလိုချင်ပါဘူး” စုရှောင်ရှန် ပျက်သုဉ်းခြင်းကို ကြုံရတော့မည့်အလား မျက်လုံးများကို တင်းတင်းကြပ်ကြပ် ပိတ်လိုက်၏။
‘အဆင့်(၄) ဆေးလုံးတောင်းမယ့်အစား ငါ့ကို အခု သတ်လိုက်တာကမှ တော်ဦးမယ်… ငါ့စီမှာ ငါ့အသက်ကလွဲပြီး ဘာမှ မရှိရပါဘူး… ပြီးတော့အဖိုးကြီးစီမှာတောင် အဆင့်(၄) ဆေးလုံး ရှိသလား မသိရဘူး…”
သူမ၏ ပစ္စည်းကို ခပ်တန်တန် ပစ်လွှတ်လိုက်သည်ကို တွေ့ရာ ယောင်ယင်၏ အကြည့်များ အေးစက်သွား၏။ သို့သော် စုရှင်းရှင်းကို ပြန်မြင်ယောင်မိလိုက်သော် သူမ၏ သွေးဆောင်ဖျားယောင်းနေသော ပုံစံကို ပြန်ပြောင်းသွားပြီး သူ့မေးကို ကိုင်မော့လိုက်၏။
“ငါပေးတဲ့ ဆုကိုမကြိုက်လို့လား” ထိုညုတုတုအသံကို စုရှောင်ရှန် ထပ်ကြားလိုက်ရလေသည်။
စုရှောင်ရှန် မီးပူအိုးပေါ်မှ ပုရွက်ဆိတ်အလား ထိုင်မရ ထမရ ဖြစ်နေတော့၏။ ‘လန်ရှင်းရှီကို ယုံပြီး အစကတည်းက ငါ ဘာလို့ ဒီကိုလာခဲ့တာလဲဟ… ခုတော့ကွာ’
သေချာပြန်စဉ်းစားကြည့်တော့မှ နေရာတိုင်းမှာ လုပ်ကြံခံရမှာနဲ့ အတူတူ ဘာမှ မထူးပါဘူးဟု မှတ်ယူပြီး သူများချောက်တွန်းတိုင်း အတွန်းခံလိုက်ခြင်းက မည်မျှ တုံးအသည်ကိုသိလိုက်၏။
‘ခုဟာက လုပ်ကြံတာတောင်မဟုတ်တော့ဘူး ပေါ်တင်ကြီး အသတ်ခံရတော့မှာ’ သူတွေးတောလိုက်သည်။
အာခြောက်သလိုဖြစ်လာပြီး ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်လေသည်။
“မဟုတ်ပါဘူး ကြိုက်ပါတယ်”
“ကြားရတာ ၀မ်းသာပါတယ်”
ယောင်ယင်ယင် သူမကိုယ်ကို သူ့အပေါ်ဖိလိုက်ပြီး “ငါ့ကို ဆေးလုံးပေးမှာလား မပေးဘူးလား ပြော”
‘အင်း… အိပ်မက်ထဲမှာပေးမယ်’ စိတ်ထဲမှဆို၏။
“ငါ စုရှောင်ရှန် ဘယ်တော့မှ ဒီလို ခေါင်းပုံဖြတ်တာကို သဘောမတူဘူး… ငါနင့်ကို ချောင်းကြည့်တယ်မလား အသေးအမွှားလေးပါ မကျေနပ်ရင် ငါ့ရေချိုးနေတဲ့ အချိန် ပြန်လာချောင်းလိုက်ပေါ့”
သူ့အကြည့်များက ဒေါသတို့ဖြင့် ခက်ထန်နေသည်။ သို့သော် လေသံကိုတော့ မမာရဲပါချေ။
ယောင်ယင်ယင် စိတ်မရှည်ဖြစ်လာလေသည်။ ဒီကောင်လေး သူမ ဘာမှ မလုပ်ရဲဘူးဟု ထင်နေသည်လော။
‘ဘာမှ ပြန်မပေးဘဲ ထွက်သွားရအောင် နင့်ကိုယ်နင် စုရှင်းရှင်းလို့ ထင်နေတာလား’
…
ထိုအခိုက်အတန့်၌ အိမ်ရှေ့တံခါးပွင့်လာခဲ့ပြီး ကလေးမလေးတစ်ဦး၏ ရွှင်ပြပြ အသံကို ကြားလိုက်ရ၏။ “မမယောင် ကြာလှပြီကော… ရေချိုးနေတာ မပြီးသေးဘူးလား”
“အရ်”
ရုတ်တရက် အခန်လေးက အပ်ကျသံကြားရလောက်အောင် မယုံနိုင်စရာကောင်းလောက်အောင် တိတ်ဆိတ်သွား၏။
စုရှောင်ရှန်ရော ယောင်ယင်ယင်ရော လန့်ဖျပ်သွားကြသည်။ သူတို့ပြိုင်တူလှည့်ကြည့်လိုက်ရာ သူတို့ထက်ပင် ပို၍ တုန်လှုပ်နေသော အမူအရာဖြင့် စုရှင်းရှင်းကို တွေ့လိုက်ရ၏။
စုရှင်းရှင်း အခန်းအတွင်းသို့ ၀င်လာသောအခါ သဘက်တစ်ထည်သာစည်းထားသော သူမ၏ မမယောင်က အိပ်ယာထက်၌ တစ်စုံတစ်ယောက်အပေါ် ခွထိုင်ထားတာကိုတွေ့လိုက်ရလေသည်။
ထိုအခွခံနေရသည့်လူကလည်း မျက်နှာမမြင်ရတောင် ယောက်ျား တစ်ယောက်ဆိုတာ သူမ ကောင်းကောင်းကြီးပြောနိုင်လေသည်။
မမယောင်နှင့် ယောက်ျားတစ်ယောက်။ သဘက်တစ်ထည်နှင့် အိပ်ယာထက်၌…။
အားးးးး….။
ခေါင်းကိုလက်ဖြင့်ပိုက်၍ အဆုပ်ကွဲကြေမတက် သံကုန် စူးစူးရှရှ အော်ဟစ်လိုက်လေသည်။ သူမ၏ အသံက မည်မျှ စူးရှဆို ကောင်းကင်ယံရှိ တိမ်တိုက်များကိုတောင် ဖောက်ထွက်သွားတော့၏။
…
“ဘုရားရေ စုရှင်းရှင်း ဒီမှာဘာလာလုပ်နေတာလဲ” အိပ်ယာထက်မှ သူတို့နှစ်ဦးပြိုင်တူပြောလိုက်ကြသည်။
သူတို့နှစ်ဦး၏ အတွေးများမှာ ထပ်တူရနေသည့်အလား ထင်မှတ်မထားစွာ နောက်တစ်ခွန်းကိုလည်း တစ်ခုတည်း ပြိုင်တူပြောလိုက်ကြ၏။
“ညီမ ထင်နေသလိုမဟုတ်ဘူးနော်”
“ညီမ ထင်နေသလိုမဟုတ်ဘူးနော်”
ဟမျ…။
သူတို့နှစ်ဦးတစ်ဦးကိုတစ်ဦး မှင်တက်နေသော အမူအရာများဖြင့် ကြည့်လိုက်လေသည်။
“ငါပြောသလို လိုက်မပြောနဲ့”
“ငါပြောသလို လိုက်မပြောနဲ့”
ယောင်ယင်ယင် စွံ့အသွား၏။
စုရှောင်ရှန်လည်း အာစေးမိသွားသည်။
‘ချီး ခုတော့ ပိုပြီး အထင်လွဲဖို့ကောင်းနေပြီ ရှင်းလို့မရတော့ဘူး’ စိတ်ထဲမှ စုရှောင်ရှန် ဆိုသည်။
ယောင်ယင်ယင်၏ အသံကို စုရှင်းရှင်း ရင်းနှီးတာမှန်လေသည်။ သို့သော် အဘယ်ကြောင့် ထိုယောက်ျား၏ အသံက သူမ ခင်မင်သော နောက်တစ်ယောက်နှင့် ဆင်တူနေရပါသနည်း။
သူမ အသေအချာ ဆန်းစစ်ကြည့်လိုက်ရာ လန့်ဖျပ်သွားပြီး ကြမ်းခင်းပေါ် လဲကျသွား၏။
အ… အကိုရှောင်ရှန်ကြီးမလား။
အားးးးးးးး…။
သူမ၏ ခေါင်းကိုလက်ဖြင့်ထပ်ပိုက်၍ အော်လိုက်လေသည်။ သူမ၏ မျက်လုံးများက မယုံကြည်နိုင်မှုတို့ဖြင့် အထင်းသား။
‘ဘာလို့ အကိုရှောင်ရှန်နဲ့ မမယောင်တို့က တစ်ခန်းတည်း အတူဖြစ်နေကြတာလဲ… နေ့လယ်ကမှ အပြင်စည်းမှာ ငါတို့ လမ်းခွဲလိုက်ကြတာမဟုတ်ဘူးလား… မဟုတ်မှလွဲရော သူတို့… သူတို့ ဇာတ်လမ်းတွေရှိနေကြတာလား’
ဘယ်ကမှန်းမသိ တတ်လာသော အချို့အသိအမြင်များလည်းပါ၍ အတွေးပေါင်းသန်းနှင့်ချီ သူမ၏ ဦးနှောက်သေးသေးလေးထဲ ဖြတ်ပြေးသွား၏။ သူမ၏ မျက်၀န်းများမှ အတင်းအဖျင်းပြောလို့မှုတို့ဖြင့် လောက်မြိုက်လာလေသည်။
သူမက ငယ်သေးသော်လည်း လူကြီးကိစ္စများကိုသိလေသည်။ စုရှောင်ရှန်ကိုလည်း အကိုတစ်ယောက်လိုသာ သဘောထားပြီး ချစ်မြတ်နိုးသော ခံစားချက်များမရှိပါပေ။
ထိုအခိုက်အတန့်၌ လူတိုင်းထက် သူမ ယုံကြည်ရပါသော ထိုအကြီးနှင့်အမကြီးတို့က နောက်ကွယ်၌ အတူတကွ ပေါင်းဖက်နေထိုင်နေကြ၏။
ဒါ…။
သူမ၏ မျက်နှာအမူရာက တွန့်သွားပြီး ရှုပ်ထွေးသွားတော့သည်။ သူမကို မယုံကြည်သည့်အတွက် ဆုံးရှုံနေသလိုခံစားချက်၊ မမျှော်လင့်ဘဲ တွေ့ရှိလ်ိုက်ရသော နောက်ကွယ်မှ ဇာတ်လမ်းကို ပိုသိလိုသည့်ခံစားချက်တို့ဖြင့် နေမထိထိုင်မသာ ခံစားနေရတော့သည်။
ပါးစပ်ကလေးကို အုပ်ထားရင်းမှ တစ်စုံတစ်ခုကို ပြောရန်ပြင်လိုက်သော်လည်း မည်သည်မှ ထွက်မလာပါချေ။
“ငါ့ပေါ်ကဆင်း ကလေးကို မဟုတ်တာတွေ မပြနဲ့”
စုရှောင်ရှန်၏ အမူအရာလည်း အလွန်အမင်း ရှုပ်ထွေးနေသည်။ သို့ဖြင့် အမြဲ လုပ်နေကျဖြစ်သည့်အလား ယောင်ယင်ယင်၏ ပေါင်တံကြီးကို ဖျတ်ကတည်း ရိုက်လိုက်၏။
ထိုရိုက်ချက်က လော်စပီကာတပ်ထားသည့်အလား ကြည်လင်ကျယ်လောင် လှသည်။
ယောင်ယင်ယင်၏ ပေါင်တံမှ ပျော့ပြောင်းမှုကို ခံစားမိသော် စုရှောင်ရှန် ကြက်သေသေသွားတော့၏။
‘လခွမ်း… ငါဘာလုပ်လိုက်မိပြီလဲဟ’ စိတ်ထဲမှ နေ၍ အသဲကွဲကြေမတတ်အော်လိုက်လေသည်။
ယောင်ယင်ယင် သူမ၏ ပေါင်ပေါ်မှ အနီရောင်လက်ဝါးရာကြီးကို မှင်တက်စွာ စိုက်ကြည့်နေ၏။ ‘ငါ့ကိုရိုက်ရဲတယ်… ငါ့ကိုချောင်းလည်းကြည့်ပြီးတော့ ခုတော့ ရိုက်ပါရိုက်တယ်’ ဟုလည်း တတွတ်တွတ် စိတ်ထဲမှ ဆိုနေတော့သည်။
ယောင်ယင်ယင် ရှက်လည်းရှက် ဒေါသလည်းထွက်နှင့် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းများ ပျောက်သွားတော့မလို ခံစားနေရ၏။ သွေးနားထင်တက်သွားပြီး ချက်ခြင်း ရှေ့ကို လက်ဖြင့် ရိုက်လိုက်တော့သည်။
ထိုရိုက်ချက်သာ ထိပါက စုရှောင်ရှန့်ခေါင်းကို ဖရဲသီးတစ်လုံးအလား ကွဲကြေသွားစေပေလိမ့်မည်။
စုရှောင်ရှန်း ဒီတိုင်းမနေ နေရဲပါချေ။ ယောင်ယင်ယင် မှင်တက်နေသည့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး အိပ်ယာကို ရိုက်ကာ ကြော့ကွင်းဖြင့် သူမ၏ ခြေထောက်များအောက်မှ ရုန်းထွက်လိုက်သည်။
“ရှင်းရှင်း ကယ်ဦး… ညီမရဲ့ သူငယ်ချင်းက အကို့ကိုသတ်တော့မယ်”