Switch Mode

Chapter – 39

မလီဆာကို စည်းရုံးခြင်း

အခန်း (၃၉) မလီဆာကို စည်းရုံးခြင်း

‘တကယ်တော့ အဲဒီမှတ်စုစာအုပ်ကို ဖျက်ဆီးလိုက်တာလား ဝှက်လိုက်တာလား… ငါလည်း မသိဘူး… ဒါပေမဲ့ နောက်ကြောင်းပြန် စဉ်းစားပုံနဲ့ စဉ်းစားရင်… ဖျက်ဆီးချင် အဲဒီနေရာမှာ တစ်ခါတည်း ဖျက်ဆီးလိုက်မှာပေါ့… ဘာလို့ တကူးတက အပြင်သယ်ပြီး ဖျက်ဆီးမှာလဲ’
လန်နာ့ဒ်ရဲ့ မေးခွန်းကို ကြားရတဲ့အခါ ကလိုင်းဟာ ရုတ်ခြည်း ကီးဘုတ် စုံထောက် ဖြစ်သွားပါတယ် “ဟင်း… ဝဲလ်၊ နာယာနဲ့ ကျွန်တော်တို့တွေ အဲဒီအမျိုးအမည်မသိတဲ့ တည်ရှိမှုနဲ့ ထိတွေ့မိတုန်းက အဲဒီတည်ရှိမှုက အသက်စတေးတာကို သဘောကျနှစ်ခြိုက်တာ ဒါမှမဟုတ် ဒီလိုအလားတူ အခြေအနေမျိုး ဆက်ဖြစ်စေချင်တာလည်း ဖြစ်နိုင်တာပဲ… သတ်သေတာက ရှာတွေ့ဖို့လွယ်တော့ မှတ်စုစာအုပ်ကို တစ်နေရာဆီ ယူသွားခိုင်းပြီး အဲဒီလိုမျိုး နောက်တစ်ကြိမ် ထပ်လုပ်ဖို့ ပြင်ဆင်တာ ဖြစ်လိမ့်မယ်… ဒါပေမဲ့ အဲဒီမှာ မတော်တဆ တစ်ခုခု ဖြစ်သွားတယ်နဲ့ တူတယ်… ကျွန်တော်ရဲ့ သတ်သေမှု မအောင်မြင်လိုက်ဘူး”
ကလိုင်းဟာ ဝတ္ထုတွေ ဇာတ်ကားတွေ ဇာတ်လမ်းတွဲရှည်တွေ အများကြီး ကြည့်ဖူးတာမလို့ အပြစ်ရှာမရတဲ့ အဖြေကို ပေးလိုက်ပါတယ်။ ကြားထဲမှာ မတော်တဆ ဖြစ်သွားတာက ဘဝကူးပြောင်းလာတဲ့ သူ့ကြောင့်ပါ။
“ရှင်းပြတာ ကောင်းတယ်… ဒါပေမဲ့ တခြားဖြစ်နိုင်ခြေတွေ ရှိသေးတယ်လို့ ငါ ထင်တယ်… ဝဲလ်နဲ့ နာယာရဲ့ သတ်သေမှုက အဲဒီ အမျိုးအမည်မသိတဲ့ တည်ရှိမှု ဒီလောကဆီ ဆင်းသက်ဖို့ ယဇ်ပူဇော်တာ ဖြစ်နိုင်တယ်… အဲဒါဆိုရင် အဲဒီမှတ်စုစာအုပ်က မိစ္ဆာပူးကပ်တဲ့အရာ ဒါမှမဟုတ် မွေးဖွားမဲ့အရာ ဖြစ်နိုင်တယ်… အဲဒါကြောင့် မင်းကို အဝေးဆီယူသွားပြီး ဝှက်ခိုင်းတာ ဖြစ်လိမ့်မယ်… ငါတို့တွေ သူမွေးဖွားတာကို ရှာတွေ့သွားရင် ဖျက်ဆီးခံရမှာကို စိုးရိမ်လို့ နေမှာပေါ့… သူ့ကိုယ်သူ ကာကွယ်ဖို့ လုံလုံလောက်လောက် စွမ်းအားမရှိခင် အချိန်ထိပေါ့” လန်နာ့မစ်ချယ်ဟာ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကို ပြောပြပါတယ်။
စကားဆုံးတဲ့အခါမှာတော့ လန်နာ့ဒ်ဟာ ကလိုင်းရဲ့ မျက်လုံးထဲကို စိုက်ကြည့်ပြီး မသိမသာ ပြုံးလိုက်ပါတယ်။
“မှတ်စုစာအုပ် ပျက်စီးသွားတာလည်း ဖြစ်နိုင်တာပဲ… သူ့ရည်ရွယ်ချက်က အထဲမှာပါတဲ့ အကြောင်းအရာတွေကို မသိစေချင်လို့ မိစ္ဆာပူးကပ်မဲ့အရာနဲ့ မွေးဖွားမဲ့အရာကို ဖုံးကွယ်ချင်လို့လည်း ဖြစ်နိုင်တာပဲ… အဲဒီလိုဆိုရင် မင်းရဲ့ သတ်သေမှု ဘာဖြစ်လို့ မအောင်မြင်လဲဆိုတာ လုံလောက်တဲ့ အကြောင်းပြချက် ရသွားပြီ”
‘ဒီကောင့် စကားက ဘာကိုဆိုလိုတာလဲ… ငါ့ကို သံသယ ဝင်နေတာလား… ဒီကောင်က အရင်ကလိုင်းရဲ့ ခန္ဓာကိုယ်ကို မိစ္ဆာပူးကပ်နေတဲ့ ခန္ဓာကိုယ် မိစ္ဆာမွေးဖွားဖို့ အသုံးပြုမဲ့ ခန္ဓာကိုယ်လို့ သံသယ ဝင်နေတာလား… မဟုတ်ဘူး… မင်းမှားနေပြီ… သူ့ခန္ဓာကိုယ်က ဘဝကူးပြောင်းလာတဲ့ ငါ့အတွက် ခန္ဓာကိုယ်ပဲ’
ကလိုင်းဟာ လန့်သွားပြီး လန်နာ့ဒ်ရဲ့ ဒီအဆိုကို စိတ်ထဲမှာ ဝေဖန်ပြောဆိုလိုက်ပေမဲ့ ဘာပြန်ပြောရမလဲဆိုတာကို သေချာစဉ်းစားပါတယ်။
“အဲဒီအချိန်တုန်းက မှတ်ဉာဏ်တွေ ပျောက်နေတော့ ကျွန်တော်ကိုယ် ကျွန်တော် ကာကွယ်ပြီး ပြောမနေတော့ဘူး… ဒါပေမဲ့ ကပ္ပတိန်ရော မစ္စဒေလီရောက ကျွန်တော် အဆင်ပြေတယ်လို့ အတည်ပြုထားပြီးပြီ… ခင်ဗျားရဲ့ ဟာသက ရယ်စရာ မကောင်းဘူးနော်”
“ငါက ဖြစ်နိုင်ခြေကို စဉ်းစားရုံပါ… မင်း အမျိုးအမည်မသိတဲ့ တည်ရှိမှုကို တွေ့ကြုံခဲ့ရတယ်ဆိုတာနဲ့ သတ်သေမှု မအောင်မြင်တာက ငြင်းလို့မရတဲ့အချက်ပဲ… နတ်ဘုရားမက ငါတို့ကို ကောင်းချီးပေးမှာပါ” လန်နာ့ဒ်ဟာ ရယ်မောရင်း စကားလမ်းကြောင်း လွှဲပါတယ် “ဒီနေ့လယ်ခင်းမှာ မင်း ဘာတွေ့ခဲ့သေးလဲ”
ပြီးခဲ့တဲ့ အတွေ့အကြုံရယ် စောစောက စကားတွေရယ်ကြောင့် ကလိုင်းဟာ လန်နာ့ဒ်ကို သတိကြီးကြီးထားသွားပါတယ်။ အဲဒါကြောင့် သာမန်အတိုင်းပဲ ပြန်ဖြေလိုက်ပါတယ် “ဘာမှ မတွေ့ဘူး… နောက်နေ့ကျရင် တခြားလမ်းကနေ စမ်းကြည့်ဖို့ စီစဉ်ထားတယ်”
အဲဒီနောက် ကလိုင်းဟာ အခန်းခွဲတွေဘက်ကို လက်ညှိုးထိုးပြီး “ကျွန်တော် လက်နက်တိုက်သွားပြီး ကျည်ဆံ သွားထုတ်လိုက်ဦးမယ်”
သေနတ်ပစ်ကလပ်က ညကိုးနာရီအထိ ဖွင့်ပါတယ်။ အဖွဲ့ဝင်တွေ အလုပ်ဆင်းလို့ အားမှ သူတို့ ကလပ်ဆီ လာနိုင်မှာ မဟုတ်ပါလား။
“နတ်ဘုရားမက ကောင်းချီးပေးပါစေ” လန်နာ့ဒ်ဟာ ပြုံးပြီး ရင်ဘတ်မှာ ကြက်သွေးရောင် လသဏ္ဌာန် တို့ထိလိုက်ပါတယ်။
အဲဒီနောက် လန်နာ့ဒ်ဟာ ကလိုင်း အခန်းခွဲတွေကို ဖြတ်လျှောက်သွားတာ ကြည့်ပြီး လှေကားကနေ အောက်ဆင်းသွားတဲ့ ခြေသံတွေကို နားထောင်ပါတယ်။ လန်နာ့ဒ်ရဲ့ အပြုံးကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ့ရဲ့ မျက်လုံးစိမ်းတွေထဲမှာ သံသယတွေ ပေါ်လာပါတယ်။ တစ်စုံတစ်ခုကိုလည်း မကျေမနပ် တီးတိုး ရေရွတ်လိုက်ပါတယ်။
…..
ဓာတ်ငွေ့မီးအိမ်တွေရဲ့ အလင်းရောင်အောက်မှာ ကလိုင်းဟာ လှေကားအောက်ဆင်းပြီး လက်နက်တိုက်နဲ့ မော်ကွန်းတိုက်ဆီ ရောက်သွားပါတယ်။
သံတံခါးက ပွင့်နေပြီး ဆံပင်ညို ရိုဇန်းတစ်ယောက် စားပွဲရှေ့မှာ ရပ်နေပါတယ်။ ရိုဇန်းဟာ သက္ကလပ် ဦးထုပ်ဆောင်းထားပြီး မုတ်ဆိတ်မွေး ခပ်ထူထူရှိတဲ့ သက်လတ်ပိုင်း အမျိုးသားတစ်ယောက်နဲ့ စကားပြောနေပါတယ်။
“မင်္ဂလာ နေ့လယ်ခင်းပါ… မဟုတ်ဘူး မှားလို့… မင်္ဂလာ ညနေခင်းပါ… ဒီနေရာမှာက အမြဲတမ်း ညပဲ… ရှင် သာလွန်သူ ဖြစ်သွားပြီလို့ ကျွန်မ လူအိုကြီးနီးလ်ဆီက ကြားထားတယ်… အဲဒါက အမြင်ဆရာလို့ ခေါ်တယ်ဆို”
ရိုဇန်းဟာ ကလိုင်းဘက်လှည့်ပြီး မေးခွန်းတွေ ဆက်တိုက် ထုတ်လိုက်ပါတယ်။ ရိုဇန်းဟာ သူမရဲ့ စူးစမ်းချင်စိတ်နဲ့ စိုးရိမ်စိတ်ကို မဖုံးကွယ်ပါဘူး။
ကလိုင်းဟာ အပြုံးနဲ့ ခေါင်းညိတ်လိုက်ပါတယ်။
“မင်္ဂလာ နေ့လယ်ခင်းပါ… မစ္စရိုဇန်း… ဟုတ်တယ်… ဒီနေရာက အမြဲတမ်း ညဖြစ်နေတာ… ဒါပေမဲ့ ဒီနေရာက ငြိမ်သက်အေးချမ်းမှုကို ခံစားရစေတယ်… မင်းပြောတဲ့ စကားက မတိကျဘူး… ငါ သောက်လိုက်တဲ့ ဆုံမှတ်ဆေးရည်က အမြင်ဆရာလို့ခေါ်တာ”
“ဟင်း… ရှင်က သာလွန်သူဖြစ်ဖို့ ရွေးချယ်သေးတာပဲနော်…” ရိုဇန်းဟာ သက်ပြင်းချပြီး အတွေးနက်သွားပါတယ်။
ကလိုင်းဟာ ရိုဇန်းဘေးက သက်လတ်ပိုင်း အမျိုးသားကို ကြည့်ပြီး ယဉ်ယဉ်ကျေးကျေး မေးလိုက်ပါတယ် “ဒီက မိတ်ဆွေက…”
‘ဒါက ငါနဲ့ မဆုံသေးတဲ့ အရပ်ဘက်ဝန်ထမ်း နှစ်ယောက်ထဲက တစ်ယောက်လား’
ရိုဇန်းဟာ နှုတ်ခမ်းစူသွားပါတယ် “ဘရက်… ကျွန်မတို့ရဲ့ လုပ်ဖော်ကိုင်ဖက်ပဲ… သူက သန်ဘက်ခါညကို ကျွန်မနဲ့ နေရာချင်း လဲချင်နေတယ်… သန်ဘက်ခါညက သူ့ရဲ့ ၁၅ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ဆိုတော့ သူ့မိန်းမနဲ့ ရုပ်ရှင် အတူသွားကြည့်ချင်လို့တဲ့… မစ္စတာဘရက်က တကယ်ကို အချစ်ကြီးတဲ့ အမျိုးသားပဲ”
ဘရက်ဟာ ပြုံးရင်း လက်ဆန့်ထုတ်လိုက်ပါတယ် “မစ္စရိုဇန်း ရှိနေတော့ ဘာမှ စိတ်ပူစရာ မလိုဘူး… မင်္ဂလာပါ ကလိုင်း… မင်း ဒီလောက်မြန်မြန် သာလွန်သူ ဖြစ်လာလိမ့်မယ်လို့ ငါ ထင်မထားမိခဲ့ဘူး… ငါသာဆိုရင်… ဟီးဟီး… ဒီလိုသတ္တိမျိုးရှိမှာ မဟုတ်ဘူး”
“နွားပေါက် ကျားမကြောက်ဆိုတဲ့ ဆိုရိုးရှိတယ်မလား…” ကလိုင်းဟာ ကိုယ့်ကိုယ်ကိုယ် သရော်တဲ့အမူအရာနဲ့ ပြောဆိုပြီး ဘရက်နဲ့ လက်ဆွဲနှုတ်ဆက်ပါတယ်။
“ငါ့မှာ အဲဒီလို သတ္တိမျိုး မရှိတာက မကောင်းတာတော့ မဟုတ်ဘူး” ဘရက်ဟာ ခေါင်းခါရင်း ပြောပါတယ် “သာလွန်သူတစ်ယောက်က သူမသေခင် ငါ့ကို ပြောဖူးတယ်… ထူးဆန်းပြီး အန္တရာယ်ရှိတဲ့ကိစ္စတွေကို နည်းနည်းလေးတောင် မစူးစမ်းချင်နဲ့တဲ့… သိတာနည်းလေလေ အသက်ရှည်လေလေပဲတဲ့”
အဲဒီအချိန်မှာပဲ ရိုဇန်းက ဝင်ပြောပါတယ် “ကလိုင်း… စိတ်မရှိနဲ့နော်… အမြင်ဆရာက အကူလို့ ကျွန်မ လူအိုကြီးနီးလ်ဆီက ကြားထားတယ်… ရှင် အဲဒီ အမျိုးအမည်မသိတဲ့ တည်ရှိမှုတွေနဲ့ ဆက်သွယ်ဖို့ မကြိုးစားရင် လုံခြုံပါတယ်… ရှင် ဘာလို့ ဒီလို့ ဝတ်စားထားတာလဲ… လူကြီးလူကောင်း မဆန်လိုက်တာ… ဒါနဲ့ ရှင် ဒီကို ဘာလာလုပ်တာလဲ”
“ငါ ကျည်ဆံအတောင့် ၃၀ လာထုတ်တာ” ကလိုင်းဟာ ရိုဇန်းရဲ့ ပထမ မေးခွန်းကို မဖြေပါဘူး။ ရိုဇန်းဟာ ဒီကိစ္စကို ခပ်မြန်မြန် မေ့သွားမယ်ဆိုတာ သေချာပါတယ်။
“အင်း… ကောင်းပြီလေ” ရိုဇန်းဟာ စားပွဲကို လက်ညှိုးထိုးပြီး “ဘရက်… ဒါက ရှင့်တာဝန် ဖြစ်သွားပြီ… သော့နဲ့ ကျည်ဆံတွေ ဘယ်မှာရှိလဲဆိုတာ ရှင်သိတယ်မလား… အို… လူကြီးနီးလ်က တကယ်ကို ကပ်စေးနှဲတာပဲ… ကော်ဖီနည်းနည်းလေးတောင် ချန်မထားခဲ့ဘူး… ဒီနေ့ ကော်ဖီ အဝသောက်ခွင့် ပေးမယ်လို့ ကတိပေးထားရဲ့သားနဲ့”
ရိုဇန်းဟာ ကလိုင်း ကျည်ဆံတွေ လက်ခံပြီးတဲ့အတွက် ပွစိပွစိ ပြောပါတယ်။
အဲဒီနောက် သူတို့နှစ်ယောက်ဟာ ဆူးနက်လုံခြုံရေး ကုမ္ပဏီကနေ အတူထွက်ခွာပြီး ဇိုတလန်လမ်းမှာ လမ်းခွဲလိုက်ကြပါတယ်။ ရိုဇန်းက အများသုံး မြင်းလှည်းစီးပြီး အိမ်ပြန်ကာ ကလိုင်းကတော့ သေနတ်ပစ်ကွင်းဆီ လမ်းလျှောက်ပါတယ်။
“ဒိုင်း… ဒိုင်း… ဒိုင်း…”
ကလိုင်းဟာ သေနတ်ဆွဲထုတ်တာ လက်မြှောက်တာ သေနတ်ပစ်တာ ဆလင်ဒါဖွင့်တာ ကျည်ဆံအလွတ်တွေ ထုတ်တာ ကျည်ဆံအသစ်တွေ ထုတ်တာ စတာတွေကို ထပ်ခါထပ်ခါ လေ့ကျင့်ပါတယ်။ ကလိုင်းဟာ ဒီအလုပ်တွေကို ကြွက်သားမှတ်ဉာဏ်တွေ ဖြစ်လာတဲ့အထိ တည်ဆောက်ယူပါတယ်။
ကလိုင်းဟာ အဆက်မပြတ် လေ့ကျင့်တာတော့ မဟုတ်ပါဘူး။ ဒီကြားထဲမှာ အနားယူပြီး သူ လုပ်တာ မှန်မမှန် စဉ်းစားကာ မှန်အောင် ပြင်ယူပါတယ်။
သေနတ်ပစ် လေ့ကျင့်မှု ပြီးဆုံးသွားတဲ့ အခါမှာတော့ ကလိုင်းဟာ ဒိုက်ထိုး၊ အိပ်ထမတင် စတဲ့ လေ့ကျင့်ခန်းတွေ ဆက်လုပ်ပါတယ်။ သူ့ရုပ်ခန္ဓာ ကြံ့ခိုင်သန်မာလာဖို့ ကြိုးစားလေ့ကျင်တာပါ။
အကုန်လုံး ပြီးသွားတဲ့ အခါမှာတော့ ကလိုင်းဟာ သေနတ်ပစ်ကွင်းက ထွက်ပြီး သံလမ်းမဲ့ မြင်းလှည်းငှားကာ အိမ်ပြန်ပါတယ်။ အိမ်ပြန်ရောက်တဲ့ အခါမှာတော့ ၇ နာရီ ထိုးခါနီးနေပါပြီ။ နေအလင်းရောင်ကလည်း လုံးလုံး ပျောက်ကွယ်သွားပါပြီ။
ကလိုင်းဟာ ဈေး ဒါမှမဟုတ် လမ်းပေါ်ထွက်ပြီး ညစာအတွက် လိုအပ်တာတွေ ဝယ်ဖို့ စီစဉ်နေတုန်းမှာပဲ တံခါးပွင့်သွားကာ လွယ်အိတ်လွယ်ထားတဲ့ မလီဆာ ပြန်လာပါတယ်။ သူ့လက်ထဲမှာလည်း စားသောက်ကုန်တွေ ပါလာပါတယ်။
“ဘန်ဆင်နဲ့ အစ်ကို ဒီနေ့ နောက်ကျမယ်ထင်လို့ ညီမ မနက်တုန်းက အစ်ကို ပိုက်ဆံဝှက်ထားတဲ့နေရာကနေ တစ်ဆိုလီ ယူသွားလိုက်တယ်” ကလိုင်းရဲ့ မေးခွန်းထုတ်တဲ့ အကြည့်ကြောင့် မလီဆာဟာ မျက်နှာတည်ကြီးနဲ့ ရှင်းပြပါတယ်။
“ညီမ ပိုက်ဆံယူသွားရင် ကျောင်းကို ဘာဖြစ်လို့ အများသုံး မြင်းလှည်း မစီးသွားတာလဲ”
ကလိုင်းရဲ့ စကားကြောင့် မလီဆာဟာ မျက်မှောင်ကြုတ်သွားပါတယ် “ညီမက ဘာဖြစ်လို့ အများသုံး မြင်းလှည်း စီးရမှာလဲ… ကျောင်းရောက်ဖို့ လေးပဲနိတောင် ပေးရတယ်… အသွားအပြန်ဆိုရင် ရှစ်ပဲနိ… အစ်ကိုတို့နှစ်ယောက်ကိုပါ ထည့်တွက်ရင် ညီမတို့ရဲ့ ခရီးစရိတ်က နေ့တိုင်း ၂၄ ပဲနိ ကုန်လိမ့်မယ်… အဲဒါက နှစ်ဆိုလီကြီးတောင်… တစ်ပတ်ကို တနင်္ဂနွေနေ့ ထည့်မတွက်ရင်တောင် ၁၂ ဆိုလီ ဖြစ်နေပြီ… အဲဒါက ညီမတို့ရဲ့ အိမ်ငှားခ ဖြစ်နေပြီ”
‘တော်တော့… တော်တော့… နင်ရဲ့ သင်္ချာအစွမ်းကို လာမပြနဲ့…’ ကလိုင်းဟာ လက်ဝါးနှိမ့်ကာ တားလိုက်ပါတယ်။
“ကျောင်းကို လမ်းလျှောက်သွားတာလည်း ကောင်းပါတယ်… ညီမတို့ရဲ့ ဆရာမက ပြောတယ်… လူတိုင်း မကြာခဏ လေ့ကျင့်ခန်း လုပ်သင့်တယ်တဲ့… နောက်ပြီး လမ်းမှာ ညီမ လိုရမယ်ရ ပစ္စည်းတချို့ကို ကောက်လို့ရတယ်”
“ကဲ ထပ်ပြီးတော့ တွက်ကြည့်ရအောင်… အများသုံးမြင်းလှည်းက ၁၂ ဆိုလီ… အိမ်ငှားခက ၁၂ ဆိုလီနဲ့ ၃ ပဲနိ… အကုန်လုံး တစ်‌ပေါင် လေးဆိုလီနဲ့ သုံးပဲနိ ကုန်တယ်… ဘန်ဆင်ရဲ့ လစာနဲ့တင် ဒီအသုံးစရိတ်က လုံလောက်တယ်… နည်းနည်းတောင် ပိုလျှံဦးမယ်… ဟုတ်တယ်… ဘန်ဆင်က အရင်အပတ် လစာကို ရပြီးပြီ… အစ်ကိုကလည်း တစ်ပတ်ကို တစ်ပေါင်နဲ့ ဆယ်ဆိုလီ ရနေတုန်းပဲ… အစ်ကိုတို့တွေ နေ့တိုင်း အသားစားပြီး ဓာတ်ငွေ့၊ မီးသွေးခဲ၊ ထင်းနဲ့ ဟင်းခတ် အမွှေးအကြိုင်တွေရဲ့ အသုံးစရိတ်ကို ထည့်တွက်ရင်တောင် အစ်ကိုတို့တွေ နေ့လယ်စာကို စိစိစစ်စစ်စားရင် ပိုက်ဆံကျန်ဦးမှာပဲ… အစ်ကိုတို့တွေ တစ်ပဲနိပဲကျတဲ့ မနက်ခင်း သတင်းစာကိုတောင် မှာလို့ရတယ်”
“နှစ်လကြာလို့ အစ်ကို ငွေကြိုထုတ်ထားတာကို ဆပ်ပြီးရင် ညီမနဲ့ ဘန်ဆင်အတွက် အစ်ကို ပိုက်ဆံစုလို့ရပြီ… အဲဒီကျရင် အစ်ကိုတို့တွေ အဝတ်အစားအသစ် ဝယ်လို့ရတယ်”
“ဒါပေမဲ့… ဒါပေမဲ့ ညီမတို့တွေ မတော်တဆ ဖြစ်နိုင်ခြေတွေကိုလည်း ထည့်စဉ်းစားရမယ်လေ…” မလီဆာဟာ အလျှော့မပေးပါဘူး။
ကလိုင်းဟာ မလီဆာကို ကြည့်ပြီး ပြုံးလိုက်ပါတယ် “အဲဒါဆိုလည်း အစ်ကိုတို့တွေ အသား လျှော့စားကြတာပေါ့… ညီမ လမ်းမှာ မိနစ်ငါးဆယ် မဟုတ်ဘူး မိနစ်တစ်ရာလောက် ကုန်တာ အချိန်ဖြုန်းရာ ရောက်တယ်လို့ မထင်ဘူးလား… ညီမ အဲဒီအချိန်ကို စာပိုဖတ်ပြီး တခြားပြဿနာတွေ တွေးမယ်ဆိုရင် ညီမရဲ့ စာမေးပွဲရလဒ် ဒီထက် ပိုကောင်းလာနိုင်တယ်”
“အဲဒါလိုဆိုရင် အစ်ကိုတို့ရဲ့ မလီဆာလေးက အဆင့်ကောင်းကောင်းနဲ့ ကျောင်းပြီးလိမ့်မယ်… အဲဒါဆို လစာကောင်းတဲ့ အလုပ်ရဖို့ ပိုမလွယ်ဘူးလား… အဲဒီအချိန်ကျရင် ဘာစိုးရိမ်စရာ ရှိသေးလို့လဲ”
“…..”
ကလိုင်းဟာ လိုင်းပေါ်မှာ စကားနိုင်လုပြောတဲ့ အရည်အချင်းကို မလီဆာရှေ့မှာ အိတ်သွန်ဖာမှောက် ထုတ်ပြပါတယ်။ ကလိုင်းရဲ့ ကျွမ်းကျင်မှုကြောင့် နောက်ဆုံးမှာတော့ မလီဆာဟာ လက်မြှောက် အရှုံပေးလိုက်ရပြီး ကျောင်းကို အများသုံး မြင်းလှည်းနဲ့သွားဖို့ သဘောတူလိုက်ရပါတယ်။
‘ဟူး… နောက်ဆုံးတော့ ငါ သူ့ကို လှည့်စားနိုင်ခဲ့ပြီ… မဟုတ်ဘူး… ဒါကို လှည့်စားတယ်လို့ မခေါ်ဘူး… ဒါကို စည်းရုံးတယ်လို့ ခေါ်တယ်…’ ကလိုင်းဟာ မလီဆာ ဝယ်လာတဲ့ စားသောက်ကုန်တွေကို လှမ်းယူလိုက်ပါတယ်။
“အမဲသားတို့ သိုးသားတို့ ကြက်သားတို့လို အသားမျိုးဝယ်ဖို့ မမေ့နဲ့… ဝအောင်စားမှ အားရှိမှာ… ဒါက ကျန်းမာပြီး စာလုပ်နိုင်မှာ… စာလုပ်နိုင်မှာ အဆင့်ကောင်းကောင်းရပြီး အလုပ်ကောင်းကောင်း ရမှာ”
ကလိုင်းရဲ့ စကားကို နားထောင်ပြီး မလီဆာဟာ သွားရည်ကျသွားပါတယ်။ မလီဆာဟာ သုံးလေးစက္ကန့်လောက် တိတ်ဆိတ်နေပြီးမှ “ဟုတ်ကဲ့ပါ”
…..
နောက်နေ့မနက်မှာ မလီဆာ အများသုံး မြင်းလှည်းစီးတာ သေချာအောင် လုပ်ပြီးမှ ကလိုင်းနဲ့ ဘန်ဆင်ဟာ ကိုယ့်ကုမ္ပဏီ ကိုယ်သွားကြပါတယ်။
ကလိုင်းဟာ အခန်းထဲ ခြေချလိုက်တယ်ဆိုရင်ပဲ လူအိုကြီးနီးလ်နဲ့ ရိုဇန်းတို့ စကားပြောနေတာကို တွေ့လိုက်ရပါတယ်။ လူအိုကြီးနီးလ်ဟာ တခြားလူတွေရဲ့ အမြင်ကို ဂရုမစိုက်ဘဲ သူ့ရဲ့ ဂန္တဝင် ဝတ်ရုံနက်ကို ဝတ်ဆင်ထားပါတယ်။ ရိုဇန်းကတော့ သာမန်ကာလျှံကာ အဝတ်အစားမျိုး ပြောင်းဝတ်ထားပါတယ်။
“မင်္ဂလာ နေ့လယ်ခင်းပါ… မစ္စတာနီးလ်… မစ္စရိုဇန်း…” ကလိုင်းဟာ ဦးထုပ်ချွတ်ပြီး နှုတ်ဆက်လိုက်ပါတယ်။
လူအိုကြီးနီးလ်ဟာ ကလိုင်းကို ကျီစယ်တဲ့အကြည့်နဲ့ ကြည့်ပြီး “မင်္ဂလာ မနက်ခင်းပါ… မင်း မနေ့ညက မကြားသင့်တာ ဘာမှ မကြားခဲ့ဘူး မလား”
“မကြားပါဘူး… ကျွန်တော် ညက ကောင်းကောင်း အိပ်ပျော်တယ်” ကလိုင်းဟာ လူအိုကြီးနီးလ်က ဘာလို့ ဒီလိုမေးလဲဆိုတာ နားမလည်ပါဘူး။ သူ့မေးခွန်းက အစမရှိ အဆုံးမရှိ မဟုတ်ပါလား။
“ဟားဟား… အဲဒါဆို ကိစ္စမရှိဘူး… တကယ်တော့ ကြားရဖို့ကလည်း အဲဒီလောက် မလွယ်ပါဘူး” လူအိုကြီးနီးလ်ဟာ အခန်းခွဲတွေရှိရာကို လက်ညှိုးထိုးပြီး “လက်နက်တိုက်ကို သွားကြမယ်… ဒီမနက် ငါတို့တွေ ဂမ္ဘီရသင်ခန်းစာကို ဆက်သင်ကြတာပေါ့”
ကလိုင်းဟာ ခေါင်းညိတ်လိုက်ပြီး လူအိုကြီးနီးလ်နောက်က လိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာ လှေကားကနေ မြေအောက်ခန်းဆီ ဆင်းပြီး မနေ့ညက တာဝန်ကျတဲ့ ဘရက်နဲ့ လူချင်းလဲပါတယ်။
“ကျွန်တော်တို့တွေ ဒီနေ့ ဘာလေ့လာမှာလဲ” ကလိုင်းက သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။
လူအိုကြီးနီးလ်ဟာ ချက်ချင်း ပြန်မဖြေဘဲ အချိန်နည်းနည်း ဆွဲပြီးမှ “ရှုပ်ထွေးပြီး အခြေခံကျတဲ့ အသိပညာ… ဒါပေမဲ့ အဲဒီမတိုင်ခင် ငါ မင်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ အကွက်တစ်ကွက် သင်ပေးမယ်”
လူအိုကြီးနီးလ်ဟာ လက်ကောက်ဝတ်ပေါ်က ငွေရောင်ချိန်းကြိုးကို လက်ညှိုးထိုးပြပါတယ်။ ဒီချိန်းကြိုးမှာ သန့်စင်တဲ့ လကျောက်တုံး ပါတယ်။

Comment

Leave a Reply

Options

not work with dark mode
Reset