အခန်း (၄၃) လူရှာခြင်း
ကလိုင်းကို ကြည့်ရင်း လန်နာ့ဒ်ဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။
“အဲဒါဆို မင်း သူတို့ဆီက တစ်ခုခု လိုလား”
လန်နာ့ဒ်ဟာ လူအိုကြီးနီးလ်နဲ့ အကြိမ်အများကြီး ပူးပေါင်း ဆောင်ရွက်ဖူးတာမလို့ တွက်ချက်တာက ကြားခံလိုတယ်ဆိုတာကို သိပါတယ်။ အထူးသဖြင့် အတွက်ခံရမဲ့လူက ရှေ့မှာ ရှိမနေရင်ပေါ့။
ကလိုင်းဟာ တစ်ခဏ တွေးတောပြီးနောက် ကလိန်းကို ပြောလိုက်ပါတယ် “ကျွန်တော် အဲလိယက် မကြာသေးခင်က ဝတ်ထားတဲ့ အဝတ်အစားတချို့ လိုတယ်… မလျှော်ထားတာ မသန့်ရှင်းထားတာ ဖြစ်ဖို့ လိုတယ်… သူ ဝတ်လေ့ရှိတဲ့ အသုံးအဆောင်ပစ္စည်းဆိုရင် ပိုကောင်းတယ်”
ကလိုင်း သာမန်ကြားခံကို ရွေးချယ်တာက မေးခွန်းတွေ ထုတ်လာမှာစိုးလို့ပါ။ ဒါတောင် ကလိန်းဟာ ပဟေဠိဖြစ်ပြီး မေးခွန်းထုတ်လာပါတယ်။
“ဘာဖြစ်လို့လဲ… ကျွန်တော်ဆီမှာ သခင်လေး အဲလိယက်ရဲ့ ဓာတ်ပုံ ပါတယ်”
‘ဘာဖြစ်ရမှာလဲ… ငါတို့တွေ သူ့ရဲ့ တည်နေရာကို တွက်ချက်မလို့…’ ကလိုင်းဟာ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားပါတယ်။
လျှို့ဝှက်ချက် ပေါက်ကြားမှုကို ဂရုမစိုက်ဘဲ အမှန်အတိုင်း ဖြေလိုက်ရင်တောင် ကလိန်းဟာ ဒေါသပုန်ထပြီး သောင်းကျန်းလောက်ပါတယ်။ ဒီလိုလည်း ဆဲဆိုလောက်ပါတယ် “ငလိမ်တွေ… အဲဒါသာ အလုပ်ဖြစ်ရင် ငါ အာဝါခရိုင်ရဲ့ နာမည်အကြီးဆုံး နတ်ဝင်သည်ကို သွားရှာမှာပေါ့”
ဘေးနားမှာရှိနေတဲ့ လန်နာ့ဒ်မစ်ချယ်ဟာ အသံတိတ် ရယ်ပြီး “မစ္စတာကလိန်း… ကျွန်တော်ရဲ့ လက်တွဲဖော်… အဲ… လုပ်ဖော်ကိုင်ဖက်မှာ အိမ်မွေးတိရစ္ဆာန်ကောင် တစ်ကောင် ရှိတယ်… အဲဒီကောင်ရဲ့ အနံ့ခံနိုင်စွမ်းက အမဲလိုက်ခွေးထက် ပိုစူးရှတယ်… အဲဒါကြောင့် ကျွန်တော်တို့တွေ အဲလိယက်လေးရဲ့ အဝတ်အစားနဲ့ သူ ဝတ်လေ့ဝတ်ထရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေကို လိုတာ… အဲဒီလိုဆိုရင် အဲလိယက်လေးကို ရှာဖွေတဲ့နေရာမှာ ပိုပြီးတော့ အထောက်အကူ ဖြစ်နိုင်တယ်… မစ္စတာကလိန်း သိတဲ့အတိုင်းပဲ… သဲလွန်စသိရင် ယေဘုယျ ဘာဆက်လုပ်ရမလဲဆိုတာ ဆုံးဖြတ်လို့ရပြီလေ”
“ဓာတ်ပုံကိုလည်း ကျွန်တော်တို့ လိုတယ်… အဲလိယက်လေးက ဘယ်လိုပုံစံရှိလဲဆိုတာ ကျွန်တော်တို့ နှစ်ယောက်လုံး သိဖို့ လိုတယ်”
ကလိန်းဟာ လန်နာ့ဒ်ရဲ့ အကြောင်းပြချက်ကို ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြီး လက်ခံပါတယ်။
“ခင်ဗျားတို့တွေ ဒီမှာပဲ စောင့်နေမလား… ဒါမှမဟုတ် ကျွန်တော်နဲ့ မစ္စတာဗစ်ခရွိင်ရဲ့ နေအိမ်ကို လိုက်ခဲ့မလား”
‘အတူသွားကြမယ်… အချိန်မကုန်တော့ဘူးပေါ့” ကလိုင်းက ရိုးရိုးရှင်းရှင်း ပြန်ပြောလိုက်ပါတယ်။
ကလိုင်းဟာ သူ့ရဲ့ သာလွန်သူ စွမ်းအားကို စမ်းသပ်ချင်တဲ့အပြင် ကလေးငယ်ကိုလည်း ကယ်တင်ချင်ပါတယ်။
“ကောင်းပြီလေ… မြင်းလှည်းက အောက်မှာ…” ကလိန်းဟာ ပြောပြောဆိုဆို အဖြူအမည်း ဓာတ်ပုံတစ်ပုံကို ထုတ်ယူပြီး လန်နာ့ဒ်ဆီ ကမ်းလိုက်ပါတယ်။
ဒီဓာတ်ပုံက အဲလိယက် ဗစ်ခရွိင် တစ်ယောက်တည်း ရိုက်ထားတဲ့ ဓာတ်ပုံပါ။ အဲလိယက်ရဲ့ အသက်ဟာ ၁၀ နှစ်လောက်ရှိပြီး ဆံပင်က မျက်လုံးကို ဖုံးလုနီး ရှည်နေပါတယ်။ သူ့မျက်နှာမှာ တင်းတိမ်တွေ သိသိသာသာ ရှိနေပြီး လူကြားထဲ ပေါ်လွင်တဲ့ရုပ်ရည်မျိုး မဟုတ်ပါဘူး။
လန်နာ့ဒ်ဟာ ဓာတ်ပုံကို တစ်ချက်ကြည့်ပြီး ကလိုင်းဆီ လှမ်းလိုက်ပါတယ်။
ကလိုင်းဟာ ဓာတ်ပုံကို သေချာကြည့်ပြီးနောက် အိတ်ကပ်ထဲ ထည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ လက်ကိုင်တုတ် ယူပြီး ဦးထုပ် ဆောင်းလိုက်ပါတယ်။ အဲဒီနောက် သူတို့တွေဟာ ဆူးနက်လုံခြုံရေးကုမ္ပဏီက ထွက်ပြီး အောက်မှာရပ်ထားတဲ့ မြင်းလှည်းကို တက်စီးကြပါတယ်။
မြင်းလှည်းအတွင်းပိုင်းက တော်တော် ကျယ်ဝန်းပါတယ်။ ကော်ဇောထူ ခင်းထားပြီး ပစ္စည်းတွေတင်ဖို့ စားပွဲသေးသေးလေးတစ်လုံး ရှိပါတယ်။
ကလိန်း ရှိနေတဲ့အတွက် ကလိုင်းနဲ့ လန်နာ့ဒ်ဟာ စကားတစ်လုံးမှ မပြောကြပါဘူး။ တရိပ်ရိပ်ဖြတ်သွားတဲ့ ရှုခင်းတွေကိုသာ တိတ်တဆိတ် ကြည့်နေပါတယ်။
“မြင်းလှည်းမောင်းသမားက တော်တော် ကျွမ်းကျင်တယ်” အချိန်တစ်ခုကြာတဲ့အခါ လန်နာ့ဒ်ဟာ အပြုံးနဲ့ ချီးကျူးပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပါတယ်။
“ဟုတ်တယ်” ကလိုင်းဟာ ဝတ်ကျေတမ်းကျေ ထောက်ခံပါတယ်။
ကလိန်းဟာ ဟန်လုပ်ပြုံးလိုက်ပါတယ် “ခင်ဗျားတို့ရဲ့ ချီးကျူးမှုက သူ့အတွက် ဂုဏ်ယူစရာပဲ… ကျွန်တော်တို့တွေ ရောက်တော့မယ်…”
ပြန်ပေးဆွဲသမားတွေ သတိထားမိသွားမှာစိုးတဲ့အတွက် မြင်းလှည်းဟာ ဗစ်ခရွိင်ရဲ့ နေအိမ်ရှေ့မှာ မရပ်ပါဘူး။ အနီးအနားက လမ်းတစ်လမ်းမှာ ရပ်ပါတယ်။ အဲဒီနောက် ကလိန်းဟာ ထီးကိုင်ပြီး မြင်းလှည်းထဲကနေ ထွက်သွားပါတယ်။
အချိန်ခဏ စောင့်ပြီးနောက် လန်နာ့ဒ်ဟာ ကလိုင်းကို စကား ထပ်ပြောပါတယ်။
“အရင်တစ်ခေါက် ငါပြောတဲ့ ခန့်မှန်းချက်က ထင်ရာမြင်ရာ ပြောတာ မဟုတ်ဘူး… မှတ်စုစာအုပ်က သေချာပေါက် ထပ်ပြီးတော့ ပေါ်လာလိမ့်မယ်လို့ ပြောချင်ရုံပဲ… မကြာခင်မှာ ပေါ်လာကောင်း ပေါ်လာနိုင်တယ်”
“အဲဒါက တကယ်ကို ဝမ်းသာဖို့ကောင်းတဲ့ ခန့်မှန်းချက် မဟုတ်ဘူး” ကလိုင်းဟာ အပြင်လူတွေ ရှိနေတဲ့အတွက် ထိလွယ်ရှလွယ်တဲ့ အကြောင်းအရာတွေ မပြောချင်ဘူးလို့ မြင်းလှည်း အပြင်ဘက်ကို မေးငေါ့ပြီး အချက်ပြလိုက်ပါတယ်။
လန်နာ့ဒ်ဟာ လေချွန်ပြီး ပြတင်းပေါက် အပြင်ဘက်ကို လှည့်ကြည့်လိုက်တဲ့အခါ မိုးရေစက်တွေက မှန်မျက်နှာပြင်ကို ဝေဝါးအောင် လုပ်ထားတာ တွေ့လိုက်ရပါတယ်။ အပြင်ဘက်က မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။
တစ်အောင့်ကြာတဲ့အခါမှာတော့ ကလိန်းဟာ အထုပ်တစ်ထုပ်နဲ့ ပြန်လာပါတယ်။ ရေးကြီးသုတ်ပျာ လျှောက်လာတဲ့အတွက် သူ့ဘောင်းဘီရှည်ရဲ့ အနားက ရွှံ့စက်စင်ပြီး အင်္ကျီရှေ့ပိုင်းကလည်း မိုးနည်းနည်း စိုနေပါတယ်။
“ဒါက သခင်လေး အဲလိယက် မနေ့က ဝတ်ခဲ့တဲ့ အဝတ်အစားတွေပဲ… ဒါက သခင်လေး ဝတ်လေ့ရှိတဲ့ မုန်တိုင်းအဆောင်ပဲ”
ကလိုင်းဟာ ပစ္စည်းတွေကို ယူပြီး တစ်ချက်ကြည့်လိုက်တဲ့အခါ အဝတ်အစားတွေက အသေးစား လူကြီးလူကောင်း ဝတ်စုံဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ မုန်တိုင်းအဆောင်ကတော့ ကြေးနဲ့လုပ်ထားပြီး လေပြင်းနဲ့ ပင်လယ်လှိုင်းကို ကိုယ်စားပြုတဲ့ သင်္ကတတွေ ထွင်းထုထားပါတယ်။ ဒါပေမဲ့ ဒီသင်္ကေတတွေက ကလိုင်းရဲ့ အာရုံကို မနှိုးဆွပါဘူး။
“သခင်လေး အဲလိယက် ဘယ်လို ပြန်ပေးဆွဲခံရလဲ ဆိုတာကို ကျွန်တော် အသေးစိတ် ပြောပြပေးမယ်… သခင်လေးကို ရှာတဲ့နေရာမှာ အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်…”
ကလိန်းဟာ မြင်းလှည်းထဲ ထိုင်ပြီး မနက်တုန်းက ဖြစ်ပျက်ခဲ့တဲ့ အိပ်မက်ဆိုးကို အသေးစိတ် ပြောပြပါတယ်။ သူဟာ အခက်အခဲတွေ ကြားထဲမှာ ရှာခဲ့ရတဲ့ လုံခြုံရေးဝန်ထမ်းတွေက ဒီကိစ္စမှာ အကူအညီပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။
ကလိုင်းနဲ့ လန်နာ့ဒ်ဟာ အသေးစိတ် အကြောင်းအရာကို စိတ်မဝင်စားပါဘူး။ သူတို့နှစ်ယောက် ဂရုစိုက်တာက ပြန်ပေးဆွဲသမား အရေအတွက်နဲ့ သာမန်မဟုတ်တာ တစ်ခုခု ဖြစ်သွားသေးလား ဒါမှမဟုတ် ပြန်ပေးဆွဲသမားတွေဆီမှာ လက်နက်ရှိလားဆိုတာကိုပါ။
“သုံးယောက်”
“သာမန်”
“သေနတ်ရှိတယ်”
လိုချင်တာ သိရတာနဲ့ ကလိုင်းနဲ့ လန်နာ့ဒ်ဟာ ကလိန်းကို နှုတ်ဆက်ပြီး နှစ်ဘီးတပ် မြင်းလှည်းပေါ့တစ်စင်း ငှားရမ်းပါတယ်။
အများသုံးမြင်းလှည်းတွေနဲ့ မတူဘဲ သီးသန့်မြင်းလှည်းတွေက လေးဘီးတပ် မဟုတ်ရင် နှစ်ဘီးတပ်ချည်းပါပဲ။ ဒီသီးသန့်မြင်းလှည်းတွေက အချိန် ဒါမှမဟုတ် အကွာအဝေးနဲ့ တွက်ပြီး ပိုက်ဆံ တောင်းလေ့ ရှိပါတယ်။
မြို့တွင်းမှာ တစ်ကီလိုမီတာကို လေးပဲနိကျပြီး မြို့ပြင်မှာဆိုရင်တော့ တစ်ကီလိုမီတာကို ရှစ်ပဲနိ ကျပါတယ်။ အချိန်နဲ့ ငှားရင်တော့ တစ်နာရီကို နှစ်ဆိုလီ ဒါမှမဟုတ် အဲဒီအတွင်း ကျပါတယ်။ ပထမတစ်နာရီ ပြည့်သွားရင် ထပ်စီးတဲ့ ၁၅ မိနစ်တိုင်း ၆ ပဲနိ ကျပါတယ်။ ရာသီဥတု မကောင်းတာ ဒါမှမဟုတ် ဖောက်သည်က မြန်မြန်သွားချင်ရင် ဒီထက်ပိုပြီးတော့ ပေးရပါတယ်။
ကလိုင်း အက်ဇက်ဆီကနေ ကြားထားတာတော့ ဘက်ကလင်မြို့တော်မှာ ဒီမြင်းလှည်းမောင်းသမားတွေက ဈေးမတန်တဆ တောင်းလွန်းတယ်ဆိုပြီး နာမည်ကြီးပါတယ်တဲ့။
ကလိုင်းအတွက်တော့ သီးသန့်မြင်းလှည်း ငှားစီးတာက ဇိမ်ခံတာပါ။ ဒါပေမဲ့ ဒီအချိန်မှာတော့ ကလိုင်းဟာ ဒီအတွက်ကို စိုးရိမ်စရာ မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လန်နာ့ဒ်က မြင်းလှည်းမောင်းသမားကို တစ်ဆိုလီတန် နှစ်ရွက် ပေးလိုက်လို့ပါ။
“အချိန်နဲ့ စီးမယ်” လန်နာ့ဒ်ဟာ စကားဆုံးတာနဲ့ မြင်းလှည်းတံခါး ပိတ်လိုက်ပါတယ်။
“ခင်ဗျားတို့တွေက ဘယ်သွားမှာလဲ” မြင်းလှည်းမောင်းသမားဟာ ပိုက်ဆံနှစ်ရွက်ကို ကိုင်ရင်း ဝမ်းသာသွားသလို ပဟေဠိလည်း ဖြစ်သွားပါတယ်။
“ခဏနေဦး…” လန်နာ့ဒ်ရဲ့ အကြည့်ဟာ ကလိုင်းဆီ ရောက်သွားပါတယ်။
ကလိုင်းသာ အသာခေါင်းညိတ်ပြီး အဲလိယက်ရဲ့ အဝတ်အစားတွေကို ထုတ်ယူကာ မြင်းလှည်းရဲ့ ကြမ်းပြင်မှာ ဖြန့်လိုက်ပါတယ်။ မုန်တိုင်းအဆောင်ကိုတော့ သူ့လက်ကိုင်တုတ်မှာ ချည်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ငွေကွပ်ထားတဲ့ အနက်ရောင် လက်ကိုင်တုတ်ကို အဲလိယက်ရဲ့ အဝတ်အစားတွေ အပေါ်တည့်တည့်မှာ ထားလိုက်ပါတယ်။
အဲဒီနောက် ကလိုင်းဟာ သူ့စိတ်ကို သုံးပြီး ခေါင်းထဲက အလင်းလုံးတွေကို စုစည်းလိုက်ပါတယ်။ သူ့ရဲ့ အညိုရောင် မျက်လုံးတွေဟာ ချက်ချင်း ရင့်သွားပြီး တွေးခေါ်မှု တစ်ဝက်တစ်ပျက် အခြေအနေထဲ ရောက်သွားပါတယ်။
ကလိုင်းဟာ သူ့ခန္ဓာကိုယ်ရဲ့ စိတ်ဝိညာဉ်က အလင်းရောင်အဖြစ် ပြောင်းလဲသွားတာကို ခံစားလိုက်ရပါတယ်။ အဲဒီနောက် နေရာတိုင်းမှာရှိတဲ့ စိတ်ဝိညာဉ်လောကကို ဝိုးတိုးဝါးတား တွေ့မြင်လိုက်ရပါတယ်။
အဲဒီနောက် စိတ်ထဲကနေ ပြောလိုက်ပါတယ် “အဲလိယက်ရဲ့ တည်နေရာ”
ခုနစ်ခေါက် ရွတ်ဆိုပြီးနောက် ကလိုင်းဟာ အနက်ရောင် လက်ကိုင်တုတ်ကို လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ လက်ကိုင်တုတ်ဟာ ကြမ်းပြင်ပေါ် ပြုတ်မကျသွားဘဲ သူ့ရှေ့မှာ မတ်မတ်ထောင်နေပါတယ်။
အလွန်သေးငယ်ပြီး မမြင်နိုင်တဲ့ ကြိးမျှင်တွေ ဘေးပတ်လည်မှာ ပေါ်လာပြီး မျက်လုံးတွေက သူ့ကို ကြည့်နေတယ်လို့ ကလိုင်း ခံစားလိုက်ရပါတယ်။
ဒီရက်တွေမှာ ကလိုင်းဟာ တွေးခေါ်မှု ဒါမှမဟုတ် စိတ်ဝိညာဉ်အာရုံကို ဖွင့်တိုင်း ဒီခံစားချက်ကို မကြာမကြာ ခံစားရလေ့ ရှိပါတယ်။
ကလိုင်းဟာ နည်းနည်း ကြောက်သွားပေမဲ့ လက်ကိုင်တုတ်ကို နက်မှောင်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်ပြီး စိတ်ထဲမှာ ထပ်ရွတ်လိုက်ပါတယ် “အဲလိယက်ရဲ့ တည်နေရာ”
“အဲလိယက်ရဲ့ တည်နေရာ”
ကလိုင်း ရွတ်လို့ ဆုံးတယ်ဆိုရင်ပဲ လက်ကိုင်တုတ်ဟာ ကြမ်းပြင်ပေါ် ပြုတ်ကျပြီး ရှေ့တည့်တည့်ကို ညွှန်ပြပါတယ်။
“ရှေ့တည်တည့်သွား” ကလိုင်းဟာ လက်ကိုင်တုတ်ကို ကောက်ယူပြီး အသံနက်နဲ့ ပြောလိုက်ပါတယ်။ သူ့အသံဟာ နည်းနည်း သိမ်မွေ့နက်နဲပြီး အမျိုးအမည်မသိတဲ့ ကမ္ဘာကို ထိုးဖောက်နိုင်တဲ့ အတိုင်းပါပဲ။
ဒါက ကလိုင်း တတ်မြောက်ထားတဲ့ တွက်ချက်နည်း တစ်မျိုးပါ။ တုတ်ဗေဒင်လို့ ခေါ်ပါတယ်။ ဒီနည်းနဲ့တွက်ချက်ဖို့ လိုအပ်တဲ့ ပစ္စည်းက သစ်သား၊ သတ္တု ဒါမှမဟုတ် အဲဒီနှစ်ခုရောပြီး လုပ်ထားတဲ့ တုတ်တစ်ချောင်း ဖြစ်ဖို့ လိုပါတယ်။
သာမန်အခြေအနေမှာ သီးသန့်လုပ်ထားတဲ့ တုတ်ချောင်းနှစ်ချောင်း လိုပါတယ်။ အဲဒီတုတ်ချောင်းတွေက သတ္တုကြိုးဖြောင့်လိုမျိုး ပုံစံရှိပြီး အစွန်းမှာ ရှူးသွားပါတယ်။ တိုတဲ့ဘက်ကို လက်မှာကိုင်ပြီး မှန်ကန်တဲ့ အရပ်မျက်နှာကို လိုက်ရှာရပါတယ်။
ဒါပေမဲ့ ကလိုင်းဟာ အမြင်ဆရာဖြစ်တဲ့အတွက် ဒီနည်းလမ်းကို လေ့ကျင့်ရင်းနဲ့ လူရှာဖို့ သုံးလို့ရတယ်ဆိုတာကို သဘောပေါက်သွားပါတယ်။ သီးသန့်တုတ်ချောင်းနှစ်ချောင်း နေရာမှာလည်း သူ့လက်ကိုင်တုတ်ကို အစားထိုးလိုက်ပါတယ်။ လက်ကိုင်တုတ် ကျတဲ့ အရပ်မျက်နှာက ကိုယ်ရှာတဲ့ပစ္စည်းရှိတဲ့ အရပ်မျက်နှာပါ။
အန်တီဂိုနပ် မိသားစု မှတ်စုစာအုပ်ကိုတော့ ကလိုင်းဟာ လုံးလုံး မမှတ်မိပါဘူး။ ဘယ်လိုပုံစံရှိလဲဆိုတာ နည်းနည်းလေးတောင် စဉ်းစားလို့မရတော့ ဒီနည်းလမ်းနဲ့ တွက်ချက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
“ရှေ့တည့်တည့်သွား” လန်နာ့ဒ်ဟာ မြင်းလှည်းမောင်းသမားကို ခပ်ကျယ်ကျယ် ပြောလိုက်ပါတယ် “ကွေ့ဖို့လိုရင် ထပ်ပြောမယ်”
မြင်းလှည်းမောင်းသမားဟာ သိပ်နားမလည်ပေမဲ့ ခရီးသည်ပေးထားတဲ့ တစ်ဆိုလီတန် နှစ်ရွက်ရဲ့ မျက်နှာကြောင့် တိတ်တိတ်နေပြီး ခရီးသည်ပြောတဲ့အတိုင်း မြင်းလှည်းကို မောင်းနှင်းပါတယ်။
မြင်းလှည်းဟာ တဖြည်းဖြည်းနဲ့ တစ်လှမ်းပြီးတစ်လှမ်း ကျော်ဖြတ်သွားပါတယ်။
လမ်းမှာ ကလိုင်းဟာ တုတ်ဗေဒင်ကို သုံးပြီး ဦးတည်ရာကို ထပ်ရှာပါတယ်။
မြင်းလှည်းက အဆောက်အဦးတစ်ခုကို တစ်ခါ ပတ်ပြီးတဲ့ အခါမှာတော့ အထဲမှာ အဲလိယက် ရှိနေတယ်ဆိုတာကို ကလိုင်း ဆုံးဖြတ်နိုင်သွားပါတယ်။ ဒီအချိန်မှာ သူတို့တွေ ကလိန်းနဲ့ နှုတ်ဆက်ခဲ့တာ နာရီဝက်ပဲ ရှိပါသေးတယ်။
အဲဒီနောက် ကလိုင်းဟာ အဲလိယက်ရဲ့ အဝတ်အစားတွေကို ထပ်မသုံးတော့ဘဲ မုန်တိုင်းအဆောင် ချည်ထားတဲ့ လက်ကိုင်တုတ်ကို ကြမ်းပြင်ပေါ် ထားလိုက်ပါတယ်။ ကလိုင်းရဲ့ မျက်လုံးတွေဟာ ထပ်မှောင်မိုက်သွားပြီး သူ့ဘေးပတ်လည်ကာ မိုးရေစက်တွေဟာ ရုတ်တရက်ဆိုသလို ချာချာလည်သွားပါတယ်။
လက်ကိုင်တုတ်ဟာ ရှေ့ဘက်ကို စောင်းကျသွားပါတယ်။ ကလိုင်းဟာ လှေကားကို လက်ညွှန်းထိုးပြီး “အဲဒီမှာ…”
“အရင်တုန်းက ငါ လူအိုကြီးနီးလ်ကို မနာလိုခဲ့တယ်… အခုတော့ မင်းကို မနာလိုတယ်…” ကလိုင်းလုပ်တာကို ကြည့်ပြီး လန်နာ့ဒ်ဟာ သက်ပြင်းချကာ အပြုံးနဲ့ ဆိုပါတယ်။
ကလိုင်းဟာ လန်နာ့ဒ်ကို တစ်ချက်ကြည့်ပြီး တည်တည်ငြိမ်ငြိမ် ပြန်ဖြေပါတယ် “ဒါက ဘာမှမခက်ဘူး… ခင်ဗျား သင်ချင်ရင် သေချာပေါက် တတ်လိမ့်မယ်… ခင်ဗျားရဲ့ သိမြင်နားလည်နိုင်စွမ်းကလည်း တော်တော် မြင့်တယ်မလား”
လန်နာ့ဒ်ဟာ ခေါင်းညိတ်ပြီး အသံတိတ် ရယ်လိုက်ပါတယ် “အဲဒါက သိပ်ကောင်းတဲ့အရာတော့ မဟုတ်ဘူး”
လန်နာ့ဒ်ဟာ ခပ်သွက်သွက်လျှောက်ပြီး မိုးဖွဲဖွဲကြားကြားမှာ အဆောက်အဦးထဲ ဝင်သွားပါတယ်။ ကလိုင်းကတော့ သူ့ဝတ်စုံ စိုရွှဲသွားမှာစိုးတဲ့အတွက် ခပ်ရွရွ ပြေးဝင်ပါတယ်။
အဆောက်အဦးက သုံးထပ်ရှိပြီး ကမ္ဘာမြေက အဆောက်အဦးနဲ့ ဆင်တူပါတယ်။ အထပ်တိုင်းရဲ့ ဝင်ပေါက်က လှေကားတစ်လျှောက် တည်ရှိပြီး တစ်ထပ်မှာ နှစ်ယူနစ်စီပဲ ရှိပါတယ်။
ကလိုင်းဟာ ပထမထပ်နဲ့ ဒုတိယထပ်မှာ တုတ်ဗေဒင်နဲ့ တွက်ကြည့်တဲ့အခါ လက်ကိုင်တုတ်က အပေါ်ကို ညွှန်ပြနေတုန်းပါ။
သူတို့နှစ်ယောက်ဟာ ခြေသံလုံလုံလျှောက်ပြီး တတိယထပ်စီ ရောက်သွားပါတယ်။ ကလိုင်းဟာ လက်ကိုင်တုတ်ကို ကြမ်းပြင်ပေါ်မှာ ထားလိုက်ပါတယ်။
“ဝှစ်…”
လှေကားတစ်လျှောက် လေပြေအေးလေး တိုက်ခတ်သွားပြီး ကလိုင်းရဲ့ မျက်ဆံတွေဟာ အရောင် ပြောင်းသွားပါတယ်။ အနက်ရောင် မျက်ဆံက ဝိညာဉ်ကို စုပ်ယူနိုင်တဲ့အတိုင်းပါပဲ။
“ဟီး… ဟင့်… ဟင့်… ဟင့်…”
သူတို့ပတ်လည်မှာ ရှိုက်သံတွေ ထွက်ပေါ်လာသလိုပါပဲ။
ကလိုင်းဟာ မုန်တိုင်းအဆောင် ချည်ထားတဲ့ လက်ထဲက လက်ကိုင်တုတ်ကို ဖြေလျော့ပေးလိုက်တဲ့အခါ လက်ကိုင်တုတ်ဟာ သူ့ဘာသာသူ ထောင်မတ်သွားပါတယ်။
ကလိုင်းဟာ စိတ်ထဲကနေ အဲလိယက်ရဲ့ တည်နေရာဆိုပြီး ထပ်ရွတ်လိုက်ပါတယ်။ ဒီအခါမှာ လက်ကိုင်တုတ်ဟာ အသံလုံစွာ အောက်ပြုတ်ကျသွားပြီး ညာဘက်အခန်းကို ညွှန်ပြပါတယ်။
“သူတို့တွေ အဲဒီမှာ…”
ကလိုင်းဟာ လက်ကိုင်တုတ်ကို ပြန်ကောက်ပြီး နဖူးလယ်ကို နှစ်ချက် တောက်လိုက်တဲ့အခါ အရောင်မျိုးစုံထွက်ပေါ်လာပြီး ညာဘက်အခန်းထဲက ရောင်ဝါတွေကို တွေ့မြင်လိုက်ရပါတယ်။
“တစ် နှစ် သုံး လေး… ပြန်ပေးဆွဲသမား သုံးယောက်… ဓားစာခံတစ်ယောက်… လူအရေအတွက် ကိုက်တယ်… သူတို့ထဲက တစ်ယောက်ရဲ့ ရောင်ဝါက တိုတယ်… အဲလိယက် ဖြစ်လောက်တယ်… မစ္စတာကလိန်းရဲ့ စကားအရဆိုရင် သူတို့ဆီမှာ အမဲလိုက် ရိုင်ဖယ်နှစ်လက်နဲ့ ခြောက်လုံးပြူးတစ်လက် ရှိတယ်” ကလိုင်းက တိုးတိုးပြောလိုက်ပါတယ်။
လန်နာ့ဒ်ဟာ အသံတိတ် ရယ်လိုက်ပါတယ်။
“ငါ သူတို့အတွက် ကဗျာတစ်ပုဒ် ရွတ်ပေးလိုက်မယ်”
“ဘာဖြစ်လို့ ပြန်ပေးဆွဲသမား ဖြစ်ချင်ရတာလဲ… ဘာဖြစ်လို့ လူယဉ်ကျေးတစ်ယောက် မဖြစ်နိုင်ရတာလဲ…”
လန်နာ့ဒ်ဟာ အဲလိယက်ရဲ့ အဝတ်အစားတွေပါတဲ့ အိတ်ကို အောက်ချပြီး ရှေ့ကို ခြေနှစ်လှမ်း တိုးလိုက်ပါတယ်။ သူ့အမူအရာကလည်း အေးချမ်း ငြိမ်သက်နေရာကနေ လွမ်းလွမ်းဆွေးဆွေး ဖြစ်သွားပါတယ်။
ညှို့ဓာတ်အပြည့်နဲ့ နက်နဲတဲ့ သူ့အသံဟာ တဖြည်းဖြည်း ကျယ်လာပါတယ်။
“အို… ကြောက်ရွံ့မှုရဲ့ ခြိမ်းခြောက်မှုအောက်မှာ ကြက်သွေးရောင် မျှော်လင့်ချက်တွေ အော်မြည်နေ…”
“အနည်းဆုံး… သေချာတာ တစ်ခုတော့ ရှိတယ်… ဘဝဆိုတာ ကုန်ဆုံးသွားမှာပဲ”
“တစ်ခုတော့ သေချာပေမဲ့ ကျန်တာက အလိမ်အညာတွေပဲ”
“တစ်ခါက ဝေဝေဆာဆာ ပွင့်လန်းခဲ့တဲ့ ပန်းပင်လေး အခုတော့ ထာဝရ အိပ်စက်သွားပြီ”