အခန်း (၄၄) ကံကြမ္မာ
ကလေးချော့တေးသံနဲ့တူတဲ့ လန်နာ့ဒ်ရဲ့ သီချင်းဆိုသံဟာ တံခါးကိုဖြတ်ပြီး အခန်းထဲ ဝင်သွားပါတယ်။
ဒီသံချင်းသံကြားပြီး ကလိုင်းရဲ့ စိတ်ဟာ ချက်ချင်း ထိုင်းမှိုင်းသွားပါတယ်။ သူဟာ တိတ်ဆိတ်တဲ့ လရောင်နဲ့ အေးချမ်းငြိမ်သက်တဲ့ ကန်ရေပြင်ကို မြင်ရသလိုမျိုး ခံစားလိုက်ရပါတယ်။ မျက်ခွံတွေကလည်း လေးလံလာပြီး မတ်တတ်ရပ်လျက် အိပ်ချင်လာပါတယ်။
သူဟာ ဒီမရှင်းမလင်း ပြတ်ပြတ်သားသား မရှိတဲ့ အတွေ့အထိ အာရုံအောက်မှာ ထူးဆန်းပြီး ပုံသဏ္ဍာန်မရှိတဲ့ ပေါ့ပါးတဲ့ အာရုံစိုက်မှုကို ကျောဘက်ကနေ ခံစားလိုက်ရပါတယ်။ သူဟာ စိတ်ဝိညာဉ်လောကမှာ လေ့လွင်နေသလိုမျိုးပါပဲ။
ကလိုင်း သူ့အတွေးတွေကို တစ်ဖန် ပြန်ရှာတွေ့သွားချိန်မှာ ပစ္စုပ္ပန်ကို ကြုံတွေ့ဖူးသလိုမျိုး နားလည်ဝေခွဲရ ခက်ခဲတဲ့ ခံစားချက်က သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့သွားပါတယ်။ သူ့ရဲ့ အားကောင်းတဲ့ စိတ်ဝိညာဉ်အာရုံနဲ့ တွေးခေါ်တာကို အလွန်တရာ ရင်းနှီးမှုကြောင့် ကလိုင်းဟာ သန်းခေါင်ယံ ကဗျာရဲ့ လွှမ်းမိုးမှုအောက်ကနေ သီသီကလေး လွတ်မြောက်နိုင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း သူ့စိတ်ဟာ အေးချမ်းငြိမ်သက်သွားပြီး ဘယ်ခံစားချက်မှ ဂယက်ထမလာတော့ပါဘူး။
မကြာခင်မှာပဲ လန်နာ့ဒ်ဟာ သီချင်းဆိုတာ ရပ်ပြီး ကလိုင်းဘက် လှည့်ကာ ပြုံးပြပါတယ် “ငါ ကပ္ပတိန်ဆီကနေ ဖေးနာပေါ်တာ ပလွေတစ်ချောင်းလောက် တင်ပြတောင်းခံဖို့ စဉ်းစားနေတာ… သီချင်းဆိုတာ တူရိယာမရှိလို့ ဘယ်ဖြစ်မလဲ”
“ဟီးဟီး… နောက်တာ… သူတို့တွေ အိပ်ပျော်သွားပြီ”
အနက်ရောင်ဆံပင် အစိမ်းရောင်မျက်လုံး ကဗျာဆရာခံစားချက်နဲ့ လန်နာ့ဒ်ဟာ ဓားစာခံနဲ့ ပြန်ပေးဆွဲသမားတွေရှိတဲ့ အခန်းထဲဝင်ဖို့ တံခါးဆီ လျှောက်သွားပြီး ပခုံးကို ရုတ်တရက်လှုပ်ကာ တံခါးသော့ဆီ လက်သီးတစ်လုံး ပစ်သွင်းလိုက်ပါတယ်။
“ခွပ်…”
တံခါးသော့နားက သစ်သားပြားဟာ ခပ်အုပ်အုပ်မြည်ပြီး ကျိုးသွားပါတယ်။
“ဒီလိုလုပ်ဖို့ဆိုရင် ခွန်အားကို အတိအကျ ထိန်းချုပ်ဖို့ လိုတယ်” လန်နာ့ဒ်ဟာ ခေါင်းလှည့်ပြီး ပြုံးပြပါတယ်။ ပြီးတဲ့အခါမှာတော့ အပေါက်ထဲ လက်ထည့်ပြီး တံခါးသော့ ဖွင့်လိုက်ပါတယ်။
သတိပြန်ဝင်လာတဲ့ ကလိုင်းဟာ လန်နာ့ဒ်လောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မရှိပါဘူး။ အဲဒါကြောင့် ချိုင်းအောက်က ခြောက်လုံးပြူးကို ဆွဲထုတ်ပြီး ဆလင်ဒါကိုလှည့်ကာ အချိန်မရွေး ပစ်ခတ်နိုင်အောင် ပြင်ဆင်ပါတယ်။
တံခါးပွင့်သွားတဲ့အခါ ခြေထောက်အောက်မှာ သေနတ်ကျပြီး စားပွဲပေါ်မှာ အိပ်နေတဲ့ လူတစ်ယောက် ပေါ်လာပါတယ်။ နောက်တစ်ယောက်ကတော့ အိပ်ချင်မူးတူး မျက်စိပွတ်ပြီး မတ်တတ်ရပ်ဖို့ ကြိုးစားနေပါတယ်။
လန်နာ့ဟာ အခန်းထဲ ခုန်ဝင်ပြီး နိုးနေတဲ့ ပြန်ပေးဆွဲသမားကို သတိမေ့အောင် တိုက်ခိုက်လိုက်ပါတယ်။
ကလိုင်းဟာ အခန်းထဲဝင်ဖို့ ပြင်လိုက်ပေမဲ့ တစ်စုံတစ်ခုကို ရုတ်တရက် ခံစားမိလိုက်တာကြောင့် ရုတ်ခြည်း နောက်လှည့်ပြီး လှေကားကို မျက်နှာမူလိုက်ပါတယ်။
“ရှပ်… ရှပ်… ရှပ်…”
ခြေသံတွေ တဖြည်းဖြည်း နီးကပ်လာပြီး နောက်ဆုံးမှာ ဦးထုပ်မဆောင်းထားတဲ့ အညိုရောင်ကုတ်အင်္ကျီနဲ့ လူတစ်ယောက် ပေါင်မုန်ထည့်ထားတဲ့ စက္ကူအိတ်တစ်အိတ်ကိုင်ပြီး တတိယထပ်ဆီ တက်လာပါတယ်။
ရုတ်တရက် အညိုရောင် ကုတ်အင်္ကျီနဲ့လူဟာ ခြေလှမ်းတွေ ရပ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို ချိန်ရွယ်ထားတဲ့ သေနတ်ပြောင်းဝကို တွေ့လိုက်ရလိုပါပဲ။
သူ့မျက်လုံးထဲမှာ သက္ကလပ်ဦးထုပ်ဆောင်းပြီး အနက်ရောင်ဝတ်စုံနဲ့ လူငယ်တစ်ယောက်ရဲ့ မျက်နှာ ပေါ်လာပါတယ်။ လှေကားလက်ရန်းကို မှီထားတဲ့ လက်ကိုင်တုတ်နဲ့ အန္တရာယ်ရှိလှတဲ့ ခြောက်လုံးပြူးလည်း ပါပါတယ်။
“မလှုပ်နဲ့… ခေါင်းပေါ် လက်တင်ထား… သုံး နှစ် တစ်…” ကလိုင်းရဲ့အသံဟာ လေးနက်ပေမဲ့ အေးအေးလူလူ ရှိပါတယ်။
သူဟာ ခြောက်လုံးပြူးကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး အညိုရောင် ကုတ်အင်္ကျီနဲ့လူကို သေနတ်ပစ် လေ့ကျင့်တုန်းက ပစ်မှတ်လို့ သဘောထားလိုက်ပါတယ်။
တင်းမာတဲ့ အခြေအနေကြားမှာ အညိုရောင် ကုတ်အင်္ကျီနဲ့လူဟာ ပေါင်မုန့်အိတ်ကို ပစ်ချပြီး ဖြည်းဖြည်းချင်း လက်မြှောက်လိုက်ပါတယ်။
“လူကြီးမင်း… ဒါက နောက်တာလား… နားလည်မှု တစ်ခုခု လွဲနေတာများလား…” အညိုရောင် ကုတ်အင်္ကျီနဲ့လူဟာ ဟန်လုပ်ပြုံးရင်း သေနတ်မောင်း ကိုင်ထားတဲ့ ကလိုင်းရဲ့ လက်ညှိုးကို စိုက်ကြည့်ပါတယ်။
ကလိုင်းဟာ ဒီလူက ကြံရာပါလား အိမ်နီးနားချင်းလားဆိုတာ မဝေခွဲနိုင်ပေမဲ့ မူမမှန်တာ ဘာမှမပြဘဲ အသံနက်နဲ့ ပြောလိုက်ပါတယ် “ခုခံဖို့ မကြိုးစားနဲ့… နားလည်မှုလွဲတာလားဆိုတာ ပြီးရင် သိရလိမ့်မယ်”
အဲဒီအချိန်မှာ ပြန်ပေးဆွဲသမားတွေကို ဖြေရှင်းပြီးသွားလို့ အခန်းထဲက ထွက်လာတဲ့ လန်နာ့ဒ်ဟာ အညိုရောင် ကုတ်အင်္ကျီနဲ့လူကို သတိထားမိသွားပါတယ် “ဒီတော့ ပြန်ပေးဆွဲသမားတွေက စားစရာ ဝယ်ဖို့ တာဝန်ယူထားရတဲ့ နောက်ထပ် ကြံရာပါတစ်ယောက် ရှိနေသေးတာပဲ”
ဒီစကားကို ကြားလိုက်ရတဲ့ အညိုရောင် ကုတ်အင်္ကျီနဲ့လူဟာ မျက်ဆံကျုံ့သွားပြီး ကလိုင်းရဲ့ အမြင်အာရုံကို ကာဖို့ ရုတ်တရက် ခြေထောက်မြှောက်ကာ ပေါင်မုန့်အိတ်ကို ကန်ထုတ်လိုက်ပါတယ်။
ကလိုင်းဟာ တစ်ချက်ကလေးတောင် မတုန်လှုပ်ဘဲ လေ့ကျင့်ထားတဲ့အတိုင်း သေနတ်မောင်း ဆွဲလိုက်ပါတယ်။
“ဒိုင်း…”
အညိုရောင် ကုတ်အင်္ကျီနဲ့လူရဲ့ ဘယ်ဘက်ပခုံးကနေ သွေးတွေ ဖြာခနဲ ထွက်လာပါတယ်။
အညိုရောင် ကုတ်အင်္ကျီနဲ့လူဟာ ကြမ်းပြင်ပေါ် လှိမ့်ချပြီး ဒုတိယထပ်ကနေ ထွက်ပြေးဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ လန်နာ့ဒ်ဟာ လှေကားလက်ရန်းကို အားပြုပြီး ကောက်ခုန်လိုက်ပါတယ်။
လန်နာ့ဒ်ဟာ အညိုရောင် ကုတ်အင်္ကျီနဲ့လူပေါ်ကို တည့်တည့်ကျသွားပါတယ်။ အညိုရောင် ကုတ်အင်္ကျီနဲ့လူဟာ တစ်ချက်တည်း သတိလစ်သွားပြီး လန်နာ့ဒ်လည်း သွေးနည်းနည်း စင်သွားပါတယ်။ လန်နာ့ဒ်ဟာ ကလိုင်းကို မော့ကြည့်ပြီး ပြုံးလိုက်ပါတယ်။
“ပစ်ချက် ကောင်းတယ်”
‘ငါက ခြေထောက်ကို ပစ်တာ…’ ပုံဖော်ဖို့ခက်တဲ့ အမူအရာနဲ့ ကလိုင်းရဲ့ ပါးစပ်ထောင့်ဟာ တွန့်တက်သွားပါတယ်။ တစ်ချိန်တည်းမှာပဲ သူဟာ သွေးနံ့ ရလိုက်ပါတယ်။
ကလိုင်းဟာ အမြင်အာရုံ အကြားအာရုံနဲ့ ဖောဋ္ဌဗ္ဗာအာရုံကို မတိုးမြှင့်ထားပေမဲ့ အမြင်ဆရာ ဆေးရည်ကို သောက်သုံးပြီးနောက်မှာ ပိတ်ဆို့ထားတဲ့ အရာဝတ္ထုတွေနဲ့ ခပ်ယဲ့ယဲ့ ခြေသံကိုတောင် ကြားလာနိုင်တဲ့အတွက် ကြိုတင်ဆုံးဖြတ်ချက် ချနိုင်လာပါတယ်။
‘ဒါကလည်း စိတ်ဝိညာဉ်အာရုံ နယ်ပယ်ထဲမှာပဲလား…’ ကလိုင်း တွေးတောနေတုန်းမှာပဲ လန်နာ့ဒ်ဟာ အညိုရောင် ကုတ်အင်္ကျီနဲ့လူဆီက အသွားရှတဲ့ ဓားမြောင်တစ်ချောင်း ရှာတွေ့သွားပြီး အခန်းထဲ ဆွဲခေါ်သွားပါတယ်။
ကလိုင်းဟာ သေနတ်နဲ့ လက်ကိုင်တုတ်ကို လက်တစ်ဖက်စီမှာကိုင်ပြီး အခန်းထဲ ဝင်လိုက်ပါတယ်။
သူတို့နှစ်ယောက်ဟာ အခန်းထဲ ရောက်တယ်ဆိုရင်ပဲ သေနတ်ပစ်သံကြောင့် ဆတ်ခနဲ နိုးလာတဲ့ အဲလိယက် ဗစ်ခရွိင်က ပုံလျက်သားကနေ ဖြည်းဖြည်းချင်း ထထိုင်တာကို တွေ့လိုက်ရပါတယ်။
လန်နာ့ဒ်ဟာ ပြန်ပေးဆွဲသမား သုံးယောက်ကို သူတို့တွေ အဲလိယက်ကို ချည်ထားခဲ့တဲ့ကြိုးနဲ့ အတူချည်နှောင်ပြီး အခန်းထောင့်တစ်နေရာမှာ ပစ်ထားလိုက်ပါတယ်။ လိုတဲ့ကြိုးကိုတော့ သူတို့ရဲ့ အင်္ကျီတွေ စုတ်ဖြဲပြီး ယူပါတယ်။
လန်နာ့ဒ်ဟာ ဘယ်ဘက်ပခုံးမှာ သေနတ်မှန်ထားတဲ့ သတိမေ့နေတဲ့ အညိုရောင် ကုတ်အင်္ကျီနဲ့လူကို ပတ်တီးစည်းပြီးပါပြီ။ ဒါပေမဲ့ သူ့လက် ညစ်ပတ်မှာစိုးတဲ့အတွက် ကျည်ဆံကိုတော့ ထုတ်မပေးပါဘူး။
“ခင်… ခင်ဗျားတို့က ဘယ်သူတွေလဲ” အဲလိယက်ဟာ သူ့ရှေ့က မြင်ကွင်းကို ကြည့်ပြီး ဝမ်းသာအားရဖြစ်ကာ ထစ်ထစ်ငေ့ါငေါ့ မေးလိုက်ပါတယ်။
“ဟုတ်တယ်… မင်းခန့်မှန်းတာ မှန်တယ်… ကွက်တိပဲ” လန်နာ့ဒ်က သာမန်ကာလျှံကာ ဖြေလိုက်ပါတယ်။
‘ဒီကောင်စုတ်က ဟာသ ပြောတတ်သေးတာလား…’ ကလိုင်းဟာ ခြောက်လုံပြူးကို အောက်ချပြီး “ငါတို့တွေက မင်းအဖေ ငှားထားတဲ့ ကြေးစားတွေပဲ… မင်းနားလည်အောင် ပြောရရင် လုံခြုံရေးဝန်ထမ်းတွေပေါ့ကွာ”
“ဖူး… တကယ်ကြီးလား… ဒါဆို သား လွတ်ပြီပေါ့” အဲလိယက်ဟာ တစ်စက်ကလေးတောင် မလှုပ်ရှားရဲသေးဘဲ ပျော်ရွှင်စွာ ဆိုပါတယ်။
အဲလိယက်ဟာ ပြန်ပေးဆွဲခံရတဲ့ လေးငါးနာရီအတွင်းမှာ တော်တော်လေး ခံစားခဲ့ရပုံပါပဲ။ သူ့အရွယ် ကလေးတွေလိုမျိုး မစဉ်းစား မဆင်ခြင်ဘဲ မလုပ်ပါဘူး။
လန်နာ့ဒ်ဟာ မတ်တတ်ရပ်ပြီး ကလိုင်းကို ပြောပါတယ် “အောက်ဆင်းပြီး ကင်းလှည့်နေတဲ့ ရဲတွေ သွားရှာချည်… သူတို့ကို ဆေးလိပ်ကုန်သည်ဆီ သတင်းပေးခိုင်းလိုက်… ငါ ကလေးတစ်ယောက်ရယ် အရူးလေးယောက်ရယ်နဲ့ လမ်းမလျှောက်ချင်ဘူး… ပြန်ပေးဆွဲသမားနဲ့ တူနေလိမ့်မယ်”
ဘာဆက်လုပ်ရမလဲ စဉ်းစားနေတဲ့ ကလိုင်းဟာ ခေါင်းညိတ်ပြီး ခြောက်လုံးပြူးကို သိမ်းကာ လက်ကိုင်တုတ်ကို ကောက်ယူလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ လှေကားကနေ အောက်ဆင်းသွားပါတယ်။
လှေကားကနေ အောက်ဆင်းနေတုန်း ကလိုင်းဟာ တစ်ခုခုကို မေ့သွားသလိုမျိုး ခံစားလိုက်ရပါတယ်။ အဲ့ဒါအပြင် လန်နာ့ဒ်က အဲလိယက်ကို ပြောတဲ့စကားကိုလည်း ကြားလိုက်ရပါတယ် “မကြောက်နဲ့… မကြာခင်မှာ မင်းအဖေ မင်းအမေနဲ့ အိမ်ထိန်းကြီးကလိန်းကို တွေ့ရတော့မှာ… အဲဒီမတိုင်ခင် ဦးတို့တွေ ကဒ်ဂိမ်း ကစားကြမလား”
…..
ကလိုင်းဟာ ရယ်ချင်စိတ်ကို ထိန်းပြီး လမ်းပေါ် ထွက်လိုက်ပါတယ်။ အဲဒီနောက် လမ်းသွားလမ်းလာတွေရဲ့ အကူအညီနဲ့ ကင်းလှည့်နေတဲ့ ရဲနှစ်ယောက်ကို ရှာတွေ့သွားပါတယ်။
သူဟာ အထူးစစ်ဆင်ရေးဌာန အဖွဲ့ဝင် နာမည်ကို မသုံးဘဲ ပရော်ဖက်ရှင်နယ် လုံခြုံရေးကုမ္ပဏီ နာမည်ကိုပဲ သုံးပြီး အဖြစ်မှန် ပြောပြပါတယ်။
သူ့မှာ သေနတ်ရှိတာကိုတော့ မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘက်စုံသုံး လက်နက်အသုံးပြုခွင့် လက်မှတ်ကို တစ်နေ့ကပဲ ရထားလို့ပါ။ အဆက်အသွယ်နဲ့ဆိုတော့ သူ့ လျှောက်လွှာက တခြားလျှောက်လွှာတွေထက် ပိုမြန်ပါတယ်။
ရဲနှစ်ယောက်ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး တစ်ယောက်က အကူခေါ်ဖို့နဲ့ ဗစ်ခရွိင်မိသားစုကို သတင်းပေးဖို့ ထွက်သွားပါတယ်။ ကျန်တစ်ယောက်ကတော့ ကလိုင်းနဲ့ ပြန်ပေးဆွဲသမားတွေဆီ လိုက်ပါတယ်။
မိနစ်လေးဆယ်ကျော် စောင့်ပြီးလို့ ရဲတွေ အာရုံစိုက်မနေတုန်းမှာ လန်နာ့ဒ်ဟာ ကလိုင်းကို မျက်စိနဲ့ အချက်ပြပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်ဟာ အခန်းထဲကနေ ခိုးထွက်ပါတယ်။
“ငါ ပြောတာကို ယုံ… ရဲဌာနဆီ သွားရင် အချိန် အရမ်းကုန်လိမ့်မယ်… အရင် သွားကြရအောင်”
လန်နာ့ဒ်က ဖြစ်လာသမျှ အကျိုးဆက်ကို တာဝန်ယူမယ်လို့ ပြောနေတဲ့အတွက် ကလိုင်းလည်း ဘာမှ ပြောမနေတောဘဲ နောက်ကနေ လိုက်ပါတယ်။
ငါးမိနစ်လောက် ကြာတဲ့အခါမှာတော့ ပြန်ပေးဆွဲသမားတွေ ရှိတဲ့ အဆောက်အဦးကို မြင်းလှည်းတချို့ ရောက်လာပါတယ်။ အိမ်ထိန်း ကလိန်းနဲ့ သူ့သခင် မစ္စတာဗစ်ခရွိင်ပါ။
အိမ်ထိန်း ကလိန်းဟာ အခုအချိန်ထိအောင် ကြောင်တောင်တောင် ဖြစ်နေတုန်းပါ။ သတင်းရတာက မယုံကြည်နိုင်လောက်အောင် မြန်ဆန်လွန်းတယ် မဟုတ်ပါသလား။ အိပ်မက်မက်ရင်တောင် ဒီလောက် မမြန်လောက်ပါဘူး။
ကလိန်းဟာ ရုတ်တရက် မြင်းလှည်းသံကြားလို့ လှည့်ကြည့်လိုက်တဲ့အခါ ပြတင်းပေါက်ဖွင့်ပြီး ဖြတ်မောင်းသွားတဲ့ နှစ်ဘီးမြင်းလှည်းတစ်စီးကို တွေ့လိုက်ရပါတယ်။ မြင်းလှည်း ပြတင်းပေါက်ကိုဖြတ်ပြီး အနက်ရောင်ဆံပင် အစိမ်းရောင်မျက်လုံးနဲ့ လန်နာ့ဒ်က လက်ဖျစ် တောက်လိုက်တာကိုလည်း မြင်လိုက်ရပါတယ်။
ဗစ်ခရွိင်ရဲ့ မြင်းလှည်းကို ကျော်သွားတဲ့အခါ လန်နာ့ဒ်ဟာ မြင်းလှည်း ပြတင်းပေါက်ကို ပိတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကလိုင်းဘက်လှည့်ပြီး ညာလက်ဆန့်ထုတ်ကာ ပြုံးပြပါတယ်။
“အလုပ်အတူ လုပ်ရလို့ ဝမ်းသာပါတယ်”
‘ငါတို့နှစ်ယောက်က အဲဒီလောက် ရင်းနှီးလို့လား…’ ကလိုင်းဟာ ယဉ်ယဉ်ကျေးကျေးပဲ ခေါင်းခါလိုက်ပါတယ်။
သူဟာ ပြန်ပေးဆွဲသမားကိစ္စက ဒီလောက်မြန်မြန် ပြီးသွားလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ သူ လုပ်ခဲ့တာက သာလွန်သူ စွမ်းအားကို နည်းနည်းပါးပါး အသုံးချခဲ့ရုံတင်ပါ။ သူက ဆုံမှတ် ၉ သာလွန်သူ စွမ်းအားကို တစ်ဝက်ပဲ ဆုပ်ကိုင်နိုင်သေးတာတောင် မယုံနိုင်စရာကောင်းတဲ့ အရာတွေ အများကြီးကို လုပ်နိုင်နေပါပြီ။
“ဒါက အထက်တန်းလွှာတွေ ဓားဆွဲတုတ်ဆွဲ ဖြစ်ပြီးရင် ငြိမ်းချမ်းရေးယူတဲ့ အပြုအမူပဲ” လန်နာ့ဒ်က အပြုံးနဲ့ ရှင်းပြပါတယ်။
“ငါ သိတယ်” ကလိုင်းမှာ အထက်တန်းလွှာ အတန်းဖော်တွေ အများကြီး ရှိပါတယ်။
ကလိုင်းဟာ ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်ပြီး မျက်မှောင်ကြုတ်ကာ “ငါတို့တွေ မစ္စတာကလိန်းနဲ့ အတည်မပြုသင့်ဘူးလား… ရဲတွေက အဲလိယက်ကို ကယ်လိုက်တယ်လို့ ထင်ရင် ငါတို့တွေ ကော်မရှင်ခ တစ်ဝက်ပဲ ရလိမ့်မယ်”
‘ပေါင် ၁၀၀ တောင်… နည်းတာ မဟုတ်ဘူး…’
ခုနက သူတို့တွေ တွေ့ပြီးပြီမလို့ ပြန်ပေးဆွဲသမားတွေရဲ့ နေရာကို ရှာပေးတာကတော့ ငြင်းချက်ထုတ်စရာ မရှိပါဘူး။
လန်နာ့ဒ်ဟာ ပခုံးတွန့်ပြီး “အဲဒါကို စိတ်ထဲမထားနဲ့… ငါတို့အတွက် ပိုက်ဆံက အဲဒီလောက် အရေးမကြီးဘူး”
‘ငါ့အတွက်တော့ အရမ်းအရမ်း အရေးကြီးတယ်’ ကလိုင်းဟာ ဟန်လုပ်ပြုံးလိုက်ပါတယ် “ကဗျာဆရာအများစု အရွယ်မတိုင်ခင် သေသုံးတာက ဆင်းရဲလို့ပဲ”
လန်နာ့ဒ်ဟာ တိတ်တိတ် ရယ်လိုက်ပါတယ်။
“ဒီကိစ္စမှာ အဲလိယက်က မလိမ်လောက်ဘူး… သူ့မှာ အပြစ်ကင်းစင်မှုတချို့ ကျန်နေသေးတယ်ဆိုတာ ငါ ပြောနိုင်တယ်… ဒါပေမဲ့ မင်း ကော်မရှင်ခ ပေါင် ၂၀၀ ကနေ သိပ်များများစားစားရမှာ မဟုတ်ဘူး”
“ငါ ဘယ်လောက် ရနိုင်လဲ” ကလိုင်းဟာ ချက်ချင်း ပြန်မေးလိုက်ပါတယ်။
“နားလည်မှုအရ ကော်မရှင်ရဲ့ တစ်ဝက်ကို အဖွဲ့ရဲ့ အပိုရန်ပုံငွေအဖြစ် မစ္စအော်ရီယာနာဆီ အပ်ရလိမ့်မယ်… ကျန်တာကို အဖွဲ့ဝင်တွေ ခွဲဝေယူကြလိမ့်မယ်… မင်းက ပုံမှန်အဖွဲ့ဝင် မဟုတ်တော့ ကျန်တဲ့တစ်ဝက်ရဲ့ ၁၀ ရာခိုင်နှုန်းပဲ ရလိမ့်မယ်”
‘၁၀ ပေါင်… ဒါလည်း မဆိုးပါဘူး…’
“ပြန်ပေးဆွဲသမားတွေ နိုးလာရင် သာလွန်သူစွမ်းအားရဲ့ လွှမ်းမိုးမှုအောက် ရောက်သွားတာကို သိသွားမှာ မစိုးရိမ်ဘူးလား”
“သူတို့တွေ ဘာမှ သံသယဝင်မှာ မဟုတ်ဘူး… ရာသီဥတုကောင်းလို့ အိပ်ချင်တယ်ပဲ ထင်မှာ… သီချင်းသံကိုလည်း အိပ်မက်ထဲမှာပဲ ကြားခဲ့ရတယ်ထင်မှာ… ဒီအချက်ကို ငါတို့တွေ အတည်ပြုထားပြီးပြီ” လန်နာ့ဒ်က ယုံကြည်ချက်ရှိရှိ ဖြေပါတယ်။
“ပြောရရင် မင်းရဲ့ နတ်ဆိုးပစ်ကျည်ဆံကမှ သံသယဝင်ခံရနိုင်တာ… ဒီလိုဆိုပေမဲ့ မင်းက ဂမ္ဘီရနယ်ပယ်ကို စိတ်ဝင်စားတဲ့လူဆိုတော့ ဒါက ပြီးပြည့်စုံပြီး ကျိုးကြောင်းကျတဲ့ ဖြေရှင်းချက်ပဲ”
“ဪ… ဒီလိုလား…” ကလိုင်းဟာ စိတ်သက်သာရာ ရသွားပါတယ်။ သူ တစ်ခုခုကို မေ့သွားသလိုမျိုး တစ်ခုခုကို ကျန်နေခဲ့သလိုမျိုး ခံစားနေရတယ် မဟုတ်ပါလား။
…..
ဇိုးတလန်လမ်းကို ပြန်ရောက်ပြီးနောက် ကလိုင်းဟာ ကလိန်းရောက်လာတာကို မစောင့်ဘဲ ဝဲလ်ရဲ့နေရာကို လျှောက်ပတ်ကြည့်ကာ တခြားလမ်းကနေ အိမ်ပြန်ပါတယ်။ သူဟာ အပြန်လမ်းမှာ ညစာအတွက် အမဲသားနဲ့ သံလွင်သီးတချို့လည်း ဝယ်လိုက်ပါသေးတယ်။
ရောက်တက်ရာရာ စကားပြောကြရင်း သူတို့မောင်နှမသုံးယောက်ရဲ့ ညစာက ပုံမှန်အတိုင်းပဲ စားလို့သောက်လို့ ကောင်းပါတယ်။ ဒါပေမဲ့ ဧည့်သည်တစ်ယောက်တော့ ရောက်လာပါတယ်။ ဓာတ်ငွေ့မီတာအတွက် တစ်ပဲနိ လာကောက်တဲ့ အလုပ်သမားပါ။
ညဉ့်တဖြည်းဖြည်း နက်လာတဲ့အခါ မောင်နှမသုံးယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်ပြီး ကိုယ့်အခန်း ကိုယ်ပြန်ကြပါတယ်။
အိပ်မောကျနေတဲ့ ကလိုင်းဟာ အပြင်ဘက်က ရင်းနှီးတဲ့ တစ်စုံတစ်ရာကြောင့် ရုတ်တရက် နိုးလာပါတယ်။ သူဟာ ဝေခွဲမရ တံခါးဖွင့်ပြီး အိပ်ခန်းအပြင်ဘက် ထွက်လိုက်တဲ့အခါ အပြင်မှာ ဘယ်သူမှ ရှိမနေတာကို တွေ့လိုက်ရပါတယ်။
စွန်းထင်းနေတဲ့ တံခါးတစ်ချပ်ကို သူ တွန်းဖွင့်လိုက်တဲ့အခါ မီးခိုးရောင် စားပွဲတစ်လုံးကို တွေ့လိုက်ရပါတယ်။
စားပွဲပေါ်မှာ စက္ကူအမာသား မျက်နှာဖုံးနဲ့ မှတ်စုစာအုပ်တစ်အုပ် ရှိနေပါတယ်။ ဒီမှတ်စုစာအုပ်က လုံးဝ မည်းနက်နေပါတယ်။
ပစ္စုပ္ပန်ကို တွေ့ကြုံဖူးတဲ့ ခံစားချက်ဟာ ကလိုင်းရဲ့ ရင်ထဲမှာ ပြန်ပေါ်လာပါတယ်။ သူဟာ စားပွဲဆီ လျှောက်သွားပြီး မှတ်စုစာအုပ်ကို ဖွင့်ကြည့်လိုက်ပါတယ်။
သူဖွင့်လိုက်တဲ့ စာမျက်နှာမှာ ပုံတစ်ပုံ ရှိနေပါတယ်။ အဝတ်အစား တောက်တောက်ပြောင်ပြောင်နဲ့ ခမ်းနားတဲ့ ခေါင်းဆောင်း ဆောင်းထားတဲ့ လူတစ်ယောက်ပုံပါ။ တိတိကျကျ ပြောရရင် အရူးတစ်ယောက်ရဲ့ပုံပါ။
အရူးပုံရဲ့အောက်မှာ ဟာမီးဘာသာစကားနဲ့ စာတစ်ကြောင်း ရေးထားပါတယ်။
“လူတိုင်း သေလိမ့်မယ်… ငါလည်း သေလိမ့်မယ်”
ချောက်ချားမှုက ကလိုင်းရဲ့ နှလုံးသားကို ဖမ်းစားလိုက်ပါတယ်။ ဒီအချိန်မှာပဲ အရူးရဲ့ ပါးစပ်ထောင့်က အပေါ်ဘက် တွန့်နေတာကို သူ ရုတ်တရက် သတိထားမိလိုက်ပါတယ်။
“ဟူး…”
ကလိုင်းဟာ အလန့်တကြား ထထိုင်လိုက်တဲ့အခါ ခန်းဆီးကို ဖောက်ပြီး အိပ်ခန်းထဲ ဝင်ရောက်နေတဲ့ ကြက်သွေးရောင် လရောင်ကို တွေ့လိုက်ရပါတယ်။ သူ့စာအုပ်စင် စားပွဲနဲ့ အိပ်ခန်း အခြေအနေကို တွေ့လိုက်ရတော့မှ ကလိုင်းဟာ သူ အိပ်မက်ဆိုး မက်နေတယ်ဆိုတာ သဘောပေါက်သွားပါတယ်။
အမြင်ဆရာအနေနဲ့ အိပ်မက်တွေက နိမိတ်ဆိုတာကို သူသိပါတယ်။ အဲဒါကြောင့် သူဟာ ဒီနေ့ဖြစ်ခဲ့တာတွေကို သေချာ ပြန်စဉ်းစားပါတယ်။
ကလိုင်းဟာ သူ ဒီနေ့ ဘာမေ့ခဲ့လဲဆိုတာ သိသွားချိန်မှာတော့ တစ်ကိုယ်လုံး ခဲသွားပါတယ်။
သူ လန်နာ့ဒ်ရဲ့ သီချင်းဆိုသံထဲ မျောနေချိန်မှာ နောက်ဘက်ကနေ သဏ္ဍာန်မဲ့ပြီး ပေါ့ပါးတဲ့ အာရုံစူးစိုက်မှုကို ခံစားခဲ့ရပါတယ်။
ဒီစောင့်ကြည့်ခံရတဲ့ ခံစားချက်က တွေးခေါ်မှုနဲ့ စိတ်ဝိညာဉ်အာရုံကို သုံးလို့ ခံစားရတာနဲ့ မတူပါဘူး။ ဒီခံစားချက်က လတ်တလော အခြေအနေကို ကြုံတွေ့ဖူးတယ်လို့ ခံစားရစေတဲ့ ခံစားချက်ပါ။
‘ကပ္ပတိန်ရဲ့ စကားအရဆိုရင် ဒီလိုမျိုး ပစ္စုပ္ပန်ကို ကြုံတွေ့ဖူးသလိုမျိုး ခံစားရတာက…’
ကလိုင်းဟာ ရုတ်တရက် မတ်မတ်ထိုင်ပြီး သူ့ခံစားချက်ကို အတည်ပြုလိုက်ပါတယ်။
‘ဟုတ်တယ်… အဲဒါ မှတ်စုစာအုပ်ပဲ… အဲဒါ အန်တီဂိုနပ်မိသားစုရဲ့ မှတ်စုစာအုပ်ပဲ’