အခန်း (၅၀) လူအိုကြီးနီးလ်ရဲ့ အကြွေးဆပ်နည်း
ညနေ ၇ နာရီခွဲ၊ မိုရက်တီ မိသားစု ထမင်းစားဝိုင်း။
“ကလိုင်း… အကြံပေးတစ်ယောက်က အလုပ်အစောကြီး သွားဖို့ လိုလို့လား… လုံခြုံရေးကုမ္ပဏီရဲ့ အရေးပေါ်ကိစ္စတွေက အန္တရာယ်ရှိလား” ဘန်ဆင်ဟာ အားလူးနဲ့ချက်ထားတဲ့ အမဲသားဟင်းထဲက အာလူးတစ်ဖက်ကို ခက်ရင်းနဲ့ ထိုးယူပြီး စိုးရိမ်စိတ်နဲ့ မေးပါတယ်။
ကလိုင်းဟာ ပါးစပ်ထဲက ငါးရိုးကို ဂရုတစိုက် ထွေးထုတ်ရင်း ပြန်ဖြေပါတယ်။
“သမိုင်းမှတ်တမ်းတချို့ကို ဘက်ကလင်ဆီ ချက်ချင်း ပိုဖို့လိုလို့ပေါ့… ဘာတစ်ခုမှ မပျောက်ပျက်ရအောင် ကျွန်တော် အဲဒီမှာ ရှိနေဖို့ လိုတယ်… အစ်ကိုသိတဲ့အတိုင်းပဲ အဲဒီခေါင်းမသုံးတဲ့ကောင်တွေက ဖေးဆက်ဆို တစ်လုံးတောင် သိတာ မဟုတ်ဘူး”
သူ့အဖြေကို ကြားပြီး ပါးစပ်ထဲက အစာကို ဝါးစားပြီးသွားတဲ့ ဘန်ဆင်ဟာ သက်ပြင်းမချဘဲ မနေနိုင်ပါဘူး “အသိပညာက တကယ်ကို အရေးကြီးတာပဲ”
ကလိုင်းဟာ ဒီအခွင့်အရေးကို အမိအရ အသုံးချပြီး ကျန်နေတဲ့ ငါးပေါင်တန်ကို ဘန်ဆင်ဆီ ကမ်းလိုက်ပါတယ်။
“ဒါက ကျွန်တော် ဒီနေ့ရတဲ့ အပိုလစာပဲ… အစ်ကိုလည်း အဝတ်အစားကောင်းလေး ဝယ်ဝတ်သင့်ပြီ”
“ငါးပေါင်တောင်လား…” ဘန်ဆင်နဲ့ မလီဆာဆီက အသံ တညီတည်း ထွက်လာပါတယ်။
ဘန်ဆင်ဟာ ပိုက်ဆံကို ကောက်ယူပြီး ဖင်ပြန်ခေါင်းပြန် သေချာလှန်လှောကြည့်ရှုကာ ဝမ်းသာစိတ် သံသယစိတ်နဲ့ ပြောပါတယ် “ဒီလုံခြုံရေးကုမ္ပဏီက တကယ်ကို ရက်ရောတာပဲ…”
ဘန်ဆင် သံသယဝင်လည်း ဝင်ချင်စရာပါ။ သူ့အပတ်စဉ်လစာက တစ်ပေါင်နဲ့ ၁၀ ဆိုလီပဲ ရှိတော့ လေးပတ်လုံးနေမှ ၆ ပေါင်ပဲ ရပါတယ်။ အပိုလစာက တစ်ပေါင်ပဲ ရပါတယ်။
ဒီလစာနဲ့ သူဟာ သူ့ညီနဲ့ညီမကို ထောက်ပံ့ပေးပြီး အိမ်ခပ်သင့်သင့်မှာ တစ်ပတ်ကို အသား နှစ်ကြိမ် သုံးကြိမ်စားအောင် ထားနိုင်ခဲ့ပါတယ်။ နှစ်တိုင်းမှာလည်း အဝတ်အစားအသစ် အနည်းငယ် ဝယ်ပေးနိုင်ခဲ့ပါတယ်။
“အစ်ကိုက ကျွန်တော်ကို သံသယဝင်နေတာလား” ကလိုင်းဟာ တမင် ပြန်မေးလိုက်ပါတယ်။
ဘန်ဆင်ဟာ တစ်ချက် ရယ်ပါတယ် “မင်းမှာ ဘဏ်ဖောက်ဖို့ အရည်အချင်းရော သတ္တိရောမှ မရှိတာ”
“အစ်ကိုက လိမ်တတ်တဲ့လူမှ မဟုတ်တာ” မလီဆာဟာ ခက်ရင်းနဲ့ဓားကို အောက်ချပြီး လေးလေးနက်နက် ဖြေပါတယ်။
‘အခု ငါက လိမ်တာ ကျင့်သားရနေပြီ…’ ကလိုင်းဟာ ချက်ချင်းဆိုသလို နည်းနည်း မျက်နှာပူသွားပါတယ်။
အခြေအနေတွေကြောင့် ဆိုပေမဲ့ သူ့ညီမရဲ့ မျက်စိမှိတ် ယုံကြည်မှုက ကလိုင်းကို ရင်ထဲ ထိသွားစေပါတယ်။
“ဒီနေ့က အလျင်လိုပြီး အရေးကြီးတယ်… ကျွန်တော်ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါတော့… အဲဒါကြောင့် အပိုလစာ ငါးပေါင်ရလာတာ”
ကလိုင်းပြောတာ မမှားပါဘူး။ ဘန်ဆင်တို့ ထင်သလိုတော့ မဟုတ်ဘူးပေါ့။
သူပြန်ရမဲ့ ဗေဒင်ကလပ် ဝင်ခကိုတော့ ကလိုင်းဟာ ဝှက်ဖို့ စီစဉ်ထားပါတယ်။ သူသာ အဲဒီငါးပေါင်ကို အိမ်ယူလာရင် ဘန်ဆင်နဲ့ မလီဆာက တကယ်ကို လန့်သွားမှာပါ။ တရားမဝင်တာတွေ လုပ်နေတယ် ဆိုပြီးတော့လည်း သူ့ကို သံသယဝင်မှာ သေချာပါတယ်။
နောက်ပြီး သူက အမြင်ဆရာတစ်ယောက် အနေနဲ့ လေ့ကျင့်ဖို့ ဂမ္ဘီရအသိပညာတွေကို ပိုမို ဆုပ်ကိုင်နိုင်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူနိုင်အောင် ပိုက်ဆံစုဖို့ လိုပါတယ်။
ဘန်ဆင်ဟာ ပေါင်မုန့်ဖြူကို တစ်ကိုက် ကိုက်ပြီး လေးငါးဆယ်စက္ကန့်လောက် တွေးနေပါတယ်။
“ငါ့အလုပ်က အဝတ်အစားကောင်းကောင်း မလိုဘူး… အင်း… တိတိကျကျ ပြောရရင် အိမ်မှာရှိတဲ့ အဝတ်အစားတွေနဲ့တင် လုံလောက်တယ်”
ကလိုင်း ဖျောင်းဖျတာကို မစောင့်ဘဲ ဘန်ဆင်ဟာ ဆက်ပြီးတော့ ပြောပါတယ် “ဒီအပိုဝင်ငွေနဲ့ဆိုရင် ငါတို့မှာ စုငွေစစ်စစ် ရှိသွားပြီ… ငါ စာရင်းအင်းပညာ လေ့လာဖို့ စာအုပ်တချို့ ဝယ်ချင်တယ်… ကလိုင်း… မလီဆာ… ငါ ငါ့ရဲ့ အပတ်စဉ်လစာကို အမြဲတမ်း နှစ်ပေါင်အောက် မရှိစေချင်ဘူး… ဟီးဟီး… မင်းတို့သိတဲ့အတိုင်း ငါတို့ကုမ္ပဏီ သူဌေးနဲ့ မန်နေဂျာက ခေါင်းကောင်းတာ မဟုတ်ဘူး… သူတို့ပါးစပ်တွေက ဖွင့်လိုက်တာနဲ့ နံတာပဲ”
“အကြံကောင်းတယ်” ကလိုင်းဟာ ဘန်ဆင်အကြံကို သဘောတူပြီး အခွင့်အရေးကို လက်လွှတ်မခံဘဲ စကားလမ်းကြောင်းကို ကြိုးကိုင်ပါတယ် “ကျွန်တော့်အခန်းထဲက သဒ္ဒါစာအုပ်တချို့ကို ဖတ်ပါလား… တကယ် ဝင်ငွေကောင်းတဲ့ အလုပ်ကောင်းကောင်း ရဖို့ဆိုရင် အဲဒါကလည်း အရေးကြီးတယ်”
‘နောက်ကျရင် လိုအင်နိုင်ငံမှာ နိုင်ငံ့ဝန်ထမ်းစာမေးပွဲ ပေါ်လာနိုင်တယ်… အဲဒီတော့ ကြိုပြင်ဆင်ထားတာက သူများထက် ခေါင်းတစ်လုံး ပိုသာလိမ့်မယ်’
ကလိုင်းရဲ့ စကားကို ကြားတဲ့အခါ ဘန်ဆင်ရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ်။
“ဟုတ်တယ်… ငါ အဲဒါကို မေ့နေတာ… ငါတို့ရဲ့ တောက်ပတဲ့ အနာဂတ်အတွက် တစ်ခွက်တစ်ဖလား သောက်ရအောင်”
ဘန်ဆင်ဟာ ဂျုံဘီယာ မသောက်ပါဘူး။ ကမာစွပ်ပြုတ်ကို ခွက်သုံးခွက်ထဲ ထည့်ပြီး မောင်နှမသုံးယောက် ခွက်တိုက်ကြပါတယ်။
စွပ်ပြုတ်သောက်ပြီးနောက် ကလိုင်းဟာ ငါးကြော်နဲ့ ရန်ဖြစ်နေတဲ့ သူ့ညီမကို ကြည့်ကာ “အစ်ကိုရဲ့ စာအုပ်တွေကလွဲရင် မလီဆာက အဝတ်အစားအသစ် လိုလိမ့်မယ်”
မလီဆာဟာ ခေါင်းမော့ပြီး ရမ်းနေအောင် ခါပါတယ်။
“မလိုပါဘူး… ညီမ အထင်…”
“စုထားတာ ပိုကောင်းလိမ့်မယ်” ကလိုင်းက မလီဆာ စကားကို ဆုံးအောင် ပြောပေးလိုက်ပါတယ်။
“ဟုတ်တယ်” မလီဆာဟာ ခေါင်းညိတ်ပြီး သဘောတူပါတယ်။
“တကယ်တော့ ညီမ အကောင်းဆုံး အထည်နဲ့ ဒီဇိုင်းအသစ်ဆုံးကို မရွေးရင် သိပ်ပြီး ဈေးကြီးမှာ မဟုတ်ဘူး… ကျန်တဲ့ငွေကို စုလို့ရတာပဲ” ကလိုင်းဟာ မလီဆာ မငြင်းနိုင်အောင် ပြောပါတယ်။
ဘန်ဆင်ကလည်း ဝင်ပြောပါတယ် “မလီဆာ… ဆယ်လီနာရဲ့ ၁၆ နှစ်ပြည့် မွေးနေ့ပွဲကို အဝတ်အစားဟောင်းနဲ့ ထပ်သွားချင်လို့လား”
ဆယ်လီနာဝုဒ်က မလီဆာရဲ့ အတန်းဖော် သူငယ်ချင်းကောင်းပါ။ သူမက မိသားစုနောက်ခံ ကောင်းပါတယ်။ သူ့အစ်ကိုက ရှေ့နေ့ဖြစ်ပြီး သူ့အဖေကတော့ ဘက်ကလင်ဘဏ်ရဲ့ ထင်းဂန်မြို့ဘဏ်ခွဲမှာ အကြီးတန်းဝန်ထမ်းပါ။
ဒါပေမဲ့ ဒီမွေးနေ့ပွဲဆိုတာက မိတ်ဆွေတွေကိုပဲ ဖိတ်ကြားတဲ့ ညစာစားပွဲဖြစ်ပြီး စကားပြောကာ ကဒ်ဂိမ်း ကစားကြမှာပါ။
“ဟုတ်ကဲ့ပါ” မလီဆာဟာ ခေါင်းငုံ့ပြီး ခပ်တိုးတိုး ပြန်ဖြေပါတယ်။ အဲဒီနောက် သူမဟာ အမဲသားတုံး တစ်တုံးကို ခက်ရင်းနဲ့ ခပ်ကြမ်းကြမ်း ထိုးစိုက်လိုက်ပါတယ်။
တစ်ခဏ တိတ်ဆိတ်သွားပြီးနောက် မလီဆာဟာ တစ်စုံတစ်ခုကို တွေးမိတာကြောင့် ရုတ်ခြည်း ခေါင်းမော့လိုက်ပါတယ်။
“တစ်အိမ်ကျော်မှာနေတဲ့ မစ္စရှားက အစေခံနဲ့ ဖိတ်စာ ပို့လိုက်တယ်… မနက်ဖြန် ၄ နာရီ တရားဝင် လာလည်မယ်တဲ့… အိမ်နီးနားချင်းအသစ်တွေနဲ့ ရင်းနှီးချင်လို့တဲ့”
“မစ္စရှား…” ကလိုင်းဟာ ဝေခွဲမရတဲ့မျက်နှာနဲ့ ဘန်ဆင်နဲ့ မလီဆာကို ကြည့်လိုက်ပါတယ်။
ဘန်ဆင်ဟာ စားပွဲစွန်းကို လက်နဲ့တောက်ပြီး “အိမ်နံပါတ် ၄ က မစ္စရှားလား… ငါ သူ့ယောက်ျားကို တွေ့ဖူးတယ်… သူ့ယောက်ျားက အကြီးတန်းရှေ့နေ့ပဲ”
“အကြီးတန်းရှေ့နေ့… အဲဒါဆို သူက ဆယ်လီနာရဲ့ အစ်ကိုကို သိလိမ့်မယ် ထင်တယ်” မလီဆာဟာ ဝမ်းသာတဲ့ အရိပ်အယောင်နဲ့ ဆိုပါတယ်။
‘ငါတို့က အိမ်အမှတ် ၂ မှာ နေတာပဲ…’ ကလိုင်းဟာ ခေါင်းအသာ ညိတ်လိုက်ပါတယ်။
“အိမ်နီးနားချင်းတွေနဲ့ ရင်းနှီးတာ ကောင်းပါတယ်… ဒါပေမဲ့ ငါ့ကုမ္ပဏီက ဒီတနင်္ဂနွေနေ့ ရုံးတက်ရဦးမယ်… တနင်္လာနေ့ကျမှ အားမှာ… ငါ့ကိုယ်စား မစ္စရှားကို တောင်းပန်စကား ပြောပေးပါ”
စကားအဆုံးမှာ ကလိုင်းဟာ ဘဝဟောင်းက အိမ်နီးနားချင်းတွေနဲ့ ဒီဘဝ သံကြက်ခြေခတ်လမ်း တိုက်ခန်းမှာ နေတုန်းက အိမ်နီးနားချင်းတွေကို ရုတ်တရက် ပြန်တွေးမိပြီး သက်ပြင်းအသာ ချလိုက်ပါတယ်။
“တရားဝင် လာလည်မယ်… အိမ်နီးနားချင်းတွေက ဒီအတိုင်း အချိန်ကြာလာရင် ရင်းနှီးသွားတာပဲ မဟုတ်ဘူးလား”
“ဟားဟား… ကလိုင်း… အဲဒါ မင်း မသိသေးလို့… မင်းက ဒီရက်ထဲ သတင်းစာတွေပဲ ဖတ်ပြီး လူလတ်ပိုင်း အမျိုးသမီးတွေနဲ့ မိသားစုကို ပစ်မှတ်ထားတဲ့ မဂ္ဂဇင်းတွေကိုမှ မဖတ်တာ… သူတို့က တစ်နှစ်ဝင်ငွေ ပေါင်တစ်ရာကနေ ပေါင်တစ်ထောင်ကြားရတဲ့ မိသားစုတွေကို လူလတ်တန်းစားအဖြစ် သတ်မှတ်တယ်”
“သူတို့က အဲဒါကို နိုင်ငံတစ်ခုလုံးရဲ့ လူမှု အဆောက်အအုံအဖြစ် အားပေးပြီး လူလတ်တန်းစားက အထက်တန်းလွှာနဲ့ သူဌေးတွေလိုမျိုး မာနထောင်လွှားမှု မရှိတဲ့အကြောင်း ဆင်းရဲသားတွေလိုမျိုး စာနာထောက်ထားမှု မကင်းတဲ့အကြောင်း ချီးကျူးကြတယ်”
ဘန်ဆင်က အပြုံးနဲ့ ဆက်ရှင်းပြပါတယ် “ဒီမဂ္ဂဇင်းတွေက အထက်တန်းလွှာတွေရဲ့ ရိုးရှင်းလွယ်ကူတဲ့ အခမ်းအနားတွေကို ဗဟုသုတပေးတယ်… အဲဒီလိုနဲ့ အဲဒီအခမ်းအနားတွေက လူလတ်တန်းစားတွေရဲ့ ပစ်မှတ်ဖြစ်လာတယ်… အဲဒါကြောင့် ရင်းနှီးတဲ့ ဖိတ်ခေါ်မှု၊ အကြိုတရားဝင် ဖိတ်ခေါ်မှုနဲ့ တရားဝင် ဖိတ်ခေါ်မှုဆိုပြီး ကွဲသွားတယ်”
ပြောပြောဆိုဆို ဘန်ဆင်ဟာ ခေါင်းခါပြီး ရယ်လိုက်ပါတယ်။
“ပုံမှန်ဆိုရင် လူလတ်တန်းစားလို့ ခံယူထားတဲ့ အမျိုးကောင်းသားတွေ အမျိုးကောင်းသမီးတွေနဲ့ မဒမ်တွေက ဒီအခမ်းအနားတွေကို အနုစိတ် လိုက်လုပ်ကြတယ်… သူတို့ အိမ်နီးနားချင်းတွေဆီ နေ့လယ်ခင်း ၂ နာရီနဲ့ ၆ နာရီကြားမှာ သွားလည်ကြတယ်… အဲဒါကို မနက်ခင်း လည်ပတ်မှုလို့ ခေါ်တယ်”
“မနက်ခင်း လည်ပတ်မှုတဲ့လား” ကလိုင်းနဲ့ မလီဆာဟာ တအံ့တဩ မေးလိုက်ပါတယ်။
‘နေ့လယ်ခင်း ၂ နာရီနဲ့ ၆ နာရီ အလည်သွားတာ ဘယ်လိုဖြစ်ပြီး မနက်ခင်း လည်ပတ်မှု ဖြစ်သွားရတာလဲ’
ဘန်ဆင်ဟာ ခက်ရင်းနဲ့ဓားကို ချပြီး ပြုံးလိုက်ပါတယ် “ဘာဖြစ်လို့ အဲဒီလိုခေါ်လဲဆိုတာတော့ ငါလည်း မသိဘူး… ငါလည်း ငါတို့ကုမ္ပဏီက အမျိုးသမီး လုပ်ဖော်ကိုင်ဖက်တစ်ယောက် ယူလာတဲ့ မဂ္ဂဇင်းကို ဖတ်ကြည့်ပြီး ပြောတာ… သူတို့တွေ မနက်ခင်းဝတ်ရုံ ဝတ်ပြီး လည်ပတ်ကြလို့ အဲဒီလိုခေါ်တယ် ထင်တာပဲ”
မနက်ခင်းဝတ်ရုံက လူထုစုဝေးပွဲတွေမှာ ဝတ်ဆင်ကြတဲ့ တရားဝင် ဝတ်စုံပါ။ နောက်ပိုင်း အဲဒီဝတ်စုံက နေ့ခင်းဘက် တရားဝင် ဝတ်စုံဖြစ်လာပြီး ညနေဘက် တရားဝင်ဝတ်စုံနဲ့ ကွဲပြားခြားနားပါတယ်။
“အင်း… နေ့လယ်ကျရင် ကော်ဖီမှုန့်နဲ့ လက်ဖက်ခြောက် ကောင်းကောင်း ဝယ်ဖို့ မမေ့နဲ့… မစ္စစမရင်ဆီက အစာသွတ်ပေါင်မုန့်လည်း နည်းနည်းဝယ်ထား… ကျွန်တော်တို့တွေ အိမ်နီးနားချင်းတွေကို ဖြစ်သလို ဧည့်ခံလို့ မဖြစ်ဘူး”
ကလိုင်းဟာ ကျန်တဲ့ပေါင်မုန့်ကို အသားဆော့စ်ထဲ နှစ်ပြီး အာလူးတချို့နဲ့ ပါးစပ်ထဲ ထည့်လိုက်ပါတယ်။
…..
နောက်နေ့ မနက်ခင်းက တနင်္ဂနွေနေ့ပါ။
ကလိုင်းဟာ အညံစား လက်ဖက်ရည်ကို ကုန်အောင်သောက်ပြီး သတင်းစာကို အောက်ချကာ သက္ကလပ်ဦးထုပ် ဆောင်းလိုက်ပါတယ်။ အဲဒီနောက် ငွေရောင် လက်ကိုင်တုတ်ကို ကောက်ယူပြီး အေးအေးလူလူ အပြင်ထွက်ကာ ဇိုးတလန်လမ်းဆီ အများသုံး မြင်းလှည်း စီးသွားပါတယ်။
ညတာဝန်ပြီးလို့ နားနေခန်းမှာ အိပ်ဖို့ပြင်နေတဲ့ ရိုဇန်းကို နှုတ်ဆက်ပြီးနောက် သူဟာ မြေအောက်ခန်းဆီ ဆင်းပါတယ်။ ထောင့်ချိုး ကွေ့ပြီးတဲ့နောက်မှာတော့ ကလိုင်းဟာ အအိပ်မဲ့ ရိုင်ရွယ်ရီဒင်နဲ့ ဆုံပါတယ်။
ရိုင်ရွယ်ရီဒင်က အေးစက်တဲ့ မိန်းမပျိုနဲ့ တူပါတယ်။ သူ့မျက်ခုံးတွေက ရှည်လျားသေးသွယ်ပြီး မျက်လုံးတွေက ဝိုင်းစက်လှပါတယ်။ ဆံပင်တွေကလည်း အနက်ရောင် ပိုးသားလို ချောမွေ့ပါတယ်။
“မင်္ဂလာ မနက်ခင်းပါ မဒမ်ရီဒင်” ကလိုင်းဟာ အပြုံးနဲ့ နှုတ်ဆက်လိုက်ပါတယ်။
ရိုင်ရွယ်ဟာ သူ့ရဲ့ နက်ပြာရောင် မျက်လုံးတွေနဲ့ ကလိုင်းကို တစ်ချက်ကြည့်ပြီး မသိမသာ ခေါင်းပြန်ညိတ်ပြပါတယ်။
သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကျော်ဖြတ်သွားချိန်မှာ ရိုင်ရွယ်ဟာ ခြေလှမ်းရပ်ပြီး “အစီအရင်မှော်က အန္တရာယ် တော်တော်များတယ်”
‘ဟင်…’ ကလိုင်းဟာ လန့်သွားပါတယ်။ သူ လှည့်ကြည့်လိုက်ချိန်မှာ ထွက်ခွာသွားတဲ့ ရိုင်ရွယ်ရဲ့ ကျောပြင်ကိုသာ မြင်ရပါတော့တယ်။
“ကျေးဇူးပါ” ကလိုင်းဟာ မျက်မှောင်ကြုတ်ပြီး ရိုင်ရွယ်ရီဒင်ကို လှမ်းအော်ပြောပါတယ်။
အဲဒီနောက် ကလိုင်းဟာ လက်နက်တိုက်ထဲမှာ လူအိုကြီးနီးလ်နဲ့ တွေ့ပါတယ်။ ဒီနေရာမှာ ရှိမနေသင့်တဲ့ ဘရက်လည်း လက်နက်တိုက်ထဲမှာ ရှိနေပါတယ်။
“ငါ့နေရာကို သွားကြရအောင်… ငါ လိုအပ်တဲ့ ပစ္စည်းတွေ ရထားပြီးပြီ… ဘရက်က ငါ့အစား လက်နက်တိုက် ကြည့်ပေးမယ်တဲ့” လူအိုကြီးနီးလ်က မှိုရတဲ့မျက်နှာနဲ့ ဆိုပါတယ်။
ကလိုင်းဟာ ချက်ချင်းပဲ အံ့အားသင့်သွားပါတယ် “ကျွန်တော်တို့တွေ ဒီမှာလုပ်မှာ မဟုတ်ဘူးလား”
ငွေရောင်သေတ္တာကိုင်ထားတဲ့ လူအိုကြီးနီးလ်က “ဒီမှာ အစီအရင်မှော် လေ့ကျင့်ဖို့ နေရာလွတ် မရှိဘူး”
ကလိုင်းဟာ ဆက်မမေးတော့ဘဲ လူအိုကြီးနီးလ် နောက်ကနေ လိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဆူးနက်လုံခြုံရေး ကုမ္ပဏီက ထွက်ပြီး မြောက်ပိုင်းမြို့နယ် ဆင်ခြေဖုံးဆီကို အများသုံး မြင်းလှည်း စီးသွားပါတယ်။
လူအိုကြီးနီးလ်ရဲ့ အိမ်က တိုက်အိမ်လေးပါ။ တိုက်အိမ်ရှေ့မှာ နှင်းဆီ၊ ရွှေရောင်ပင်စိမ်း၊ တခြားကုန်ကြမ်းတွေနဲ့ ပြည့်နေတဲ့ ဥယျာဉ်တစ်ခု ရှိပါတယ်။
ကလိုင်း အထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ ကော်ဇောခင်းထားတဲ့ ဝင်ခန်းကို တွေ့လိုက်ရပါတယ်။ ဒီဝင်ခန်းမှာ ကျောမှီကုလားထိုင် နှစ်လုံးနဲ့ ထီးချိတ်စင် တစ်စင် ရှိနေပါတယ်။
ဝင်ပေါက်ခန်းကို ဖြတ်ပြီးတဲ့နောက်မှာတော့ ကျယ်ဝန်းတဲ့ ဧည့်ခန်းဆီ ရောက်သွားပါတယ်။ ဧည့်ခန်းနံရံတွေကို အရောင်ဖျော့ဖျော့ နံရံကပ်စက္ကူတွေ ကပ်ထားပါတယ်။ ကြမ်းပြင်ကတော့ ညိုနက်ရောင် ရှိပါတယ်။ ဧည့်ခန်းအလယ်က စားပွဲဝိုင်းအပေါ်မှာတော့ ပန်းကွက်ဖော်ထားတဲ့ ကော်ဇောလေး ခင်းထားပါတယ်။
ဒီစားပွဲကို သက်သောင့်သက်သာရှိတဲ့ ခုံတန်းရှည်တွေ တစ်ဦးထိုင် ထိုင်ခုံတွေနဲ့ စန္ဒယားတစ်ခုက ဝန်းရံထားပါတယ်။
“ငါ့ရဲ့ ဆုံးသွားတဲ့ ဇနီးက ဂီတကို ချစ်မြတ်နိုးတယ်လေ” လူအိုကြီးနီးလ်ဟာ လမ်းလျှောက်ရင်း စန္ဒယားကို လက်ညှိုးထိုးကာ ဆိုပါတယ် “ဆိုဖာနဲ့ ကော်ဖီစားပွဲက အိပ်ခန်းထဲမှာ… အစီအရင်မှော်ကို ဧည့်ခန်းထဲမှာ လုပ်ကြတာပေါ့”
“ဟုတ်ကဲ့ပါ” ကလိုင်းဟာ သတိရှိရှိနဲ့ ပြန်ဖြေလိုက်ပါတယ်။
လူအိုကြီးနီးလ်ဟာ ငွေသေတ္တာကို အောက်ချပြီး ရယ်ကာမောကာ ဆိုပါတယ် “ငါမင်းကို အစီအရင်မှော် လက်တွေ့ပြမယ်… သေချာကြည့်ပြီး မှတ်ထားချည်”
ပြောပြောဆိုဆို လူအိုကြီးနီးလ်ဟာ ငွေသေတ္တာထဲက သိုးသားရေအတု စာရွက်ကို ထုတ်ယူလိုက်ပါတယ်။ အထူးပြုလုပ်ထားတဲ့ စာရွက်ဖြစ်ပြီး မှင်နက်နဲ့ ထူးဆန်းတဲ့ပုံတွေ ဆွဲထားကာ ကြည်လင်အေးချမ်းတဲ့ ရနံ့တစ်မျိုးကို ထုတ်လွှတ်နေပါတယ်။
ကလိုင်းဟာ ကြည့်နေရင်းနဲ့ နောက်ဆုံးမှာ လူအိုကြီးနီးလ်က အကြွေးစာချုပ် ရေးနေတယ်ဆိုတာကို သိသွားပါတယ်။
လူအိုကြီးနီးလ်က သက်ဆိုင်တဲ့ နေရာမှာ နံပါတ် ၃၀ နဲ့ ပေါင်သင်္ကေတကို ဖြည့်လိုက်တဲ့အခါ ကလိုင်းဟာ မနေနိုင်တော့ဘဲ မေးခွန်းထုတ်မိပါတယ် “မစ္စတာနီးလ်… မစ္စတာနီးလ် ဘယ်လို အစီအရင်မှော်မျိုးကို လုပ်မှာလဲ”
လူအိုကြီးနီးလ်ဟာ ချောင်းဟန့်ပြီး တည်တည်တံ့တံ့ လေးလေးနက်နက် ပြန်ဖြေပါတယ် “ငါ အဲဒီအကြွေး ပေါင် ၃၀ ကို မှော်ပညာသုံးပြီး ဆပ်မလို့”
‘အဲဒီလိုလုပ်လို့ ရတာပဲလား’ ကလိုင်းဟာ မျက်လုံးပြူးသွားပြီး ပါးစပ်လည်း အဟောင်းသား ဖြစ်သွားပါတယ်။