အခန်း (၄၅) ပြန်သွားခြင်း
‘အန်တီဂိုနပ် မိသားစု မှတ်စုစာအုပ်က ပြန်ပေးဆွဲသမားတွေနဲ့ မျက်နှာချင်းဆိုင် တိုက်ခန်းမှာပဲ’
ဒါက တိုက်ဆိုင်လွန်းတယ်ဆိုပေမဲ့ ကလိုင်းဟာ သူ့ ဆဋ္ဌမအာရုံကို ယုံကြည်ပါတယ်။ သူဟာ ချက်ချင်း အိပ်ရာထပြီး အိပ်ခါနီးဝတ်လေ့ရှိတဲ့ အဝတ်အစားဟောင်းကို ခပ်သွက်သွက် လဲလိုက်ပါတယ်။
အဲဒီနောက် ဘေးနားက ရှပ်အင်္ကျီဖြူတစ်ထည်ကို ကောက်ဝတ်ပြီး အပေါ်ကနေအောက် ကပျာကယာ ကြယ်သီး တပ်လိုက်ပါတယ်။
‘တစ် နှစ် သုံး…’
ရုတ်တရက် ကြယ်သီး ပျောက်နေတာကို သူ သတိထားမိလိုက်ပါတယ်။ ဘယ်ဘက်နဲ့ ညာဘက်က မကိုက်ပါဘူး။ သေချာကြည့်လိုက်တော့ ကြယ်သီးက ပျောက်သွားတာ မဟုတ်ဘဲ ပထမကြယ်သီးကို ဒုတိယနေရာနဲ့ မှားတပ်မိတာပါ။
ကလိုင်းဟာ ခေါင်းခါလိုက်ပြီး အသက်အရှည်ကြီး ရှူသွင်းကာ ဖြည်းဖြည်းချင်း ရှုထုတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာ တွေးခေါ်မှု နည်းလမ်း သုံးပြီး စိတ်ငြိမ်အောင် လုပ်ပါတယ်။
အဖြူရောင် ရှပ်အင်္ကျီနဲ့ အနက်ရောင် ဘောင်းဘီရှည်ကို ဝတ်ဆင်ပြီးတဲ့ နောက်မှာတော့ ချိုင်းသေနတ်အိတ်ကို ဝတ်ဆင်ပါတယ်။ ပြီးတဲ့အခါမှာတော့ ခေါင်းအုံးအောက်မှာ ဖွက်ထားတဲ့ ခြောက်လုံးပြူးကို ဆွဲထုတ်ပြီး သေနတ်အိတ်ထဲ ထည့်လိုက်ပါတယ်။
အဲဒီနောက် နက်ကတိုင်တောင် မချည်အားတော့ဘဲ ဝတ်စုံကို ဆွဲယူပြီး ဦးထုပ်နဲ့ လက်ကိုင်တုတ်ကို လက်တစ်ဖက်စီမှာ ကိုင်ကာ တံခါးဆီ လျှောက်သွားပါတယ်။ သက္ကလပ်ဦးထုပ်ကို ဆောင်းပြီးနောက် ကလိုင်းဟာ တံခါးလက်ကိုင်ဘုကို အသာလှည့်ဖွင့်ပြီး စင်္ကြံဆီ လျှောက်သွားပါတယ်။
သူဟာ အိပ်ခန်းတံခါးကို ဂရုတစိုက် ပိတ်ပြီး အောက်ထပ်ကို သူခိုးလို ခြေဖော့ ဆင်းပါတယ်။ အဲဒီနောက် ဒီနေ့ အလုပ်စောစောသွားဖို့ လိုတာကို ပြောဖို့ မနေ့က မေ့သွားတဲ့အကြောင်း ဘန်ဆင်နဲ့ မလီဆာအတွက် ဧည့်ခန်းမှာ စာချန်လိုက်ပါတယ်။
ကလိုင်းဟာ အပြင်ဘက်ကို ရောက်တယ်ဆိုရင်ပဲ တသုန်သုန်တိုက်ခတ်နေတဲ့ လေပြေအေးကြောင့် လှုပ်ရှားနေတဲ့စိတ်တွေ ငြိမ်သက်သွားပါတယ်။
သူ့ရှေ့ကလမ်းဟာ မှောင်မိုက် တိတ်ဆိတ်နေပြီး လမ်းသွားလမ်းလာ တစ်ယောက်မှ မရှိပါဘူး။ အလင်းရောင်ပေးတဲ့ ဓာတ်ငွေ့ မီးအိမ်တွေပဲ ရှိတယ်။
ကလိုင်းဟာ အိတ်ကပ်ထဲက အိတ်ဆောင်နာရီကို ထုတ်ယူပြီး ကလစ်ခနဲ ဖွင့်ကြည့်လိုက်တဲ့အခါ ခြောက်နာရီပဲ ရှိသေးတာကို တွေ့လိုက်ရပါတယ်။ ကြက်သွေးရောင် လရောင်ကလည်း လုံးလုံးလျားလျား မပျောက်ကွယ်သေးပါဘူး။ ဒါပေမဲ့ မိုးကုပ်စက်ဝိုင်းမှာ ရောင်ခြည်တစ်ထောင် အလင်းဆောင်တဲ့ နေမင်းကြီးကတော့ စတင်ထွက်ပေါ်လာပါပြီ။
ကလိုင်းဟာ သီးသန့်မြင်းလှည်း သွားငှားဖို့ ပြင်လိုက်ချိန်မှာပဲ မြင်းနှစ်ကောင်ဆွဲတဲ့ သံလမ်းမဲ့ လေးဘီးမြင်းလှည်းက သူ့နား ကပ်လာတာကို တွေ့လိုက်ရပါတယ်။
‘အများသုံးမြင်းလှည်းက ဒီလောက် အစောကြီးလည်း ရှိတာပဲလား’ ကလိုင်းဟာ ပဟေဠိ ဖြစ်သွားပေမဲ့ ရှေ့တိုးပြီး လက်ဝှေ့ယမ်းကာ တားလိုက်ပါတယ်။
“မင်္ဂလာ မနက်ခင်းပါ လူကြီးမင်း”
မြင်းလှည်းမောင်းသမားဟာ ကျွမ်းကျွမ်းကျင်ကျင် မြင်းဇက်ကြိုးသတ်လိုက်ပါတယ်။ သူ့ဘေးနားက လက်မှတ်အရာရှိကတော့ ပါးစပ်ကို လက်နဲ့ကာပြီး သမ်းဝေနေပါတယ်။
“ဇိုးတလန်လမ်း…” ကလိုင်းဟာ အိတ်ကပ်ထဲကို ကောက်နှိုက်လိုက်တဲ့အခါ နှစ်ပဲနိနဲ့ ပဲနိဝက် လေးပြား ထွက်လာပါတယ်။
“လေးပဲနိ…” လက်မှတ်အရာရှိဟာ တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေပါတယ်။
မြင်းလှည်းခ ပေးပြီးနောက် ကလိုင်းဟာ မြင်းလှည်းပေါ် တက်လိုက်တဲ့အခါ ခရီးသွား တစ်ယောက်မှ ရှိမနေတာကို တွေ့လိုက်ရပါတယ်။ မြင်းလှည်းတစ်စီးလုံး အမှောင်ရိပ်အောက်မှာ အထီးကျန်ဆန်နေပါတယ်။
“ခင်ဗျားက ပထမဆုံး ခရီးသည်ပဲ” မြင်းလှည်းမောင်းသမားက အပြုံးနဲ့ ဆိုပါတယ်။
မြင်းညိုကြီးနှစ်ကောင်က ခပ်သွက်သွက် ပြေးတဲ့အတွက် မြင်းလှည်းဟာ တဖြည်းဖြည်း မြန်လာပါတယ်။
“အမှန်အတိုင်းပြောရရင် ဒီလောက်အစောကြီး အများသုံး မြင်းလှည်း ရှိလိမ့်မယ်လို့ ထင်မထားဘူး” ကလိုင်းဟာ မြင်းလှည်းမောင်းသမားနားက ထိုင်ခုံမှာထိုင်ရင်း ရောက်တက်ရာရာပြောပြီး အာရုံလွဲကာ တင်းကြပ်နေတဲ့ သူ့စိတ်ကို ဖြေလျှော့ပါတယ်။
မြင်းလှည်းမောင်းသမားဟာ ကိုယ့်ကိုယ်ကိုယ် သရော်သံနဲ့ ဆိုပါတယ် “မနက် ၆ နာရီကနေ ည ကိုနားရီအထိ ရှိတယ်… ဒါပေမဲ့ တစ်ပတ်ကို တစ်ပေါင်ပဲ ရတယ်”
“နားချိန် မရှိဘူးလား” ကလိုင်းဟာ သိချင်စိတ်နဲ့ စပ်စုလိုက်ပါတယ်။
“တစ်ပတ်ကို တစ်ခါတော့ အလှည့်ကျ နားရတယ်” မြင်းလှည်းမောင်းသမားရဲ့ လေသံဟာ လေးလံသွားပါတယ်။
ဘေးနားမှာရှိတဲ့ လက်မှတ်အရာရှိကလည်း ဝင်ပြောပါတယ် “ကျွန်တော်တို့က ဒီမနက် ၆ နာရီကနေ ၁၁ နာရီအထိ ပြေးဆွဲဖို့ တာဝန်ယူထားရတယ်… အဲဒါပြီးရင် နေ့လည်စာ စားပြီး နေ့လယ်ခင်း နာချိန် ရတယ်… ညနေ ၆ နာရီဆိုရင်တော့ ကျွန်တော်တို့ တခြား မြင်းလှည်းနေရာမှာ ပြန်ပြေးဆွဲရတယ်… ကျွန်တော်တို့တွေ နားဖို့ မလိုရင်တောင် မြင်းနှစ်ကောင်ကတော့ လိုတယ်လေ”
“အရင်တုန်းကဆိုရင် အဲဒီလိုမဟုတ်ဘူး… မဖြစ်သင့်တဲ့ မတော်တဆမှု တစ်ခုကြောင့် အခုလို ဖြစ်သွားတာ… မြင်းလှည်းမောင်းသမား တစ်ယောက်က မောပန်းနွမ်းနယ်လွန်းပြီး သူ့မြင်းလှည်းကို မထိန်းနိုင်ဘဲ မှောက်သွားတယ်လေ… အဲဒါကြောင့် ကျွန်တော်တို့တွေ အဆိုင်းတွေ ရှိလာတာ… မဟုတ်ရင် အဲဒီဂုတ်သွေးစုပ်တဲ့ ကောင်တွေက ဘယ်တော့မှ ရုတ်တရက်ကြီး သဘောကောင်းလာမှာ မဟုတ်ဘူး” မြင်းလှည်းမောင်းသမားက လှောင်ပြောင်သံနဲ့ ဆိုပါတယ်။
အရုဏ်ဦးရောင်နီအောက်မှာ အများသုံး မြင်းလှည်းဟာ ဇိုးတလန်လမ်းဆီ မောင်းနှင်ပြီး လမ်းမှာ ခရီးသည် ခုနစ်ယောက် ရှစ်ယောက်ကို တင်ဆောင်ပါတယ်။
ကလိုင်းဟာ စိတ်တင်းကြပ်မှု လျော့သွားတာမလို့ စကား ထပ်မပြောတော့ပါဘူး။ မျက်လုံးမှိတ်ပြီး မနေ့က အတွေ့အကြုံကို ပြန်စဉ်းစားကာ တစ်ခုခု မေ့နေခဲ့သေးလားဆိုတာ ရှာဖွေပါတယ်။
နေမင်းကြီး အပြည့်အဝ ထွက်ပေါ်လာချိန်မှာတော့ လောကဓာတ်တစ်ခွင်လုံး လင်းလင်းချင်းချင်း ဖြစ်သွားပါတယ်။ အများသုံး မြင်းလှည်းလည်း ဇိုးတလန်လမ်းကို ရောက်ရှိသွားပါတယ်။
ကလိုင်းဟာ ဦးထုပ်ကို ဘယ်လက်နဲ့ဖိပြီး မြင်းလှည်းထဲကနေ သွက်သွက်လက်လက် ဆင်းလိုက်ပါတယ်။
အဲဒီနောက် အမှတ် ၃၆ အဆောက်အဦးထဲ ဝင်ပြီး အပေါ်ထပ် တက်လိုက်တဲ့အခါ ဆူးနက်လုံခြုံရေး ကုမ္ပဏီရှေ့ ရောက်သွားပါတယ်။ ကုမ္ပဏီတံခါးက ပိတ်ထားတုန်းဖြစ်ပြီး အခုထိ မဖွင့်သေးပါဘူး။
ကလိုင်းဟာ ခါးက သော့တွဲကို ဆွဲထုတ်ပြီး ကုမ္ပဏီတံခါးသော့ကို ရွေးပါတယ်။ ပြီးတဲ့အခါမှာတော့ အဲဒီသော့ကို သော့ပေါက်ထဲ ထိုးထည့်ပြီး လှည့်လိုက်ပါတယ်။ အဲဒီနောက် တံခါးကို တွန်းဖွင့်လိုက်ပါတယ်။
တံခါးပွင့်သွားတဲ့အခါ အနက်ရောင်ဆံပင် အစိမ်းရောင်မျက်လုံးနဲ့ လန်နာ့ဒ်မစ်ချယ်က လက်တလော ရေပန်းစားနေတဲ့ ဆေးလိပ်ကို ရှိုက်နေတာ တွေ့လိုက်ရပါတယ်။
“အမှန်အတိုင်း ပြောရရင် ငါ ဆေးပြင်းလိပ်… မင်း အလျင်လိုနေတာလား” ကဗျာဆရာဂိုက်နဲ့ ညသိမ်းငှက်က လေသံအေးနဲ့ မေးပါတယ်။
“ကပ္ပတိန် ဘယ်မှာလဲ” ကလိုင်းဟာ လန်နာ့ဒ်ရဲ့ မေးခွန်းကို မဖြေဘဲ ပြန်မေးလိုက်ပါတယ်။
လန်နာ့ဒ်ဟာ အခန်းခွဲထားတဲ့အပိုင်းကို လက်ညှိုးထိုးပြပြီး “ရုံးခန်းထဲမှာ… ကပ္ပတိန်က အဆင့်မြင့် အအိပ်မဲ့ဆိုတော့ တစ်နေ့ကို ၂ နာရီလောက် အိပ်ရုံနဲ့ လုံလောက်တယ်… အဲဒီစက်ရုံပိုင်ရှင်တွေနဲ့ ဘဏ်သမားတွေက ဒီလိုဆေးရည်မျိုးကို အကြိုက်ဆုံးဆိုတာ ငါ အတပ်ပြောနိုင်တယ်”
ကလိုင်းဟာ ခေါင်းညိတ်ပြီး အခန်းခွဲထားတဲ့ အပိုင်းကို ခပ်သွက်သွက် လျှောက်သွားပါတယ်။ သူ ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်တဲ့အခါ တံခါးဝမှာ ရပ်နေတဲ့ ဒန်းစမစ်ကို တွေ့လိုက်ရပါတယ်။
“ဘာကိစ္စရှိလို့လဲ” အနက်ရောင် လေကာအင်္ကျီ ဝတ်ဆင်ပြီး ရွှေရောင် လက်ကိုင်တုတ်ကို ကိုင်ထားတဲ့ ဒန်းစမစ်က လေးနက် တည်ကြည်တဲ့ မျက်နှာနဲ့ မေးပါတယ်။
“မနေ့က ကျွန်တော် ပစ္စုပ္ပန်ကို ကြုံတွေ့ဖူးသလိုမျိုး ခံစားခဲ့ရတယ်… အဲဒါ မှတ်စုစာအုပ် ဖြစ်လောက်တယ်… အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ကို ပြောတာ”
ကလိုင်းဟာ သူ့စကားကို ကျိုးကြောင်းကျပြီး ရှင်းလင်းအောင် ပြောပါတယ်။
“ဘယ်နေရာမှာလဲ” ဒန်းစမစ်ရဲ့ အမူအရာဟာ သိသိသာသာ မပြောင်းလဲသွားပါဘူး။
ဒါပေမဲ့ ကလိုင်းရဲ့ ဆဋ္ဌမအာရုံက ဒန်းစမစ်ဆီမှာ မမြင်နိုင်တဲ့ ဂယက်တစ်ခု ထသွားတယ်လို့ ပြောနေပါတယ်။ ဒါက သူ့ရဲ့ စိတ်ဝိညာဉ် ဒါမှမဟုတ် ခံစားချက် ပြောင်းလဲသွားတာ ဖြစ်နိုင်ပါတယ်။
“ကျွန်တော်နဲ့ လန်နာ့ဒ် မနေ့က ဓားစာခံ ကယ်ခဲ့တဲ့ နေရာမှာ… ပြန်ပေးဆွဲသမားတွေနေတဲ့ အခန်းရဲ့ မျက်နှာချင်းဆိုင်မှာ… အဲဒီတုန်းက ကျွန်တော် သတိမထားမိခဲ့ဘူး… ညတုန်းက အိပ်မက်ထပ်မက်မှ သတိထားမိတာ”
“ကြည့်ရတာ ငါ အကျိုးဆောင်မှု အကြီးကြီးလုပ်ဖို့ အခွင့်အရေးကို လက်လွှတ်သွားပြီနဲ့ တူတယ်” အခန်းခွဲထားတဲ့နေရာကို လျှောက်လာတဲ့ လန်နာ့ဒ်က တစ်ချက်ရယ်ပြီး ဆိုပါတယ်။
ဒန်းစမစ်ဟာ ခေါင်းအသာညိတ်ပြီး လေးနက်တဲ့ အမူအရာနဲ့ ညွှန်ကြားပါတယ် “ကင်လီကို လူအိုကြီးနီးလ် နေရာမှာ အစားထိုးပြီး လက်နက်တိုက် ကြည့်ခိုင်းလိုက်… လူအိုကြီးနီးလ်နဲ့ ဖရိုင်းကို ငါတို့နဲ့သွားဖို့ ပြောလိုက်…”
လန်နာ့ဒ်ဟာ ပေါ့ပြက်ပြက်လုပ်နေတာ ရပ်ပြီး အပန်းဖြေခန်းထဲက ကင်လီနဲ့ ဖရိုင်းကို ချက်ချင်း သတင်းသွားပေးပါတယ်။ သူတို့နှစ်ယောက်ထဲမှာ တစ်ယောက်က အအိပ်မဲ့ဖြစ်ပြီး တစ်ယောက်က အလောင်းစုသမားပါ။
ငါးမိနစ်ကြာတဲ့ အခါမှာတော့ ညသိမ်းငှက် အဖွဲ့အောက်မှာရှိတဲ့ နှစ်ဘီးမြင်းလှည်းဟာ မနက်စောစောမလို့ လမ်းသွားလမ်းလာ သိပ်မရှိသေးတဲ့ လမ်းမှာ စပြီးတော့ မောင်းနှင်ပါတယ်။
လန်နာ့ဒ်ဟာ ငှက်မွေးဦးထုပ် ဆောင်းထားပြီး ရှပ်အင်္ကျီနဲ့ စွပ်ကျယ်ကို ဝတ်ဆင်ထားပါတယ်။ သူဟာ မြင်းလှည်းမောင်းသမားအဖြစ် တာဝန်ယူပြီး ကြာပွတ်ကို ရွှမ်းခနဲ မြည်အောင် မကြာမကြာ ရိုက်ပါတယ်။
မြင်းလှည်းထဲမှာ ကလိုင်းနဲ့ လူအိုကြီးနီးလ်ဟာ တစ်ဘက် ထိုင်ပါတယ်။ သူတို့နဲ့ မျက်နှာချင်းဆိုင်မှာတော့ ဒန်းစမစ်နဲ့ ဖရိုင်း ထိုင်ပါတယ်။
အလောင်းစုသမားရဲ့ အသားအရေဟာ နေရောင်ခြည်ကို အကြာကြီး မထိတွေ့ထားသလို သွေးအားနည်းလွန်းနေသလို ဖြူဖတ်ဖြူရော် နိုင်လွန်းလှပါတယ်။ သူဟာ အသက် ၃၀ အရွယ်ရှိပြီး အနက်ရောင် ဆံပင်နဲ့ အပြာရောင် မျက်လုံးတွေ ရှိပါတယ်။
သူဟာ နှာတံမောက်ပြီး နှုတ်ခမ်းပါးပါတယ်။ သူဟာ အေးစက်ပြီး မှောင်မိုက်တဲ့ အမူအကျင့်ရှိကာ အလောင်းတွေကို မကြာခဏ ထိတွေ့ရတဲ့အတွက် စိမ်းရွှင်ရွှင်အနံ့လည်း ခပ်ယဲ့ယဲ့ ရနေပါတယ်။
“အခြေအနေကို အသေးစိတ် ထပ်ပြောစမ်းကွာ” ဒန်းစမစ်ဟာ သူ့လေကာအင်္ကျီရဲ့ ကော်လံကို ပြင်လိုက်ပါတယ်။
ကလိုင်းဟာ အင်္ကျီလက်စထဲက ဥဿဖရားကို လက်နဲ့သပ်ရင်း မနေ့က သူတို့လက်ခံခဲ့တဲ့ အလုပ်နဲ့ အိပ်မက်မက်ခဲ့တဲ့အထိ ပြောပြပါတယ်။
ဘေးနားက လူအိုကြီးနီးလ်ဟာ ကလိုင်းပြောတာ နားထောင်ပြီး တစ်ချက် ရယ်လိုက်ပါတယ် “မင်းရဲ့ ကံကြမ္မာက အန်တီဂိုနပ် မိသားစု မှတ်စုစာအုပ်နဲ့ ဆက်နွှယ်နေတာပဲ… မင်း ဒီလိုမျိုး ပြန်တွေ့လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားမိခဲ့ဘူး”
‘ဟုတ်တယ်… ဒါက တော်တော်လေး တိုက်ဆိုင်လွန်းတယ်… အဲလိယက် ပြန်ပေးဆွဲခံရမှုက သဘာဝလွန်ကိစ္စမဟုတ်ဘဲ ပိုက်ဆံကြောင့် ဖြစ်လာတာလို့သာ လန်နာ့ဒ်က ပြောမထားရင် ငါ ဒါကို တစ်ယောက်ယောက်ကို စီစဉ်ထားတာလို့ သံသယဝင်မိမှာပဲ’
ကလိုင်းဟာ ဒီကိစ္စကို ပိုပြီးတော့ စူးစမ်းချင်လာပါတယ်။ အဖြစ်အပျက်က တိုက်ဆိုက်လွန်းတယ် မဟုတ်ပါလား။
ဒန်းစမစ်ဟာ ဘာမှ ဝင်မပြောဘဲ တစ်ခုခုကို တွေးတော စဉ်းစားနေပါတယ်။ အလောင်းစုသမား ဖရိုင်းကလည်း အတူတူပါပဲ။ ဘာအသံမှ မထွက်ပါဘူး။
ကလိုင်းပြောတဲ့ အဆောက်အဦးရှေ့မှာ မြင်းလှည်း ရပ်လိုက်မှာပဲ တိတ်ဆိတ်မှုက ပြိုကွဲသွားပါတယ်။
“သွားကြမယ်… ကလိုင်း… မင်းနဲ့ လူအိုကြီးနီးလ်က နောက်ကနေ လိုက်… သတိထား… သတိကြီးကြီးထား…”
ဒန်းစမစ်ဟာ မြင်းလှည်းပေါ်က ဆင်းပြီး ပြောင်းရှည်တဲ့ ခြောက်လုံးပြူးကို ဆွဲထုတ်ကာ ညာဘက် အိတ်ကပ်ထဲ ထိုးထည့်လိုက်ပါတယ်။
“ဟုတ်ကဲ့ပါ” ကလိုင်းဟာ ဒန်းစမစ်ရဲ့ စကားကို အလေးဂရုမပြုဘဲ မနေရဲပါဘူး။
လန်နာ့ဒ်က မြင်းလှည်း စောင့်ဖို့ လူတစ်ယောက် ရှာပြီးတဲ့နောက်မှာတော့ သာလွန်သူငါးယောက်ဟာ စနစ်တကျ အဆောက်အဦးထဲ ဝင်သွားပါတယ်။ ခြေသံလုံလုံနဲ့ သူတို့ငါးယောက်ဟာ တတိယထပ်ကို ရောက်ရှိသွားပါတယ်။
“ဒီနေရာလား…” လန်နာ့ဒ်ဟာ ပြန်ပေးဆွဲသမားတွေနေတဲ့ အခန်းရဲ့ မျက်နှာချင်းဆိုင် တိုက်ခန်းကို ပြပြီး မေးပါတယ်။
ကလိုင်းဟာ နဖူးလယ်ကို နှစ်ချက်တောက်ပြီး စိတ်ဝိဉာဉ်အာရုံကို ဖွင့်လိုက်ပါတယ်။ ဒီအခြေအနေမှာ ကလိုင်းရဲ့ စိတ်ဝိညာဉ်အမြင်က ထပ်ပြီးတော့ တိုးမြှင့်သွားပါတယ်။ သူဟာ ဒီတံခါးကို ဝင်ဖူးသလိုမျိုး ရင်းနှီးတဲ့ ခံစားချက်ကို ရလိုက်ပါတယ်။
“ဟုတ်တယ်” ကလိုင်းဟာ ခေါင်းညိတ်ပြီး အတည်ပြုပါတယ်။
လူအိုကြီးနီးလ်ကလည်း စိတ်ဝိညာဉ်အမြင်ကို ဖွင့်ပြီး သေချာကြည့်ရှုကာ “အထဲမှာ တစ်ယောက်မှ မရှိဘူး… မှော်စွမ်းအားရဲ့ စိတ်ဝိညာဉ် တောက်ပမှုလည်း တစ်ခုမှ မရှိဘူး”
အလောင်းစုသမား ဖရိုင်းကလည်း အသံဩဩနဲ့ ဝင်ပြောပါတယ် “မိစ္ဆာစိတ်ဝိညာဉ်တွေလည်း မရှိဘူး”
ဖရိုင်းဟာ စိတ်ဝိညာဉ်အာရုံကို မဖွင့်ဘဲနဲ့ စိတ်ဝိညာဉ် ခန္ဓာကိုယ် အများကြီးကို မြင်နိုင်စွမ်း ရှိပါတယ်။ ဒီထဲမှာ မိစ္ဆာစိတ်ဝိညာဉ်တွေနဲ့ တစ္ဆေတွေလည်း ပါဝင်ပါတယ်။
လန်နာ့ဒ်ဟာ ရှေ့ခြေတစ်လှမ်း တိုးပြီး မနေ့ကလိုပဲ တံခါးသော့ဆီ လက်သီးတစ်လုံး ပစ်သွင်းလိုက်ပါတယ်။ ဒီတစ်ခါမှာတော့ ဘေးပတ်လည်က သစ်သားတင်မကဘဲ သော့ပါ လွင့်စဉ်ထွက်ပြီး ကြမ်းပြင်ပေါ် ပြုတ်ကျသွားပါတယ်။
ကလိုင်းဟာ မမြင်နိုင်တဲ့တံဆိပ်တစ်ခု ရုတ်ခြည်း ပျောက်ကွယ်သွားတာကို ခံစားမိလိုက်ပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလို ဆိုးရွားလှတဲ့ ပုပ်စော်နံ့ကို သူ ရလိုက်ပါတယ်။
“အလောင်း… ပုပ်ပွနေတဲ့ အလောင်း…” ဖရိုင်းက အေးစက်စွာ ဆိုပါတယ်။ ဒီအနံ့ဆိုးက သူ့ကို ဘာမှ လုပ်နိုင်ပုံ မပေါ်ပါဘူး။
ဒန်းစမစ်ဟာ အနက်ရောင် လက်အိတ်စွပ်ထားတဲ့ ညာလက်နဲ့ တံခါးကို ဖြည်းဖြည်းချင်း တွန်းဖွင့်လိုက်ပါတယ်။ ပထမဆုံး သူတို့မြင်လိုက်ရတာက မီးလင်းဖိုပါ။ ဇူလိုင်လ အစောပိုင်းအတွက် ဒီအခန်းထဲက ထွက်ပေါ်နေတဲ့ အပူဟာ သာမန် မဟုတ်ပါဘူး။
မီးလင်းဖိုရှေ့မှာ လှုပ်ကုလားထိုင်တစ်လုံး ရှိပါတယ်။ လှုပ်ကုလားထိုင်ပေါ်မှာ ဖြူမည်း ဝတ်စားထားတဲ့ အမျိုးသမီးအိုကြီးတစ်ဦး ထိုင်နေပါတယ်။ သူ့ခေါင်းကတော့ စိုက်ကျနေပါတယ်။
သူ့ခန္ဓာကိုယ်ဟာ ပုံမှန်ထက် ပိုကြီးပြီး အသားအရေကလည်း စိမ်းနက်ရောင်ပြောင်းကာ ဖူးရောင်နေပါတယ်။ တစ်ချက်ထိုးလိုက်တာနဲ့ ပေါက်ကွဲထွက်တော့မဲ့ အတိုင်းပါပဲ။ ပုပ်စော်နံ့ကလည်း အူကလီဆန်လောက်အောင် နံ့ဟောင်လွန်းပါတယ်။ လောက်တွေနဲ့ တခြားပိုမွှားကောင်တွေကလည်း သူ့အသွေးအသား အဝတ်အစားတွေနဲ့ အပုပ်ရည်တွေကြားထဲမှာ တွန့်လိမ်ပြီး လျှောက်သွားနေပါတယ်။
ဒီကောင်တွေက စိတ်ဝိညာဉ်အာရုံထဲမှာ အလင်းစက်လေးတွေလို ပေါ်လာပါတယ်။ သူတို့တွေက မဆုံးနိုင်တဲ့ အမှောင်ထုကို တွယ်ဖက်ထားသလိုပါပဲ။
“ဒုတ်… ဒုတ်…”
အမျိုးသမီးအိုကြီးရဲ့ မျက်စိတွေဟာ ကြမ်းပြင်ပေါ် ပြုတ်ကျပြီး လေငါးပတ် လှိမ့်သွားကာ ကြမ်းပြင်ကို ညိုဝါရောင် စွန်းထင်းသွားစေပါတယ်။
ကလိုင်းဟာ အူဂလီဆန်လာပြီး ပုပ်စော်နံ့ကို ဘယ်လိုမှ ဆက်မခံစားနိုင်တော့တာကြောင့် ခါးကုန်းပြီး ထိုးအန်ပါတယ်။