အခန်း (၉)
ခုငါမောက်မာတယ်ထင်လား။
“တော်တော်မိုက်တဲ့ ကောင်မလေးပဲ”
မိန်းမပျိုလေးသည် ပန်းရောင် ဝတ်စုံ ဝတ်ထားပြီး သူမ၏ လှပပြည့်စုံသော ခန္ဓာကိုယ်မှာ အထူးပေါ်လွင် နေသည်။ အနက်ရောင် ဒေါက်ဖိနပ်၊ စကပ်အဖြူကြောင့် သူမ၏ ရှည်လျား ဖြောင့်တန်းသော ပေါင်တံမှာ အလွန် ကြည့်ကောင်း နေသည်။
ရဲချန်ဖန် အလှပဂေး တော်တော်များများကို မြင်ဖူးသော်လည်း သူရှေ့တွင် ရှိနေသော မိန်းကလေးသည် စတိုင် အမူအရာ၊ ပြောဆိုသည့် ဟန်ပန်အားလုံးသည် ပြီးပြည့်စုံ နေသည်။ သူမြင်ဘူးသမျှထဲတွင် သူ၏ဇနီးလောင်း ဇီကျင်မြို့တော် အလှဆုံး မိန်းမပျို ဂျီချင်းရွှယ် တစ်ယောက်သာ ယှဉ်နိုင်သည်။
သို့သော်သူ ဂျီချင်းရွှယ် တစ်ယောက် အကြောင်း စဉ်စားမိသောအခါ စိတ်ပျက် လက်ပျက် ရယ်လိုက်မိသည်။
“ရှီအာ မင်းရူးသွားပြီလား။ ဒီတောသားက လူလိမ်ပဲ။ သူကို ယုံလို့မရဘူး”
လျန်ဆန်အွန်က မယုံနိုင်သည့်ဟန်ဖြင့် ပြောလိုက်သည်။
“ဆရာနာမည် ဘယ်လို ခေါ်ပါသလဲ။ ဆရာပြောတာ ကြားမိတာက ကျွန်မ အဘိုးကို ကုသပေးနိုင်တယ် ဆိုတာ တကယ်လား”
တကယ်တော့ ပိုင်ရှီအာသည် ရဲချန်ဖန် တွင် သူမတူအောင် ထူးချွန်သော ဆေးပညာ တက်မြောက် ထားသည်ကို မယုံပေ။ သို့သော် မျှော်လင့်ချက် အနည်းငယ် ရှိနေသမျှ သူမ လက်မလျှော့နိုင်ချေ။ ထို့ကြောင့် သူမ ပြေးလိုက်လာခြင်း ဖြစ်သည်။
“ငါ့နာမည်က ချန်ပဲ။ ငါ့ဆေးစွမ်းကို ငါမယုံရင် ဒီကိုလာမလား”
“တကယ်… ဆရာ တကယ် ကုနိုင်တယ်ပေါ့”
ရဲချန်ဖန်၏ပုံစံမှာ သိပ်မူမမှန်သော်လည်း သူမ ဂရုမစိုက်ဘဲ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
သူမ စိတ်လှုပ်ရှား နေခြင်းမှာ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း တော်ဝင် သမားတော် အပါအဝင် သမားတော်ပေါင်း များစွာနှင့် ပြသခဲ့သော်လည်း သူမ အဘိုးရောဂါမှာ အလွန်ထူးခြား နေသဖြင့် မကုသနိုင်ဘဲ အားလုံး လက်လျော့၍ ပြန်သွားခဲ့ရသည်။
“ဒီကောင်သာ ငါ့မျက်စိရှေ့ မရှိနေရင် သက်သာဖို့ ခြောက်ဆယ် ရာခိုင်နှုန်း သေချာတယ်။ အေး ဒီကောင် ရှိနေရင်တော့ နှစ်ဆယ်ရာခိုင်နှုန်း လောက်ပဲရှိတယ်”
သူ့ကို ရန်လိုစွာ ကြည့်နေသော လျန်ဆန်အွန် ကို အဓိပ္ပါယ်ပါပါ ကြည့်ပြီး ပြောလိုက်သည်။
“ခင်ဗျား…”
ရဲချန်ဖန် ပြောတာကြားပြီး အနီးတွင် ရှိနေသော စစ်သားများသည် မျက်နှာများ မဲမှောင်ကာ အလွန်ဒေါသ ထွက်သွားသည်။
“ခင်ဗျား သခင်ကြီးရဲ့ ရောဂါတောင် မစစ်ဆေးရသေးဘဲနဲ့ ကုနိုင်တယ်လို့ ဘာလို့ လေကြီး နေရတာလဲ”အိမ်တော်ထိန်းက သံသယနဲ့ မေးလိုက်သည်။
ရဲချန်ဖန် တော်ဝင် သမားတော်ထက်ပင် အစွမ်းထက်မည်ကို သူမယုံပေ။ သူ ပိုပိုပြီး သံသယဝင်လာကာ ခပ်မြန်မြန် မောင်းထုတ် ချင်နေသည်။
“ငါကိုငါ ယုံလို့ပဲ။ ခုလပိုင်းတွင်း မင်း ကျင့်ကြံတိုင်း ခေါင်းကိုက်လာပြီး ဆက်မလေ့ကျင့် နိုင်ဘူးမလား”
“အဲဒါ… အဲဒါ… ခင်ဗျား ဘယ်လို သိတာလဲ”
အိန်တော်ထိန်း အရမ်းအံ့ဩပြီး ကြောက်လန့် သွားသည်။
သူ လေ့ကျင့်တိုင်း ခေါင်းကိုက်၍ လေ့ကျင့်ခြင်း မပြုနိုင်တာ သူ ဘယ်သူကိုမှ ဖွင့်ပြောခဲ့ခြင်း မရှိပေ။ ရဲချန်ဖန် မျက်လုံးနှင့်ပင် ကြည့်ပြီး ပြောနိုင်ရာ ရဲချန်ဖန် အစွမ်းထက်သည်ကို ပြသနေပေသည်။
“မင်းမျက်ခုံးကြားမှာ ယင်ချီတွေ တော်တော် များများ စုနေတယ်။ သွေးကြောတွေ ထိခိုက်ပြီး မင်းနာကျင်နေတာ ယင်ချီ အရမ်းများ နေလို့ပဲ။ ပထမ အဆင့်မှာ ခေါင်းကိုက်၊ ရင်ဘတ် အောင့်မယ်။ နောက်ပိုင်း ခန္ဓာကိုယ် တစ်ခုလုံး နာကျင်မယ်။ မင်း အမြန်ဆုံး မကုရင် ယင်ချီတွေ ချင်ဆီထဲ ရောက်ပြီး မင်း လအနည်းငယ်အတွင်း သေလိမ့်မယ်”
ရဲချန်ဖန် သည် သူ့တွင် ကုသရေး အတွေ့အကြုံ မရှိသော်လည်း အစွမ်းထက် လွန်းသည့် ဆေးပညာ ရှိနေသည်။ ဆေးစွမ်းထက်လွန်းသည့် သမားတော်ကြီး၏ ကုသရေး မှတ်ဉာဏ်များနှင့် ပေါင်းစပ်ထားသူဖြစ်ရာ အိမ်တော်ထိန်းကို ကြည့်လိုက်ရုံဖြင့် ဘာဖြစ်နေသည်ကို ပြောနိုင်ခြင်း ဖြစ်သည်။
“ဆရာ လေးယင်ချီကို ဘယ်လို ကုသရမလဲ သိလား”
သူ့အတွင်းဒဏ်ရာကို မစစ်ဆေးဘဲ ပြောနိုင်ရာ ရဲချန်ဖန် ကို ယုံကြည် လာသည်။ သူ့မျက်နှာ အမူအရာ ချက်ချင်း ပြောင်းသွားပြီး ရိုသေစွာ မေးလိုက်သည်။
“ဆရာလေး ကျွန်တော် တောင်းပန်ပါတယ်။ အမှောင်ဖုံးပြီး မိုက်မိပါတယ်။ ဆရာလေး စိတ်ထဲ မထားဘဲ ခွင့်လွှတ်ပေးပါ”
သူ ရဲချန်ဖန်ကို စိတ်ဆိုးအောင် လုပ်မိသည်ကို နောင်တ ရသွားသည်။
“မင်းကို ကုသဖို့ အရေးကြီးလား။ သခင်ကြီးကို ကုဖို့ အရေးကြီးလား။ မင်း ဘယ်လိုထင်လဲ”
ရဲချန်ဖန် အိမ်တော်ထိန်း၏မောက်မာသည့် အမူအရာကို ရွံရှာပြီး အဓိပ္ပါယ်ပါပါ မေးလိုက်သည်။
“ဟုတ်တာပေါ့ သခင်ကြီးက အရေကြီးတယ်။ ဆရာလေး အထဲကြွပါ”
အိမ်တော်ထိန်းက ရဲချန်ဖန်ကို နည်းနည်းလေးမှ မလေးမစား မလုပ်ရဲတော့ပေ။ သူ မျက်နှာ ညိုမဲကာ ရန်လိုသည့် လျန်ဆန်အွန်ကို လျစ်လျှူရှု လိုက်သည်။
“ဒီကောင်က ဘာလို့ လိုက်လာတာလဲ။ မင်းတို့ မိသားစုဝင်လား”
“ဆရာလေး ကျေးဇူးပြုပြီး စိတ်မတိုပါနဲ့။ သူကို သွားခိုင်း လိုက်ပါမယ်”
ပိုင်ရှီအာသည် ရဲချန်ဖန် အစွမ်းမြင်ပြီး လုံးဝ ယုံကြည်သွားသည်။
“ငါ့အဘိုး ဒဏ်ရာက နင့်ကိစ္စ မဟုတ်ဘူး။ နင် ပြန်တော့”
“ရှီအာ သူ့ကို တကယ် ယုံနေတာလား။ သူက လူလိမ်”
သူ နှင်ထုတ်ခံရပါက အရှက်လုံးလုံး ကွဲတော့မည်။ လျန်ဆန်အွန် ဒေါသတကြီး ပြောလိုက်သည်။
“လျန်ဆန်အွန် ဒါက ပိုင်ကလန် ရဲတိုက်။ နင့်အိမ် မဟုတ်ဘူး။ ဆက်ပြီး ပေတေနေမယ်ဆို အတင်းမောင်းထုတ် ရလိမ့်မယ်”
လျန်ဆန်အွန် ပြောတာကြားပြီး ပိုင်ရှီအာက ရဲချန်ဖန် ဒေါသထွက်၍ ပြန်သွားမည် စိုးသည်။ ထို့ကြောင့် ခပ်ရင့်ရင့်ပင် ပြောလိုက်သည်။
သူမ အဘိုးကို ရဲချန်ဖန် တကယ် ကုသနိုင်မလား ဆိုတာကို သူမလည်း မသေချာပေ။ အကယ်၍ ရဲချန်ဖန် ပြန်သွားပါက နောက်ဆုံး မျှော်လင့်ချက်ပါ ပျောက်ကွယ် သွားပေမည်။
“အေး ငါသွားမယ်။ မင်းနောက်မှ နောင်တ မရနဲ့”ရဲချန်ဖန်ကို စိုက်ကြည့်ကာ လျန်ဆန်အွန် ပြောပြီး ထွက်သွားသည်။
“ဆရာလေး စိတ်မဆိုးပါနဲ့။ အဘိုးကို ကုသပေးတာနဲ့ကိုပဲ ပိုင်ကလန်က ကျေးဇူးတင် နေမှာပါ”
ပိုင်ရှီအာက မျက်နှာသေနှင့် ရဲချန်ဖန် ဘာတွေ တွေးနေလဲ မသိပေ။
“သွားမယ်။ ငါ့ကို မင်းအဘိုးဆီ ခေါ်သွား”
ရဲချန်ဖန်က သူမ နောက်လိုက် သွားသည်။ အလွန်ခမ်းနားသော ခန်းမထဲတွင် ပိုင်ကလန် ခေါင်းဆောင် ပိုင်ရှီရှန်နှင့် အလွန်ကျော်ကြားသော ငွေရောင် ဆံပင်နှင့် သမားတော် သုံးယောက် စကားပြော နေသည်။
“သမီး သူက ဘယ်သူလဲ”
အနက်ရောင် အင်္ကျီ ဝတ်ထားပြီး အစွမ်းထက်လွန်းသော အော်ရာ ထွက်နေသော ပိုင်ဂျန်းရှန်က ဆေးသေတ္တာ လွယ်ထားပြီး ကလေးမျက်နှာနှင့် သူစိမ်းကို တွေ့လိုက်၍ မေးလိုက်သည်။
“အဖေ သူက ဆရာကြီးချန်။ အဘိုးရောဂါကို ကုသဖို့လာတာ”
ပိုင်ရှီအာ မိတ်ဆက် ပေးလိုက်သည်။
“ဆရာချန် ဟုတ်လား”သူ့အမူအရာက အိမ်တော်ထိန်း ရဲချန်ဖန်ကို ပထမဆုံး တွေ့တုန်းက ပုံစံလိုပင်။ ရဲချန်ဖန်ကို လူလိမ်ဟု ထင်သွားသည်။
ရဲချန်ဖန်ကို ကြည့်ရသည်မှာ အလွန်ငယ်သည့်ဟန်ပေါ်နေသည်။ အစွမ်းထက်သည့် ဆရာပုံ မထွက်ပေ။
“ကျွန်တော် သခင်ကြီး ရောဂါအတွက် ကြော်ငြာတွေ့လို့ လာကုတာပါ”
မေးခွန်းများ ပါသော အကြည့်တွေကို တွေ့လိုက်၍ စိတ်မဆိုးဘဲ ရိုးရိုးလေး ပြောလိုက်သည်။
“ဒါက…”
ပိုင်ရှီရှန်က သမားတော်ကြီး သုံးဦး၏ အမြင်ကို မေးလိုက်သည်။ သူ့အဖေ၏ သေရေး ရှင်ရေးနှင့် ပတ်သက်နေသည် မဟုတ်ပါလော။
“ကောင်လေး… ဒါသေရေး ရှင်ရေးနော်။ ကစားစရာ မဟုတ်ဘူး။ တစ်ခုခုဖြစ်ရင် တောင်းပန်လိုက်ရုံနဲ့ ပြီးမယ့်ဟာ မဟုတ်ဘူး”ငွေရောင် ဆံပင်နဲ့ သမားတော်က သတိပေး လိုက်သည်။
“ဒီကို လာရဲတယ်ဆိုတာ ကုသနိုင်မယ် ယုံကြည်လို့ လာတာ။ မြို့တော်ဝန် အနေနဲ့ ကျွန်တော်စမ်းသပ် ကုသဖို့ ဆန္ဒရှိရဲ့လား”
“ပျောက်ဖို့ ဘယ်လောက် ရာခိုင်နှုန်းရှိလဲ”ခဏတွေဝေပြီးနောက် မြို့တော်ဝန်က မေးလိုက်သည်။
“ခြောက်ဆယ် ”
“ခြောက်ဆယ်လား။ လေကြီးပြီး မိုးပေါ်တက်သွားမှာ မကြောက်ဘူးလား”သမားတော်ကြီးတွေက တစ်ယောက်နဲ့တစ်ယောက် ကြည့်ပြီး နှာခေါင်းရှုံ ပြောင်လှောင် လိုက်သည်။
သူတို့က ရဲချန်ဖန်ကို မောင်းထုတ် စေချင်ကြသည်။ သို့သော် ရုတ်တရက် အလွန် ထူးဆန်းမှု တစ်ခုဖြစ်ပေါ်လာကာ သူတို့ မျက်လုံးများ ပြူးကျယ်လာပြီး ပါးစပ်များပင်ဟ၍ သရဲတစ္ဆေ ကိုတွေ့လိုက်ရသည့်အလား တုန်လှုပ်သွားကျသည်။
***