အခန်း (၄၁) အော်ဒရီနဲ့ ဆူဇီ
ကော်ဖီခွက်ကို သွန်ပစ်ပြီးနောက် ကလိုင်းဟာ လက်နက်တိုက်ဆီ ပြန်ကာ ထူထပ်တဲ့ သမိုင်းစာရွက်စာတမ်းတွေနဲ့ သူ့မှတ်စုစာအုပ်ကိုယူပြီး အပေါ်ပြန်တက်ပါတယ်။
“ရှပ်… ရှပ်… ရှပ်…”
ကလိုင်းရဲ့ ခြေသံဟာ တိတ်ဆိတ်တဲ့ အလုံပိတ် မြေအောက်ခန်းမှာ ပဲ့တင်ထပ်သွားပါတယ်။
လှေကားထိပ်ဆုံးကို ရောက်တဲ့အခါ ကလိုင်းဟာ တံခါးဖွင့်ပြီး ဘယ်သွားရမလဲဆိုတာ ကြည့်ကာ သူ့နဲ့မျက်နှာချင်းဆိုင် ဒုတိယရုံးခန်းဆီ ဦးတည်ပါတယ်။ နှစ်ရက်ရှိသွားပြီမလို့ သူဟာ ဆူးနက် လုံခြုံရေးကုမ္ပဏီရဲ့ အခန်းဖွဲ့ပုံကို ယေဘုယျ နားလည်သွားပါပြီ။
ဆူးနက်လုံခြုံရေး ကုမ္ပဏီရဲ့ ဝင်ပေါက်က ဧည့်သည်တွေ လက်ခံဖို့ ဆိုဖာတွေ စားပွဲတွေရှိတဲ့ ဧည့်ကြိုခန်းပါ။ အခန်းဖွဲ့တာကို ဖြတ်လိုက်ရင် အတွင်းပိုင်းကို ရောက်သွားပါတယ်။ စင်္ကြံဘယ်ဘက်မှာ အခန်းသုံးခန်းရှိပြီး အနီးဆုံးအခန်းကနေ အဝေးဆုံးအခန်းထိ အစဉ်အတိုင်းသွားရင် မစ္စအော်ရီယာနာရဲ့ စာရင်းအင်းအခန်း၊ ဆိုဖာခုတင်တွေရှိတဲ့ နားနေခန်းနဲ့ မြေအောက်ခန်းဆီ ဦးတည်တဲ့ လှေကားခန်းပါ။
ညာဘက်မှာလည်း အခန်းသုံးခန်းရှိပြီး အနီးဆုံးအခန်းကနေ အဝေးဆုံးခန်းအထိ အစဉ်အတိုင်းသွားရင် ကပ္ပတိန် ဒန်းစမစ်ရဲ့ရုံးခန်း၊ စာရိုက်တဲ့ အရပ်ဘက်ဝန်ထမ်းရဲ့ ရုံးခန်းနဲ့ ညသိမ်းငှက်အဖွဲ့ရဲ့ ပုံမှန်အဖွဲ့ဝင်တွေအတွက် အပန်းဖြေခန်းပါ။
အရင်တစ်ခေါက်က အပန်းဖြေခန်းမှာ လန်နာ့ဒ်မစ်ချယ်နဲ့ တခြားအဖွဲ့သားနှစ်ယောက် ကဒ်ဂိမ်း ကစားနေတာကို ကလိုင်း တွေ့ခဲ့ရပါတယ်။ သူတို့တွေ ကစားနေတာက မြေရှင်ဂိမ်း ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုပေမဲ့ ဧကရာဇ်ရစ်ဆဲလ်က ဒီဂိမ်းကို မိစ္ဆာဂိမ်းလို့ နာမည်သစ် ပေးထားပါတယ်။ ဒါပေမဲ့ ကစားနည်းက ကလိုင်းသိတဲ့ မြေရှင်ကစားနည်းနဲ့ ဆင်တူပါတယ်။
ဘရက်ဟာ ညဆိုင်း ဆင်းပြီးနောက် တစ်ရက် အနားရပါတယ်။ ဧည့်ကြိုကောင်တာမှာက ပုံမှန်အတိုင်း ရိုဇန်းပါ။ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ ထောက်ပံ့ပစ္စည်းတွေ တာဝန်ယူရတဲ့ မြင်းလှည်းမောင်းသမား ဆီဇာဖရန့်စစ်က ထုံးစံအတိုင်း ကုမ္ပဏီထဲမှာ မရှိပါဘူး။ ကလိုင်း အရပ်ဘက်ဝန်ထမ်း ရုံးခန်းကို ဖွင့်လိုက်တဲ့အခါ စားပွဲသုံးလုံးက ရှင်းလင်းနေပါတယ်။ စာရိုက်စက်ပဲ တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေပါတယ်။
“အက်ကာဆင်ကုမ္ပဏီ စာရိုက်စက် မော်ဒယ် ၁၃၄၆…” ကလိုင်းဟာ ဒီလိုစာရိုက်စက်မျိုးကို သူ့ဆရာရုံးခန်းနဲ့ ဝဲလ်ရဲ့နေရာမှာ တွေ့ဖူးပါတယ်။ အထဲက ရှုပ်ထွေးလှတဲ့ စက်ကိရိယာတွေက အနုစိတ်လွန်းတယ်လို့ သူ ခံစားလိုက်ရပါတယ်။
ကလိုင်းဟာ စာရိုက်စက်တင်ထားတဲ့ စားပွဲဆီ လျှောက်သွားပါတယ်။ သူ့ကိုယ်သူ ပြင်ဆင်ပြီးနောက် ကလိုင်းဟာ စာရိုက်ဖို့ ကြိုးစားပါတယ်။ အစပထမမှာတော့ သူဟာ တရုတ်စာလုံးတွေကို အလိုလို ရိုက်မိပါတယ်။ ဒါပေမဲ့ စာရိုက်စက်နဲ့ ရင်းနှီးသွားပြီး မူလကလိုင်းရဲ့ စာရိုက်စက်နဲ့ သက်ဆိုင်တဲ့ မှတ်ဉာဏ်တွေကို ချေဖျက်ပြီးတဲ့အခါ အမှားတွေ ထပ်မလုပ်တော့ပါဘူး။
“ချပ်… ချပ်… ချပ်… ချောက်”
စည်းချက်ကျနတဲ့ စာရိုက်စက်သံဟာ သတ္တုနဲ့ စက်မှုလုပ်ငန်းတွေရဲ့ ပေါင်းစပ်မှုကနေ မွေးဖွားလာတဲ့ သံစဉ်တစ်ခုလိုပါပဲ။ ဒီသံစဉ်အောက်မှာ ကလိုင်းဟာ အသုံးစရိတ် တောင်းခံလွှာကို ခပ်မြန်မြန် ရိုက်ပြီးသွားပါတယ်။
စာရိုက်လို့ပြီးသွားပေမဲ့ ကလိုင်းဟာ ဒန်းစမစ်နဲ့တွေ့ဖို့ အလျင်မလိုဘဲ လူအိုကြီးနီးလ် ပေးလိုက်တဲ့ စာရွက်စာတမ်းတွေကို သေချာအာရုံစိုက် ဖတ်ပါတယ်။ အသစ်လည်း ဖတ်သလို အဟောင်းကိုလည်း ပြန်ဖတ်ပါတယ်။
နေ့ခင်းရောက်ခါနီးတဲ့ အခါမှာတော့ သူဟာ လည်ပင်းဆန့်ပြီး စာရွက်စာတမ်းတွေကို သိမ်းလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဒီမနက် သူသင်ယူခဲ့ရတဲ့ ဂမ္ဘီရသင်ခန်းစာတွေကို ပြန်ဖတ်ပြီး ခေါင်းထဲစွဲနေအောင် လုပ်ပါတယ်။
အဲဒါတွေ အကုန်လုံး ပြီးတော့မှပဲ သူဟာ ဘေးနားက ရုံးခန်းဆီသွားပြီး အခန်းတံခါးကို ညင်ညင်သာသာ ခေါက်လိုက်ပါတယ်။
နေ့လယ်စာ လာပို့တာကို စောင့်နေတဲ့ ဒန်းစမစ်ဟာ ကလိုင်း ကမ်းပေးတဲ့ စာရွက်ကို ကြည့်ပြီး နှုတ်ခမ်းထောင့် တွန့်တက်သွားပါတယ်။
“လူအိုကြီးနီးလ် မင်းကို သင်ပေးလိုက်တာလား”
“ဟုတ်တယ်” ကလိုင်းဟာ လူအိုကြီးနီးလ်ကို သစ္စာဖောက်ဖို့ တစ်စက္ကန့်တောင် မတုံ့ဆိုင်းပါဘူး။
ဒန်းစမစ်ဟာ နီမှောင်ရောင် ဖော့ပင်ကို ကောက်ယူပြီး လက်မှတ်ထိုးလိုက်ပါတယ်။
“ငါလည်း ဇူလိုင်လ၊ ဩဂုတ်လနဲ့ စက်တင်ဘာလ ဘတ်ဂျက်ကို ဘုရားကျောင်းနဲ့ ရဲဌာနဆီမှာ တင်ပြတောင်းခံမလို့… မင်းဟာပါ ငါ ထည့်လိုက်မယ်… ခွင့်ပြုချက်ရရင် မစ္စအော်ရီယာနာဆီက ငွေသွားထုတ်ချည်… စိတ်ဝိညာဉ်ချိန်သီးကိုတော့ ဒီနေ့ခင်း ထုတ်လို့ရတယ်”
“ဟုတ်ကဲ့ပါ” ကလိုင်းဟာ တက်တက်ကြွကြွ ဖြေလိုက်ပါတယ်။ သူ့အသံက ပျော်ရွှင်မှုနဲ့ ပြည့်နေတာ သိသာလှပါတယ်။
ဒန်းစမစ်ကို မနှုတ်ဆက်ခင် ကလိုင်းဟာ သာမန်ကာလျှံကာ မေးလိုက်ပါတယ် “ဇူလိုင်လ၊ ဩဂုတ်လနဲ့ စက်တင်ဘာလ ဘတ်ဂျက်က ဇွန်လမှာ တင်ပြတောင်းခံသင့်တယ် မဟုတ်ဘူးလား”
‘ဇူလိုင်လ ဘတ်ဂျက်ကို ဘာဖြစ်လို့ ဇူလိုင်လကျမှ တောင်းရတာလဲ’
ဒန်းစမစ်ဟာ လေးငါးစက္ကန့်လောက် တိတ်ဆိတ်သွားပြီး ကော်ဖီတစ်ငုံ သောက်လိုက်ပါတယ်။
“ဇွန်လမှာ အမှုသုံးခုရတော့ အလုပ်များပြီး မေ့သွားတာ”
‘ငါတို့ကပ္ပတိန်လို့ မပြောရဘူး… တကယ်ကို မေ့တတ်တာပဲ…’ ကလိုင်းဟာ သူ မမေးသင့်တဲ့ မေးခွန်းကို မေးလိုက်မိပြီဆိုတာ သိလိုက်ပါတယ်။ အဲဒါကြောင့် တစ်ချက်ရယ်ပြီး အခန်းထဲကနေ ချက်ချင်း ထွက်ခွာသွားပါတယ်။
အဲဒီလိုနဲ့ ကလိုင်းဟာ သူ့ရဲ့ ရိုးရှင်းတဲ့ ပုံမှန်ဘဝကို စတင်ပါတယ်။ မနက်စောစောမှာ တွေးခေါ်မှုအတွက် နာရီဝက်၊ ပြီးရင် ဂမ္ဘီရ သင်ခန်းစာတွေအတွက် တစ်နာရီ၊ သမိုင်းစာရွက်စာတမ်းတွေ အတွက်က နာရီဝက် အသုံးပြုပါတယ်။ နေ့လယ်စာ စားပြီးရင်တော့ နားနေခန်းမှာ တစ်ရေးအိပ်ပြီး အားပြန်ဖြည့်ပါတယ်။
အဲဒါပြီးရင်တော့ ကျည်ဆံထုတ်ပြီး သေနတ်ပစ်ကွင်းဆီ သွားပါတယ်။ သေနတ်ပစ် လေ့ကျင့်ပြီးရင်တော့ ဝဲလ်ရဲ့ နေရာ ပတ်လည်ကို လျှောက်ကြည့်ပါတယ်။ ပြီးရင်တော့ လမ်းကြောင်းပြောင်းပြီး သံကြက်ခြေခတ်လမ်းဆီ ပြန်ပါတယ်။
ဒီလိုလုပ်တာက ကလိုင်းကို မြင်းလှည်းခ သက်သာစေပါတယ်။ အချိန်ရသေးရင် ကလိုင်းဟာ သူ့ရဲ့ စိတ်ဝိညာဉ်အာရုံနဲ့ ချိန်သီးဗေဒင်ကို လေ့ကျင့်ပါတယ်။ အိမ်အပြန်လမ်းမှာတော့ စားသောက်ကုန်တွေ ဝယ်ပါတယ်။
…..
ကိရိယာ တန်ဆာပလာတွေ စုံစုံလင်လင်ရှိတဲ့ ကိုယ်ပိုင်ဓာတု ဓာတ်ခွဲခန်းတစ်ခုမှာ ရွှေရောင်ဆံပင်နဲ့ အော်ဒရီဟာ လက်ထဲက ခွက်တစ်ခွက်ကို ကြည့်နေပါတယ်။ ခွက်ထဲမှာ ပူဖောင်းတွေ ဗလုံစီအောင် ထနေပြီး ပတ်ဝန်းကျင်ကို ကြည်လင် အေးချမ်းစေပါတယ်။
နောက်ဆုံးမှာတော့ ခွက်ထဲက အရည်တွေဟာ ငွေရောင်ပျစ်ချွဲချွဲ အစိုင်အခဲတွေ ဖြစ်သွားပါတယ်။
“ခစ်ခစ်… ငါက ဂမ္ဘီရနယ်ပယ်မှာ တကယ်ကို အရည်အချင်း ရှိတာပဲ… တစ်ခါတည်းနဲ့ အောင်မြင်သွားတယ်… မအောင်မြင်မှာစိုးလို့ ဆေးနှစ်ဖုံစာတောင် ပြင်ထားခဲ့တာ” အော်ဒရီဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။
အော်ဒရီဟာ သူ့မိသားစု ဘဏ်တိုက်ထဲက ယူခဲ့တာတွေ တခြားလူတွေနဲ့ လဲလှယ်ခဲ့တာတွေကို သိမ်းလိုက်ပါတယ်။ ပြီးတဲ့အခါမှတော့ အသက်အရှည်ကြီး ရှူသွင်းပြီး မျက်လုံးမှိတ်ကာ ပွဲကြည့်သမား ဆေးရည်ကို သောက်ဖို့ ပြင်လိုက်ပါတယ်။
အဲဒီအချိန်မှာပဲ ဓာတ်ခွဲခန်း အပြင်ဘက်ကနေ ခွေးဟောင်သံကို ကြားလိုက်ရတာကြောင့် ချက်ချင်း မျက်မှောင်ကြုတ်သွားပါတယ်။ အဲဒီနောက် ငွေရောင်ပျစ်ချွဲချွဲ အရည်ခွက်ကို နည်းနည်းမှောင်တဲ့ ထောင့်တစ်နေရာမှာ ဝှက်ပြီး တံခါးဆီ လျှောက်သွားပါတယ်။
“ဆူဇီ… ဘယ်သူလဲ” အော်ဒရီဟာ တံခါးလက်ကိုင်ဘုကို လှည့်ဖွင့်ပြီး တံခါးရှေ့က ရွှေရောင်ခွေးကို မေးလိုက်ပါတယ်။ ဆူဇီဟာ အမြီးနန့်ပြီး မျက်နှာလို မျက်နှာရ လုပ်ပါတယ်။ စင်္ကြံနားမှာ အော်ဒရီရဲ့ ကိုယ်ပိုင်အစေခံ အန်နီ ပေါ်လာပါတယ်။
အော်ဒရီဟာ ဓာတ်ခွဲခန်းထဲက ထွက်ပြီး အခန်းတံခါး ပိတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ အန်နီကို ကြည့်ပြီး “ငါ မပြောထားဘူးလား… ငါ ဓာတုဓာတ်ခွဲမှုတွေ လုပ်နေချိန်မှာ မနှောင့်ယှက်ပါနဲ့လို့”
“ဒါပေမဲ့ ဒါက နယ်စားကြီးကတော် ဒဲလာရဲ့ ဖိတ်ကြားမှုပါ”
“နယ်စားကြီးနီဂန်ရဲ့ မိန်းမလား” အော်ဒရီဟာ ရှေ့သုံးလှမ်းလျှောက်ပြီး အန်နီကို မေးလိုက်ပါတယ်။
“ဟုတ်ပါတယ်… သူက နန်းတော် မုန့်ဖုတ်သမား မဒမ်ဗီဗီကို ငှားနိုင်ခဲ့လို့ မဒမ်နဲ့ သခင်မလေးကို နေ့လယ်ခင်း လက်ဖက်ရည်သောက်ဖို့ ဖိတ်ကြားလိုက်တာပါ” အန်နီဟာ ဖိတ်ကြားချက်ကို ပြန်ပြောင်း ပြောပြပါတယ်။
“ငါ ခေါင်းကိုက်နေတယ်လို့ မေမေကို ပြောလိုက်… နေပူရှိန်ကြောင့် ရေဓာတ်နည်းနည်း ခမ်းသွားတာ ဖြစ်လိမ့်မယ်… မဒမ်ဒဲလာကို ငါ့ကိုယ်စား တောင်းပန်စကား ပြောပေးပါလို့”
အော်ဒရီဟာ စကားပြောရင်းနဲ့ အားနည်းချင်ယောင် ဆောင်ပါတယ်။
“သခင်မလေး… ဒါက လက်ဖက်ရည် သောက်ရုံတင် မဟုတ်ဘူး… စာပေနှီးနှောဖလှယ်တာလည်း ပါတယ်” အန်နီက ထပ်ပေါင်း ပြောလိုက်ပါတယ်။
“ဒါပေမဲ့ အဲဒါက ငါ ခေါင်းမူးတာကို မကုသပေးနိုင်ဘူး… ငါ အနားယူဖို့ လိုတယ်” အော်ဒရီဟာ ပြတ်ပြတ်သားသား ငြင်းပါတယ်။
‘ဒါတောင်မှ မရသေးရင် ငါ သတိမေ့ပြမယ်… ယဉ်ကျေးမှုဆရာက ငါ အပြည့်စုံဆုံး လုပ်နိုင်တယ်လို့ ပြောထားတယ်… ငါ တစ်ခုခု ကြားလိုက်တာလား’
“ဟုတ်ကဲ့ပါ” အန်နီဟာ အသက်ရှူထုတ်လိုက်ပါတယ် “အဲဒါဆို ကျွန်မ သခင်မလေးကို အခန်းထဲ လိုက်ပို့ပေးရမလား”
“မလိုဘူး… ငါ ဓာတ်ခွဲခန်းကို အရင် ရှင်းလိုက်ဦးမယ်” အော်ဒရီဟာ ပွဲကြည့်သမား ဆေးရည်ကို ချက်ချင်း သောက်ချင်နေပါပြီ။ ဒါပေမဲ့ သူ့ရဲ့ စိတ်မရှည်မှုကို ထိန်းချုပ်ပြီး အန်နီ ထွက်ခွာသွားမှပဲ ဓာတ်ခွဲခန်းရှိရာဆီ ပြန်ပါတယ်။
ရုတ်တရက် အော်ဒရီဟာ အပြင်မှာ စောင့်နေတဲ့ သူ့ရဲ့ ရွှေရောင်ခွေး ဆူဇီက အပြင်မှာ ရှိမနေတာကို တွေ့လိုက်ရပါတယ်။ နောက်ပြီး ဓာတ်ခွဲခန်းတံခါးကလည်း တစ်ဝက်ပွင့်နေပါတယ်။
“ဆူဇီက လက်ကိုင်ပါတဲ့ တံခါးကို ဖွင့်နိုင်တယ်ဆိုတာ ငါ မေ့သွားတယ်… ဘာအသံပါလိမ့်… သွားပြီ…” အော်ဒရီဟာ ဓာတ်ခွဲခန်းထဲကနေ အသံတစ်သံကို ကြားလိုက်ရတာကြောင့် တစ်စုံတစ်ရာကို နားလည် သဘောပေါက်သွားပြီး ဓာတ်ခွဲခန်းထဲ ပြေးဝင်လိုက်ပါတယ်။
အော်ဒရီရဲ့ မျက်လုံးထဲကို ဝင်လာတာက ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ ဖန်ခွက်ကွဲစတွေပါ။ ဆူဇီဟာ နောက်ဆုံးကျန်တဲ့ ငွေရောင် အရည်ကို လျှာနဲ့ ယက်လိုက်ပါတယ်။
အော်ဒရီဟာ အခန်းဝမှာ ကျောက်ရုပ်လိုမျိုး အမြစ်တွယ်သွားပါတယ်။
ဆူဇီဟာ ချက်ချင်း ကောက်ထိုင်ပြီး အမြီးနန့်ရင်း အပြစ်ကင်းစင်တဲ့ မျက်လုံးတွေနဲ့ သူ့ကို ကြည့်ပါတယ်။
…..
ပရစ်ဆိပ်ကမ်းရဲ့ အလွန် ပင်လယ်ပြင်မှာ တစ်နှစ်ပတ်လုံး မုန်တိုင်းထန်တဲ့ ကျွန်းတစ်ကျွန်း ရှိပါတယ်။ ဒီကျွန်းရဲ့ဆိပ်ကမ်းမှာ ရှေးဟောင်း ရွက်လှေတစ်စင်း ဆိုက်ကပ်ထားပါတယ်။
လျှပ်စီးသင်္ကေတဝတ်ရုံ ရွှေရောင်ဆံပင်နဲ့ အမျိုးသားဟာ မျက်နှာချင်းဆိုင်က အယ်ဂျာဝဲလ်ဆင်ကို နားမလည်နိုင်တဲ့ မျက်လုံတွေနဲ့ ကြည့်ပြီး မေးလိုက်ပါတယ် ”အယ်ဂျာ… မင်း တိုင်းပြည်ကို ပြန်သွားရင် ဒဏ်ခတ်သမားအဖွဲ့မှာ ကပ္ပတိန် ဒါမှမဟုတ် ဂုဏ်သိက္ခာရှိတဲ့ ဂိုဏ်းအုပ်ဆရာ ဖြစ်နိုင်တာပဲ… ဘာဖြစ်လို့ ပင်လယ်ထဲ ထပ်ထွက်ဖို့ ရွေးချယ်ပြီး အပြာရောင် ကလဲ့စားရဲ့ ကပ္ပတိန် ဖြစ်လာရတာလဲ”
တည်တံ့တဲ့ မျက်နှာကြမ်းနဲ့ အယ်ဂျာဟာ လေးလေးနက်နက် ပြန်ပြောပါတယ် “ပင်လယ်ကို မုန်တိုင်းက ပိုင်တယ်… ဒါက အရှင်ရဲ့ နိုင်ငံတော်ပဲ… ငါ အရှင်ရဲ့ စိတ်ဆန္ဒကို လိုက်နာပြီး အရှင့်နိုင်ငံတော်ရဲ့ ဒီနေရာကို စောင့်ကြည့်မယ်”
“ဟုတ်ပါပြီ” ရွှေရောင်ဆံပင်နဲ့ အမျိုးသားဟာ လက်သီးဆုပ်ပြီး ရင်ဘက်ပေါ် တင်လိုက်ပါတယ် “မုန်တိုင်းက သင်နဲ့အတူ ရှိပါစေ”
“မုန်တိုင်းက သင်နဲ့အတူ ရှိပါစေ” အယ်ဂျာဟာ ရင်ဘတ်ပေါ် လက်သီးတင်ပြီး ပြန်ပြောလိုက်ပါတယ်။
အယ်ဂျာဟာ ကုန်းပတ်ပေါ်မှာ သင်္ဘောသားတချို့နဲ့ ရပ်ပြီး သူ့မိတ်ဆွေ လှေနဲ့ ထွက်ခွာသွားတာကို ကြည့်နေပါတယ်။
‘စိန့်ဇ်… မင်း ငါ့ကို နားမလည်နိုင်တာက မင်းမှာ အသိပညာ လုံလုံလောက်လောက် မရှိသေးလို့ပဲ…’ အယ်ဂျာဟာ တိတ်တဆိတ် ရေရွတ်လိုက်ပါတယ်။
အဲဒီအချိန်မှာ အော်ဒရီဟာ သူမရဲ့ ဒုတိယ ဆေးရည်ကို ရင်ဖိုဖိုနဲ့ ဖော်စပ်ပါတယ်။ ငွေရောင်ဆေးရည်က စောစောတုန်းကနေ ဘာမှကွဲပြားခြားနားမှု မရှိတာကို တွေ့လိုက်ရတဲ့အခါမှာတော့ မျက်ရည်ကျလုနီး ဝမ်းသာသွားပါတယ်။
“ဂလု…”
ဒီတစ်ခါတော့ သူဟာ ပွဲကြည့်သမား ဆေးရည်ကို ခပ်မြန်မြန်ပဲ သောက်ချလိုက်ပါတယ်။
…..
သောကြာနေ့။
ထင်းဂန်မြို့မှာ မုန်တိုင်းကျပါတယ်။ ရေလောင်းချနေသလို သည်းထန်လွန်တဲ့ မိုးဟာ အိမ်တိုင်းရဲ့ အပေါ်ကို ရွာချပါတယ်။
ဆူးနက်လုံခြုံရေး ကုမ္ပဏီထဲမှာ ကလိုင်း၊ ရိုဇန်းနဲ့ ဘရက်ဟာ ဧည့်ကြိုခန်းထဲက ဆိုဖာမှာထိုင်ပြီး နေ့လည်စာ စားနေကြပါတယ်။
ရေနွေးအိုး တစ်အိုးပဲ ရှိတော့ စားစရာတွေကို နွှေးစားလို့ မရပါဘူး။ ကလိုင်းဟာ ဂျုံပေါင်မုန့်ချည်း နေ့တိုင်း မစားနိုင်သလို နေ့တိုင်း အိမ်ပြန်စားဖို့ မြင်းလှည်းလည်း မငှားနိုင်ပါဘူး။ သူ အဲဒီလိုလုပ်ရင် သံကြက်ခြေခတ်လမ်းကနေ ဝဲလ်ရဲ့အိမ်ဆီ နေ့ခင်းဘက် လမ်းလျှောက်ပြီးမှ မြင်းလှည်း ငှားစီးဖို့ စဉ်းစားနိုင်မှာပါ။ ပိုက်ဆံပိုကုန်မှာဆိုတော့ ကလိုင်းဟာ တခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲ ရုံးမှာ စားပါတယ်။
သူတို့ကုမ္ပဏီနားက ဝေလ်ကြီး စားသောက်ဆိုင်ဟာ ဆယ်နာရီခွဲတိုင်း စားပွဲထိုးတစ်ယောက်လွှတ်ပြီး ဘာမှာမလဲ လာမေးပါတယ်။ ၁၂ နာရီခွဲရင်တော့ မှာထားတာတွေ လာပို့ပါတယ်။ သုံးနာရီထိုးရင် ညနေစာ ဘာမှာမလဲ လာပို့ပြီး နေ့ခင်းကဟာတွေ ပြန်သိမ်းသွားပါတယ်။
ဒီထမင်းတစ်နပ်မှာ အသား၊ ဟင်းသီးဟင်းရွက်နဲ့ ပေါင်မုန့်တို့ ပါဝင်ပါတယ်။ အရေအတွက်က နည်းပေမဲ့ လူတစ်ယောက် ဗိုက်ပြည့်ရုံတော့ ရပါတယ်။ တစ်ပွဲကို အရည်အသွေးပေါ် မူတည်ပြီး ခုနစ်ပဲနိကနေ ဆယ်ပဲနိထိ ရှိပါတယ်။
ကလိုင်းဟာ အမြဲတမ်း မျက်နှာထူထူပဲ ခုနစ်ပဲနိတန် တစ်ပွဲ မှာပါတယ်။ ၇ ပဲနိတန် တစ်ပွဲမှာ ပေါင်ဝက်ရှိတဲ့ ပေါင်မုန့်ဖြူတစ်လုံး၊ နည်းမျိုးစုံနဲ့ ချက်ထားတဲ့ အသားသေးသေးလေး တစ်တုံး၊ အသားမပါ ဟင်းသီးဟင်းရွက်နဲ့ ချက်ထားတဲ့ ဟင်းချို ယောက်ချိုဇွန်းတစ်ဇွန်း၊ ထောပတ် ဒါမှမဟုတ် ဟင်းရွက်ဆီ ပါတယ်ဆိုရုံလေး ပါပါတယ်။
“ဒီနေ့ ငါတို့ဆီမှာ ညသိမ်းငှက်တစ်ဦးပဲ ရှိတယ်…” ရိုဇန်းဟာ ဟင်းချိုခပ်သောက်ရင်း ပြောလိုက်ပါတယ်။
“ရွှေရောင်စက်မှုန်ဇုန်မှာ မိစ္ဆာဂိုဏ်းပါတဲ့အမှု ရှိတယ်လို့ ကြားတယ်… ရဲဌာနက ညသိမ်းငှက် နှစ်ယောက် တောင်းထားတယ်…” ဘရက် ပေါင်မုန့်ချရင်း ပြောလိုက်ပါတယ်။
ကလိုင်းဟာ ကျန်နေသေးတဲ့ ပေါင်မုန့်ဖြူကို နောက်ဆုံးကျန်တဲ့ အသားဟင်းနှစ်နဲ့ တို့ပြီး ပါးစပ်ထဲ ထည့်လိုက်ပါတယ်။ သူဟာ စကားတစ်လုံးမှ မပြောပါဘူး။ သူ့ရဲ့ ဘယ်ဘက် အင်္ကျီလက်စ အောက်မှာတော့ ဥဿဖယားနဲ့ ငွေရောင်ချိန်ကြိုးတစ်ကြိုး ရှိနေပါတယ်။
ဒီအချိန်မှာ တစ်ဝက်ပိတ်ထားတဲ့ တံခါးကနေ တံခါးခေါက်သံ ထွက်ပေါ်လာပါတယ်။
“…ဝင်လာခဲ့ပါ” ရိုဇန်းဟာ လက်ထဲက ဇွန်းကိုချပြီး လှမ်းပြောလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ လက်ကိုင်ပဝါနဲ့ ပါးစပ်သုတ်ပြီး ခပ်သုတ်သုတ် မတ်တတ်ရပ်လိုက်ပါတယ်။
ဝင်ပေါက်တံခါးဟာ ပွင့်သွားပြီး သက္ကလတ်ဦးထုပ်နဲ့ အမျိုးသားတစ်ယောက် ဝင်လာပါတယ်။ သူ့ဝတ်စုံနက်ရဲ့ ဘယ်ဘက်ပခုံးဟာ ရွှဲရွှဲစိုနေပါတယ်။ သူ့ဘေးဘက်က ဆံပင်တွေဟာ မီးခိုးရောင် ရှိပါတယ်။ သူဟာ ထီးပိတ်ပြီး…
“ဒါက ကြေးစားအဖွဲ့ဟောင်းလား”
“အဲဒီလိုပြောလို့ ရတယ်” ရိုဇန်းဟာ ချောချောမောမော ဖြေလိုက်ပါတယ်။
ပိန်ရှည်တဲ့ အမျိုးသားဟာ ချောင်းတစ်ချက် ဟန့်လိုက်ပါတယ် “ငါ့မှာ မစ်ရှင်တစ်ခု ရှိတယ်”