အခန်း(၆)
ဆေးပညာ
အချိန် ဘယ်လောက် ကြာသွားမည်မှန်း မသိဘဲ ဘုန်းကြီးအိုကဲ့သို့ တရားထိုင်နေသည့် ရဲချန်ဖန် ရုတ်တရက် မျက်လုံးပွင့် လာသည်။ သူ့လက်တွင် စွမ်းအားများ ပြည့်နှက် နေသည်။ သူထိုင်နေသည့် နေရာအောက်ရှိ ချောမွတ်နေသော ကျောက်ဖျာကြီးကို ရိုက်ချလိုက်ရာ အစိပ်စိပ် အမွှာမွှာ ကွဲကြေသွားသည်။
သူ့ခန္ဓာကိုယ်သည် ကြီးမားသော ငှက်ကြီးကဲ့သို့ လေထဲ မြောက်တက်သွားပြီး အရှိန်ပြင်းပြင်း ကျဆင်းနေသော ရေနှင့် ထိတွေ့မိသည်။ ဂျင်တစ်ထောင် စွမ်းအားနှင့် လက်သီးကို ရေတံခွန်ဆီသို့ ဆန့်ထုတ်လိုက်ရာ ရေစီးကြောင်း ပျက်တောက်သွားပြီး ရေမှုန်များ ပြန့်ကျဲထွက်သွားသည်။
“နောက်ဆုံးတော့ ငါ ကောင်းကင် ခန္ဓာကိုယ် ပထမအဆင့်ကို ရောက်ပြီ”
ရဲချန်ဖန် ရေတံခွန်မှ တွန်းကန်အားယူကာ ရေတံခွန်ဘေးရှိ ရေအိုင်လေးဘေးကို ဆင်းသက် လိုက်သည်။
သူ့ခန္ဓာကိုယ်မှ စွမ်းအင်များ ပြည့်ဝနေသည်ကို ခံစားရင်း ရဲချန်ဖန် တစ်ယောက် အလွန်ပျော်ရွှင် နေမိသည်။
ကောင်းကင် ခန္ဓာကိုယ် ပထမအဆင့် အောင်မြင်ရန် ချီတောင်ထန် ချန်ထားခဲ့သော ဝိညာဉ် ကျောက်တုံးများကို အကုန်သုံးခဲ့ရသည်။ ကောင်းကင် ခန္ဓာကိုယ် ဒုတိယအဆင့်ကို အချိန်တိုအတွင်း အောင်မြင်လိုပါက ဝိညာဉ်ကျောက်တုံးများကို ဝယ်ဖို့နည်းလမ်း လိုအပ်သည်။
ရဲမိသားစုမှ နှင်ထုတ်ခံရပြီး နောက်ပိုင်းတွင် သူ့အတွက် ငွေအရင်းအနှီး အထောက်အပံ့ အားလုံး ရပ်ဆိုင်းသွားသည်။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးသည် ငွေဒင်္ဂါး တစ်သောင်းကျော် တန်သည်။ သူ့တွင် ငွေဒင်္ဂါး နှစ်ဆယ့်ငါးပြားသာ ရှိတော့သည်။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများ ဝယ်ယူ လေ့ကျင့်လိုပါက သူ ငွေအများကြီး ရှာရန် လိုအပ်မည်။
အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးများအပြင် ခန္ဓာကိုယ် ပိုမိုသန်စွမ်း လာစေရန်အတွက် ဆေးဝါးများ ဝယ်ယူရန်လည်း လိုအပ်သေးမည်။ ခန္ဓာကိုယ်အတွက် ဆေးများသည် ပြောစရာ မလိုအောင် အလွန်ဈေးကြီးသည်။
“ငါ့ကို ဒီမှတ်ဉာဏ်နှစ်ခုက အများကြီး အကူအညီ ပေးနိုင်မှာပဲ”
ရဲချန်ဖန် မှော်အစီအရင် ပညာနှင့် ဆေးပညာ မှတ်ဉာဏ်များကို သူ့စိတ်နဲ့ ပေါင်းစည်း လိုက်သည်။
သူ ဤမှတ်ဉာဏ်နှစ်ခုနှင့် ပေါင်းစည်း လိုက်သော်လည်း ထိုပညာရပ် နှစ်ခုလုံးသည် အစိမ်းသက်သက် ဖြစ်သည်။ ဒါပေမဲ့ သူ့နတ်ဦးနှောက်နှင့် ပေါင်းစပ်ပြီးနောက် သူ၏သင်ယူ နားလည်နိုင်စွမ်းသည် မယုံနိုင်စရာ ကောင်းအောင် မြင့်မားလာသည်။ ထို့ကြောင့် ထိုပညာရပ် နှစ်ခုကို မတတ်မြောက်မှာ မကြောက်ပေ။
နှစ်ရက်နေပြီး နောက်သူမှော် အစီအရင်နှင့် ဆေးပညာတို့ကို နားလည် သိရှိ သွားသည်။
“ဘယ်လောက် ထူဆန်းဖို့ ကောင်းတဲ့ ပညာရပ် တွေလဲ။ ဇီကျင်နိုင်ငံရဲ့ ပညာရပ်တွေကို ဒီပညာတွေနဲ့ ယှဉ်လိုက်မယ်ဆို ဘာမှယှဉ်လို့ မရတော့ဘူး။ ရှေးအမွေအနှစ်တွေရှိတဲ့ ဂိုဏ်ကြီးတွေပဲ နှစ်ပေါင်းများစွာ လေ့လာပြီးမှ ဒီအခြေအနေ ရောက်နိုင်မယ်”
ရဲချန်ဖန် ပညာရပ်နှစ်ခုကို သူစိတ်နဲ့ ပေါင်းစပ် လေ့လာပြီး နောက်မျက်လုံးများ နီရဲပြီး ခေါင်းကွဲမတတ် နာကျင်လာသည်။ သို့သော် သူ့မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက် နေသည်။
မှော်အစီအရင် ပညာသည် အလွန်နက်နဲ့သော ရှေးဟောင်း အမွေအနှစ် ဖြစ်သည်။ သူ့မှော်အစီအရင် ပညာတတ်မြောက် လိုပါက အခြေခံက စရမည် ဖြစ်သည်။ မတတ်မြောက်မီ ကာလကြားတွင် ငွေကိုရေလို ဖြုန်းနိုင်မှ တိုးတက် လာနိုင်မည်။
သို့သော် ဆေးပညာနှင့် ငွေရှာနိုင်သော်လည်း သူတွင် ဆေးခန်းဖွင့်ပြီး ငွေရှာရန် အချိန်မရှိချေ။ လတ်တလော အခက်အခဲကို မှော်အစီအရင် အဆောင်များ ရောင်းချခြင်းဖြင့် ဖြေရှင်းလို့ ရနိုင်သည်။
“အမ်…ငါပထမဆုံး တိုက်ခိုက်ရေး အဆောင်ကို စီရင်ရမယ်။ ရွှေအပ်အဆောင် ဟုတ်ပြီ”
သူခန စဉ်းစားပြီး နောက်စီရင်ရန် လွယ်ကူသည့် ရွှေအပ် အဆောင်ကို ရွေးလိုက်သည်။ ရွှေအပ် အဆောင်သည် မှော်အစီအရင် ပညာရပ်မှ လွယ်ကူ၍ အရိုးဆုံး ဖြစ်သော်လည်း သူ့ကို ဖန်တီးရန် လိုအပ်သော ပစ္စည်းများမှာ အလွန်တန်ဖိုး ကြီးသည်။
“သားရဲ တိရစ္ဆာန်ရဲ့ သွေး၊ ကြယ်သဲမှုန်၊ အရည်အသွေးမြင့် မီးအမှုန့်နဲ့ အဝါရောင် ကျောက်စိမ်း စက္ကူတွေလိုတာပဲ”
စျေးကြီးလွန်းသည့် ပစ္စည်းများ အကြောင်းတွေးပြီး သူစိတ်ဓါတ် ကျသွားသည်။ သူ့တွင် ငွေဒင်္ဂါး နှစ်ဆယ့်ငါးပြားသာရှိပြီး စျေးအပေါဆုံး ကျောက်စိမ်းစက္ကူ ဝယ်ရန်ပင် မတတ်နိုင်ချေ။
“ငါဘယ်သူဆီက ပိုက်ဆံ ရနိုင်မလဲ”
သူစ စိတ်ပူလာသည်။ သူ ရဲမိသားစုက နှင်ထုတ်ခံရသည့် အချိန်ကစ၍ သူ့တွင် အပေါင်းအသင်း နည်းသထက် နည်းလာသည်။ လောလောဆယ် သူ့တွင် သူငယ်ချင်းလည်း မရှိ။ မည်သူကမျှ ငွေမချေးချင် ကြပေ။
အင်း သူမဆီကပဲ ငါငွေ ရနိုင်တယ်။ အချိန်တော်တော်ကြာ စဉ်းစားပြီးနောက် သူမကလွဲ၍ တခြားလူကို စဉ်းစား မရချေ။ သို့သော် သူမလည်း သူ့ကို ငွေချေး မချေး မသေချာပေ။
ဘာပဲဖြစ်ဖြစ် သွားပြီးတော့ ချေးကြည့် ရမှာပဲ။ သူ စိတ်ပျက် လက်ပျက်နှင့် သက်ပြင်းချလိုက်ပြီး ရိက္ခာခြောက်များ ထုတ်စား လိုက်သည်။ ထို့နောက် သူ အဖြူရောင် အင်ပါယာမြို့ဆီ ပြန်လာခဲ့သည်။
ချီတောင်ထန်၏ ရန်သူများ ခြေရာခံ လိုက်လာနိုင်မည်ကို ကြောက်၍ သူ့အရင် အိမ်ဟောင်းဆီ မပြန်ဘဲ ရဲဇီလင်အိမ်ကိုသာ တန်းသွား လိုက်သည်။
“နင် ငါ့ဆီ ဘာလာ လုပ်တာလဲ။ ငါ့ဆီက ဘာလိုချင်လို့လဲ”
သူ ခဏတော အံ့ဩသွားပြီး ရဲချန်ဖန်မှန်း သိလိုက်သောအခါ ခပ်ပြတ်ပြတ် မေးလိုက်သည်။
“ငါပိုက်ဆံ ချေးချင်လို့”အိမ်နေရင်း အရပ်မြင့်မြင့် ပေါင်တံ သွယ်သွယ်နုနယ် လှပသော ကောင်မလေးကို ကြည့်ပြီး လိုရင်းကို ပြောလိုက်သည်။
“ပိုက်ဆံချေးမလို့။ ဘယ်လောက် လိုချင်တာလဲ”
“ငွေဒင်္ဂါး သုံးသောင်း… ”
“ငွေဒင်္ဂါး သုံးသောင်းတောင်။ ဘာလို့ အဲလောက် အများကြီး လိုတာလဲ”
သူမ ရဲချန်ဖန်ကို ပိုက်ဆံ အများကြီး ချေးမယ် မထင်၍ လေသံမာမာနှင့် မေးလိုက်သည်။
“ထရိန်နင်အတွက် … နောက်အကျဆုံး တစ်လအတွင်း ပြန်ဆပ်ပါ့မယ်”
“ဟွင်း…”
“နင့်ကို ငွေဒင်္ဂါး သုံးသောင်း ပေးလိုက်မယ်။ ပြန်ဆပ်စရာ မလိုဘူး”
သူမတို့ အတူတကွ ကြီးပြင်း လာကြသည်ကို တွေးပြီး ခပ်စူးစူး ကြည့်လိုက်သည်။
“ဒါပေမဲ့ ဒါဟာ နင့်ကို နောက်ဆုံး ပေးတာပဲ။ နောက်တစ်ခါ ငါ့ဆီလာမရှုပ်နဲ့”
“အေး… ”
နောင်အနာဂတ်တွင် သူပိုက်ဆံရှိသည့်အခါ ရဲဇီလင်ကို ပြန်ဆပ်မည် ဖြစ်သော်လည်း သူ ရဲဇီလင်ရော၊ ရဲမိသားစုကိုပါ အကြွေးမတင်ချင်ပေ။
သူငွေဒင်္ဂါး သုံးသောင်း ရဲဇီလင် ဆီမှ ရပြီးနောက် အချိန်မဆိုင်းဘဲ ပြန်လာခဲ့သည်။
“ရဲချန်ဖန် ငါတို့ အဆင့်အတန်း မတူတော့ဘူး။ ငါတို့ ကိုယ့်ကမ္ဘာကိုယ် နေရတော့မယ်။ နင် အဆင်ပြေပါစေလို့ ငါမျှော်လင့်ပါတယ်”
ရဲချန်ဖန် ထွက်ခွါသွားသည်ကို ကြည့်ရင်း သူမ တီးတိုးရေရွတ် လိုက်သည်။ သို့သော် သူမသည် ရဲချန်ဖန် မယုံနိုင်စရာ ကောင်းလောက်အောင် ပြောင်းလဲသွားပြီ ဖြစ်ကြောင်း မသိချေ။ ဒါ့အပြင် သူမတို့သည် တကယ့်ကို ကမ္ဘာခြား သွားခဲ့ပြီ ဖြစ်သည်။
ငွေရပြီးနောက် အဖြူရောင် အင်ပါယာမြို့၏ အကြီးမားဆုံး ဆိုင်ဖြစ်သည့် အဖြူရောင် တိမ်တိုက်ဆိုင်ဆီ ထွက်လာခဲ့သည်။ ငွေဒင်္ဂါး နှစ်သောင်းရှစ်ထောင် နီးပါးသုံးပြီး ရွှေအပ် အဆောင်စီရင်ရန် လိုအပ်သည့် ပစ္စည်းများ၊ အပ်စိုက်ကုရာတွင် သုံးသည့် အပ်များနှင့် အရေပြား ကဲ့သို့ ပါးလွှာသည့် မျက်နှာဖုံးတစ်ခု ဝယ်လာခဲ့သည်။
မျက်နှာဖုံးကိုမူ ချီတောင်ထန် ရန်သူများကို လှည့်စားရန်အတွက် ဝယ်လာခဲ့သည်။
ငွေအပ်များကိုမူ ဆေးပညာရပ်တွင် ပါသည့် ထူးဆန်းသည့် သွေးကြော ကုထုံး ကောင်းကင်အပ် ပညာအတွက် ဝယ်လာခဲ့သည်။
ကောင်းကင်အပ်ပညာ အဆိုအရ အဆိုပါပညာ အသုံးပြုသူသည် အပ်မှတစ်ဆင့် ဝိညာဉ်စွမ်းအား အသုံးပြုကာ သွေးကြောများကို နှိုးဆွ၍ အတွင်းဒဏ်ကို ကုသသည့် ပညာရပ် ဖြစ်သည်။
သူ လိုအပ်သည်များ ဝယ်ပြီးနောက် သူ့တွင် ငွေဒင်္ဂါး တစ်ရာ ဝန်းကျင်သာ ကျန်တော့သည်။ ထို့နောက် မြို့အရှေ့ပိုင်းရှိ အဆောက်အအုံ ငယ်လေးကို လတ်တလော နေထိုင်ရန် ငှါးရမ်းလိုက်သည်။
စျေးကြီးလိုက်တာ။ အကုန်လုံး အရမ်းစျေးကြီး လိုက်တာ။ အထူးသဖြင့် သားရဲ တိရစ္ဆာန်ရဲ့ သွေးဘူးတွေပဲ။ အဲဒါဝယ်လိုက်တာ တော်တော်ကုန် သွားတာပဲ။ ဓါးပြတိုက်နေတဲ့ အတိုင်းပဲ။
ပစ္စည်းများကို နေရာချပြီး နောက်အရမ်းကာရော အဆောင်ကို စီရင်ခြင်း မပြုပေ။ သူထိုင်ကာ ရွှေအပ်စီရင်ခြင်းကို စိတ်ထဲတွင် အရင်လေ့ကျင့် ကြည့်သည်။ ထို့နောက်တွင် သူ အဆောင်ကို စစီရင်တော့သည်။ ပထမအကြိမ် မအောင်မြင်။ ဒုတိယအကြိမ် မအောင်မြင်။ အကြိမ်ကြိမ် မအောင်မြင်ဖြစ်ပြီးနောက် သူတွင် အစီအရင် တစ်ခုစာသာ ကျန်တော့သည်။ တစ်ကြိမ်စီရင်တိုင်း ငွေဒင်္ဂါး သုံးထောင်နီးပါး ကုန်ကျသည်။ သူ ဒီတစ်ကြိမ် မအောင်မြင်ပါက သူအရာအားလုံး ဆုံးရှုံသွားမည် ဖြစ်သည်။
သူအပြန်ပြန် အလှန်လှန် လေ့လာ သုံးသပ်ပြီး နှစ်နာရီ နီးပါးကြာပြီးနောက်တွင် သူ ဒီအကြိမ် အောင်မြင်မည်ဟု ခံစားနေရသည်။ ထို့နောက် ရွှေအပ်ကို စစီရင်တော့သည်။
***