အခန်း (၄၀) အသုံးစရိတ် မကုန်အောင် လုပ်နည်း
“စိတ်ဝင်စားစရာကောင်းတဲ့ အကွက်တစ်ကွက်…” ကလိုင်းဟာ တော်တော်လေး သိချင်စိတ်နဲ့ မေးမိလိုက်ပါတယ်။
လူအိုကြီးနီးလ်ဟာ အသံတိတ် ရယ်ပြီး “ငါ လက်နက်တိုက် သိုလှောင်ခန်းနဲ့ မော်ကွန်းတိုက်ကို လိုက်စစ်ဆေးဦးမယ်… စားပွဲပေါ်က ခွက်နှစ်ခွက်သုံးပြီး ကော်ဖီနှစ်ခွက်ဖျော်… တစ်ခွက်မှာ မကောင်းတဲ့ အရာတစ်ခုခု ထည့်လိုက်ကွာ… ဘာထည့်မလဲဆိုတာကတော့ မင်းဘာသာ ဆုံးဖြတ်… ဒီလောက်တော့ မင်း တွေးနိုင်မှာပါ… ငါတောင်းဆိုချင်တာ တစ်ခုပဲ ရှိတယ်… ကော်ဖီမှုန့် သိပ်မဖြုန်းနဲ့… အဲဒီကော်ဖီမှုန့်တွေက ဖေးနာပေါ်တာ ကုန်းပြင်မြင့်က ကော်ဖီစေ့တွေကို ငါကိုယ်တိုင် လက်နဲ့ ကြိတ်ထားတာ”
“ဟုတ်ကဲ့ပါ” ကလိုင်းဟာ လူအိုကြီးနီးလ်က ဘာလုပ်ချင်မှန်း မသိပေမဲ့ စိတ်ရှိလက်ရှိ သဘောတူလိုက်ပါတယ်။
လူအိုကြီးနီးလ်ဟာ လက်နက်တိုက်ရဲ့ သံဂိတ်တံခါးကို ကြေးသော့တစ်ချောင်းနဲ့ ဖွင့်ပြီး အထဲဝင်သွားပါတယ်။ အဲဒီနောက် ပဲ့တင်ထပ်တဲ့ ခြေသံတွေ ထွက်ပေါ်လာပါတယ်။
ဒီခြေသံတွေကို ကြားရမှ ကလိုင်းဟာ ခွက်နှစ်ခွက်ကို နေရာချပြီး ရေနွေးအိုးထဲမှာ ရေနွေး ရှိနေသေးတာကို အတည်ပြုပါတယ်။ အဲဒီနောက် ငွေရောင်သံဘူးအဖုံးကို ဖွင့်ပြီး သတ္တုဇွန်းသေးသေးလေး တစ်ချောင်းနဲ့ မွှေးကြိုင်သင်းပျံ့တဲ့ ကော်ဖီမှုန့်တစ်ဇွန်းစီ ခွက်နှစ်ခွက်ထဲ ထည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ရေနွေးထည့်ပြီး ဇွန်းနဲ့မွှေကာ ကော်ဖီဖျော်ပါတယ်။
ရင်းမြစ်တွေ ပေါကြွယ်ဝတဲ့ ကမ္ဘာမြေကနေ ဘဝကူးပြောင်းလာတဲ့လူမလို့ ကလိုင်းအတွက် ကော်ဖီက ဘာမှ မထူးဆန်းပါဘူး။ ဒါပေမဲ့ ကလိုင်း တွေ့မြင်နေကျက အသင့်ဖျော်ကော်ဖီပါ။
ကော်ဖီဖျော်ပြီးတဲ့အခါမှာတော့ ကလိုင်းဟာ တစ်ခဏ တွေးတောပြီး ထိုင်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ညာဘက်ခြေထောက်က သားရေဖိနပ် အောက်ခြေမှာ ပေနေတဲ့ ရွှံ့နည်းနည်းယူပြီး ဘယ်ဘက် ကော်ဖီခွက်ထဲ ထည့်လိုက်ပါတယ်။
အဲဒီနောက် သေချာဂရုတစိုက်မွှေပြီး ကော်ဖီနှစ်ခွက်ကို ခွဲမရအောင် အရောင်အဆင်းနဲ့ အနံ့တူအောင် လုပ်ပါတယ်။
လေးငါးမိနစ် ကြာတဲ့အခါမှာတော့ လူအိုကြီးနီးလ်ဟာ ခါယမ်းနေတဲ့ သော့တွေကိုင်ပြီး လက်နက်တိုက်ထဲကနေ ထွက်လာပါတယ်။ ပြီးတဲ့အခါမှာတော့ သံတံခါးကို ဘမ်းခနဲ ပြန်ပိတ်လိုက်ပါတယ်။
“ကော်ဖီ ဖျော်ပြီးပြီလား” လူအိုကြီးနီးလ်ဟာ မသိမသာ မှုန်ဝါးနေတဲ့ နီမှောင်ရောင် မျက်လုံးတွေနဲ့ ကလိုင်းကို လှမ်းကြည့်လိုက်ပါတယ်။
“ဖျော်ပြီးပြီ” ကလိုင်းဟာ ခေါင်းညိတ် ဖြေလိုက်ပါတယ်။
လူအိုကြီးနီးလ်ဟာ တိတ်တဆိတ် ရယ်ပြီး သူ့လက်ကောက်ဝတ်ကာ ငွေရောင်ချိန်းကြိုးကို ချွတ်ကာ ထိုင်လိုက်ပါတယ်။ အဲဒီနောက် လူအိုကြီးနီးလ်ရဲ့ အမူအရာဟာ ခပ်မြန်မြန်ပဲ တည်ငြိမ်သွားပါတယ်။
လူအိုကြီးနီးလ်ဟာ ချိန်းကြိးကိုင်ထားတဲ့ ဘယ်လက်ကို သူ့ညာဘက်က ကော်ဖီခွက်ပေါ်မှာ မြှောက်လိုက်ပါတယ်။ လကျောက်က ကော်ဖီရည်နဲ့ ထိလုနီးနီးပါပဲ။
တည်ငြိမ်အေးချမ်းတဲ့ အခြေအနေအောက်မှာ လကျောက်ဟာ ရုတ်တရက် တုန်ခါသွားပြီး နာရီလက်တဲ့ ပြောင်းပြန်အတိုင်း စလည်ပါတယ်။
“ဒီကော်ဖီခွက်က မကောင်းတဲ့ ခွက်ပဲ” လူအိုကြီးနီးလ်က အခိုင်အမာ ဆိုပါတယ်။
အဲဒီနောက် လူအိုကြီးနီးလ်ဟာ ကလိုင်းရဲ့ အတည်ပြုချက်ကို မစောင့်ဘဲ ငွေရောင်ချိန်းကြိုးကို သိမ်းပြီး တခြားကော်ဖီခွက်ကို ကောက်ယူကာ တစ်ငုံသောက်ပါတယ်။
“မင်းက ကောက်ဖီခါးခါး ကြိုက်တာလား… ငါက သကြားတစ်ဇွန်းနဲ့ နှို့မှုန့်တစ်ဇွန်း ထည့်သောက်တာကို ကျင့်သားရနေပြီ”
ကလိုင်းဟာ လူအိုကြီးနီးလ်ရဲ့ မေးခွန်းကို ပြန်မဖြေဘဲ စိတ်ဝင်တစား မေးလိုက်ပါတယ် “ခင်ဗျားရဲ့ ဟောချက်က လုံးဝ မှန်တယ်… အဲဒါ လကျောက်ကြောင့်လား… လကျောက်ကြောင့် ဟုတ်တယ်မလား”
“ဒါကို ဗေဒင်တွေထဲမှာ ချိန်သီးဗေဒင်လို့ ခေါ်တယ်… စိတ်ဝိညာဉ် ဗေဒင်လို့လည်း ခေါ်တယ်… ဒါက မင်းရဲ့လိပ်ပြာ စိတ်ဝိညာဉ်လောကနဲ့ အာကာသအပေါ် ဆက်သွယ်မှုကို သလင်းကျောက်တွေ ကျောက်မျက်ရတနာတွေ ထူးခြားသတ္တုတွေလိုမျိုး သဘာဝပစ္စည်းတွေရဲ့ အကူအညီယူပြီး ဟောတာ… ကောင်းတာနဲ့ ဆိုးတာကို တွက်ကြည့်လို့ရတယ်…”
“ဒီကော်ဖီနှစ်ခွက်ကိုပဲ ပြောမယ်ကွာ… နာရီလက်တံ ပြောင်းပြန်အတိုင်း လည်တာက မကောင်းတာကို ရည်ညွှန်းတယ်… နာရီလက်တံအတိုင်း လည်တာက ကောင်းတာကို ရည်ညွှန်းတယ်… မလှုပ်ရှားဘူးဆိုရင် ကောင်းတာလည်း မဟုတ်ဘူး… ဆိုးတာလည်း မဟုတ်ဘူး… မင်း စာရွက်ပေါ်မှာ စာကြောင်းတစ်ကြောင်း ရေးပြီး တွက်လို့လည်း ရတယ်… ဒါပေမဲ့ အဲဒီစာကြောင်းက ရိုးရိုးဝါကျပဲ ဖြစ်ရလိမ့်မယ်… မေးခွန်း မဖြစ်ရဘူး”
လူအိုကြီးနီးလ်ဟာ ကော်ဖီခွက်ကိုချပြီး အသေးစိတ် ရှင်းပြပါတယ်။
ကလိုင်းဟာ စဉ်းစားရင်း မေးခွန်း ထုတ်ပါတယ် “မေးခွန်းထုတ်တဲ့ဝါကျတွေ မရဘူးလို့ ပြောတာလား”
“ဟုတ်တယ်… မင်း ‘တစ်ယောက်ယောက်က ငါ့ရဲ့ ဇနီးလောင်း ဖြစ်ချင်လား’ လို့ သုံးလို့ မရဘူး… အဲဒီအစား ‘သူက ငါ့ဇနီးလောင်း ဖြစ်ချင်တယ်’ လို့ သုံးရလိမ့်မယ်… အဲဒီစာကြောင်းကို စာရွက်ပေါ်မှာရေး စားပွဲပေါ်တင်… ပြီးရင် ကိုယ်သန်တဲ့လက်နဲ့ ချိန်သီးကြိုးကို ကိုင်… ကိုယ်သန်တဲ့လက်နော်… ဒီတစ်ခုက မှားလို့မရဘူး”
“အဲဒီလိုကိုင်ရင် လက်မောင်းကို ဖြောင့်ဖြောင့်တန်းတန်း ထားရလိမ့်မယ်… နောက်ပြီး လကျောက်ကို စာရွက်ပေါ်မှာ ငါတို့ရေးထားတဲ့ စာကြောင်းနဲ့ ထိလုနီးနီး ဖြစ်အောင် ချိန်းကြိုးရဲ့ အလျားကို ချိန်ညှိုရမယ်… ပြီးရင် မျက်စိမှိတ်ပြီး အဲဒီစာကြောင်းကို မင်းစိတ်ထဲမှာ ခုနစ်ခေါက်ရွက်… ပြီးသွားရင် မျက်လု့းဖွင့်ပြီး စိတ်ဝိညာဉ်ချိန်သီးက ဘယ်ဘက်ကိုလည်လဲကြည့်… တကယ်လို့ မလည်ဘူးဆိုရင် မျက်လုံးပြန်မှိတ်ပြီး ခုနစ်ခေါက်ထပ်ရွတ်… အဲဒီလိုမျိုး စိတ်ဝိညာဉ်ချိန်သီး မရွေ့လျားမချင်း ထပ်ခါထပ်ခါ လုပ်ရမယ်”
ကလိုင်းဟာ ခေါင်းအသာ ညိတ်ပြီး မေးလိုက်ပါတယ် “နာရီလက်တံအတိုင်း လည်တာက မှန်ပြီး ပြောင်းပြန်လည်တာက မှားတဲ့ အဓိပ္ပာယ်ပေါ့”
“အောင်မြင်မှု ကျရှုံးမှုလို့လည်း အဓိပ္ပာယ်ကောက်လို့ ရတယ်” လူအိုကြီးနီးလ်က ထောက်ပြပါတယ်။ လူအိုကြီးနီးလ်ဟာ ကလိုင်းကို စိတ်ဝိညာဉ်ချိန်သီးဗေဒင်ရဲ့ အသေးစိတ် အကြောင်းအရာတွေနဲ့ တခြား အသုံးပြုပုံတွေ သင်ပေးပါတယ်။
ကလိုင်းဟာ တွေးတောစဉ်းစားရင် ဒီဟောနည်းက တကယ် အသုံးဝင်တယ်ဆိုတာ ရှာတွေ့သွားပါတယ်။ ကိုယ်နဲ့ မရင်းနှီးတဲ့ ပတ်ဝန်းကျင်ကို ရောက်ရင် အစားအစာက အဆိပ်ရှိလား မရှိဘူးလားဆိုတာကို အချိန်တိုအတွင်း ခွဲခြားနိုင်မယ် မဟုတ်ပါလား။ အချိန်အများကြီး သုံးပြီး ဇီဝဗေဒဆိုင်ရာ ဗဟုသုတတွေ လေ့လာစရာ မလိုတော့ပါဘူး။
ဒီလိုဆိုပေမဲ့ ဒီဟောနည်းက ရိုးရှင်းလွန်းတဲ့အတွက် အဖြေကလည်း နှစ်ခု သုံးခုပဲ ရှိပါတယ်။ နက်နက်ရှိုင်းရှိုင်း စူးစမ်းလေ့လာတာတွေ အဓိပ္ပာယ်ကောက်တာတွေ လုပ်လို့ မရပါဘူး။
ဥပမာပေးရရင် တစ်စုံတစ်ခုက ခန္ဓာကိုယ်ကို ထိခိုက်ကောင်း ထိခိုက်နိုင်ပေမဲ့ နည်းနည်း ပြုပြင်လိုက်ရင် ခန္ဓာကိုယ်အတွက် အလွန်အကျိုးရှိတဲ့ အရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဥပမာ အစားအစာတချို့ပေါ့။
အဲဒီအစားအစာတွေက ခန္ဓာကိုယ်ကို ထိခိုက်စေပေမဲ့ ဘာမှ ကြီးကြီးမားမား မထိခိုက်စေနိုင်ပါဘူး။ ငတ်သေခါနီးမှာ အဲဒါတွေစားရင် ပြဿနာကြီး မဟုတ်ပါဘူး။ ဒါက စိတ်ဝိညာဉ်ချိန်သီး ဟောနည်းနဲ့ တွက်ချက်လို့မရတဲ့ အရာတွေပါ။
“ဟင်း… ငါ ပိုက်ဆံမြန်မြန်စုပြီး သလင်းကျောက် ဒါမှမဟုတ် စိတ်ဝိညာဉ်ချိန်သီးလုပ်ဖို့ ငွေသန့်သန့် ဝယ်ရမယ်”
လူအိုကြီးနီးလ်ဟာ ကလိုင်း သက်ပြင်းချတာကို နားမလည်နိုင်တဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။
“မင်းလိုချင်ရင် ညသိမ်းငှက်ဆီမှာ တင်ပြပြီး တောင်းခံလို့ရတယ်… ဒါက သာလွန်သူတွေ အထူးသဖြင့် ငါတို့လို အကူသာလွန်သူတွေအတွက် ပုံမှန်ကိစ္စပဲ… လက်နက်တိုက်ထဲမှာ ဥဿဖယား၊ ငွေသန့်နဲ့ လုပ်ထားတဲ့ စိတ်ဝိညာဉ်ချိန်သီးတစ်ခု ရှိသေးတယ်”
“ဒါပေမဲ့ ကျွန်တော်က ပုံမှန် အဖွဲ့ဝင် မဟုတ်ဘူးလေ…” ကလိုင်းဟာ ရင်ခုန် စိတ်လှုပ်ရှားသွားပေမဲ့ နည်းနည်း ချီတုံချတုံ ဖြစ်သွားပါတယ်။
လူအိုကြီးနီးလ်ဟာ အသံတိတ် ရယ်လိုက်ပါတယ် “သာလွန်သူတွေ အတွက်က ပုံမှန် အဖွဲ့ဝင်ပဲ ဟုတ်ဟုတ် မဟုတ်ဟုတ် လခက တိုးလာမှာ မဟုတ်တော့ တခြားနေရာတွေမှာ လိုအပ်တဲ့အရာတွေကို ညသိမ်းငှက်က ထောက်ပံ့ပေးတယ်”
“အကျိုးခံစားခွင့်လို့ သုံးရင် ပိုသင့်တော်မယ် ထင်တယ်… ကျွန်တော် ကပ္ပတိန်ကို ပြောကြည့်လိုက်မယ်” ကလိုင်းဟာ လက်သီးကို သိုသိုဝှက်ဝှက် ဆုပ်ရင်း ဆုံးဖြတ်လိုက်ပါတယ်။ ဒန်းစမစ် သဘောတူမတူ ဆိုတာကို မစမ်းကြည့်ဘဲ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။
“အေးအေး…” လူအိုကြီးနီးလ်ဟာ ပြုံးလိုက်ပါတယ် “ငါတို့ရဲ့ ဂမ္ဘီရသင်ခန်းစာ – သင်္ကေတ အခြေခံကို စလိုက်ကြရအောင်… ဒီသင်္ကေတတွေက ဘာကိုဆိုလိုလဲဆိုတာ မင်း သိလား”
ကလိုင်းဟာ သူကြားထားတာတွေ ဖတ်ထားတာတွေ စိတ်ဝိညာဉ်လောကနဲ့ မီးခိုးရောင်မြူခိုးကမ္ဘာမှာ မြင်ခဲ့ကြားခဲ့ရတာတွေကို ပြန်တွေးလိုက်ပါတယ်။
“စိတ်ဝိညာဉ်လောကပဲ ဖြစ်ဖြစ် ပုံရိပ်ယောင် ကြယ်တာရာ အာကာသပဲဖြစ်ဖြစ် အမျိုးအမည်မသိတဲ့ လောကတွေပဲဖြစ်ဖြစ် အကုန်လုံးက ကျွန်တော်တို့ အာရုံခံနိုင်တဲ့လောကတွေ မဟုတ်ဘူး… ကျွန်တော်တို့ရဲ့ နား၊ နှာခေါင်း၊ မျက်စိတွေနဲ့ တိတိကျကျ ဆုံးဖြတ်လို့ရတဲ့ လောကတွေ မဟုတ်ဘူး…ကျွန်တော်တို့ ရထားတာတွေက စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ အတွေ့အကြုံတွေနဲ့ တိုက်ရိုက်ဗျာဒိပ်တွေပဲ… သူတို့တွေက သံခိပ်စာလုံးတွေ ဒါမှမဟုတ် ရုပ်ပုံလို သင်္ကေတတွေနဲ့ ပေါ်လာနိုင်တယ်… ဒီသင်္ကေတတွေက အမျိုးမတူတဲ့ အရာဝတ္ထုတွေနဲ့ မတူညီတဲ့ အဓိပ္ပာယ်တွေကို ကိုယ်စားပြုတယ်”
“တိကျတယ်… အမြင်ဆရာလို့ မပြောရဘူး” လူအိုကြီးနီးလ်ဟာ လေးလေးနက်နက် ခေါင်းညိတ်လိုက်ပါတယ် “သင်္ကေတတွေကို နိမိတ်ကောက်နိုင်တဲ့ အရည်အချင်းရှိမှ ဂမ္ဘီရနယ်ပယ်မှာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်… အင်း… တဲ့ရောကဒ်တွေပေါ်က ရုပ်ပုံတွေနဲ့ ရုပ်ပုံတွေရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီက သင်္ကေတတွေပဲ… အဲဒါတွေက ငါတို့တွေ လောကဦးဗျာဒိတ်တွေကို နားလည်နိုင်အောင် နိမိတ်ဖတ်နိုင်အောင် ကူညီပေးနိုင်တဲ့ လူလုပ်သင်္ကေတတွေပဲ”
လူအိုကြီးနီးလ်ဟာ စက္ကူစာရွက်တစ်ရွက်ကို ဆွဲထုတ်ပြီး ဘေးနားက ဖော့ပင်ကို ကောက်ကိုင်ကာ မျဉ်းကွေးတိုလေး ဆွဲလိုက်ပါတယ်။ အဲဒီနောက် မျဉ်းကွေးအောက်မှာ ဒေါင်လိုက်မျဉ်းတချို့ ထပ်ဆွဲပါတယ်။ ပြီးတဲ့အခါမှာတော့ ကလိုင်းကို မော့ကြည့်ပြီး မေးပါတယ်။
“ဒီသင်္ကေတကို ဘာကို ရည်ညွှန်းလဲဆိုတာ သိလား”
ကလိုင်းဟာ တစ်အောင့်ကြည့်ပြီးနောက် တုံ့တုံ့ဆိုင်းဆိုင်း ဖြေပါတယ် “မျက်တောင်လား”
“…” လူအိုကြီးနီးလ်ဟာ အသက်ရှူသွင်းလိုက်ပါတယ် “ဒါက ရိတ်သိမ်းမှု ပေါကြွယ်ဝတဲ့ သင်္ကေတပဲ… ဒါက မိုးခြိမ်းနက္ခပဲ… ဒါက ဆီးနှင်းနက္ခပဲ…”
လူအိုကြီးနီးလ်ဟာ နောက်ထပ် သင်္ကေတ လေးငါးခုကို ထမင်းစားရေသောက် ကောက်ဆွဲလိုက်ပါတယ်။
ကလိုင်းဟာ ဒီသင်္ကေတတွေကို ခေါင်းထဲ စွဲနေအောင်မှတ်ရင်း မှတ်ချက်ပေးပါတယ် “ဒီနက္ခနာမည်တွေက တကယ်ကို… တော်တော်လေး ခေတ်မမီဘူး… အင်း… ခေတ်တော်တော် နောက်ကျတယ်…”
‘ဘယ်လိုအပေါစားဆန်တဲ့ နာမည်တွေလဲ မသိဘူး’
ကလိုင်းရဲ့ စကားကြောင့် လူအိုကြီးနီးလ်ဟာ ပြုံးမိလိုက်ပါတယ်။
“ဧကရာဇ်ရစ်ဆဲလ်လည်း အရင်တုန်းက အဲဒီလို တွေးခဲ့တာပဲ… သူက နက္ခတ်နာမည်တွေကို ကန်၊ ကရကဋ်နဲ့ ဗြိစ္ဆာလိုမျိုး နာမည်တွေ ပေးချင်ခဲ့တာ… ဒါပေမဲ့ ကံမကောင်းချင်တော့ သူ့မှာ ရိုးရာကို ယှဉ်ပြိုင်အန်တုနိုင်တဲ့ အင်အား မရှိခဲ့ဘူး… အနည်းဆုံးတော့ အဲဒီနက္ခတ် နာမည်ဟောင်းတွေက လယ်ယာမြေနဲ့ ရိတ်သိမ်းမှုမှာ လိုက်ဖက်တဲ့နေ့ရက်တွေကို ကိုယ်စားပြုပေးတယ်”
“ဧကရာဇ်ရစ်ဆဲလ်က တကယ်ကို အိုင်ဒီယာကောင်းတဲ့ပုဂ္ဂိုလ်ပဲ” ကလိုင်းဟာ စကားလုံး များများစားစား မပြောနိုင်ပါဘူး။
လူအိုကြီးနီးလ်ဟာ ကလိုင်းရဲ့ ဟာသကို နားမလည်နိုင်ပါဘူး။ သူဟာ နေ၊ ကြက်သွေးရောင်လ၊ ကြယ်ညို၊ ကြယ်နီနဲ့ ကြယ်ပြာစတဲ့ နက္ခတ်တွေရဲ့ အခြေခံသင်္ကေတ အမျိုးမျိုးကို ဆက်ပြီးတော့ ရှင်းပြပါတယ်။
ဒီအကြောင်းတွေကို ပြောရင်းနဲ့ လူအိုကြီးနီးလ်ဟာ နက္ခတ်တာရာ တည်နေရာ တွက်ချက်ပုံနဲ့ ဂရုစိုက်ရမဲ့အရာတွေကိုလည်း သင်ပေးပါတယ်။ သလင်းဘောလုံးကို ဘယ်လို ဖန်တီးရမလဲ ဘယ်မန္တန်တွေကို ရွေးချယ်ရမလဲဆိုတာပါ သင်ပေးပါတယ်။ ဒီသင်ကြားမှုက ကလိုင်းကို မနိုင်ဝန်ထမ်း ဖြစ်သွားစေပါတယ်။
အမြင်ဆရာ ဆေးရည်ကြောင့် သူ့မှတ်ဉာဏ် နည်းနည်း တိုးတက်လာတာကို မသိထားရင် ကလိုင်းဟာ လူအိုကြီးနီးလ်ကို သင်တာရပ်ဖို့ ပြောတာ ကြာပါပြီ။
“ဒီနေ့ ဂမ္ဘီရသင်ခန်းစာက ဒီလောက်ပဲ… မင်းဘာသာ ပြန်စဉ်းစားကြည့်ပြီး နားမလည်တာရှိရင် မေး…” လူအိုကြီးနီးလ်ဟာ ရွှေနာရီတစ်လုံး ထုတ်ပြီး ကလစ်ခနဲဖွင့်ကာ အချိန်ကြည့်လိုက်ပါတယ်။
“ငါ မင်းအတွက် ပြင်ပေးထားတဲ့ သမိုင်းမှတ်တမ်းတွေကိုလည်း ဖတ်ဖို့ မမေ့နဲ့… အမှန်အတိုင်းပြောရရင် ငါ အဲဒါတွေကိုမြင်ရင် ကြောက်တယ်”
“ဟုတ်ကဲ့ပါ” ကလိုင်းဟာ လူအိုကြီးနီးလ် သင်္ကေတတွေ အကြမ်းဆွဲထားတဲ့ စာရွက်ကို ယူလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဒီနေ့သင်ထားတာတွေ မေ့သွားမှာစိုးတဲ့အတွက် စာပြန်နွေးပါတယ်။
လူအိုကြီးနီးလ်ဟာ အသစ်ဖျော်ပြီးခါစ ကော်ဖီခွက်ကို တစ်ငုံသောက်ပြီး “မှတ်ဉာဏ်ကို ဒီအတိုင်း ထားလို့မရဘူး… မကြာခဏ သုံးပေးဖို့လိုတယ်… အဲဒါမှ အသိပညာတွေကို ပြန်မစဉ်းစားဘဲ အသုံးပြုနိုင်လိမ့်မယ်… တွေးခေါ်မှုကိုလည်း နေ့တိုင်းလေ့ကျင့်… အကြိမ်များများ လေ့ကျင့် အသုံးပြုလေလေ ဆေးရည်ရဲ့ စွမ်းအားကို ပိုပြီးတော့ ဆုပ်ကိုင်နိုင်လေလေပဲ… သူဖုံးကွယ်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို တူးဖော်နိုင်မှ သူ့ရဲ့ ဆိုးကျိုးတွေကို ဖယ်ရှားနိုင်လိမ့်မယ်”
ဒီစကားကို ကြားရတဲ့အခါမှာတော့ ကလိုင်းဟာ သရုပ်ဆောင်တာနဲ့ ဗေဒင်ကလပ်ကို တွေးမိပြီး အစ်အောက်ကြည့်ပါတယ်။
“ကျွန်တော့်ဆေးရည်ရဲ့ စွမ်းအားက ဗေဒင်ဟောတာနဲ့ ပတ်သက်တယ်… ကျွန်တော့်ဘာသာ လေ့ကျင့်လို့ မရဘူး… လူအများကြီးနဲ့ ထိတွေ့ပြီး သူတို့ကို ဗေဒင်ဟောပေးမှ ခပ်မြန်မြန် ဆုပ်ကိုင်နိုင်မှာ… ကျွန်တော် ပိုက်ဆံနည်းနည်း ပိုလျှံလာရင် အမြင်ဆရာစစ်စစ် ဖြစ်လာဖို့ မြောက်ပိုင်းမြို့နယ် ဟောက်စ်လမ်းက ဗေဒင်ကလပ်ထဲ ဝင်ဖို့ စီစဉ်ထားတယ်… “
ဒီကိစ္စက ညသိမ်းငှက်ကနေ ဖုံးကွယ်ထားလို့ရတဲ့ ကိစ္စ မဟုတ်ပါဘူး။ အခုမသိလည်း နောက်ကျရင် သိမှာပါပဲ။ အဲဒီတော့ ကြိုပြောထားတာ ကောင်းပါတယ်။
“မင်းအကြံက ဒေလီနဲ့ ဆင်တယ်… သူလည်း အမြဲတမ်း နတ်ဝင်သည်စစ်စစ် ဖြစ်ချင်နေတာ” လူအိုကြီးနီးလ်ဟာ ခေါင်းခါပြီး ရယ်လိုက်ပါတယ် “ဒါပေမဲ့ ဘာဖြစ်လို့ ပိုက်ဆံ ပိုလျှံတဲ့အထိ စောင့်မှာလဲ… မင်း ဒန်းဆီ တင်ပြပြီး အသုံးစရိတ် တောင်းခံလိုက်”
“ဗေဒင်ကလပ်လိုမျိုး အဖွဲ့အစည်းတွေမှာ မိစ္ဆာဂိုဏ်းဝင်တွေ မိစ္ဆာအဖွဲ့ဝင်တွေ ရှိနေနိုင်တယ်… ညသိမ်းငှက်ရဲ့ အရပ်ဘက်ဝန်ထမ်း တစ်ယောက်အနေနဲ့ သာလွန်သူတစ်ယောက် အနေနဲ့ မင်း အဲဒီမှာ အဖွဲ့ဝင်လိုက်ရင် သူတို့ကို ထောက်လှမ်းဖို့ လွယ်ကူသွားလိမ့်မယ်… ဒါကလည်း အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ… ငါတို့တွေ အဲဒီနေရာတွေကို ပုံမှန် ထောက်လှမ်းလေ့ရှိတယ်… ဒါပေမဲ့ ငါတို့မှာ လူအင်အား မလုံလောက်တော့ အကြာကြီး ကြည့်မနေနိုင်ဘူး… အခု ဒီကိစ္စက မင်းတာဝန်ပဲ”
‘အဲဒီလိုလုပ်လို့ ရတာပဲလား…’ ကလိုင်းဟာ လူအိုကြီးနီးလ်ရဲ့ မျက်နှာတည်ကြီးကို ကြည့်ပြီး ကြက်သေသေသွားပါတယ်။ ဒါက ကိုယ်ပိုင်ကိစ္စအတွက် အသုံးစရိတ်ပြတာ မဟုတ်ပါလား။
‘ငါ ဒီလိုကိစ္စတွေကို ဘာမှ မသိဘူး… ငါက တကယ်ကို ကီးဘုတ်သမား သက်သက်ပဲ’
“ဘာလဲ… မင်းက မင်းပိုက်ဆံကို သုံးချင်လို့လား” လူအိုကြီးနီးလ်ဟာ ကလိုင်းရဲ့ မျက်နှာအမူအရာကို မြင်တဲ့အခါ အပြုံးနဲ့ မေးလိုက်ပါတယ်။
ကလိုင်းဟာ ချက်ချင်း ခေါင်းခါပြီး ပြတ်ပြတ်သားသား ဖြေလိုက်ပါတယ် “ကျွန်တော် ကပ္ပတိန်ဆီ တင်ပြလိုက်မယ်”
လူအိုကြီးနီးလ်ဟာ ကျေကျေနပ်နပ် ခေါင်းညိတ်ပြီး မကောင်းတဲ့ ကော်ဖီခွက်ထဲကို ကြည့်လိုက်ပါတယ်။ အဲဒီကော်ဖီခွက်က အခုထိ မသွန်ပစ်ရသေးပါဘူး။
“မင်း ဒီခွက်ထဲ ဘာတွေ ထည့်ထားတာလဲ”
ကလိုင်းဟာ မျက်နှာပူပူနဲ့ ပြုံးလိုက်ပါတယ် “ကျွန်တော့်ဖိနပ်က မြေမှုန့်တချို့ပါ… သူ့အရောင်က ကော်ဖီမှုန့်နဲ့ တစ်ပုံစံတည်းပဲ”
လူအိုကြီးနီးလ်ဟာ အံ့ဩသွားပြီး သူ့ပါးစပ်ကို လက်နဲ့ ရုတ်တရက်ပိတ်ကာ ဟောက်လိုက်ပါတယ် “အဲဒါဆို မင်းဘာလို့ အခုထိ မသွန်ပစ်သေးတာလဲ”