အခန်း (၄၇) လူအိုကြီး နီးလ် ပိုက်ဆံလိုခြင်း
လူအိုကြီးနီးလ်ဟာ နားထင်ပွတ်ပြီး “မင်းတို့သုံးယောက် ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေလဲဆိုတဲ့ ယေဘုယျ ထင်မြင်ယူဆချက်ကို မင်းလည်း သိတာပဲ… အခု အဲဒီမှတ်စုစာအုပ်က ရေးဘီဘာရဲ့ လက်ထဲမှာ… နောက်ပြီး ဒီကိစ္စကို ငါတို့သွားပြီ… အဲဒီတော့ မင်း သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ နောက်ဖြစ်လာမဲ့ ကိစ္စတွေကို သိပ်ပြီး လွှမ်းမိုးနိုင်စွမ်း ရှိတော့မှာ မဟုတ်ဘူး…”
“အဲဒီတော့ ဒီအဖြစ်အပျက်တွေ အကုန်လုံးကို ဖြစ်စေတဲ့ အဲဒီစွမ်းအားကြီးတည်ရှိမှု ဒါမှမဟုတ် လျှို့ဝှက်ဆန်းကြယ် စွမ်းအားက မင်းကို အထူးတလည် ဂရုစိုက်တော့မှာ မဟုတ်ဘူး… ငါတို့တွေ မြေကြီးပေါ်မှာ လျှောက်သွားနေတဲ့ ပုရွက်ဆိတ်တွေကို ဂရုမစိုက်သလိုပေါ့… ဟီးဟီး… သူ မင်းကို ပြန်မှတ်မိလာအောင် မင်းက မကြိုးစားရင်ပေါ့”
“နောက်ပြီး ရေးဘီဘာရဲ့ ဖမ်းဝရမ်းက မကြာခင်မှာ လျှို့ဝှက်ဂိုဏ်းဆီ ရောက်သွားလိမ့်မယ်… သူတို့လည်း ဒီကိစ္စက အန်တီဂိုနပ် မိသားစု မှတ်စုစာအုပ်နဲ့ ပတ်သက်နေတယ်ဆိုတာ ခန့်မှန်းမိလိမ့်မယ်… ငါ ပြောတာကိုယုံ… နှစ်ပေါင်းတစ်ထောင်ကျော် တည်ရှိလာခဲ့တဲ့ လျှို့ဝှက်ဂိုဏ်းအဖွဲ့အစည်း တစ်ခုအနေနဲ့ သူတို့မှာ သတင်းပေးတွေ အများကြီး ရှိတယ်…”
“အဲဒီတော့ သူတို့တွေက မှတ်စုစာအုပ်ကို ငါတို့ထက်အရင် ရှာနိုင်အတွက် ရေးဘီဘာကိုပဲ လုံးဝ အာရုံစိုက်လိမ့်မယ်… သူတို့တွေ မင်းကို နှောင့်ယှက်ဖို့ နောက်ယောင်ခံဖို့ ရှင်းပစ်ဖို့ အာရုံရှိတော့မှာ မဟုတ်ဘူး”
“ကောင်လေး… အတိတ်ရဲ့ အရိပ်မည်းကနေ လှမ်းထွက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်… ဒီနောက်မှာက မင်းအတွက် ကောင်းခြင်းအဖြာဖြာနဲ့ ပြည့်စုံနေတဲ့ လမ်းသစ်ပဲ”
ကလိုင်းဟာ လူအိုကြီးနီးလ်ရဲ့ ဂုဏ်ပြုစကားကို ကြားရတဲ့အခါ ဝမ်းသာပျော်ရွှင်ပြီး စိတ်အေးသွားတဲ့ မျက်နှာနဲ့ “ကျွန်တော်လည်း အဲဒီလိုပဲ မျှော်လင့်ပါတယ်”
ဒီလောကကို ဘဝကူးပြောင်းလာပြီးနောက်ပိုင်း မရေရာ မသေချာမှုတွေက သူ့ဘဝကို လွှမ်းမိုးထားခဲ့ပါတယ်။ အခုတော့ အဲဒါတွေ လွှင့်ပါးပျောက်ကွယ်သွားပြီလို့ ကလိုင်း ခံစားလိုက်ရပါတယ်။
ဒါပေမဲ့ သူဟာ မရေရာ မသေချာမှုကို ခံစားနေရတုန်းပါ။ ဘာဖြစ်လို့လဲဆိုတော့ မှတ်စုစာအုပ်က သူနဲ့ ရေစက်ရှိတဲ့ပုံ ပေါ်နေလို့ပါပဲ။ သာမန် ဓားစာခံတစ်ယောက်ကို ကယ်တင်တဲ့နေရာမှာ မှတ်စုစာအုပ်ရဲ့ လက်ကျန်သဲလွန်စကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိရတာက သေသေချာချာ တွေးကြည့်မယ်ရင် သာမန်မဟုတ်ပါဘူး။
တစ်နေ့ကျရင် ကုန်ပို့သမား လာပို့တဲ့ ပါဆယ်ထုပ်က အန်တီဂိုနပ်မိသားစုရဲ့ မှတ်စုစာအုပ်တောင် ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။
‘လူအိုကြီးနီးလ် ပြောသလို ဖြစ်လာဖို့ မျှော်လင့်ရတာပဲ…’ ကလိုင်းဟာ စိတ်ထဲမှာ တိတ်တဆိတ် ဆုတောင်းလိုက်ပါတယ်။
လူအိုကြီးနီးလ်ဟာ ကလိုင်းရဲ့ စကားကို ကြားရတဲ့အခါ ချက်ချင်း သရော်ပါတယ် “မင်းက နတ်ဘုရားမကို စွဲစွဲမြဲမြဲ ယုံကြည်ပုံ မပေါ်ဘူး… ဒီအချိန်မှာ မင်းရင်ဘက်ပေါ် ကြက်သွေးရောင်လပုံ ဆွဲပြီး နတ်ဘုရားမ ကောင်းချီးပေးပါစေလို့ ပြောသင့်တယ်မလား”
“မစ္စတာနီးလ်… မစ္စတာနီးလ်ကလည်း နတ်ဘုရားမကို စွဲစွဲမြဲမြဲ ယုံကြည်တဲ့လူပုံ မပေါ်ပါဘူး… တကယ့် ယုံကြည်ကိုးကွယ်သူက ဒီနောက်မှာ ကောင်းခြင်းအဖြာဖြာနဲ့ ပြည့်စုံနေတဲ့ လမ်းသစ်လို့ ပြောမှာ မဟုတ်ဘူး”
လူအိုကြီးနီးလ်ရဲ့ လက်အောက်မှာ ဂမ္ဘီရပညာကို လေ့လာတာမလို့ ကလိုင်းဟာ လူအိုကြီးနီးလ်နဲ့ ရင်းနှီးနေပါပြီ။ အဲဒါကြောင့် နည်းနည်းမှ မခံဘဲ ပြန်ငေါ့ပြောလိုက်တာပါ။
သူတို့နှစ်ယောက်ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ရယ်မောလိုက်ကြပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့နှစ်ယောက်ဟာ ရင်ဘက်ကို လေးကြိမ် တို့လိုက်ပါတယ်။
“အရှင်မကို ချီးမွမ်းကြလော့”
အဲဒီအချိန်မှာ သူတို့နှစ်ယောက်ဟာ စက်ကြိတ်သံလိုမျိုး အသံတစ်သံကို ကြားလိုက်ရပြီး ဆူးနက်လုံခြုံရေး ကုမ္ပဏီရဲ့ ပင်မတံခါး ပွင့်သွားပါတယ်။
ဆံပင်လိပ်ပြီး အစိမ်းရောင်ဖျော့ဖျော့ ဝတ်ဆင်ထားတဲ့ မစ္စအော်ရီယာနာဟာ ဧည့်ကြိုခန်းထဲ ဝင်လာပါတယ်။ သူမဟာ အစိမ်းရောင်ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။
“မင်္ဂလာ မနက်ခင်းပါ မစ္စတာနီးလ်… မင်္ဂလာ မနက်ခင်းပါ ကလိုင်း…” သားရေလက်ကိုင်အိတ် ကိုင်ထားတဲ့ အော်ရီယာနာက အပြုံးနဲ့ နှုတ်ဆက်ပါတယ် “ဒီနေ့က နောက်ထပ် အံ့ဩစရာကောင်းတဲ့ နေ့တစ်နေ့ပဲ… တကယ့် နေ့ကောင်းလေး တစ်နေ့ပဲ”
“မင်္ဂလာမနက်ခင်းပါ အော်ရီယာနာ… မင်းက လွန်ခဲ့တဲ့ ၁၀ နှစ်ကလို လှပနေတုန်းပဲ” လူအိုကြီးနီးလ်က အပြုံးနဲ့ ပြန်နှုတ်ဆက်ပါတယ်။
“မစ္စတာနီးလ်… ရှင့်ရဲ့ ချီးကျူးမှုက လွန်ခဲ့တဲ့ ၁၀ နှစ်ကလို စိတ်တိုစရာ ကောင်းနေတုန်းပဲ” အော်ရီယာနာဟာ ၁၀ နှစ်ဆိုတဲ့ စကားလုံးကို ပီပီသသ ပြောပါတယ်။
“ဟုတ်လား…” လူအိုကြီးနီးလ်ဟာ ဇဝေဇဝေါနဲ့ ကလိုင်းကို ကြည့်လိုက်ပါတယ်။ လူအိုကြီးနီးလ်ဟာ အခြေအနေကို နားလည်ပုံ မပေါ်ပါဘူး။
‘မိန်းမတွေကို သူတို့အသက်အရွယ်အကြောင်း သတိရစေမဲ့ အကြောင်းအရာတွေ ဘာတစ်ခုမှ မပြောနဲ့…’ အရာအားလုံးကို နည်းနည်းပဲသိတဲ့ ကီးဘုတ်သမား တစ်ယောက်အနေနဲ့ ကလိုင်းဟာ မစ္စအော်ရီယာနာ ဘာကို စိတ်တိုသွားလဲဆိုတာ ချက်ချင်း သိလိုက်ပါတယ်။ အဲဒါကြောင့်…
“မင်္ဂလာ မနက်ခင်းပါ မစ္စအော်ရီယာနာ… မစ္စအော်ရီယာနာက အမြဲတမ်း လှနေတာပဲ”
“ကျေးဇူးပဲ… ငါတို့ရဲ့ ထူးချွန်ထက်မြက်လှတဲ့ ခွိုင်းတက္ကသိုလ်ဘွဲ့ရလေး”
အော်ရီယာနာဟာ ခေါင်းညိတ်ကာ ပြုံးပြီး ဆက်ပြောပါတယ်။
“အဲဒီအိမ်ထိန်းက ကော်မရှင်ခ ပေးပြီးပြီ… ကပ္ပတိန်ရဲ့ စည်းမျဉ်းအရ တစ်ဝက်ကို အဖွဲ့ရဲ့ အပိုရန်ပုံငွေအဖြစ် ထားရလိမ့်မယ်… တခြားတစ်ဝက်ကိုတော့ နင်နဲ့ လန်နာ့ဒ် တစ်ယောက်တစ်ဝက် ခွဲဝေယူရလိမ့်မယ်… ဒါပေမဲ့ နင်က ပုံမှန်အဖွဲ့ဝင် မဟုတ်တော့ တစ်ဝက်မရဘူး… ၁၀ ရာခိုင်နှုန်းပဲ ရမယ်… လာ… ဒီမှာ လက်မှတ်လာထိုးချည်…”
“သူ ဘယ်လောက်ပေးလဲ” ကလိုင်းဟာ ၁၀ ရာခိုင်နှုန်းပဲ ရတဲ့အတွက် နည်းနည်း နှမြောမိပေမဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ မေးလိုက်ပါတယ်။
“ပေါင် ၂၀၀… သူက ဒီလိုလည်း ပြောခဲ့သေးတယ် ‘အို မုန်တိုင်းအရှင်… ဒီကိစ္စက ဒီလောက်မြန်မြန် ပြီးသွားလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ ထင်မထားမိခဲ့ဘူး… ဒါက အိပ်မက်မက်တာထက်တောင် ပိုမြန်သေးတယ်… ခင်ဗျားတို့ရဲ့ လုံခြုံရေးကုမ္ပဏီက ဘာဖြစ်လို့ ဒီလောက်တောင် လူမသိရတာလဲ… ဒါက လုံခြုံရေး နယ်ပယ်တစ်ခုလုံးကို စော်ကားတာပဲ’”
မစ္စအော်ရီယာနာဟာ အိမ်ထိန်းကလိန်းရဲ့ တောင်ပိုင်းလေသံကို အတုလုပ်ပြီး ပြောပါတယ်။
ကလိုင်းဟာ သုံးလေးစက္ကန့်လောက် အလေးအနက်တွေးပြီး ဟာသနှောကာ ပြောလိုက်ပါတယ် “ဒါက အဲဒီ ပြန်ပေးဆွဲသမားတွေအတွက် မတရားရာ ကျလွန်းတယ်”
သာလွန်သူနှစ်ယောက် သာမန်မဟုတ်တဲ့ နည်းလမ်းသုံးပြီး ပြဿနာကို မြန်မြန် ဖြေရှင်းတာက တိုက်ခိုက်ရေးဝတ်စုံ ဝတ်ထားတဲ့ လူကြီးတစ်ယောက် ကလေးသုံးလေးယောက်ကို အနိုင်ကျင့်နေသလိုပါပဲ။
“သူတို့တွေကိုက ကံဆိုးလွန်းတာပါ… ဘုရားသခင်ရဲ့ စောင့်ရှောက်မှုကို ဆုံးရှုံးသွားတာ ဖြစ်မယ်”
အော်ရီယာနာဟာ ညင်ညင်သာသာ ရယ်ပြီး ဆက်ပြောပါတယ် “ခစ်ခစ်… ကျွန်မတို့တွေက ကံကောင်းသွားတာလို့ အိမ်ထိန်းကို ပြောလိုက်တယ်… ကျွန်မတို့ရဲ့ သတင်းပေးတစ်ယောက်က ပြန်ပေးဆွဲသမားတွေ ကလေးကို ခေါ်သွားတာ မြင်လိုက်လို့ အခုလို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်တာ… ကျွန်မတို့ကို သိပ်ပြီး မျှော်လင့်မထားနဲ့… ကျွန်မတို့က ဒီအတိုင်း သာမန်လုံခြုံရေးကုမ္ပဏီ တစ်ခုပဲလို့ ပြောလိုက်တယ်”
‘မင်း တစ်စုံတစ်ခုကို သာမန်ဖြစ်ကြောင်း ပြောလေလေ အဲဒီအရာက ပိုပြီးတော့ ထူးခြားလေလေပဲ…’
ကလိုင်းဟာ သရော်ပြုံးပြုံးပြီး မစ္စအော်ရီယာနာ အခန်းခွဲထားတဲ့အပိုင်းဆီ လျှောက်သွားကာ စာရင်းအင်းရုံးခန်းထဲ ဝင်သွားတာကို ကြည့်နေပါတယ်။
ဘေးနားက လူအိုကြီးနီးလ်ဟာ အားကျတဲ့လေသံနဲ့ “မင်း ကံတော်တော် ကောင်းတာပဲ… ငါတို့ဆီရောက်တာ ဘယ်လောက်မှ မရှိသေးဘူး… ပေါင် ၂၀၀ တန်အလုပ်ကို ရလိုက်တယ်”
“အဲဒါ တော်တော် ရှားလို့လား” ကလိုင်းဟာ နားမလည်တဲ့ မျက်နှာနဲ့ ပြန်မေးလိုက်ပါတယ်။
သူဟာ သမိုင်းနဲ့ ဂမ္ဘီရပညာကို မလေ့လာရင် မှတ်စုစာအုပ်ရဲ့ သဲလွန်စကို ရှာဖွေနိုင်ဖို့အတွက် အပြင်မှာ လျှောက်သွားနေတာကြောင့် ဒီအပိုင်းကို သိပ်မသိပါဘူး။
“အော်ရီယာနာရဲ့ စာရင်းအရဆိုရင် ငါတို့တွေ တစ်ပတ်လုံးနေတောင် အလုပ်တစ်ခု ရချင်မှ ရတာ… အလုပ်အများစုက ပေါင် ၂၀ တောင် မရဘူး”
လူအိုကြီးနီးလ်ဟာ လက်ကောက်ဝတ်က လကျောက်ကို ပွတ်သပ်ရင်း သက်ပြင်းချလိုက်ပါတယ်။ အဲဒီနောက် သူဟာ ကလိုင်းကို မျှော်လင့်ချက်နဲ့ ကြည့်လိုက်ပါတယ် “နောက်ကျလို့ ဒီလိုအလုပ်မျိုးရရင် ငါ့ကို သတင်းပေးဖို့ မမေ့နဲ့”
လူအိုကြီးနီးလ်ရဲ့ စကားကို ကြားရတဲ့အခါ ကလိုင်းဟာ ထူးထူးဆန်းဆန်း ဖြစ်သွားပြီး တိုက်ရိုက်မေးလိုက်ပါတယ် “မစ္စတာနီးလ်… မစ္စတာနီးလ် ကြည့်ရတာ ပိုက်ဆံလိုနေသလိုပဲ… တစ်ပတ်ကို ဘယ်လောက်ပဲ ရလို့လဲ… အဆင်မပြေဘူးဆိုရင် ဒီမေးခွန်းကို မဖြေလို့ရပါတယ်”
လူအိုကြီးနီးလ်ဟာ ဆိုဖာကိုမှီပြီး တစ်ချက် ရယ်ပါတယ်။
“ဒါက ကွယ်ဝှက်ထားဖို့လိုတဲ့ ကိစ္စမှ မဟုတ်တာ… ငါ ဒီမှာရှိနေတာ နှစ်တော်တော်ကြာပြီ… လက်ရှိ ငါ့အပတ်စဉ်လစာက ဘုရားကျောင်းနဲ့ ရဲဌာနက ရတာကို ပေါင်းလိုက်ရင် ၁၂ ပေါင် ရှိတယ်”
“တစ်ပတ်ကို ၁၂ ပေါင်…” ကလိုင်းဟာ အံ့ဩလွန်းလို့ လွှတ်ခနဲ မေးမိလိုက်ပါတယ်။
တစ်ပတ်ကို ၁၂ ပေါင်ဆိုရင် တစ်နှစ်မှာ ၅၂ ပတ်ရှိတဲ့အတွက် တစ်နှစ်မှာ ပေါင် ၆၀၀ ကျော် ရတယ်လို့ ဆိုလိုပါတယ်။
ကလိုင်း ထင်းဂန် မနက်ခင်း သတင်းစာနဲ့ သတင်းမှန်ကို ဖတ်တုန်းက နာမည်ကြီးရှေ့နေ့တွေက တစ်နှစ်ကို ပေါင် ၈၀၀ ကနေ ပေါင် ၁,၀၀၀ ကြား ရတယ်လို့ ရေးထားပါတယ်။ အဲဒီရှေ့နေတွေက သာမညရှေ့နေ့တွေ မဟုတ်ပါဘူး။ အကောင်းတကာ့ အကောင်းဆုံး ထိပ်တန်းစာရင်းဝင်တဲ့ ရှေ့နေတွေပါ။
ဘန်ဆင် အလုပ်လုပ်တဲ့ ကုန်သွယ်ရေးကုမ္ပဏီရဲ့ မန်နေဂျာတွေတောင် တစ်ပတ်ကို ခြောက်ပေါင်ပဲ ရပါတယ်။ အဲဒါတောင် အလုပ် တော်တော်လေး ကောင်းနေပါပြီ။
“ဟုတ်တယ်… တကယ်တော့ ဒီလိုလစာမျိုးက တော်တော်လေး ကောင်းတယ်… အခွန်လည်း ဆောင်စရာ မလိုဘူး” လူအိုကြီးနီးလ်က အပြုံးနဲ့ ဆိုပါတယ်။
ကလိုင်း ဘန်ဆင်ဆီက ကြားထားတာတော့ သူတို့ရဲ့ အပတ်စဉ်လစာက တစ်ပေါင်ထက်ပိုရင် ‘င’ ပုံစံ အခွန်ဆောင်ရပါတယ်တဲ့။ တခြားစကားနဲ့ ပြောရင် အစိုးရနဲ့ ကုမ္ပဏီ ဝန်ထမ်းတွေက အပတ်စဉ်လစာ တစ်ပေါင်ထက်ပိုရရင် အခွန် ၃ ရာခိုင်နှုန်း ဆောင်ရပါတယ်။
သူတို့ရဲ့ အပတ်စဉ်လစာက နှစ်ပေါင်ထက် ပိုရင်တော့ နှစ်ပေါင်နဲ့ ငါးပေါင်ကြားကို ၅ ရာခိုင်နှုန်း၊ ငါးပေါင်နဲ့ ဆယ်ပေါင်ကြားကို ၁၀ ရာခိုင်နှုန်း၊ ဆယ်ပေါင်နဲ့ ပေါင် ၂၀ ကြားကို ၁၅ ရာခိုင်နှုန်းနဲ့ ပေါင် ၂၀ အထက်ကိုတော့ ၂၀ ရာခိုင်နှုန်း အခွန်ဆောင်ရပါတယ်။
အဲဒါအပြင် တခြားအခွန်အခတွေလည်း ရှိပါသေးတယ်။ ‘က’ ပုံစံ အခွန်က မြေယာ၊ နေအိမ်နဲ့ တခြားရုပ်ပိုင်းဆိုင်ပစ္စည်းတွေကနေ ရတဲ့ဝင်ငွေကို ကောက်ခံပါတယ်။ ‘ခ’ ပုံစံ အခွန်ကတော့ လယ်သမားတွေ ပေးရတဲ့ အခွန်ပါ။ ‘ဂ’ ပုံစံ အခွန်ကတော့ ငွေးချေးစာချုပ်၊ ရန်ပုံငွေနဲ့ ရှယ်ယာကနေ ရတဲ့ အမြတ်ဝင်ငွေအပေါ် စည်းကြပ်ပါတယ်။ ‘ဃ’ ပုံစံကတော့ စီးပွားရေး၊ ငွေရေးကြေးရေးနဲ့ ပရော်ဖက်ရှင်နယ် ဝင်ငွေအပေါ် စည်းကြပ်တဲ့ အခွန်ပါ။
“အားကျဖို့ကောင်းတယ်” ကလိုင်းဟာ သံယောင်လိုက်ပါတယ်။
“ဒါပေမဲ့…” လူအိုကြီးနီးလ်ဟာ ခေါင်းခါလိုက်ပါတယ် “ဒီလိုလစာမျိုးက ငါတို့လို ဂမ္ဘီရပညာကို လေ့လာသင်ယူပြီး လေ့ကျင့်တဲ့လူတွေ အစီအရင်ပြုလုပ်ဖို့ ကြိုးစားတဲ့ သာလွန်သူတွေအတွက် မလောက်ငှဘူး”
“လိုအပ်တဲ့ ပစ္စည်းတွေက တောင်းခံလွှာတင်ရင် ရတာပဲ မဟုတ်ဘူးလား” ကလိုင်းဟာ နားမလည်နိုင်ဘဲ မေးလိုက်ပါတယ်။
လူအိုကြီးနီးလ်ဟာ လှောင်ပြုံး ပြုံးလိုက်ပါတယ်။ ဘယ်သူ့ကို လှောင်တာလဲ ဆိုတာကတော့ သူပဲ သိပါလိမ့်မယ်။
“အဲဒါက အကန့်အသတ်ရှိတယ်… အဲဒီလို တင်ပြတောင်းခံရင် အကြောင်းအရင်း ဂဃဏန ရှိရတယ်… ဂမ္ဘီရနယ်ပယ်မှာ ပိုပြီးတော့ လေ့လာချင်တယ် စမ်းသပ်မှုတွေ လုပ်ချင်တယ်ဆိုရင်တော့ အိတ်စိုက်ထုတ်ပြီး ကုန်ကြမ်းတွေ ဝယ်ရလိမ့်မယ်… အချင်းချင်းပဲဖြစ်ဖြစ် မြေအောက်ဈေးမှာပဲဖြစ်ဖြစ် ဝယ်လို့ရတယ်”
ကလိုင်းဟာ အံ့အားသင့်သွားပြီး ချက်ချင်း မေးလိုက်ပါတယ် “မြေအောက်ဈေးမှာ သာလွန် ပစ္စည်းတွေ ရှိတာလား… ဘုရားကျောင်းက အဲဒါကို ခွင့်မပြုဘူးလို့ ထင်ထားတာ”
သူ့မှာ လောလောဆယ် သာလွန် ပစ္စည်းတွေ ရနိုင်တဲ့ လမ်းကြောင်း လိုနေပါတယ်။ လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်း ပေါက်စလေး ရှိနေတော့ အဲဒီက လိုအပ်တာတွေ အကုန်လုံးကို ညသိမ်းငှက်အဖွဲ့ကနေပဲ ရှာနေလို့ မဖြစ်ပါဘူး။
“ဒီလိုကိစ္စမျိုးက ထိန်းချုပ်လို့ရတာ မဟုတ်ဘူး… အင်း… ဂမ္ဘီရရှုထောင့်ကနေ ကြည့်ရင် သက်ရှိအားလုံးက စိတ်ဝိညာဉ်နဲ့ အသိရှိပြီး ရင်းမြစ်တစ်ခုတည်းကနေ ဆင်းသက်လာတာ… ငါတို့တွေ အသုံးပြုတဲ့ ပစ္စည်းတွေကလည်း အဲဒီ ထူးခြားသက်ရှိတွေတင်ပဲ မဟုတ်ဘူး… သာမန်တိရစ္ဆာန်တွေ အပင်တွေနဲ့ တွင်းထွက်တွေဆီကလည်း လာတယ်”
“ဥပမာပေးရရင် အမြင်ဆရာ ဆေးရည်ထဲက ထင်ရှူးပန်းပွင့်ဖြူအဆိပ်၊ ရွှေရောင်ပင်စိမ်းရွက်နဲ့ ညသစ်ခွရည်တွေက ငါတို့ရဲ့ နေ့စဉ်ဘဝမှာ မကြာခဏ တွေ့နေရတဲ့ ပစ္စည်းတွေ… သူတို့မှာ ထူးခြားဝိသေသလက္ခဏာ မရှိပေမဲ့ စပါယ်ရှယ် လက္ခဏာတွေ ရှိတယ်… သူတို့ကို ဆေးရည် ဖော်စပ်တာကနေ တချို့အကျိုးကျေးဇူးတွေ ရတယ်… အဲဒါကြောင့် ဒါက ဘုရားကျောင်း ပိတ်ပင်နိုင်တဲ့အရာ မဟုတ်ဘူး”
လူအိုကြီးနီးလ်က ကလိုင်းကို အသေးစိတ် ရှင်းပြပါတယ်။ ကလိုင်း ဘာမှ မပြောနိုင်ခင်မှာပဲ သူက ဆက်ပြောပါတယ်။
“နောက်ပြီး ထူးခြားသက်ရှိတွေရဲ့ အဓိကအရာတွေပဲ အသုံးဝင်တာ မဟုတ်ဘူး… ဥပမာ လာဗိုကင်းမွန်ကွာ… သူ့ရဲ့ သွေးကလွဲရင် မျက်စိ၊ အရေခွံနဲ့ လက်တံတွေကလည်း ပစ္စည်းကောင်းတွေပဲ… ဘုရားကျောင်းက သူ့အင်အားနဲ့သူ လာဗိုကင်းမွန် အကုန်လုံးကို မဖမ်းစီးနိုင်ဘူးဆိုရင် ကျန်တဲ့စီးဆင်းမှုတွေကို လုံးဝ ပိတ်ပင်ပစ်ဖို့က ငွေကြေး မတန်တဆ ကုန်ကျလိမ့်မယ်… သာလွန်ပစ္စည်းတွေ အဆင့်နိမ့်လေလေ ဒီလိုပိုဖြစ်လေလေပဲ… အဲဒါကြောင့် သူတို့တွေက အထူးစပါယ်ရှယ် ပစ္စည်းတွေကိုပဲ မစီးဆင်းနိုင်အောင် အတတ်နိုင်ဆုံး ထိန်းချုပ်ထားကြတယ်”
ရုတ်တရက် လူအိုကြီးနီးလ်ဟာ ရယ်လိုက်ပါတယ်။
“နောက်ထပ် အရေးကြီးတဲ့ အကြောင်းပြချက် ရှိသေးတယ်… မြေအောင်ဈေးကို မသိတာထက် သိထားတာက ပိုကောင်းတယ်… လျှို့ဝှက်အဖွဲ့အစည်းတွေကို ကုန်အောင် မရှင်းနိုင်တော့ ဒီမြေအောက်ဈေးက ဗျူဟာကောင်းပဲ… နောက်ပြီး ငါတို့ လိုအပ်နေတဲ့ ပစ္စည်းတွေကိုလည်း ရှာပေးနိုင်တယ်… ဒီလိုဈေးမျိုးမှာ မှောင်ခိုပစ္စည်းတွေတော့ ပေါ်လာတတ်တယ်… ဒါပေမဲ့ အရမ်းကြီး မလွန်ဘူးဆိုရင် သိပ်ပြီး အန္တရာယ်မရှိရင် ငါတို့တွေ မျက်ကွယ် ပြုပေးထားလိုက်တယ်… အများဆုံး သူတို့ကို အသုံးချပြီး ငါတို့ရဲ့ ဘဏ္ဍာတိုက်တွေကို ဖြည့်တင်းနိုင်တယ်”
“ဘုရားကျောင်းကြီးတွေက တစ်ကျောင်းနဲ့ တစ်ကျောင်း စောင့်ကြည့်နေလို့ ဘယ်ကျောင်းမှ ပိုပိုလိုလို လှုပ်ရှားလို့ မရတာမလား” ကလိုင်းဟာ တကယ့် အကြောင်းရင်းကို ခန့်မှန်းလိုက်ပါတယ်။
လူအိုကြီးနီးလ်ဟာ သဘောတူပေမဲ့ အကျယ်တဝင့်တော့ ရှင်းမပြပါဘူး။
“ကျွန်တော်က အမြင်ဆရာဆိုတော့ နောက်ကျရင် လေ့ကျင့်ဖို့အတွက် ပစ္စည်းတွေ အများကြီး လိုလာမှာပဲ… မစ္စတာနီးလ်… ကျွန်တော်ကို မြေအောက်ဈေးဆီ ခေါ်သွားပေးလို့ရမလား… တစ်ချက်လောက် ကြည့်ချင်လို့” ကလိုင်းဟာ ခိုင်မာတဲ့ အကြောင်းပြချက်နဲ့ တောင်းဆိုပါတယ်။
လူအိုကြီးနီးလ်ဟာ ခက်ခဲပုံ ပေါ်သွားပါတယ်။
“တကယ်တော့ အဲဒီလိုနေရာမျိုးမှာ လှုပ်ရှားတဲ့လူ အများစုက သာလွန်သူတွေ မဟုတ်ဘူး… တချို့တွေက ဂမ္ဘီရပညာကို နှစ်သက်တဲ့ အထက်တန်းလွှာတွေ မဟုတ်ရင်လည်း ဂမ္ဘီရပညာကို အကောင်းမြင်တဲ့ လူချမ်းသာတွေ ဖြစ်နေတတ်တယ်… အင်း… လောလောဆယ် ငါ့မှာ ပေါင် ၃၀ အကြွေးဆပ်စရာ ရှိသေးတော့ အဲဒီကိုသွားဖို့ အဆင်မပြေသေးဘူး”
“ဟုတ်ကဲ့ပါ” ကလိုင်းဟာ မြေအောက်ဈေးဆီ သွားလို့မရတဲ့ အကြောင်းရင်းက လူအိုကြီးနီးလ် အကြွေးတင်နေတာကြောင့်လို့ နည်းနည်းမှ ထင်မထားခဲ့ပါဘူး။ တစ်အောင့်ကြာတဲ့အခါမှာတော့…
“မစ္စတာနီးလ်… ပိုက်ဆံလိုရင် ကျွန်တော့်ဆီက ယူလေ… ကျွန်တော် ချေးမယ်… ကျွန်တော် အခုပဲ ကော်မရှင်ခ ၁၀ ပေါင် ရထားတာ”
“ဟားဟား… မလိုပါဘူးကွာ… ငါ အဲဒီအကြွေးကို ဆပ်နိုင်တော့မှာပါ” လူအိုကြီးနီးလ်ဟာ ဆိုဖာကိုပုတ်ပြီး ဖြည်းဖြည်းချင်း မတ်တတ်ရပ်ပါတယ် “ဟင်း… အသက်အရွယ်က ဘယ်ဇီဝသက်ရှိမှ မတိုက်ခိုက်နိုင်တဲ့ ရန်သူတော်ကြီးပဲ… မနေ့ညက စောင့်ကြည့်ရတာနဲ့တင် ငါ တော်တော် ပင်ပန်းနေပြီ… အင်း… ဒီမနက်တော့ မင်း ငါ သင်ထားတာတွေကို ပြန်ကြည့်ချည်… မှတ်တမ်းတွေ ပိုဖတ်ထား… မနက်ဖြန်ကျရင် ငါ မင်းကို အစီအရင်မှော်ရဲ့ အခြေခံအချက်တွေ သင်ပေးမယ်”
“ဟုတ်ကဲ့” ကလိုင်းဟာ မတ်တတ်ရပ်ပြီး ဦးထုပ်ချွတ်ကာ နှုတ်ဆက်လိုက်ပါတယ်။
ဒန်းစမစ်က နေ့လည်ခင်းထိ ပြန်ရောက်မလာတဲ့ အခါမှာတော့ ကလိုင်းဟာ မှတ်စုစာအုပ် ရှာနေသလိုမျိုး လမ်းတွေပေါ် လျှောက်သွားပါတယ်။
သူဟာ ကော်မရှင်ခ ဆယ်ပေါင်ရထားတာမလို့ ဗေဒင်ကလပ်ထဲဝင်ဖို့ ကျလာမဲ့ ရန်ပုံငွေကို စောင့်စရာမလိုတော့ပါဘူး။ အဲဒါကြောင့် သူ့ခြေလှမ်းတွေက ဗေဒင်ကလပ်ဆီ ဦးတည်သွားပါတယ်။
တွေးခေါ်မှုနဲ့ စိတ်ဝိညာဉ်အာရုံ သုံးတာက ရေရွတ်သံတွေ ပုံရိပ်ယောင်တွေကို မကြာမကြာ ဖြစ်ပေါ်စေတဲ့အတွက် ကလိုင်းဟာ အမြင်ဆရာအဖြစ် မြန်မြန်သရုပ်ဆောင်ပြီး ဆေးရည်ကို ချေဖျက်ချင်နေပါပြီ။