အခန်း (၄၈) ဟန်းနစ်ဗင်းဆင့်
ဗေဒင်ကလပ်က ထင်းဂန်မြို့၊ မြောက်ပိုင်းမြို့နယ်ရဲ့ ဟောက်စ်လမ်း အမှတ်(၁၃) ဒုတိယထပ်မှာ တည်ရှိပါတယ်။
ကလိုင်းဟာ ဧည့်သည်တွေကို ကြိုဆိုတဲ့ လှပတဲ့မိန်းမပျိုကို ထပ်ပြီးတော့ တွေ့လိုက်ရပါတယ်။ တွန့်လိမ်နေတဲ့ ဝါညိုရောင် ဆံနွယ်ရှည်တွေက မိန်းမပျိုကို ပိုပြီးတော့ ရင့်ကျက် ကြော့ရှင်းစေတဲ့အတွက် အသက် ဘယ်လောက်ရှိလဲဆိုတာ ခန့်မှန်းဖို့ ခက်ပါတယ်။
“မင်္ဂလာပါ… မစ္စတာ ဂလက်ဆစ်က ဒီနေ့ ဒီမှာမရှိဘူး… ဗေဒင်တွက်ဖို့ လူပြောင်းချင်းလား” လှပတဲ့ မိန်းမပျိုက အပြုံးနဲ့ မေးပါတယ်။
ဦးထုပ်ချွတ်ပြီး ပြန်ဆောင်းပြီးခါစ ကလိုင်းဟာ ဒီစကားကို ကြားပြီး ချက်ချင်း အံ့အားသင့်သွားပါတယ်။
“မင်းက ငါ့ကို မှတ်မိနေသေးတာလား”
ကလိုင်းနဲ့ မိန်းမပျို တွေ့ခဲ့တာက ငါးရက် ရှိသွားပါပြီ။
မိန်းမပျိုဟာ ချိုချိုသာသာ ပြုံးရင်း “ရှင်က မစ္စတာ ဂလက်ဆစ်ရဲ့ ပထမဆုံး ဖောက်သည်ပဲ… ဒီနေ့အထိ မစ္စတာဂလက်ဆစ်ဆီမှာ ဗေဒင်တွက်တဲ့ တစ်ဦးတည်းသော ဖောက်သည်ဆိုရင်လည်း မမှားဘူး… အဲဒီတော့ ကျွန်မ ရှင့်ကို မှတ်မိနေတာ မဆန်းပါဘူး”
‘ငါ့ပုံစံက ပိုက်ဆံနည်းနည်းလေးကို ဂရုစိုက်ပြီး ပိုက်ဆံအများကြီးကို ဂရုမစိုက်တဲ့ပုံ ပေါက်နေလို့လား’ ကလိုင်းဟာ သူ့ကိုယ်သူ စိတ်ထဲမှာ လှောင်ပြောင်ရင်း တမင်း မေးလိုက်ပါတယ်။
“မစ္စတာဂလက်ဆစ် နောက်ဆုံးဘယ်အချိန်လောက် ကလပ်ကို လာခဲ့လဲ”
မိန်းမပျိုဟာ ကလိုင်းကို တစ်ချက်ကြည့်ပြီး စာအုပ်ကြီးအတိုင်း ဖြေပါတယ် “အမှန်အတိုင်း ပြောရရင် ကျွန်မတို့ အဖွဲ့ဝင်တွေ ဘယ်အချိန်လာတယ် ဘယ်အချိန်သွားတယ်ဆိုတာကို ကျွန်မတို့ မှတ်မထားဘူး… သူတို့မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်ကိစ္စတွေ ရှိတယ်လေ… အင်း… မစ္စတာဂလက်ဆစ် ကလပ်ဆီကို မလာတာက ရှင့်ကို ဗေဒင်တွက်ပေးတဲ့ နေ့ကတည်းကပဲ”
‘သူ ကံကောင်းပါစေလို့ ဆုတောင်းပါတယ်… နတ်ဘုရားမက သူ့ကို ကောင်းချီးပေးပါစေ…’ ကလိုင်းဟာ စိတ်ထဲမှာ ဆုတောင်းလိုက်ပြီး ဂလက်ဆစ် အကြောင်းကို ထပ်မမေးတော့ပါဘူး။
“ငါ ဒီနေ့ ဒီကိုလာတာ ဗေဒင်တွက်ချင်လို့ မဟုတ်ဘူး… ကလပ်ထဲ ဝင်ချင်လို့ပဲ”
“ဟုတ်လား… အဲဒါဆို ကျွန်မတို့အတွက် ဝမ်းသာစရာပဲ” မိန်းမပျိုဟာ အချိန်ကိုက် အံ့ဩဝမ်းသာဟန် ပြပါတယ် “ကလပ်ထဲဝင်မယ်ဆိုရင် ပထမနှစ် အဖွဲ့ဝင်ကြေးက ငါးပေါင်… ပြီးရင် ဒုတိယနှစ်ကစပြီး တစ်နှစ်ကို တစ်ပေါင် ဖြစ်သွားလိမ့်မယ်… ကျွန်မ အသေးစိတ် ထပ်ပြောဖို့ မလိုတော့ဘူးမလား”
ကလိုင်းဟာ သူ မကြာသေးခင်ကမှ ပူပူနွေးနွေး ရထားတဲ့ ငါးပေါင်တန်တစ်ရွက်ကို ထုတ်ယူလိုက်ပါတယ်။
အတုမလုပ်နိုင်အောင် ကာကွယ်ထားတဲ့ ရေစာကို သေချာစစ်ဆေးပြီးတဲ့နောက် မိန်းမပျိုဟာ ငါးပေါင်တန်ကို သိမ်းဆည်းကာ ကလိုင်းဆီ ဖောင်တစ်ဖောင် ကမ်းပေးပါတယ်။
“အသေးစိတ် အချက်အလက်တွေ ဖြည့်ပေးပါ… ကျွန်မ ရှင့်အတွက် ပြေစာ လုပ်ပေးမယ်”
‘ပြေစာရှိတာလား… အဲဒါဆို ဆူးနက်လုံခြုံရေးကုမ္ပဏီဆီ ပိုက်ဆံတောင်းခံလွှာ ပိုသင့်တယ်…’ ကလိုင်းဟာ သူ့အတွေးကိုသူ သဘောကျသွားပါတယ်။ အဲဒီနောက် သူဟာ စားပွဲပေါ်က ဖော့ပင်ကို ကောက်ကိုင်ပြီး ပြာနက်ရောင်မှင်နဲ့ နာမည်၊ အသက်၊ နေရပ်လိပ်စာနဲ့ ကုမ္ပဏီ အချက်အလက်တွေကို ဖြည့်ပါတယ်။
ဒါပေမဲ့ သူဟာ မွေးနေ့ကိုတော့ မဖြည့်ပါဘူး။ အမြင်ဆရာအတွက် မွေးနေ့ဆိုတာက အသက်လမ်းကြောင်း နံပါတ်ကနေ ခန္ဓာကိုယ်ရဲ့ သိမ်မွေ့နက်နဲတဲ့ ဂမ္ဘီရအချင်းအရာတွေကို သိရှိနိုင်တဲ့အရာမလို့ပါ။
ပြေစာကို လက်ခံပြီး အဖွဲ့ဝင်အဖြစ် စာရင်းသွင်းပြီးတဲ့အခါမှာတော့ မိန်းမပျိုဟာ ညာလက်ဆန့်ထုတ်ပြီး နှုတ်ဆက်ပါတယ်။
“ထင်းဂန်မြို့ ဗေဒင်ကလပ်ထဲ ဝင်တဲ့အတွက် ဝမ်းသာပါတယ်… ကျွန်မက ရှင်ရဲ့ အလုပ်ကြိုးစားတဲ့ အမှုထမ်း အန်ဂျလီကာ ဘားဟာ့ထ်ပါ… ဒါက ရှင်ရဲ့ အဖွဲ့ဝင်ဖြစ်ကြောင်း ပြတဲ့ လက်ကြယ်သီးပဲ… ဒီမှာ ရှင့်ကို အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုနိုင်မဲ့ စပါယ်ရှယ်စာလုံး ထွင်းသွားတယ်”
“မင်္ဂလာပါ မဒမ် အန်ဂျလီကာ” ကလိုင်းဟာ အန်ဂျလီကာနဲ့ လက်ဆွဲနှုတ်ဆက်ပြီး ရွှေနက်ရောင် လက်ကြယ်သီးကို ယူလိုက်ပါတယ်။ လက်ကြယ်သီးပေါ်မှာ စပါရှယ် ထွင်းထားတဲ့ စာလုံးက ဟာမီးဘာသာစကားနဲ့ ရေးထားတာဖြစ်ပြီး ဗေဒင်ဆရာဆိုတဲ့ ဝေါဟာရရဲ့ ရင်းမြစ်စကားလုံးပါ။
အန်ဂျလီကာဟာ လက်ပြန်ရုပ်ပြီး သုံးလေးစက္ကန့်လောက် တွေးလိုက်ပါတယ်။
“ရှင် ဘယ်လိုပညာရပ်မျိုးကို ကျွမ်းကျင်လဲဆိုတာ မေးလို့ရမလား… ဒါမှမဟုတ် ကျွန်မတို့ ကလပ်ကနေ ဗေဒင်တွက်နည်းတချို့ကို သင်ယူချင်လား… ကျွန်မတို့တွေ ရှင်လေ့လာချင်တဲ့ နယ်ပယ်က နာမည်ကြီးဗေဒင်ဆရာတွေ ဖိတ်ခေါ်ဖို့ စဉ်စားပေးမယ်… အဲဒီလိုနယ်ပယ်မျိုးမှာ အတွေ့အကြုံရှိတဲ့ အဖွဲ့ဝင်တွေနဲ့လည်း မိတ်ဆက်ပေးမယ်… အချင်းချင်း မိတ်ဆွေဖွဲ့လို့ ရတာပေါ့”
“ငါက ဗေဒင်ပညာရပ်တိုင်းကို နည်းနည်းစီ သိတယ်… အဲဒီတော့ ငါ့အတွက် အထူးတလည် ထည့်စဉ်းစားပေးဖို့ မလိုဘူး… နောက်ပြီး ငါ တခြားလူတွေကို ဗေဒင်တွက်ပေးလို့ရလား… ငါက ဒီနယ်ပယ်မှာ လုံးဝ လူသစ်လေး မဟုတ်ဘူး”
သူ ဒီကို ရောက်လာတာက အမြင်ဆရာအဖြစ် သရုပ်ဆောင်ဖို့ပါ။ သာမန်လူတွေ လေ့လာတဲ့ ဗေဒင်တွက်နည်းတွေ လေ့လာဖို့ မဟုတ်ပါဘူး။
အန်ဂျလီကာဟာ ယဉ်ယဉ်ကျေးကျေး ပြုံးရင်း “ရှင် ကလပ်ထဲမှာ အချိန်မရွေး ဗေဒင် ဟောလို့ရတယ်… ဒါပေမဲ့ ကျွန်မတို့တွေ ရှင့်ရဲ့ ကျွမ်းကျင်မှုကို အတည်မပြုနိုင်ခင် ကျွန်မတို့ရဲ့ ဖောက်သည်တွေ မေးတဲ့အခါ ရှင့်ကို ကြော်ငြာပေးမှာ မဟုတ်ဘူး… ရှင် ဟောခ ဘယ်လောက် တောင်းမယ်လို့ စဉ်းစားထားလဲ”
“နှစ်ပဲနိ” ကလိုင်းဟာ သူ့ကို လူမသိသေးခင်မှာ ဈေးချိုချိုထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“ကျွန်မတို့တွေက ရှစ်ပုံတစ်ပုံ ဝန်ဆောင်ခ ယူတာဆိုတော့ ပဲနိအစိတ်ကို ကလပ်ဝန်ဆောင်ခအဖြစ် ပေးရမယ်…” အန်ဂျလီကာဟာ စည်းမျဉ်းအမျိုးမျိုးကို ထပ်ခါထပ်ခါ ရှင်းပြပြီးမှ ကလိုင်းရဲ့ အချက်အလက်ကို ဖောက်သည်တွေ ရွေးချယ်နိုင်တဲ့ ဗေဒင်ဆရာ အယ်ဘမ်ထဲ ထည့်ပေးပါတယ်။
ဒါတွေအကုန်လုံး ပြီးစီးသွားတဲ့အခါ အန်ဂျလီကာဟာ အပြုံးနဲ့ စင်္ကြံလမ်းဆုံးက အစည်းအဝေးခန်းကို လက်ညှိုးထိုးပြပြီး…
“မစ္စတာ ဟန်းနစ်ဗင်းဆင့်က ကြယ်ဗေဒင်အကြောင်း ရှင်းပြနေတယ်… ရှင် နေရာတစ်နေရာရှာပြီး ဝင်နားထောင်လို့ရတယ်… သိချင်တာရှိရင်လည်း လက်ထောင်ပြီး မေးလို့ရတယ်”
“အင်း…” ကလိုင်းဟာ စိတ်ဝင်တစားနဲ့ အစည်းအဝေးခန်းဆီ လျှောက်သွားပါတယ်။ သူဟာ ဟန်းနစ်ဗင်းဆင့် ပြောတာနဲ့ လူအိုကြီးနီးလ်ပြောတာ ဘာကွာခြားလဲဆိုတာ သိချင်နေပါတယ်။
အဲဒီအချိန်မှာပဲ အန်ဂျလီကာဟာ နောက်ကနေ အမီလိုက်လာပြီး တိုးတိုး မေးပါတယ် “မစ္စတာမိုရက်တီ… ကော်ဖီသောက်မလား… လက်ဖက်ရည် သောက်မလား… ကျွန်မတို့ဆီမှာ စီးဘလက် လက်ဖက်ရည်၊ တောင်ပိုင်းဗီးလ် ကော်ဖီနဲ့ ဒေစီကော်ဖီတွေ ရှိတယ်”
သတင်းစာပုံမှန်ဖတ်လေ့ရှိတဲ့ ကလိုင်းဟာ ဒီလက်ဖက်ရည်နဲ့ ကော်ဖီတွေက ခပ်ညံညံ အမျိုးအစားတွေဆိုတာကို သိပါတယ်။ ဒါပေမဲ့ ဒီအမျိုးအစားတွေက သူ့အိမ်မှာ ရှိတာထက် အရည်အသွေး ပိုကောင်းတယ် ဆိုတာကလည်း သေချာတာကြောင့် တစ်ခဏ တွေးတောပြီး…
“တောင်ပိုင်းဗီးလ် ကော်ဖီတစ်ခွက် ပေးပါ… သကြားသုံးဇွန်း… နို့မထည့်နဲ့”
လိုအင်နိုင်ငံရဲ့ တောင်ပိုင်းဗီးလ်ဟာ ဘီယာနဲ့ ဝိုင်နီကြောင့် နာမည်ကြီးပါတယ်။ အထင်ကရပုဂ္ဂိုလ် တော်တော်များများက အဲဒါတွေကို နှစ်ခြိုက်ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကော်ဖီကတော့ လူသိနည်းပါတယ်။
“ဟုတ်ကဲ့ပါ… ကျွန်မ ခဏနေရင် လာပို့ပေးမယ်” အန်ဂျလီကာဟာ အစည်းအဝေးခန်းကို ညွှန်ပြပြီး ဆိုပါတယ်။
ကလိုင်းဟာ တစ်ဝက်ပိတ်ထားတဲ့ တံခါးဆီ လျှောက်သွားတဲ့အခါ အာဝါလေယူလေသိမ်းနဲ့ ရှင်းပြသံကို ကြားလိုက်ရပါတယ်။
“ကြယ်ဗေဒင်က ဗေဒင်တွေထဲမှာ ရှုပ်ထွေးနက်နဲတဲ့အထဲ ပါတယ်…”
‘အဲဒါက သာမန်လူတွေ အတွက်ပဲ…’ ကလိုင်းဟာ စိတ်ထဲကနေ ဆက်ပေးလိုက်ပါတယ်။ သူဟာ အစည်းအဝေးခန်းထဲမှာ စားပွဲငါးလုံးကို စက်ဝိုင်းပုံ စီထားတာ တွေ့လိုက်ရပါတယ်။ အလယ်မှာတော့ အနက်ရောင် ဂန္တဝင်ဝတ်ရုံနဲ့ သက်လတ်ပိုင်းအရွယ် ဟန်းနစ်ဗင်းဆင့် ရှိနေပါတယ်။
ဒီလူကြီးလူကောင်းက သိသိသာသာ မျက်ကွင်းတွေ ချိုင့်ဝင်နေပါတယ်။ သူ့ရဲ့ အညိုရောင်ဆံပင်တွေက ထူပြီး မာပါတယ်။ ဆံပင်တိုင်းက ဖြူကောင်ရဲ့ ဆူးချွန်တွေလိုပါပဲ။ အဲဒါတွေကလွဲရင် သူ့မှာ တစ်မူထူးခြားတာ ဘာမှ မရှိပါဘူး။
ကလိုင်း ဝင်လာတာကို တွေ့ရတဲ့အခါ ဟန်းနစ်ဗင်းဆင့်ဟာ ခေါင်းအသာညိတ်ပြပြီး ဆက်ပြောပါတယ်။ အတန်းကို မရပ်ပါဘူး။ ဟောပြောတာကို နည်းနည်းပဲ နှေးလိုက်ပါတယ်။
ကလိုင်းဟာ လက်တစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားပြီး ကျန်တစ်ဖက်ကတော့ လက်ကိုင်တုတ် ကိုင်ထားပါတယ်။ သူဟာ ဘေးဘက်မှာ နေရာတစ်နေရာရှာပြီး ဝင်ထိုင်ကာ သက်သောင့်သက်သာ ဖြစ်အောင် နောက်မီလိုက်ပါတယ်။ အဲဒီနောက် ဟန်းနစ်ဗင်းဆင့် ပြောတာ ထိုင်နားထောင်နေတဲ့ အမျိုးသား လေးယောက်နဲ့ အမျိုးသမီး နှစ်ယောက်ကို တစ်ချက် ကြည့်လိုက်ပါတယ်။
တချို့တွေက စိတ်ဝင်တစား လိုက်မှတ်ပြီး အချင်းချင်း တီးတိုးပြောကြပါတယ်။ မဟုတ်ရင်လည်း ကလိုင်းကို ပြုံးပြကြပါတယ်။
ကလိုင်းဟာ လက်ကိုင်တုတ်ကို အောက်ချပြီးနောက် သက္ကလပ်ဦးထုပ်ကို ပြင်ဆောင်းရင်း နဖူးလယ်ကို နှစ်ချက် တောက်လိုက်ပါတယ်။ အဲဒီနောက် ဟန်းနစ်ကို လှမ်းကြည့်လိုက်တဲ့အခါ သူ့ရောင်ဝါရဲ့ တောက်ပမှု၊ အရောင်မျိုးစုံနဲ့ သိပ်သည်းမှုကို တွေ့မြင်လိုက်ရပါတယ်။
‘နီမှောင်တဲ့အရောင်… သူ့မှာ စိုးရိမ်စရာ နည်းနည်းရှိပုံပဲ… တကယ်ဆိုရင် သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းက ကျန်းမာတယ်… အဲဒီအစိတ်အပိုင်း တစ်ခုက လွဲလို့… ဘာမှားနေတာလဲ မသိဘူး…’ ကလိုင်းဟာ ဟန်းနစ်ဗင်းဆင့် ဟောပြောတာကို နားထောင်ရင်း စိတ်ထဲမှာ ရေရွတ်လိုက်ပါတယ်။
အဲဒီအချိန်မှာပဲ သူ့ရယ်သံ သူများကြားသွားမှာစိုးတဲ့အတွက် ကလိုင်းဟာ ပါးစပ်ကို ညာလက်နဲ့ အုပ်လိုက်ပါတယ်။ ရုတ်တရက်ဆိုသလို သူဟာ ဝမ်းဘဲ ဖြစ်သွားတယ်လို့ ခံစားလိုက်ရပါတယ်။
ကလိုင်းဟာ သူ့ရဲ့စိတ်ဝိညာဉ်အာရုံကို တော်တော်လေး သဘောကျပါတယ်။ သူ့ရဲ့ စိတ်ဝိညာဉ်အာရုံက အခြေအနေကို ယေဘုယျပဲ ခန့်မှန်းနိုင်ပြီး အသေးစိတ် မသိနိုင်ပေမဲ့ ဒါက သူ့အတွက်တော့ အသုံးဝင်တဲ့ သတင်း အချက်အလက်တွေ အများကြီး ပေးပါတယ်။
ပတ်ဝန်းကျင်ကို ထောက်လှမ်းပြီးနောက် ကလိုင်းဟာ နဖူးလယ်ကို နှစ်ချက်တောက်ပြီး စိတ်ဝိညာဉ်အာရုံကို ပြန်ပိတ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူဟာ ဟန်းနစ် ပြောတာကို စဉ်းစားပါတယ်။
ကြယ်ဗေဒင်က နက္ခတ်ဗေဒင်တွေထဲက တစ်ခုပါ။ သာမန်လူတွေလည်း ကြိုးစား အဓိပ္ပာယ်ကောက်လို့ ရပါတယ်။ အခြေခံအကျဆုံး မွေးဇာတာခွင်က မွေးဖွားရာအချိန်မှာ တည်ရှိတဲ့ နေ၊ လ၊ အပြာရောင်၊ အနီရောင် စတဲ့ကြယ်တွေရဲ့ တည်နေရာနဲ့ နက္ခတ်အသီးသီးရဲ့ အခြေအနေကို တွက်ချက်ပြီး ကံကြမ္မာကို သတ်မှတ်တာပါ။
ဒီလိုတွက်ချက်ဖို့ဆိုရင် ဗေဒင်ဆရာက ဂြိုဟ်တွေနဲ့ နက္ခတာရာတွေရဲ့ အခြေအနေကို တွက်ချက်ဖို့ လိုအပ်တော့ သာမန်ထက် ရှုပ်ထွေးပါတယ်။ ဒီတန်ဖိုးတွေကို ရှာဖွေတွက်ချက်တဲ့နေရာမှာ အထောက်အကူပေးနိုင်အောင် ပုံနှိပ်ထုတ်ဝေထားတဲ့ စာအုပ်စာစောင်တွေလည်း ရှိပါတယ်။ တချို့ဆိုရင် နက္ခတ်တွေကို သိရုံနဲ့ အကြမ်းဖျင်း ဖတ်လို့ရအောင်အထိ ရှင်းလင်းထားပါတယ်။
ကလိုင်းဟာ တိတ်တဆိတ် နားထောင်ပြီး ဘာမှ ဝင်မပြောသလို ဘာမှလည်း မေးခွန်းမထုတ်ပါဘူး။ မကြာမကြာ အင်္ကျီလက်စမှာ ချိတ်ထားတဲ့ ဥဿဖရားကို ပွတ်သပ်ပြီး အန်ဂျလီကာ ယူလာပေးတဲ့ တောင်ပိုင်းဗီးလ် ကော်ဖီကို တစ်ငုံသောက်ပါတယ်။
အချိန်တစ်ခု ကြာတဲ့အခါမှာတော့ ဟန်းနစ်ဟာ နဖူးကို လက်နဲ့ပွတ်ပြီး “မင်းတို့တွေ မင်းတို့ကိုယ်ပိုင် ကြယ်စက်ဝိုင်းကို ဖန်တီးနိုင်ဖို့ ကြိုးစားရလိမ့်မယ်… မသိတာရှိရင်မေး… ငါ မွန်းစတုန်းမှာ ရှိနေမယ်”
ဟန်းနစ် ထွက်သွားတဲ့အခါ ရှပ်အင်္ကျီဖြူ စွပ်ကျယ်နက်နဲ့ လူငယ်တစ်ယောက်ဟာ အပြုံးနဲ့ မတ်တတ်ရပ်ပြီး ကလိုင်းဘေးကို လျှောက်လာပါတယ်။
“တွေ့ရတာ ဝမ်းသာပါတယ်… ကျွန်တော်က အက်ဝါ့ဒ်စတိဗ်ပါ”
“ကျွန်တော်လည်း တွေ့ရတာ ဝမ်းသာပါတယ်… ကျွန်တော်က ကလိုင်းမိုရက်တီပါ” ကလိုင်းဟာ မတ်တတ်ရပ်ပြီး ဦးပြန်ညွှတ်ပါတယ်။
“ကြယ်ဗေဒင်က ရှုပ်ထွေးလွန်းတယ်… ကျွန်တော် ဒါကို ကြားတိုင်း အိပ်ငိုက်လာတယ်” အက်ဝါ့ဒ်ဟာ ကိုယ့်ကိုယ်ကိုယ် သရော်သံနဲ့ ဆိုပါတယ်။
ကလိုင်းဟာ ပြုံးဖြဲဖြဲ ရယ်လိုက်ပါတယ် “မစ္စတာဗင်းဆင့်က သူ သိထားတာတွေ ပြန်မျှဝေတာကို… ငါတို့ကို အင်ထစ်ပွဲတော် တည့်ခင်းဧည့်ခံနေသလိုပဲ… ဘယ်လိုလုပ် အကုန်လုံးကို အစာချက်နိုင်မှာလဲ”
“ငါ အင်ထစ်ပွဲတော်မှာ ကုန်အောင် စားနိုင်တယ်… သူတို့တွေက ဆင် ပန်းကန်ကို ပုရွက်ဆိတ်စာလောက် ထည့်ထားတာ… ဟားဟား…”
အက်ဝါ့ဒ်ဟာ ရယ်ပြီး ခုံမှာ ဝင်ထိုင်ပါတယ်။ အဲဒီနောက် သိချင်စိတ်နဲ့ စပ်စုပါတယ် “ခင်ဗျားက အသစ်လား… ကျွန်တော် ဒီမှာရှိနေတဲ့ ၂ နှစ်အတွင်း ခင်ဗျားကို တစ်ခါမှ မမြင်ဖူးဘူး”
“ကျွန်တော် ဒီနေ့မှ ကလပ်ထဲ ဝင်လာတာ” ကလိုင်းက ပွင့်ပွင့်လင်းလင်း ဖြေပါတယ်။
“အဲဒါဆို ခင်ဗျား ဘယ်မှာတော်လဲ… ကျွန်တော်ကတော့ တဲရော့နဲ့ ဖဲဗေဒင်ကို ကျွမ်းတယ်” အက်ဝါ့ဒ်က သာမန်ကာလျှံကာ မေးလိုက်ပါတယ်။
“ကျွန်တော်က အားလုံးကို နည်းနည်းစီသိတယ်… နည်းနည်းလေးပါပဲ” ကလိုင်းဟာ အန်ဂျလီကာကို ဖြေခဲ့တဲ့အတိုင်း ဖြေပါတယ်။
ကလိုင်းက သူ့ကိုယ်သူ နှိမ့်ချတာ မဟုတ်ပါဘူး။ အနာဂတ်ကို ဟောပြောတဲ့ နယ်ပယ်မှာ သူမပိုင်နိုင်သေးတဲ့ ဂမ္ဘီရအသိပညာတွေ အများကြီး ရှိနေသေးတယ် မဟုတ်ပါလား။
တခြားအဖွဲ့ဝင်တွေ ဇာတာခွင်အကြောင်း ဆွေးနွေးနေတုန်းမှာ အန်ဂျလီကာဟာ အစည်းအဝေးခန်းထဲ ဝင်လာပါတယ်။
“မစ္စတာစတိဗ်… လူတစ်ယောက်က ရှင့်ဆီမှာ ဗေဒင်တွက်ချင်နေတယ်”
“ကောင်းပြီလေ” အက်ဝါ့ဒ်ဟာ အပြုံးနဲ့ မတ်တတ်ရပ်လိုက်ပါတယ်။
“ခင်ဗျားက ထက်မြက်တဲ့ ဗေဒင်ဆရာ တစ်ယောက်ဆိုတာ ကျွန်တော် ပြောနိုင်တယ်” ကလိုင်းဟာ အက်ဝါ့ဒ်ကို ကြည့်ပြီး ပြောလိုက်ပါတယ်။
“မဟုတ်ပါဘူး… ကျွန်တော်ရဲ့ ဈေးနှုန်းက သင့်တင့်ရုံပါ” အက်ဝါ့ဒ်ဟာ အသာရယ်လိုက်ပါတယ် “သာမန်လူတွေ ဗေဒင်တွက်ရင် ဈေးအကြီးဆုံးကို ဘယ်တော့မှရွေးမှာ မဟုတ်ဘူး… ဈေးအနည်းဆုံးကိုလည်း ဘယ်တော့မှ ရွေးမှာ မဟုတ်ဘူး… သူတို့တွေ ခေါင်းကောင်းနေသေးရင်ပေါ့… အဲဒါကြောင့် အလယ်အလတ် ဈေးနှုန်းက အခွင့်အရေးရဖို့ အလွယ်ကူဆုံးပဲ”
‘ငါက ခေါင်းမကောင်းတဲ့လူလား…’ အက်ဝါ့ဒ် ထွက်ခွာသွားတဲ့အခါ ကလိုင်းဟာ ရုတ်တရက် ခေါင်းခါပြီး ထူးထူးဆန်းဆန်း ပြုံးမိလိုက်ပါတယ် ‘ငါ သတ်မှတ်လိုက်တဲ့ ဈေးနှုန်းက ပြဿနာရှိနေပုံပဲ…’
သူဟာ မတ်တတ်ရပ်ပြီး လက်ကိုင်တုတ်ကို ကောက်ယူကာ အစည်းအဝေးခန်းထဲက ထွက်သွားပါတယ်။ အဲဒီနောက် အန်ဂျလီကာကို ရှာပြီး “ငါ့ရဲ့ ဗေဒင်ဟောခကို ပြောင်းချင်တယ်… အင်း… ရှစ်ပဲနိ ပြောင်းလိုက်”
အန်ဂျလီကာဟာ ကလိုင်းကို စူးစူးစိုက်စိုက် ကြည့်ပြီး “ကျွန်မတို့တွေ ရှင့်ရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းပေးပါ့မယ်… ဒါပေမဲ့ ဖောက်သည်တွေကိုလည်း ရှင် မနေ့တစ်နေ့ကမှ ကလပ်ထဲ ဝင်လာတယ်ဆိုတာ ပြောပြရလိမ့်မယ်”
“ရတယ်… ကိစ္စမရှိဘူး” ကလိုင်းဟာ ခေါင်းညိတ်လိုက်ပါတယ်။
လျှို့ဝှက် ဆန်းကြယ်တာကလည်း ဖောက်သည်တွေကို ဆွဲဆောင်ဖို့ အမြင်ဆရာ တစ်ယောက်အတွက် အရေးကြီး အရာတစ်ခု မဟုတ်ပါလား။
သူ့အချက်အလက်ကို ပြောင်းလဲပြီးနောက် ကလိုင်းဟာ အစည်းအဝေးခန်းဆီ ပြန်သွားပါတယ်။ အဲဒီအချိန်မှာပဲ ဟန်းနစ်ဗင်းဆင့် မွန်းစတုန်းထဲက ထွက်လာတာကို သူ တွေ့လိုက်ရပါတယ်။ သူ့လက်ထဲမှာလည်း ငွေရောင် မှန်တစ်ချပ် ကိုင်ထားပါတယ်။
ဟန်းနစ်ဗင်းဆင့်ဟာ အစည်းအဝေးခန်းထဲက အဖွဲ့ဝင်ငါးယောက်ကို “ငါ မကြာသေးခင်က ဗေဒင်ပညာရပ်အသစ်တစ်ခု လေ့လာထားတယ်… မှော်မှန်ဗေဒင်လို့ခေါ်တယ်… တစ်ယောက်ယောက် လေ့လာချင်လား”
‘မှော်မှန်ဗေဒင်… အဲဒါက ဘေးမကင်းဘူး…’ ကလိုင်းဟာ အစည်းအဝေးခန်း အပြင်မှာ ရပ်ရင်း မျက်မှောင်ကြုတ်သွားပါတယ်။