Switch Mode

Chapter – 5

ဂျီချင်းရွှယ်

အခန်း (၅)
ဂျီချင်းရွှယ်

ညအချိန် လွန်မြောက်၍ အာရုံဦး အလင်းရောင် ထွက်လာပြီး ကမ္ဘာမြေ တစ်ခွင်ကို အလင်းဓါတ် ပေးနေသည်။ လေပြေ လေညင်းတို့သည် နေရာအနှံ တိုက်ခတ်နေပြီး ကျေးငှက်တို့ကလည်း တေးသံသာများကို သံပြိုင် သီကျူးလျက် ရှိသည်။
“ဘုန်း…”
အဖြူရောင် တိမ်တိုက် တောင်တန်းအတွင်း တစ်နေရာရှိ မီတာတစ်ရာလောက် မြင့်သော ရေတံခွန်ကြီး အောက်ထဲတွင် ရဲချန်ဖန် ဝိညာဉ် ကျောက်တုံး အကျိုးနှစ်ခုမှ စွမ်းအင်များ စုပ်ယူနေသည်။ သူ့ခန္ဓာကိုယ် အ​ပေါ်ပိုင်းမှာ ဗလာကျင်း လျက်ရှိပြီး ရေတံခွန်မှ ရေများသည် သူ့အပေါ် ပြင်းပြင်းထန်ထန် ရိုက်ခတ်နေသည်။ ဒါကို သူ ဂရုမစိုက်ဘဲ ရေဖိအားကို အသုံးချပြီး ဝိညာဉ် ကျောက်တုံးဆီမှ စွမ်းအင်ကို စုပ်ယူလိုက်သည်။ တစ်ပြိုင်တည်းမှာပင် သူ့ခန္ဓာကိုယ် သန်မာစေရန် အသုံးချနေသည်။
သူ့ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ် ပထမအဆင့် အောင်မြင်ပါက သူ့ခန္ဓာကိုယ် ခံနိုင်ရည် အဆင့်မြင့် လာမည့်အပြင် သန်မာမှုမှာလည်း တစ်ထောင်ဂျင်အထိ ရောက်ရှိ လာမည်။
ရုပ်ပိုင်းဆိုင်ရာ သန်မာမှုသည် ဝိညာဉ် တန်ခိုးရှင်တို့၏ အားနည်းချက်အဖြစ် အမြဲလိုလိုပင် ရှိနေသည်။
ပုံမှန်အဆင့်ခြောက် ဝိညာဉ်သားရဲသခင်အဆင့် အနေဖြင့် ဝိညာဉ်စွမ်းအင်နှင့် ခန္ဓာကိုယ် ပေါင်းစည်း လိုက်ပါက ဂျင်တစ်ထောင် စွမ်းအား ရှိလာမည် ဖြစ်သည်။ သို့သော် သူအနေဖြင့် ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ် ပထမအဆင့် ရောက်သည်နှင့် ထိုစွမ်းအားကို ရရှိလာမည်။
သူ့အနေဖြင့် ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ် ဒုတိယအဆင့်သာ ရောက်ပါက သူ့ခန္ဓာကိုယ် စွမ်းအားသည် ဂျင်ငါးထောင်အထိ ရောက်ရှိလာမည်။ သူ့ဝိညာဉ်စွမ်းအင်နှင့် ပေါင်းစပ် လိုက်ပါက သူ ဂျင်တစ်သောင်းအထိ စွမ်းအား ရှိလာမည် ဖြစ်သည်။ လက်သီး တစ်ချက်ဖြင့် အဆင့်ခြောက် ဝိညာဉ်သားရဲ တန်ခိုးရှင်အား အမှုန့်ဖြစ်သွား စေနိုင်သည်။
သို့သော် ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်သည် အဆင့်တက် လာသည်နှင့်အမျှ လေကျင့်ရန် ပိုမိုခက်ခဲ လာလိမ့်မည်။ လုံလောက်သော စွမ်းအင် အထောက်အကူသာ မရှိပါက အဆင့်တက်ရန် အလွန်ခက်ခဲ ပေသည်။ ကံကောင်းသည်မှာ သူတွင် လူထူးဆန်း၏ လက်စွပ်မှရသော အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အလုံအလောက် ရှိနေခြင်းပင်။ ဤဝိညာဉ် ကျောက်တုံးများ နှင့်ဆိုလျှင် ရေတိုအတွက်တော့ ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ် ကျင့်ရန်အတွက် စိတ်ပူရန် မလိုပေ။
သန့်စင်သော ဝိညာဉ်စွမ်းအင် အများအပြား စုပ်ယူပြီးနောက် ရဲချန်ဖန် ဆဲလ်များသည် အရှိန်အဟုန်ဖြင့် စတင်ပြောင်းလဲ လာသည်။ ဝိညာဉ်စွမ်းအင် အလွှာပါးလေးသည် သူခန္ဓာကိုယ် အရေပြား တစ်လျှောက် ဖုံးလွှမ်းလာပြီး ရေဖိအားလည်း တစ်စထက်တစ်စ လျော့ကျ လာသည်။ သူသည် တန်ခိုးရှင်တိုင်း တမ်းတမျှော်လင့်သည့် ထူးဆန်းသော စိတ်မှော်ဝင်သည့် အနေအထားကို ရောက်ရှိ သွားသည်။ တချို့လူများသည် သူတို့ ဘဝတစ်လျောက် ဘယ်သောအခါမှ စိတ်မှော်ဝင်စားနိုင်ခြင်း မရှိချေ။
ဤနေရာကား ဇီကျင်နိုင်ငံ၏ နံပါတ်တစ်မြို့ဖြစ်သော တော်ဝင်မြို့တော် ဖြစ်သည်။ ဇီကျင်နိုင်ငံ၏ အသက်သွေးကြောဖြစ်ပြီး အစွမ်းအထက်ဆုံး တန်ခိုးရှင်များလည်း အခြေချရာ နေရာဖြစ်သည်။
အဲဒီအချိန်တွင် ဇီကျင်နိုင်ငံ၏ အနောက်ဘက်ပိုင်းတွင် ရေကန်ကြီး၏ အလယ်ဗဟို၌ရှိသော ဟော်နန်းကြီးထဲတွင် အလွန်လှပသော အမျိုးသမီး နှစ်ယောက် စကားထိုင် ပြောနေကြသည်။ သားအမိ ဖြစ်ဟန်ရှိပြီး ထိုအထဲတွင် မိန်းမပျိုလေးသည် ရှည်လျား ပျော့ပျောင်းသော ဆံသာ၊ ဖြူဖွေးသော အသားအရည်၊ အလွန်ချစ်စရာ ကောင်းသော မျက်နှာရှိပြီး အဖြူရောင် ပန်းပွင့်စကပ်ကို ဝတ်ဆင်ထားသည်။ သူမ ထိုင်နေပုံမှာ ဖွံဖြိုးလှပသည့် အရှိုက်အမို့ ကောက်ကြောင်းများ မြင်နေရပြီး သွယ်လျား လှပသော ပေါင်တံများကို အဖြူရောင် စကပ်အောက်မှ မြင်နေရသည်။ သူမကို မြင်သူတိုင်းသည် အရူးအမူး ဖြစ်သွားကြသည် သာတည်း။ သူမကား ဇီကျင်မြို့တော်၏ အလှဆုံး ဘွဲ့ရထားသည့် နတ်မိမယ် ဂျီချင်ရွှယ် ဖြစ်သည်။ ရဲချန်ဖန်၏ဇနီးလောင်းဖြစ်သည်။
“သမီးအဲ ရဲချန်ဖန်ကို တကယ်လက်ထပ် မလို့လား။ နှမြောဖို့ မကောင်းဘူးလား။ အဲဒီအလကားကောင်နဲ့”
ဂျီချင်ရွှယ်၏ အမေ လျှူရန်က မေးလိုက်သည်။ လျှူရန်ကား အလွန်ကျက်သရေ ရှိသည့် အမျိုးသမီးတည်း။
“သမီး နဂါးဆိုတာ မြွေနဲ့အတူတူ နေဖို့ မဖြစ်နိုင်ဘူး။ ရဲချန်ဖန် ဘယ်လောက် အရည်အချင်း ရှိခဲ့ရှိခဲ့ သူ အခုထိ ဝိညာဉ်သားရဲ မနိုးထနိုင်သေးဘူး။ ပြီးတော့ ရဲမိသားစုကလည်း သူ့ကို နှင်ထုတ် ထားတာ။ သမီးနဲ့ ဘယ်လိုမှ မထိုက်တန်ဘူး”
“အမေ စိတ်မပူပါနဲ့။ သမီး သူ့ကို တကယ် လက်ထပ်မှာ မဟုတ်ဘူး။ သူနဲ့လက်ထပ်ဖို့ မဖြစ်နိုင်ဘူး။ မြေကမ္ဘာ သားရဲအဆင့် မရောက်ခင် အချိန်ထိ ဘယ်သူနဲ့မှ လက်မထပ်ဘူး။ သူ့ကို ယူမယ် ဆိုတာက သူ့ကို အကာအကွယ်ယူပြီး အဲဒီမုန်းစရာ ကောင်းတဲ့ ဂျန်ရှန်ရှိန် လက်လျော့ သွားအောင်ပဲ။ ဂျီချင်ရွှယ်က သာမန်ကိစ္စ ပုံစံလို တည်ငြိမ်စွာ ပြောလိုက်သည်။
“ချင်ရွှယ် အဲဒါက သမီးထင်သလို မရိုးရှင်းဘူး။ မနေ့က ဂျန်မိသားစု ခေါင်းဆောင် ဂျန်ကျုံရှင်း ကိုယ်တိုင် ဂျီမိသားစုကို လာသွားတယ်။ သူက လက်ထပ် ဖို့အကြောင်း ထပ်ပြောတယ်။ သမီးအဖိုးက ချက်ချင်း သဘောမတူ လိုက်ပေမဲ့ တစ်ယောက်ယောက်ကို ရွေးမယ်ဆိုရင် ရဲချန်ဖန်ထက် ဂျန်ရှန်ရှိကို ပိုသဘောကျမှာပဲ”
လျှူရန် သက်ပြင်းချ လိုက်သည်။
“သမီး ဂျန်ရှန်ရှိ လိုကောင်မျိုးကို ဘယ်တော့မှ မစဉ်းစားဘူး”
ဂျန်ရှန်ရှိသည် ဂျန်ကျုံရှင်း၏ ဒုတိယမြေးဖြစ်ပြီး မြို့တော်၏ အာဏာအရှိဆုံး ဂျန်ကလန် အားကိုးနှင့် မောက်မာ ထောင်လွှားပြီး လှပသော မိန်းကလေးများကို အနိုင်ကျင့် သိမ်းပိုက်နေသော လူရမ်းကား ဖြစ်သည်။ သူဖျက်ဆီးခဲ့သော မိန်းမပျိုလေးများကား ရေတွက်လို့ မရနိုင်အောင် များသည်။
ထိုအထဲတွင် သူ့ကို ဆန့်ကျင်သော မိန်းကလေးများကို အနိုင့်ကျင့်ပြီးပါက မြွေကန်ထဲ တွန်းချကာ မြွေစာအဖြစ် ကျွေးလေ့ရှိသည်။
“ချင်ရွှယ် ဒီတစ်ခေါက် သမီးအဖိုးက သဘောတူရင် တူလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ ဂျန်မိသားစုက အလွန်တန်ဖိုးကြီးတဲ့ အဆင့်ကိုး ဆေးလုံး ပေးမယ်လို့ ကတိပေးလို့ပဲ။ အဲဆေးလုံးက သမီးအဖိုးရဲ့ ဒဏ်ရာ သက်သာဖို့ အခွင့်အလမ်းက ခုနှစ်ဆယ် ရာခိုင်နှုန်းထိ ရှိနိုင်ပြီး သူအစွမ်းကို ပြန်ရအောင် ကူညီနိုင်တယ်”
သူသမီး၏လှပသော မျက်နှာကို ကြည့်ကာ စိတ်ထဲတွင် သက်ပြင်းချ လိုက်သည်။
“အဆင့်ကိုး ဆေးလုံးလား။ ဂျန်ကလန်မှာ အဆင့်ကိုး ဆေးလုံး ရှိတယ်တဲ့လား”
သူမ မျက်ခုံးများပင် တွန့်ကာ တုန်လှုပ်စွာ မေးလိုက်သည်။
ဆေးပညာ တိမ်ကောလာမှုကြောင့် ဇီကျင်နိုင်ငံရှိ ဆေးပညာရှင်များသည် အလွန်ဆုံး အဆင့်ခြောက်အဆင့် ဆေးလုံးသာ ဖော်စပ်နိုင်သည်။
“သူတို့ အရမ်းရွံဖို့ ကောင်းတာပဲ။ ဆေးသုံးပြီး အဖိုးကို ဆွဲဆောင်တာ။ သမီး သေတာတောင် အဲတိရစ္ဆာန်ကောင်နဲ့ မယူနိုင်ဘူး”
အခြေအနေမှန်ကို သိသွားပြီးနောက် သူမ၏ ချောမောသော မျက်နှာသည် ဖြူဖြော့သွားပြီး ဒေါသတကြီးနှင့် ပြောလိုက်သည်။
“သမီး အခြေအနေတွေ ကောင်းလာ နိုင်သေးတယ်။ ရူရူးမိုက်မိုက် လျှောက်မလုပ်နဲ့”
လျှူရန်က သူ့သမီးအကြောင်းကို နားလည်သည်။ သူမသည် အလွန်မာနကြီးပြီး မမျှော်လင့်သည်များ ဖြစ်လာမည်ကို လျှူရန် ကြောက်နေမိသည်။
“အဖိုးက အတင်းအကျပ် လုပ်ရင်တော့ တခြားနည်းလမ်းသုံးရမှာပဲ”ဂျီချင်ရွှယ် နှုတ်ခမ်းကို ကိုက်ပြီး သူမဆုံးဖြတ်လိုက်သည်။
“ဘာနည်းလဲ”
“ရဲချန်ဖန်ကို အကာအကွယ်ယူပြီး ဂျန်ရှန်ရှိ သမီးကို စိတ်ပျက်အောင် လုပ်မယ်။ သူ့လို မာနကြီးတဲ့လူက တခြားလူနဲ့ ရပြီးတဲ့ မိန်းကလေးကိုယူမှာ မဟုတ်ဘူး”
ဂျီချင်ရွှယ်က ပြန်ဖြေ လိုက်သည်။
“သမီး ဒါက နည်းလမ်း ဟုတ်ပေမဲ့ ဖြစ်လာမယ့် အကျိုးဆက်တွေရော စဉ်းစားမိလား။ သမီးက ဂျန်ရှန်ရှိထက် အလကားကောင်ကိုပဲ လက်ထပ်ချင်တယ် ဆိုတာ ဂျန်ကလန် သိသွားရင် ရဲချန်ဖန် ဂျန်ကလန်ရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင် ရလိမ့်မယ်။ အဲလိုဆို ရဲချန်ဖန် သေသွားနိုင်တယ်”
“သမီးသိတယ်။ ရဲချန်ဖန်ကို ဂျန်ကလန် လက်စားချေမယ် ဆိုတာ။ ဒါပေမဲ့ သမီးသူ့ကို အကောင်းဆုံး ကာကွယ်ပေးမယ်။ အာလုံးပြီးသွားရင် ပိုက်ဆံ အများကြီး ပေးပြီး အဝေး တစ်နေရာ သွားခိုင်း လိုက်မယ်။ ဒီနည်းလမ်းနဲ့ဆို ဂျန်ကလန် ဘယ်လောက် အစွမ်းထက်ထက် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး”
“ချင်ရွှယ် ဒီကိစ္စက အရမ်း အရေးကြီးတယ်။ သေသေချာချာ စဉ်စား။ ဒီလိုလဲ မဖြစ်စေနဲ့။ ပြီးတော့ ရဲချန်ဖန် ကိုလည်း မနာကျင်စေနဲ့”လျှူရန် စိုးရိမ်စွာ သတိပေး လိုက်သည်။
“စိတ်မပူနဲ့ အမေ။ သမီး ဘာလုပ်နေတယ် ဆိုတာ သိပါတယ်။ ဘာမှဖြစ်မှာ မဟုတ်ဘူး ဟုတ်ပြီလား”
သူသမီး၏လှပသော မျက်နှာကို ကြည့်ပြီး သက်ပြင်းသာ ချမိ၏။ သူ့သမီးအကြောင်း သူမသာ သိသည်။ သူမသည် နှလုံးသား အလွန်မာကြောသည်။ သူမ၏ အဆင့်ငါး ပါရမီရှင်၊ အစွမ်းထက်လွန်းသော ရေခဲငှက် ဝိညာဉ်သားရဲပါ ပိုင်ဆိုင်ထားသောကြောင့် သူမသည် ဇီကျင် နိုင်ငံအဆင့်တွင် ရပ်တန့်နေမည့်သူ မဟုတ်ချေ။ အခြား မိန်းကလေးများကဲ့သို့ ငယ်ငယ် ရွယ်ရွယ်နှင့် လက်ထပ်ပြီး သူမ၏ငယ်ရွယ်နုပျိုမှုကို ပေးဆပ်ရန် ဆန္ဒမရှိချေ။
ကံကြမ္မာကို အရှုံးမပေးဘဲ ကြိုးစားမည် ဖြစ်သည်။ သို့သော် သူမ၏ လုပ်ရပ်သည် အပြစ်ကင်းသော ရဲချန်ဖန်ကို ဒုက္ခတွေ့စေနိုင်သည်။
“ဘာမှဆိုးတာ မဖြစ်လာဖို့ဘဲ မျှော်လင့်ပါတယ်”
လျှူရန် ဆုတောင်း လိုက်တယ်။
***

Comment

Leave a Reply

Options

not work with dark mode
Reset