အခန်း (၄၉) မှော်မှန် ဗေဒင်
ဂမ္ဘီရနယ်ပယ်ထဲကို ခြေစချတဲ့ အမြင်ဆရာတစ်ယောက် အနေနဲ့ ကလိုင်းဟာ အများကြီးသိတယ်လို့ ဝန်မခံရဲပါဘူး။ ဒါပေမဲ့ သာမန်လူတွေထက် ပိုသိတယ် ဆိုတာကိုတော့ ဝန်ခံရဲပါတယ်။ ဗေဒင်အမျိုးမျိုးကို မျိုးတူရာ စုလိုက်ရင် အုပ်စုသုံးစု ခွဲခြားလို့ရပါတယ်။
ဒီစနစ်က နိမိတ်ရင်းမြစ်ပေါ် အခြေခံပြီး ခွဲခြားတဲ့ စံသတ်မှတ်ချက်ပါ။
ပထမအုပ်စုက တဲရော့၊ ဖဲချပ်၊ ချိန်သီး၊ စိတ်ဝိညာဉ် လက်ကိုင်တုတ်နဲ့ အိပ်မက်တွေ ပါဝင်ပါတယ်။ ဒီနည်းလမ်းတွေက ဗေဒင်မေးသူရဲ့ စိတ်ဝိညာဉ်နဲ့ စိတ်ဝိညာဉ်လောကကို ဆက်သွယ်ပြီး နိမိတ်ဖတ်တာပါ။
ဒါပေမဲ့ စိတ်ဝိညာဉ်ချိန်သီးနဲ့ လက်ကိုင်တုတ်တွေက အသုံးပြုသူရဲ့ စိတ်ဝိညာဉ်စွမ်းအား၊ စိတ်ဝိညာဉ် ခန္ဓာကိုယ်နဲ့ လိပ်ပြာတွေ အားကောင်းနေဖို့ လိုအပ်ပါတယ်။ သာလွန်သူ မဟုတ်ရင် တိကျရှင်းလင်းတဲ့ အဖြေ မရနိုင်ပါဘူး။
ကဒ်တွေကတော့ အသေသတ်မှတ်ထားတဲ့ သင်္ကေတတွေ ရှိတဲ့အတွက် သာမန်လူတွေတောင် အဓိပ္ပာယ် နည်းနည်း ကောက်ယူနိုင်ပါတယ်။ အိပ်မက်တွေကတော့ ဒီနှစ်ခုရဲ့ကြားမှာရှိတဲ့ ပုံစံသစ်တစ်မျိုးပါ။
ဒုတိယအုပ်စုကတော့ စိတ်ဝိညာဉ် ဂဏန်းဗေဒင်၊ နက္ခတ္တဗေဒနဲ့ သူတို့က ဆင်းသက်လာတဲ့ ပညာရပ်တွေ ပါဝင်ပါတယ်။ ဗေဒင်ဆရာတွေဟာ ဗေဒင်မေးသူရဲ့ ကိုယ်ရေးအချက်အလက် ဒါမှမဟုတ် ဗေဒင်မတွက်ခင် သဘာဝတရားရဲ့ ပြောင်းလဲမှုကို ကြည့်ပြီး တွက်ချက် အဓိပ္ပာယ်ကောက်ယူကာ မေးခွန်းတွေ ဖြေပေးပါတယ်။ ဒီနည်းလမ်းမှာ အခရာကျတာက ဗေဒင်ဆရာပါ။
တတိယအုပ်စုကတော့ ဗေဒင်မေးသူရော ဗေဒင်ဆရာရော မဟုတ်တဲ့ ပြင်ပအင်အားကို အသုံးပြုပါတယ်။ ကလိုင်း ဘဝဟောင်းတုန်းက ရင်းနှီးခဲ့တဲ့ ဝိညာဉ်ခေါ်သင်ပုန်းဟာ ဒီအုပ်စုထဲမှာ ပါဝင်ပါတယ်။ သူတို့တွေက အစီအရင်တွေသုံးပြီး အမျိုးအမည်မသိ တည်ရှိမှု ဒါမှမဟုတ် သဘာဝလွန် တည်ရှိမှုဆီကနေ တိုက်ရိုက် အဖြေတောင်းခံပါတယ်။
သာမန်လူတွေ အစီအရင်လုပ်ရင် အောင်မြင်ဖို့ ရာခိုင်နှုန်း သိပ်မရှိပေမဲ့ တချို့အဖြစ်အပျက်တွေမှာ မကောင်းတဲ့ တည်ရှိမှုတွေနဲ့ ဆက်သွယ်မိပြီး ရူးသွပ်အောင် လုပ်ခံရတာတွေ ရှိပါတယ်။ ဒီဗေဒင်တွက်နည်းတွေက အမြဲလိုလို ကံဆိုးမိုးမှောင်ကျလေ့ ရှိပါတယ်။
ဟန်းနစ်ဗင်းဆင့်ပြောတဲ့ မှော်မှန်ဗေဒင်က တတိယအုပ်စုထဲမှာ ပါပါတယ်။ ဂမ္ဘီရနယ်ပယ်မှာ မှန်တွေက စိတ်ဝိညာဉ်လောကဆီ ဦးတည်တဲ့ တံခါးလိုမျိုး အမျိုးအမည်မသိမှု၊ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ဆက်နွှယ်နေပါတယ်။
ကလိုင်းဟာ အစည်းအဝေးခန်း အပြင်မှာရပ်ပြီး နာမည်ကျော် ဗေဒင်ဆရာ ဟန်းနစ်ဗင်းဆင့်က မှော်မှန်ဗေဒင်ကို ဘယ်လိုရှင်းပြမလဲဆိုတာ နားထောင်ပါတယ်။ သေချာအောင် စိစစ်ပြီးရင် ကပ္ပတိန်ကို သတင်းပေးသင့် မပေးသင့် သူ ဆုံးဖြတ်ရမှာပါ။
တကယ်တော့ မှော်မှန်ဗေဒင်ကို ဘေးကင်းကင်းနဲ့ အသုံးပြုလို့ရတဲ့ နည်းလမ်းရှိပါတယ်။ အဲဒါကတော့ လမ်းမှန် နတ်ဘုရားခုနစ်ပါးဆီကနေ အဖြေ တောင်းခံတာပါ။ သာမန်လူတွေအတွက် ဆက်သွယ်ခံရဖို့ အလွန်ခက်ခဲပေမဲ့ ဒီနည်းလမ်းက ဘာအန္တရာယ်မှမရှိသလို ဘာဆိုးကျိုးမှလည်း မရှိပါဘူး။
ညသိမ်းငှက်နဲ့ ဒဏ်ခတ်သမားတွေ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတဲ့ မှော်မှန်ဗေဒင်တွေက မိစ္ဆာနတ်ဘုရားတွေနဲ့ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုတွေဆီက အကူအညီ တောင်းခံတာပါ။ နောက်ပြီး ဗေဒင်ဆရာတွေက ကျပမ်း လုပ်ချင်ရာ လျှောက်လုပ်လို့ မရပါဘူး။ တချို့စကားစုတွေက အမျိုးအမည်မသိ တည်ရှိမှုတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်တဲ့ အလားအလာ ရှိပါတယ်။
သာလွန်သူစွမ်းအား တည်ရှိတဲ့ ဒီကမ္ဘာမှာ ဒီလိုမျိုးအနာဂတ်ကို တွက်ချက်တဲ့ နည်းလမ်းတွေက မကြာခဏ ကံဆိုးမိုးမှောင်ကျမှုတွေဆီ ဦးတည်စေပါတယ်။ ကလိုင်းဟာ အရင်ကလိုင်း၊ ဝဲလ်နဲ့ နာယာတို့က အန်တီဂိုနပ်မိသားစုရဲ့ ဒိုင်ယာရီထဲကအတိုင်း တားမြစ်နည်းလမ်း တစ်ခုခုကို လုပ်ဆောင်ခဲ့တယ်လို့တောင် သံသယဝင်မိပါတယ်။
အဲဒီအချိန်မှာ ဟန်းနစ်ဟာ မှော်မှန်ဗေဒင် နောက်ကွယ်က နိယာမတွေကို ရှင်းပြပြီးလို့ ဘယ်လိုဘယ်နည်း လုပ်ဆောင်ရမယ်ဆိုတာကို ဆက်ပြောပါတယ်။
“ပထမဦးဆုံး မင်းတို့တွေ ကိုယ်ယုံကြည်တဲ့ နတ်ဘုရားအလိုက် သင်တော်တဲ့ အချိန်နဲ့ နေ့ရက်ကို ရွေးချယ်ရမယ်… မင်းတို့တွေ ဒီနက္ခတ္တဗေဒ အညွှန်းစာအုပ်ကို ကြည့်ပြီး ဆုံးဖြတ်လို့ရတယ်… ဥပမာပေးရရင် အနားယူခြင်းရဲ့ ပြယုဂ်ဖြစ်တဲ့ တနင်္ဂနွေနေ့က ထာဝရည နတ်ဘုရားမရဲ့ သင်္ကေတဆိုတာကို ငါတို့အားလုံး သိကြတယ်…”
“မနက်စောစော ၂ နာရီကနေ ၃ နာရီ၊ ၉ နာရီကနေ ၁၀ နာရီ၊ ညနေ ၄ နာရီကနေ ၅ နာရီ၊ ၁၁ နာရီကနေ သန်းခေါင်ယံအထိ အချိန်တွေက လနဲ့ ပတ်သက်တယ်… အဲဒါကြောင့် အဲဒီအချိန်တွေကို ထာဝရညနတ်ဘုရားမကို စိုးမိုးတယ်… အဲဒါကြောင့် ထာဝရညနတ်ဘုရားမကို ဆုတောင်းမဲ့ ဗေဒင်ဆရာတွေက တနင်္ဂနွေနေ့ရဲ့ ဒီအချိန်တွေမှာ မှော်မှန်ဗေဒင်ကို အသုံးပြုလို့ရတယ်”
‘တော်တော် သိထားတာပဲ…’ ကလိုင်းဟာ တစ်ဝက်ပိတ်ထားတဲ့ တံခါးနဲ့ ကိုယ်ကို ကွယ်ပြီး ခေါင်းအသာ ညိတ်လိုက်ပါတယ်။
အဓိက ဘုရားကျောင်း ၇ ကျောင်းက တစ်ကျောင်းနဲ့ တစ်ကျောင်း ကန့်သတ်ထားတဲ့အတွက် ဂမ္ဘီရအသိပညာ တချို့ဟာ အပြင်ကို ပေါက်ကြားလာခဲ့ပါတယ်။ ဥပမာပြောရရင် သင်္ကေတတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်တော်တော်များများကို နက္ခတ္တဗေဒ အညွှန်းစာအုပ်ထဲမှာ တွေ့ရှိနိုင်ပါတယ်။
ဒါပေမဲ့ မှော်ဆေးရည်တွေ သာလွန်စွမ်းအားတွေ မရှိဘဲ သာမန်လူတွေက လိုချင်တဲ့အကျိုးရလဒ်ကို ရနိုင်မှာ မဟုတ်ပါဘူး။
“ဒုတိယက ငါတို့တွေ မှန်ကို သေချာဂရုတစိုက် ကြည့်ရှု စစ်ဆေးရမယ်… မင်းတို့ရဲ့မှန်က ငွေအုပ်ထားတဲ့ မှန်ဖြစ်ဖို့ လိုတယ်… ပြီးရင် လကို ကိုယ်စားပြုတဲ့နေရာမှာ မှန်ကို ထားရမယ်…” ဟန်းနစ်ဟာ သူ့လက်ထဲက မှန်နဲ့ သရုပ်ပြပါတယ်။
‘မဟုတ်ဘူး… မင်းတို့ လိုတာက စိတ်ဝိညာဉ်စွမ်းအား တွက်ချက်မှုပဲ… ပထမဆုံး နေရာတစ်ခု ရွေးပြီး ‘ဒီနေရာက မှော်မှန်ဗေဒင်အတွက် သင့်တော်လား’ ဆိုတဲ့ စကားကို မင်းရဲ့စိတ်ထဲမှာ ၇ ခေါက်ရွတ်… ပြီးရင် ချိန်သီးက ဘယ်ဘက်ကို လည်လဲကြည့်…’
‘နာရီလက်တံအတိုင်းဆိုရင် အဲဒီနေရာ အဆင်ပြေတယ်… နာရီလက်တံ ပြောင်းပြန်ဆိုရင် အဲဒီနေရာ အဆင်မပြေဘူး… မင်းတို့တွေက သဘာဝလွန် တည်ရှိမှုဆီကနေ အဖြေတောင်းခံတာဆိုရင်တော့ နေရာက အဲဒီလောက် အရေးမကြီးဘူး… အဲဒီတည်ရှိမှုက မင်းတို့ကို အဖြေပေးချင်လား အဖြေမပေးချင်ဘူးလားဆိုတဲ့ အပေါ်ပဲ မူတည်တယ်’ ကလိုင်းဟာ စိတ်ထဲကနေ ဆက်ပြောပေးပါတယ်။
ဒီအချိန်မှာ သူဟာ စာသင်တာကို နားထောင်နေတဲ့ ဆရာတစ်ယောက်လိုမျိုး ခံစားလိုက်ရပါတယ်။
ဟန်းနစ်ဗင်းဆင့်ဟာ ကလိုင်း စိတ်ထဲက စကားကို မကြားနိုင်ပါဘူး။ သူဟာ သာမန်လေသံနဲ့ ပြင်ဆင်ရမှာတွေကို အသေးစိတ် ပြောပြပါတယ်။
အဖွဲ့ဝင်တွေ မှတ်လို့ပြီးတဲ့အခါမှာတော့ သူဟာ ဆက်ရှင်းပြပါတယ် “ရေချိုးပြီးရင် မင်းတို့ရဲ့ လိုက်ကာတွေ တံခါးတွေ သေချာပိတ်ထားလား ဆိုတာကို ကြည့်ရမယ်… အဲဒါပြီးရင် ဖယောင်းတိုင် တစ်တိုင် မှန်ရှေ့မှာထွန်း… ပြီးရင် မင်းတို့ ယုံကြည်တဲ့ နတ်ဘုရားကို စိတ်ထဲကနေ နှစ်နှစ်ကာကာ ဆုတောင်း… မင်းတို့ရဲ့ မေးခွန်းက အရိုးရှင်းဆုံး ဖြစ်နေဖို့ လိုတယ်… စကားလုံး အလှတွေ သုံးဖို့ မလိုဘူး… ၇ ခေါက် ဆုတောင်းပြီးရင် မှန်ကို ကောက်ယူပြီး ကြမ်းပြင်ပေါ် အသာလေး ပစ်ချလိုက်… ညင်ညင်သာသာ ပစ်ချနော်… မှန်ကွဲကြေသွားတဲ့ ပုံစံက နတ်ဘုရားတွေဆီကလာတဲ့ စကားပဲ… အဓိက သင်္ကေတတွေကို ငါ ဆက်ပြောပြမယ်”
‘ဟူး… ဒါက အဖြူရောင် မှော်မှန်ဗေဒင်ပဲ’ ကလိုင်းဟာ သက်ပြင်းရှည်ကြီးချပြီး အစည်းအဝေးခန်းထဲ ပြန်ဝင်ကာ ခုနက သူ့နေရာမှာ ပြန်ထိုင်ပါတယ်။ သူဟာ တောင်ပိုင်းဗီးလ် ကော်ဖီ လက်ကျန်ကို တစ်ကျိုက်တည်း ကုန်အောင် သောက်လိုက်ပါတယ်။
အဖြူရောင် မှော်မှန်ဗေဒင်ဆိုတာက ဆက်သွယ်ခံရကောင်း ခံရနိုင်ပေမဲ့ နိမိတ်ကောက်ယူဖို့ကတော့ မဖြစ်နိုင်ပါဘူး။
အဲဒီအဆင့်ကို ရောက်သွားတဲ့ သာလွန်သူတွေက မှန်ထဲကို တည့်တည့်ကြည့်ရုံနဲ့ တိကျရှင်းလင်းတဲ့ သတင်းအချက်အလက်ကို ရရှိနိုင်ပါတယ်။ တစ်ဖက်တည်ရှိမှုက တုံ့ပြန်ရင်ပေါ့။
မှန်ကွဲကြေသွားပြီးရင် ပေါ်လာနိုင်တဲ့ သင်္ကေတတွေက အများကြီး ရှိပါတယ်။ အဲဒါကြောင့် ဟန်းနစ်ဟာ ဒီအကြောင်းကို အချိန်အတော်ကြာအောင် ပြောရပါတယ်။ အက်ဝါ့ဒ် ဗေဒင်ဟောပြီးလို့ ပြန်လာတာတောင် ဒီအကြောင်းက ပြောလို့ မပြီးသေးပါဘူး။
ကလိုင်းဟာ အက်ဝါ့ဒ် ဘယ်လို ဗေဒင်ဟောတယ် ဘယ်လို နည်းလမ်း သုံးတယ်ဆိုတာကို မမေးပါဘူး။ ဒါက မမေးသင့်တဲ့အရာဆိုတာ ဗေဒင်ဆရာတိုင်း သိပါတယ်။ သူက အမြင်ဆရာအဖြစ် နေနေတာ ဖြစ်တဲ့အတွက် တစ်ဖက်လူက ထုတ်မပြောရင် ဒီလိုစည်းမျဉ်းစည်းကမ်းတွေကို တင်းတင်းကြပ်ကြပ် လိုက်နာမှာပါ။
“ငါတို့ အဓိပ္ပာယ် ကောက်တာတွေက ဝေဝါးလွန်းတယ်… မေးခွန်းတွေ လူတွေအပေါ် လိုက်ပြီး အဓိပ္ပာယ်ကောက်နေသလိုပဲ”
အက်ဝါ့ဒ်ဟာ စီးဘလက် လက်ဖက်ရည်ကို တစ်ငုံသောက်ပါတယ် “ဥပမာပြောရရင်ကွာ ခက်ခဲနေတဲ့လူတွေ ဘေးဒုက္ခရောက်နေတဲ့ လူတွေကို နောက်ဆုံးကျရင် မျှော်လင့်ချက်ရောင်ခြည် မြင်ရမယ်လို့ ဟောတယ်… ဟီးဟီး… ဒါပေမဲ့ အဲဒီ မျှော်လင့်ချက်ရောင်ခြည်က ဘယ်တော့မှ ပေါ်လာမလဲဆိုတာ ဘယ်သူမှ မသိဘူး…”
“နောက်ပြီး ခရီးတစ်ခုက တော်တော်လေး ခက်ခဲလိမ့်မယ်၊ ချောချောမွေ့မွေ့ မရှိဘူး၊ အဆင်မပြေဘူး၊ ဒါပေမဲ့ သေချာပေါက် အသက်ရှင်လိမ့်မယ်လို့ ဟောတယ်ကွာ… ဟီးဟီး… သေသွားတဲ့လူတွေက ငါတို့ကိုမှ ရန်လာမတွေ့နိုင်တာ”
အက်ဝါ့ဒ်ဟာ အစကနေ နားမထောင်လိုက်ရတာကြောင့် ဟန်းနစ်ရဲ့ မှော်မှန်ဗေဒင် သင်ခန်းစာကို လိုက်နားမထောင်ပါဘူး။
“ရှင်သန်ဖို့ အခြေခံလေ” ကလိုင်းဟာ အပြုံးနဲ့ ဆိုပါတယ်။
ရှင်သန်ဖို့ အခြေခံဆိုတာက အချက်အလက် အများစုမှာ အသက်ရှင်တာနဲ့ ကံကောင်းတာပဲ ပါတာကို ပြောတာပါ။ သေတာကို ထည့်မတွက်တဲ့အတွက် ဒီအချက်အလက်က တစ်ဖက်သတ်ဆိုတာ အထင်ရှားကြီးပါ။
“ဟုတ်တယ်… ဧကရာဇ်ရစ်ဆဲလ်က တကယ်ကို တွေးခေါ်ပညာရှင်ပဲ”
အက်ဝါ့ဒ်စကားကို နားထောင်ပြီး ဆွံအသွားတဲ့ ကလိုင်းဟာ ဘာမှမရှိတဲ့ခွက်ကို မြှောက်ပြီး တစ်ငုံသောက်ဟန် ဆောင်ပါတယ်။
အဖွဲ့သားတွေဟာ တစ်နေ့လယ်ခင်းလုံး ဇာတာခွင်နဲ့ မှော်မှန်ဗေဒင်အကြောင်းကို စိတ်ရောကိုယ်ပါ လေ့လာကြပါတယ်။ သူတို့တွေဟာ ကလိုင်း၊ အက်ဝါ့ဒ်တို့နဲ့လည်း မကြာမကြာ ဆွေးနွေးကြပါတယ်။
အဲဒီအချိန်ရောက်ရင်တော့ ကလိုင်းဟာ ညသိမ်းငှက်ရဲ့ တရားမဝင် အဖွဲ့ဝင်အနေနဲ့ သူ့တာဝန်ကို အကောင်းဆုံး ထမ်းဆောင်ပါတယ်။ သာလွန်သူတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အန္တရာယ်ရှိတဲ့ အကြံတွေဆိုရင် အတတ်နိုင်ဆုံး ကြိုးစားပြီး စကားလမ်းကြောင်း လွှဲပစ်ပါတယ်။
ဒါပေမဲ့ သူ အလုပ်ချင်ဆုံး အရာကိုတော့ မအောင်မြင်ပါဘူး။ ဗေဒင်ဟောဖို့ပါ။ တစ်ယောက်နှစ်ယောက် စုံစမ်းပေမဲ့ သူ့ကို ဘယ်သူမှ ဗေဒင် မမေးပါဘူး။
‘ကြည့်ရတာ ငါ ဒီလူတွေကို ဒီထက်ပိုပြီးတော့ ဧည့်ခံမှနဲ့ တူတယ်… မင်းကို ကံဆိုးမှုတွေ လွှမ်းမိုးနေတယ်… မင်း ဒီရက်ထဲ ကံမကောင်းဘူးမလား… ဒီရက်ထဲ မင်းလုပ်တာတွေ ဘာမှ အဆင်မပြေဘူးမလား… ငါ ဒီလိုမျိုး စကားလုံးတွေ သုံးသင့်လား… မဟုတ်ဘူး… ဒါက အမြင်ဆရာနဲ့ လုံးဝမတူဘူး…’
ဒီအတွေးတွေကြောင့် ကလိုင်းဟာ ခေါင်းခါပြီး သူ့ကိုယ်သူ သရော်ပြုံး ပြုံးမိလိုက်ပါတယ်။ အဲဒီနောက် သူဟာ လက်ကိုင်တုတ်ကို ကောက်ယူပြီး မတ်တတ်ရပ်ကာ အားလုံးကို နှုတ်ဆက်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ အစည်းအဝေးခန်းထဲကနေ ထွက်ခွာသွားပါတယ်။
အက်ဝါ့ဒ်ဟာ ငါးနာရီခွဲမှာ ကုတ်အင်္ကျီဝတ်ပြီး ဗေဒင်ကလပ်ကနေ ထွက်သွားဖို့ ပြင်နေတုန်းမှာပဲ ရင်းနှီးတဲ့ လူတစ်ယောက်ကို ရုတ်တရက် တွေ့လိုက်ရပါတယ်။
“မင်္ဂလာ နေ့လည်းခင်ပါ ဂလက်ဆစ်… မတွေ့ရတာ ကြာပြီနော်” အက်ဝါ့ဒ်ဟာ အပြုံးနဲ့ နှုတ်ဆက်ပါတယ်။ ဝတ်နေကျဝတ်စုံနဲ့ အနက်ရောင် နက်ကတိုင်ကို ဝတ်ဆင်ထားတဲ့ သူ့သူငယ်ချင်း ဂလက်ဆစ်ဟာ သူနဲ့ စိတ်ဝင်စားတာ တူပါတယ်။ သူ့သူငယ်ချင်းရဲ့ ရင်ဘက်မှာတော့ တစ်ဖက်မျက်မှန် ဆွဲထားပါတယ်။
အဲဒီနောက် ချက်ချင်းဆိုသလို သူ့သူငယ်ချင်းက နေမကောင်းဖြစ်နေပုံ ရှိတာကို အက်ဝါ့ဒ် သတိထားမိလိုက်ပါတယ်။ သူ့သူငယ်ချင်းရဲ့ ရွှေရောင်ဆံပင်တွေက ခြောက်ကပ်ပုံ ပေါ်နေပါတယ်။
“မင်္ဂလာ နေ့လယ်ခင်းပါ… အက်ဝါ့… အဟွတ်…” လက်ထဲမှာ ဦးထုပ်ကိုင်ထားတဲ့ ဂလက်ဆစ်ဟာ ရုတ်တရက် လက်သီးသုံးပြီး ပါးစပ်ကိုကာကာ ချောင်းသုံးလေးချက် ဆိုးပါတယ်။
အက်ဝါ့ဒ်ဟာ ဂရုတစိုက် မေးပါတယ် “မင်းကြည့်ရတာ နေမကောင်းသလိုပဲ”
“ဟုတ်တယ်… တော်တော်ဆိုးတယ်… အဆုတ်ရောင်ရောဂါ… ငါ့မိန်းမသာ အထင်ကြီးလေးစားဖို့ကောင်းတဲ့ ဆေးဖော်သမားနဲ့ တွေ့ပြီး ငါ့ကို မှော်ဆန်တဲ့ဆေး မပေးခဲ့ရင် မင်း ငါ့ရဲ့ အုတ်ဂူကို လာလည်နေရလောက်ပြီ” ဂလက်ဆစ်ရဲ့ လေသံဟာ ကြောက်ရွံ့မှုနဲ့ ပျော်ရွှင်မှုတွေ ရောယှက်နေပါတယ်။
“အို အရှင်… ငါ ယုံတောင် မယုံနိုင်ဘူး… အရင်တုန်းက မင်း ဒေါင်ဒေါင်မြည်နေခဲ့တာပဲ… အခုမင်းကို ကြည့်စမ်း… လေတိုက်ရင်တောင် လွင့်ပါသွားလောက်တယ်… ငါ မင်းကို ဗေဒင်တွက်ပေးတုန်းက မင်းမှာ ကြီးကြီးမားမား ရောဂါရလိမ့်မယ်လို့ မတွေ့ခဲ့ရပါဘူး” အက်ဝါ့ဒ်ဟာ လက်ကိုင်တုတ်ကို ဝှေ့ယမ်းရင်း အံ့အားသင့်တဲ့ မျက်နှာနဲ့ ဆိုပါတယ်။
“ငါ တွက်ကြည့်တုန်းကလည်း မင်းလိုပဲ… ကြည့်ရတာ ငါတို့က ဗေဒင်ဆရာကောင်းတွေ မဟုတ်ဘူးနဲ့ တူတယ်…” ဂလက်ဆစ်ဟာ တနင်္လာနေ့မှာ ဖြစ်ပျက်ခဲ့တာကို ရုတ်တရက် ပြန်တွေးမိပြီး မျက်နှာအမူအရာတစ်ခုလုံး သာမန် မဟုတ်လောက်အောင် လေးနက်သွားပါတယ်။
အဲဒီအချိန်မှာ မိန်းမလှ အန်ဂျလီကာ ရောက်လာပြီး အပြုံးနဲ့ ဦးညွှတ်ပါတယ်။ အချင်းချင်း နှုတ်ဆက်ပြီးနောက် အန်ဂျလီကာဟာ ဂလက်ဆစ်ရဲ့ ကျန်းမာရေးအကြောင်း မေးမြန်းကာ အကြံတချို့ ပေးပါတယ်။ အဲဒီနောက်…
“မစ္စတာဂလက်ဆစ်… အရင်တစ်ခေါက်က မစ္စတာဂလက်ဆစ်ဆီမှာ ဗေဒင်မေးတဲ့ မစ္စတာမိုရက်တီကို မှတ်မိသေးလား… သူလည်း ကျွန်မတို့ ကလပ်ထဲ ဝင်လာတယ်”
“ငါ့ကို ဗေဒင်တွက်ခိုင်းတဲ့ တစ်ယောက်လား” ဂလက်ဆစ်ရဲ့ မျက်လုံးတွေဟာ ချက်ချင်း တောက်ပသွားပါတယ် “အို အရှင်… သူ ဘယ်မှာလဲ”
“အခုလေးတင် ပြန်သွားပြီ” အန်ဂျလီကာနဲ့ အက်ဝါ့ဒ်ဟာ ဂလက်ဆစ်ရဲ့ သာမန်မဟုတ်တဲ့ တုံ့ပြန်မှုကို နားမလည်နိုင်ပါဘူး။
ဂလက်ဆစ်ဟာ တုန်တုန်လှုပ်လှုပ်နဲ့ ခြေနှစ်လှမ်း လှမ်းပြီး “နောက်တစ်ခါ သူလာလို့ ငါ မရှိရင် သူ ဘယ်အချိန် လာမလဲဆိုတာ မေးထားပေးပါ”
“ဂလက်ဆစ်… ဘာဖြစ်လို့လဲ… မစ္စတာကလိုင်းမိုရက်တီက မင်းကို တစ်ခုခု လုပ်ထားလို့လား” အက်ဝါ့ဒ်က နားမလည်နိုင်တဲ့မျက်နှာနဲ့ မေးပါတယ်။
ဂလက်ဆစ်ဟာ လက်မောင်းမြှောက်ပြီး အက်ဝါ့ဒ်နဲ့ အန်ဂျလီကာရဲ့ မျက်လုံးတွေကို စိုက်ကြည့်ကာ စိတ်လှုပ်တရှား ပြောပါတယ် “သူက… အရမ်း အရမ်း အရမ်းကို မှော်ဆန်တဲ့…”
ဂလက်ဆစ်ဟာ ‘အရမ်း’ ဆိုတဲ့ စကားလုံးကို သုံးကြိမ်ပြောပြီး လက်မောင်း ပြန်ချလိုက်ပါတယ် “ဆရာဝန်ပဲ”