အပိုင်း (၁၀၆) ရွက်သစ်ဝေခြင်း
သူမ၏ ခြံအတွင်းသို့ ၀င်လိုက်သည်နှင့် လန်ရှင်းရှီ၏ မျက်နှာထက်၌ အပြုံးပန်းတစ်ခု ပေါ်လာလေတော့သည်။
“သခင်ကျန်း ကျွန်မ ဘယ်သူနဲ့ တွေ့ခဲ့တယ်ထင်လဲ ခန့်မှန်းကြည့်”
“… ဘယ်သူနဲ့တွေ့ခဲ့တာလဲ” ကျန်းရှင်းရှုံမှာ ပြန်စရာနေရာမရှိတော့ကာ လန်ရှင်းရှီ၏ ဧည့်ဆောင်၌သာ ယာယီတည်းခို နေလေသည်။
“စု ရှောင် ရှန် တဲ့ရှင်” လန်ရှင်းရှီ နာမည် တစ်လုံးချင်းစီကို သေချာရွတ်ဖတ်ပြလိုက်လေသည်။
“ဘယ်လိုလုပ် စုရှောင်ရှန်လဲ… အတွင်းစည်းကို သူဘာလာလုပ်တာလဲ” ကျန်းရှင်းရှုံ အံ့အားသင့်သွား၏။
အပြင်စည်းမှ အတွင်းစည်းသို့ ခိုး၀င်ပါက လက်ပူးလက်ကြပ်မိလျှင် ကွပ်မျက်ခြင်း ကွင်းပြင်သို့ အပို့ခံရလေသည်။ ထို သူခိုးဖမ်းသည့်သူက အတွင်းစည်း ထိပ်သီး (၃၃) ယောက်ဖြစ်ပါက ကြီးကြပ်သူကိုယ်စားပြုကာ နေရာတွင်ပင် သစ်ပစ်နိုင်တဲ့ အာဏာရှိပေသည်။
စုရှောင်ရှန်ကို သတ်နိုင်စည့် နည်းလမ်းများစွာ ချက်ခြင်း သူ့ခေါင်းထဲ၀င်လာတော့သည်။ သို့သော် ဟဲယွဲ့ရှင်း၏ အဖြစ်ကို ပြန်မြင်ယောင်လိုက်ရာ ထိုအတွေးများကို ဖိနှိပ်လိုက်၏။
“နင်သူ့ကို သတ်လိုက်ပြီလား” ကျန်းရှင်းရှုံ ထရပ်ပြီး မေးသည်။
လန်းရှင်းရှီက ဟဲယွဲ့ရှင်း၏ အဆုံးသတ်ကို လစ်လျူရှူရလောက်အောင် မိုက်ရူးရဲဆန်မည်ဟုတော့ သူမထင်ပေ။ သို့သော် ဖြစ်နိုင်ခြေကို ထုတ်ပယ်၍ မရပါလား။
“မလုပ်ပါဘူး… ဒါနဲ့ နင်က ဘာလို့ အဲ့ဒီကောင်လေး ရှေ့က ကာဆီးကာဆီးလုပ်ပေးနေတာတုန်း။ သူနင့်ကို ဘာလုပ်လိုက်လို့တုန်း… ဒါမှ မဟုတ်… သူက ငါ့ထက်ပို ဆွဲမက်ဖွယ်ရာကောင်းနေလို့လား”
ကျန်းရှင်းရှုံ စွံ့အသွား၏။
‘ငါကပဲ သူ့ကို ကာကွယ်ရတယ်ရှိသေးတယ်။ ငါ့အကြံအစည်တွေ လာရှုပ်မှာကို ထိုင်မရ ထမရ ကြောက်နေရတာ’
လန်ရှင်းရှီသေရည်ခွက်ကို ကောက်ကိုင်လိုက်သည်။ သို့သော် သေရည်အိုးကိုမတွေ့ရကာ ခွက်ကို ခါးသက်သက် ပြန်ချလိုက်၏။
“ဒါပေမယ့်… အဲ့ဒီကောင်လေးက ရှောင်ချိစွေနဲ့ တကယ် ရင်းနှီးသလိုပဲရော။ သူက အပြင်စည်းဂိုဏ်းသားပဲ ဒါပေမယ့် အတွင်းစည်းကိုတောင် ၀င်နိုင်နေပြီ။ ဒီ ထိပ်ခေါင်အကြီးအကဲက… အာဏာကို အလွဲသုံးစားလုပ်နေတာပဲ” လန်ရှင်းရှီ ကျွတ်သပ်လိုက်သည်။
ကျန်ရှင်းရှုံ စားပွဲကို လက်ဖြင့် အသာအယာတောက်ရင်း “ငါစုံစမ်းပြီးပြီး။ ဒီစုရှောင်ရှန်က ရှောင်ချိစွေနဲ့ ဘာမှ မပတ်သက်ဘူး။ ဒါပေမယ့် သူက စုရှင်းရှင်းနဲ့တော့ အတော်ရင်းနှီးတယ်။ စုရှင်းရှင်းရဲ့ အကူအညီရနေတာလည်း ဖြစ်နိုင်တယ်… ဒါပေမယ့် စုရှင်းရှင်းရဲ့ လွှမ်းမိုးမှု အတော်ကောင်းတယ်ဆိုပေမယ့် စိတ်ဝိညာဉ်နန်းတော်ရဲ့ စည်းမျဉ်းတွေကို ပြောင်းဖို့လောက်တော့ တတ်နိုင်မှာ မဟုတ်ဘူး… ဒါဆိုဘယ်သူဖြစ်နိုင်မလဲ”
“အကြီးအကဲစန်းလား”
ကျန်းရှင်းရှုံ သူ့ တွေးခေါ်ပုံကြောင့် သူကိုယ်တိုင်ပင် အံ့အားသင့်သွားရသည်။ စုရှောင်ရှန်ကို အဲ့ဒီညက ထိုလူမှုရေးနားမလည်တဲ့ အဖိုးကြီးက ၀င်ကယ်တာကိုက အတော် သဘောကောင်းနေလေပြီ။ အဘယ်ကြောင့် သူတို့ နှစ်ဦး ပတ်သက်ပါသည်ဟု တွေးထင်မိမှန်းမသိ။ အပူများသျှပ်နေခြင်းကြောင့်လော။
အခြားတစ်ဘက်မှ လန်ရှင်းရှီကတော့ ကျန်းရှင်းရှုံ စဉ်းစားသကဲ့သို့ တစ်လိုင်းတည်းမှာ ရှိမနေပါပေ။ သူမ၏ လက်ချောင်းကလေးများကို ဆော့နေရင်း ဆိုလိုက်သည်။ “အတွင်းစည်း၀င်လာတာကိုထားလိုက်ပါတော့ စုရှောင်ရှန်က အနောက်ဘက်က တောင်ကို သွားနေပြီပဲ။ သူဘာတွေတွေးနေတာလဲမသိဘူး…”
ကျန်းရှင်းရှုံ ပဟေဠိဖြစ်သွားပြီး သူမကို ဖြေးဖြေးချင်း မျက်နှာချင်းဆိုင်ကြည့်လိုက်လေသည်။ “ဘယ်ကိုသွားလိုက်တာ”
“အနောက်ဘက် တောင်”
လန်ရှင်းရှီ တစ်စုံတစ်ခုကို သတိရသွားသည့်အလား အံ့အားသင့်သကဲ့သို့ ပါးစပ်ကလေးကို အသာဟလိုက်ပြီး “ဘုရားရေ အနောက်ဘက်က တောင်က ယောင်ယင်ယင်ရဲ့ နယ်မြေမဟုတ်လား။ နင်အမြဲသွားချင်ပေမယ့် ၀င်ခွင့်မရတဲ့နေရာလေ။ တိုက်ဆိုင်လိုက်တာနော်”
ကျန်းရှင်းရှုံ၏ မျက်၀န်များ ဒေါသအမျက် ချောင်းချောင်းထသွားပြီး “နင်သူ့ကို တမင် ပို့လိုက်တာမလား”
“သူ့ကို သနားလို့ အကြံလေးပေးလိုက်တာပါနော်” လန်ရှင်းရှီ ချိုချိုသာသာ ပြုံးလိုက်လေသည်။
“အဲ့ဒီကောင်လေး ယောင်ယင်ယင်ရဲ့ တောင်ထဲကို ကျုးကျော်ရဲတယ်။ ယောင်ယင်ယင် သူ့ကို အရှင်ထားမှာမဟုတ်ဘူး။ ဓားငှားပြီးသတ်တော့ ငါတို့ဘာမှ လုပ်စရာမလိုတော့ဘူးပေါ့။ မကောင်းဘူးလား… အခြေအနေတွေက ထင်ထားသလိုမဖြစ်လာဘဲ အနောက်ဘက်က တောင်မှာ နေနိုင်လောက်အောင် သူက လွှမ်းမိုးမှုရှိတယ်ထား။ အချိန်ကြာလာတာနဲ့ ယောင်ယင်ယင်နဲ့ နှစ်ကိုယ်တူ မေတ္တာမျှသွားကြမှာပဲ။ ဒါက တစ်ချို့ တစ်ချို့သောသူတွေကို အိပ်မက်ထဲကနေ နိုးထစေလိမ့်မယ်လေ။ မကောင်းဘူးလား”
လန်ရှင်းရှီ လျှာထုတ်ပြလိုက်လေသည်။ သူမ၏ မျက်လုံးများ ကြယ်များဖြင့် လင်းလက်တောက်ပနေ၏။ “အဲ့ဒီကောင်လေးကလည်း အရပ်ရှည်ပြီး ချောမောခန့်ညားတယ်။ ကြည့်ပျော်ရှူပျော်နဲ့ ကြိုက်လောက်ချင်စရာရှိပါတယ်…”
ဘန်းး…။
ကျန်းရှင်းရှုံစားပွဲကို ရိုက်ချလိုက်ရာ ကွဲသွားပြီး သစ်သားအကျိုးစများ လေထဲသို့ လွင့်ပျံသွားတော့သည်။
“မင်းငါ့ ဒေါသကို စွပေးနေတာပဲ”
လန်ရှင်းရှီက အနိုင်မခံ အရှုံးမပေး မာန်ပြန်မဲလိုက်သည်။ “ဒါက ငါ့ရဲ့ စားပွဲပါ။ နင့်ကို ဘယ်သူက ချိုးခွင့်ပေးလို့လဲ”
“မင်း…”
“ဘာမင်းလဲ။ ဒါငါ့ရဲ့ အိမ်နော် မနေချင်ရင် ထွက်သွားလို့ရတယ်” လန်ရှင်းရှီ ကျယ်ကျယ်လောင်လောင် ဆက်လက်၍ ချေပလိုက်သည်။ ဤသို့ပြောပြီးနောက် ခံစားလို့ကောင်းသွား၏။
“ငါ…”
၎င်းက သူ့အိမ်မဟုတ်ရာ ကျန်းရှင်းရှုံ တိတ်ဆိတ်နေရုံမှ တစ်ပါး ရွေးချယ်စရာ မရှိပါပေ။ လန်ရှင်းရှီနှင့်လည်း မငြင်းခုန်လိုတော့ချေ။
သူ့ကိုယ်ကို ပြန်ပြင်လိုက်ပြီး ကုလကားထိုင်ပေါ်ပြန်ထိုင်လိုက်တော့သည်။ သေရည်ခွက်ကို ကိုင်လိုက်ရာ…
‘ဟ ဒီနေရာမှာ သေရည်အိုးတောင် မရှိလောက်အောင် မွဲနေပါလား’ ကျိန်ဆဲလိုက်သည်။
သေရည်ခွက်အားပြန်ချကာ ဖြေးဖြေးချင်း ဆိုလိုက်၏။ “ငါတို့ကျန်းမျိုးနွယ်စုထဲ၀င်ခိုလှုံချင်တဲ့ ဟိုယွမ်တုရော အတွင်းစည်းထိပ်သီး(၃၃) ဦးထဲ ၀င်သွားပြီလား”
ကျန်းရှင်းရှုံက စကားလမ်းကြောင်းပြောင်းလိုက်ရာ လန်ရှင်းရှီ တစ်ခဏခန့်ရပ်တန့်သွားပြီးနောက် ခေါင်းညိတ်လိုက်၏။ “၀င်သွားပြီလေ ဘာဖြစ်လို့လဲ”
“စုရှောင်ရှန် အတွင်းစည်းထဲကို ၀င်လာတယ်။ အဲ့မှာ အတွင်းစည်းထိပ်သီး (၃၃) ဦးထဲက လူသစ် ယွမ်တုက တွေ့သွားပြီး တာ၀န်အရ သတ်ပစ်လိုက်တယ်”
လန်ရှင်းရှီ မျက်ခုံးပင့်လိုက်သည်။ ၎င်းက ရက်စက်သော လှည့်ကွက်တစ်ခုဖြစ်ချေသည်။ ကြည့်ရတာ ကျန်းရှင်းရှုံက စုရှောင်ရှန်နှင့် ယောင်ယင်ယင် တို့ကို ပေါင်းဖက်ခွင့်ပြုမည့်ဟန်မရပေ။
သို့တောင် စုရှောင်ရှန် အနောက်ဘက်တောင်မှ အသက်ရှင်လျှက် ထွက်လာနိုင်မည့် ကိစ္စတောင် မသေချာသေးပါပေ။ ဒီလူက အဲ့ဒီ အပျက်မ ယောင်ယင်ယင် ပါတိုင်း လုံးလုံးကို အခြားသူတစ်ယောက်ပြောင်းသွားလေသည်။
ကိုယ်ကျိုးကိုယ်သာ ခါတိုင်းလို ကြည့်နေတော့၏။
သို့သော်…။
ဒီတစ်ခေါက် အနိုင်ရရှိသူက သူမ လန်ရှင်းရှီ ဖြစ်၏။
လန်ရှင်းရှီ၏ ရွှေသမင်မျက်လုံးလေးများက အထင်အမြင်သေးမှုတို့ဖြင့် ပြည့်နေပြီး “နင်ပဲပြောတော့ စုရှောင်ရှန်ကို စိတ်ဝိညာဉ်နန်းတော် အပြင်ဘက်မထွက်မချင်း ဆံပင်လေးတောင် မထိပါနဲ့ဆို”
“သူက သေချင်နေတာလေ။ ငါက ကုသိုလ်လုပ်ပြီး ဖြည့်စည်းပေးနေတာ”
“ယွမ်တုက ဘယ်လိုများ ဒီကိစ္စကို လက်ခံမယ်ထင်လို့လဲ။ ခုမှသူက အတွင်းစည်း ထိပ်သီး (၃၃) ဦးထဲ၀င်လာတာနော် သူ့မှာ ဒီထက်မက တောက်ပတဲ့အနာဂါတ်ရှိသေးတယ်”
ကျန်းရှင်းရှုံရယ်လိုက်ပြီး “သူ့လိုကောင်တွေက အရိုးမျှော်နေတဲ့ ခွေးတွေလိုပဲ။ သူမလုပ်ချင်လည်းနေပေါ့။ သူ့နေရာကို ပျော်ပျော်ကြီး အစားထိုးမယ့်သူတွေက တစ်ပုံကြီးပဲ…”
“သူ့ကိုပြောလိုက်။ စုရှောင်ရှန်ရဲ့ ခေါင်းကို သစ္စာရှိကြောင်းပြတဲ့အနေနဲ့ မနက်ဖြန် ယူလာပေးနိုင်ရင် သူ့ကို ကျန်းမျိုးနွယ်စုထဲ ၀င်ခွင့်ပေးမယ်လို့… သတ်ပြီးသွားရင်လည်း မကြောက်နဲ့လို့ သုံးလလောက် တောင့်ခံနိုင်ရင် ငါကယ်ပေးလို့ရတယ်လို့… မဟုတ်ရင် သူ့နေရာကို ၀င်မယ့် သူတွေအများကြီးရှိတယ်လို့ ပြောလိုက်”
ဤလူအား ဤသို့ ရူးသွပ်အောင်လုပ်နိုင်တာ ယောင်ယင်ယင်မှ တစ်ပါးမရှိပါပေ။ ကျန်းရှင်းရှုံကို ပူဇော်နေသည့်အလား သူမ၏ လက်များကို မျက်နှာထက်၌ ချီမြှောက်လိုက်၏။
“သခင်ကျန်း ရှင်က တန်ခိုးကြီးပါပေတယ်”
“တော်စမ်း”
…
အားချုးးး
စုရှောင်ရှန် သူ့ကိုယ်သူ သိုင်းဖက်လိုက်၏။ ဘယ်လိုလုပ်ချမ်းလာရတာတုန်း။
ညအချိန်သို့ရောက်၍ အပူချိန်က ကျသွားသည်ဆိုသော်လည်း ညလေညှင်းကလေးက သူ့စစ်မှန်ခြင်းနယ်ပယ်ကို မထိုးဖောက်နိုင်ပါပေ။ လန်ရှင်းရှီ နောက်ကွယ်မှ ကျောကို ဓားဖြင့် ထိုးဖို့ ကြံနေခြင်းသာဖြစ်ရမည်။
သို့သော် ယခုသူ့နောက်၌ အကြီးအကဲစန်း ကျောထောက်နောက်ခံရှိသည်ဖြစ်ရာ ဤလူများ စိတ်လိုက်မာန်ပါ လုပ်ရဲလောက်မည်မဟုတ်ပါ။ တစ်ခုခု မကောင်းတာကြံနေတယ်ဆိုရင်လည်း ယမန်နေ့ကမှ သူ့ကို လုပ်ကြံထားသည်ဖြစ်ရာ ဒီနေ့ညတော့ သူဘေးကင်းလောက်ပေသည်။
“ညမနက်ခင် နေဖို့ အိမ် အမြန်ရှာမှပဲ… နောက်သုံးရက်နေလို့ ထျန်းရွှမ်တံခါးထဲကို ၀င်ပြီးသွားရင် ဘယ်သူ့ကိုမှ ကြောက်နေစရာမလိုတော့ဘူး… စုရှောင်ရှန် တောင့်ထားကွ”
…
လန်ရှင်းရှီ သူ့ကို မညာပါပေ။ ထိုလမ်းကလေးအတိုင်း ချို့ကွေး၍ ဆင်းလာပြီးသည့်နောက် သုခဘုံလေးကို တွေ့လိုက်ရ၏။
တောင်၏ နံဘေး၌ စမ်းချောင်းကလေးရှိနေရာ အဝေးမှ ရေတံခွန်ကျသံကိုပင် ခပ်ရေးရေးလေးကြားနေရလေသည်။
ဤနေရာတွင် ခြံ၀င်းများစွာရှိပြီး ဦးထားသည့်သူလည်း မည်သူမျှမရှိပါချေ။
“ငါလှည့်စားခံလိုက်ရတာများလား…”
စုရှောင်ရှန် ကျောမလုံသလိုခံစားနေရ၏။ သို့သော် သူဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက် လုပ်ကြံခြင်းကိုခံရမည်ဖြစ်သည် ဟုတွေးလိုက်ရာ တင်းမာနေမှုကြီး လျော့ကျသွားခဲ့၏။
“ဒီတစ်ခုမကောင်းဘူး… ဒီတစ်ခုလည်း မကြိုက်ဘူး…”
စုရှောင်ရှန် ခြံ၀င်းများကိုလိုက်လံကြည့်ရှူပြီး ခေါင်းရမ်းလိုက်သည်။ သာမန်ဆို ပို၍ နက်လေလေ ပို၍ စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းလေလေဖြစ်သည်။ ဒီတိုင်းရပ်နေရင်းဖြင့်တောင် သူ့ကျင့်ကြံခြင်းနယ်ပယ်မြင့်လာတာကို ခံစားလိုက်ရ၏။ အနောက်ဘက်တောင်၏ အနက်ရှိုင်းဆုံးထိရောက်လာသောအခါ မိုးချိမ်းသံအလား ရေတံခွန်မှ ရေဆင်းကျနေတာကို ကြားလိုက်ရလေသည်။
ရေတံခွန်ဘေး၌ ခမ်းနားသော ခြံကလေးတစ်လုံးရှိ၏။ ထိုခြံလေးက အပြင်စည်းရှိ သူ့ခြံ၏ (၃) ဆ စာလောက်ပိုကြီးသည်။ အကာအကွယ်အစီအရင်ကလည်း ပို၍ အဆင့်မြင့်ကာ အတွင်းပိုင်းရှိ အဆောက်အဦးများကိုပင် မမြင်နိုင်အောင် ဖုန်းကွယ်ထားလေသည်။
စုရှောင်ရှန် အကြီးအကဲစန်း၏ တံဆိပ်ပြားဖြင့် သစ်တားတံခါးစီလာကာ အစီအရင်ပေါ်တင်လိုက်လေသည်။ တံခါးကြီး ကျွီ ကတည်းမြည်ပြီး ပွင့်သွား၏။
အထဲသို့ ၀င်လိုက်ရာ လရောင်က တစ်ခြံလုံးကို လင်းထိန်နေတာကို တွေ့လိုက်ရလေသည်။ စုရှောင်ရှန် ချက်ခြင်း တက်ကြွသွား၏။
ယမန်နေ့ညက အန္တရာယ်များဖြင့် နင်လားငါလား တိုက်ခိုက်ခဲ့ရပြီး ဒီနေတော့ အတွင်းစည်းမှ ခြံတံခါးကို ဖွင့်နိုင်လိုက်လေသည်။ ခြေလှမ်းအကျယ်ကြီးလှမ်းလိုက်ခြင်းဖြစ်ပေတော့သည်။
“အောက်ခြေမလွတ်နဲ့… ဒါက ငါစုရှောင်ရှန်ရဲ့ ရွက်ဟောင်းကြွေလို့ ရွက်သစ်တဖန်ဝေပြီး တက်လှမ်းရမယ့် အောင်မြင်မှုအတွက် ခြေလှမ်း အသေးလေးတစ်ခုပဲ”