အခန်း (၃၈) ဝါသနာရှင်
ကလိုင်းရဲ့ မေးခွန်းကို ကြားရတဲ့အခါ လှပတဲ့ မိန်းမပျိုဟာ စိတ်မရှည်တော့ပေမဲ့ အပြုံးမပျက် ပြန်ဖြေပါတယ် “ကျွန်မတို့ အဖွဲ့ဝင်တွေက ကလပ်ထဲမှာ တခြားလူတွေကို လွတ်လွတ်လပ်လပ် ဗေဒင်ဟောလို့ ရတယ်… သူတို့မှာလည်း ဟောကြေးကိုယ်စီ ရှိတယ်… ကျွန်မတို့က နည်းနည်းလေးပဲ ဝန်ဆောင်ခ ယူတယ်… ရှင် ဗေဒင်တွက်ချင်ရင် ဒီအယ်ဘမ်ကို တစ်ချက်ကြည့်ပါ… တခြားလူတွေအတွက် ဗေဒင်ဟောပေးဖို့ဆန္ဒရှိတဲ့ အဖွဲ့ဝင်တွေအကြောင်းနဲ့ သူတို့ရဲ့ ဟောကြေးတွေ ပါတယ်”
“ဒါပေမဲ့ အခုအချိန်က တနင်္လာနေ့ နေ့လယ်ခင်းဆိုတော့ ကျွန်မတို့ရဲ့ အဖွဲ့ဝင်တွေ အလုပ်များနေကြတယ်… လောလောဆယ် ကလပ်မှာ ငါးယောက်ပဲ ရှိတယ်”
ကလပ်အကြောင်းကို မိတ်ဆက်ပေးရင်း မိန်းမပျိုဟာ ပြတင်းပေါက်ဘေးက ဆိုဖာမှာထိုင်ဖို့ ကလိုင်းကို ဖိတ်ခေါ်ပါတယ်။ အဲဒီနောက် မိန်းမပျိုဟာ အယ်ဘမ်ကို လှန်ပြီး လက်ရှိကလပ်မှာရှိနေတဲ့ အဖွဲ့ဝင်တွေကို ပြသပါတယ်။
“ဟန်းနစ်ဗင်းဆင့်… ထင်းဂန်မြို့ရဲ့ နာမည်ကြီး ဗေဒင်ဆရာ… ကလပ်ရဲ့နည်းပြ… သူက ဗေဒင်တွက်နည်း အမျိုးမျိုးကို ကျွမ်းကျင်တယ်… သူ့ရဲ့ ဟောကြေးက တစ်ကြိမ်ကို လေးဆိုလီ”
‘တကယ်ကို ဈေးကြီးတာပဲ… ဒီပိုက်ဆံက ငါတို့မောင်နှမသုံးယောက် ညစာကောင်းကောင်း နှစ်နပ် စားလို့ရတယ်..’ ကလိုင်းဟာ စိတ်ထဲမှာ မှတ်ချက် ချလိုက်ပါတယ်။
ကလိုင်းက ဘာမှမပြောတာကို တွေ့ရတဲ့အခါ မိန်းမပျိုဟာ စာရွက်ကို ဆက်လှန်ပြီး အဖွဲ့ဝင်တွေနဲ့ တစ်ယောက်ပြီး တစ်ယောက် မိတ်ဆက်ပေးပါတယ်။
“….အယ်ပြီးတော့ နောက်ဆုံးတစ်ယောက်က ဂလက်ဆစ်ပဲ… သူက ဒီနှစ်မှ ကလပ်ထဲ ဝင်လာတာ… သူက တဲရော့ဗေဒင်မှာ ကျွမ်းကျင်တယ်… ဟောကြေးက တစ်ကြိမ်ကို နှစ်ပဲနိပဲ”
“လူကြီးမင်း… ဘယ်သူ့ကို ရွေးချယ်ချင်လဲ မသိဘူး”
ကလိုင်းဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ဖြေလိုက်ပါတယ် “မစ္စတာ ဂလက်ဆစ်”
“…” မိန်းမပျိုဟာ နှစ်စက္ကန့်လောက် တိတ်ဆိတ်သွားပြီးမှ “လူကြီးမင်း… တစ်ခုတော့ သတိပေးပါရစေ… မစ္စတာဂလက်ဆစ်က လက်သစ်အဆင့်ပဲ ရှိတာနော်”
“သိတယ်… ငါ့ဆုံးဖြတ်ချက်အတွက် ငါ တာဝန်ယူတယ်” ကလိုင်းဟာ ခေါင်းညိတ်ပြီး အပြုံးနဲ့ ပြောလိုက်ပါတယ်။
“… အဲဒါဆိုရင် ကျွန်မနောက်က လိုက်ခဲ့ပေးပါ” မိန်းမပျိုဟာ မတ်တတ်ရပ်ပြီး ဧည့်ကြိုခန်းဘေးက တံခါးကနေ ကလိုင်းကို ခေါ်သွားပါတယ်။
လူသွားစင်္ကြံက သိပ်တော့မရှည်ပါဘူး။ လူသွားစင်္ကြံရဲ့ အဆုံးမှာ တံခါးဖွင့်ထားတဲ့ အစည်းအဝေးခန်း တစ်ခန်း ရှိနေပါတယ်။ ဒီအခန်းက အလင်းရောင် လုံလုံလောက်လောက်ရပြီး စားပွဲတွေ ကုလားထိုင်တွေ ပြည့်ပြည့်စုံစုံ ရှိပါတယ်။ ကော်ဖီနံ့ ခပ်သင်းသင်းကလည်း အခန်းအပြင်ဘက်ကို ထွက်နေပါတယ်။
အစည်းအဝေးခန်းနဲ့ နှစ်ခန်းအလိုမှာ မိန်းမပျိုဟာ လမ်းလျှောက်တာရပ်ပြီး ကလိုင်းကို ရပ်ဖို့ အချက်ပြပါတယ်။ မိန်းမပျိုဟာ ခပ်သုတ်သုတ်လျှောက်ပြီး အစည်းအဝေးခန်းထဲ ဝင်သွားကာ ချိုသာတဲ့အသံနဲ့ ခပ်ကျယ်ကျယ် ပြောလိုက်ပါတယ်။
“မစ္စတာဂလက်ဆစ်… လူတစ်ယောက်က ဗေဒင်မေးချင်လို့တဲ့”
“ကျွန်တော်လား…” သံသယနဲ့ အံ့အားသင့်မှုတွေ ပြည့်နေတဲ့ အသံတစ်သံ ထွက်ပေါ်လာပါတယ်။ အဲဒီနောက် ကုလားထိုင် ရွှေ့သွားသံပါ ထွက်လာပါတယ်။
“ဟုတ်တယ်… ဘယ်ဟောခန်းကို ရှင် သုံးချင်လဲ” မိန်းမပျိုဟာ ခံစားချက်မဲ့တဲ့မျက်နှာနဲ့ ပြန်မေးပါတယ်။
“ဥဿဖရားခန်း… ကျွန်တော် ဥဿဖရားကို ကြိုက်တယ်” ဂလက်ဆစ်ဟာ အစည်းအဝေးခန်းတံခါးမှာ ပေါ်လာပြီး မလှမ်းမကမ်းမှာ စောင့်နေတဲ့ ကလိုင်းကို စူးစမ်းတဲ့အကြည့်နဲ့ ကြည့်ပါတယ်။
သူက အသက်သုံးဆယ်အရွယ်ရှိပြီး အသားအရေက မသိမသာ မည်းကာ မျက်ဆံတွေက အစိမ်းရင့်ရောင် ရှိပါတယ်။ အဝါရောင်ဖျော့ဖျော့ ဆံပင်တွေအောက်မှာ သူဟာ အဖြူရောင်ရှပ်အင်္ကျီနဲ့ အနက်ရောင် စွပ်ကျယ်ကို ဝတ်ဆင်ထားပါတယ်။ တစ်ဖက်မျက်မှန် တစ်လက်ကိုလည်း ရင်ဘတ်မှာ ချိတ်ထားပါတယ်။
မိန်းမပျိုဟာ ဘာမှထပ်မပြောဘဲ အစည်းအဝေးခန်းဘေးက ဥဿဖရားခန်းကို ဖွင့်လိုက်ပါတယ်။ အခန်းထဲမှာ လိုက်ကာတွေကို တင်းတင်းကျပ်ကျပ် ပိတ်ထားတာကြောင့် အလင်းရောင် မှေးမှိန်နေပါတယ်။ အလင်းရောင် သိပ်မရှိအောင် လုပ်ထားမှ နတ်ဘုရားတွေနဲ့ စိတ်ဝိညာဉ်တွေရဲ့ ဆက်သွယ်မှုကို ရရှိပြီး တိကျမှန်ကန်တဲ့ရလဒ်ကို ရရှိမဲ့ပုံ ပေါ်နေပါတယ်။
“မင်္ဂလာပါ မိတ်ဆွေလေး… ကျွန်တော်က ဂလက်ဆစ်ပါ… ကျွန်တော်ကို ရွေးချယ်လိမ့်မယ်လို့ တစ်ခါမှ မထင်ထားမိဘူး” ဂလက်ဆစ်ဟာ လူကြီးလူကောင်း တစ်ယောက်လို အသာဦးညွှတ်ပြီး အခန်းထဲကို သွက်သွက်လက်လက် ဝင်ကာ စားပွဲရှည်ရဲ့နောက်မှာ ထိုင်လိုက်ပါတယ်။
“ရိုးရိုးသားသား ဝန်ခံရရင် ကျွန်တော်က တခြားလူတွေကို ဗေဒင်ဟောဖို့ ကြိုးစားနေတုန်းပဲ… အတွေ့အကြုံ သိပ်ရှိတာ မဟုတ်ဘူး… အခုအချိန်မှာ ကျွန်တော် ဗေဒင်ဆရာ မဟုတ်သေးဘူး… မိတ်ဆွေလေးမှာ နောင်တရဖို့ အခွင့်အရေး ရှိသေးတယ်နော်”
ကလိုင်းဟာ ဂလက်ဆစ်ကို ပြန်ဦးညွှတ်ပြီးနောက် အခန်းထဲဝင်ကာ နောက်က တံခါးကို ပိတ်လိုက်ပါတယ်။ အဲဒီနောက် အပြုံးနဲ့ “ခင်ဗျားက တကယ်ကို ရိုးသားတဲ့လူပဲ… ဒါပေမဲ့ ကျွန်တော်က ရွေးချယ်ပြီးရင် နောင်တမရတတ်ဘူး”
“ထိုင်ပါ” ဂလက်ဆစ်ဟာ သူ့ရှေ့က ထိုင်ခုံကို ညွှန်ပြပြီး လေးငါးစက္ကန့်လောက် တွေးလိုက်ပါတယ် “ဗေဒင်ဟောတာက ကျွန်တော်ရဲ့ ဝါသနာပဲ… ဟီးဟီး… ဘဝမှာ လူတွေက နတ်ဘုရားတွေရဲ့ လမ်းညွှန်မှုကို မကြာခဏ ရရှိတတ်တယ်… ဒါပေမဲ့ သာမန်လူတွေက ဒီနိမိတ်တွေကို တိတိကျကျ နားမလည်ကြဘူး… ဒီအကြောင်းကြောင့် ဗေဒင်ဟောတာ ရှိနေတာပဲ… ဒီအကြောင်းကြောင့်ပဲ ကျွန်တော် ဒီကလပ်ထဲ ဝင်ခဲ့တာ… ဒီအပိုင်းမှာ ကျွန်တော်ကိုယ် ကျွန်တော် သိပ်ပြီးတော့ ယုံကြည်ချက် မရှိသေးဘူး… အဲဒီတော့ ကျွန်တော် အလကား ဟောပေးမယ်… ကလပ်ဝန်ဆောင်မှု ပဲနိစိတ်ပဲပေး”
ကလိုင်းဟာ သဘောလည်း မတူသလို ခေါင်းလည်း မခါပါဘူး။ ပြုံးရုံပဲ ပြုံးလိုက်ပါတယ်။
“ကြည့်ရတာ ခင်ဗျားက အလုပ်ကောင်းရှိပုံပဲ”
ကလိုင်းဟာ ပြောပြောဆိုဆို ခန္ဓာကိုယ်ကို ရှေ့ကိုင်းပြီး နဖူးလယ်ကို ညာလက်သီးနဲ့ နှစ်ချက် တောက်လိုက်ပါတယ်။
“ဒါပေမဲ့ အဲဒါက ကျွန်တော်ရဲ့ ဟောပြောမှု မှန်ကန်တာကို တိုးမြှင့်မပေးနိုင်ဘူးလေ” ဂလက်ဆစ်က ဟာသနှောပြီး ဖြေပါတယ်။
“မိတ်ဆွေလေးရဲ့ခေါင်း နာနေလို့လား… ကျန်းမာရေး ပတ်သက်ပြီး တွက်ချက်ချင်တာလား”
“နည်းနည်းပါ… ကျွန်တော် ပစ္စည်းတစ်ခုရဲ့ တည်နေရာကို တွက်ချက်ချင်တယ်” ကလိုင်းဟာ ဆင်ခြေရှာပြီး နောက်မှီထိုင်လိုက်ပါတယ်။
ကလိုင်းရဲ့ မျက်လုံးထဲမှာ ဂလက်ဆစ်ရဲ့ရောင်ဝါက ထင်ထင်ရှားရှား ပေါ်လာပါတယ်။ သူ့အဆုတ်ရဲ့ လိမ္မော်ရောင်က မည်းပြီး ကျိုးတိုးကျဲတဲပဲ ရှိပါတယ်။ တခြားနေရာတွေရဲ့ တောက်ပမှုကိုတော့ လွှမ်းမိုးနေပါတယ်။
ဒါက ပင်ပန်းနွမ်းနယ်တဲ့ လက္ခဏာ မဟုတ်ပါဘူး။ ကလိုင်းဟာ မသိမသာ ခေါင်းညိတ်လိုက်ပါတယ်။
“မိတ်ဆွေလေးက ပျောက်နေတဲ့ပစ္စည်းကို ရှာနေတာလား” ဂလက်ဆစ်ဟာ သုံးလေးစက္ကန့်လောက် တွေးပြီး “အဲဒါဆို ရိုးရိုးရှင်းရှင်းနည်းနဲ့ တွက်ကြည့်ရအောင်”
ဂလက်ဆစ်ဟာ အနက်ရောင် စားပွဲပေါ်က သေသေသပ်သပ် စီထားတဲ့ တဲရော့ကဒ်တွေကို ကလိုင်းရှေ့ တွန်းပို့လိုက်ပါတယ်။
“စိတ်ငြိမ်အောင်ထားပြီး ပျောက်သွားတဲ့ ပစ္စည်းကိုတွေး… ပြီးရင် အဲဒါကို ရှာတွေ့နိုင်သေးလားလို့ စိတ်ထဲမှာမေး… အဲဒီလိုလုပ်နေတုန်း တဲရော့ကို ကုလားဖန်ထိုးပြီး ထက်ဝက်ပိုင်းလိုက်”
“အင်း”
ကလိုင်းဟာ ရှေးဟောင်း မှတ်စုစာအုပ်က ဘယ်လိုပုံစံရှိတယ်ဆိုတာကို တကယ် မမှတ်မိပါဘူး။ အဲဒါကြောင့် သူ့ကိုယ်သူပဲ အန်တီဂိုနပ် မိသားစု မှတ်စုစာအုပ်ကို ရှာတွေ့နိုင်သေးလားလို့ ထပ်ခါထပ်ခါ မေးလိုက်ရပါတယ်။
ကလိုင်းဟာ အဲဒီအတွေးကို ထပ်ခါထပ်ခါတွေးရင်း တဲရော့ကို ကုလားဖန်ထိုးကာ ထက်ဝက်ပိုင်းလိုက်ပါတယ်။
ဂလက်ဆစ်ဟာ အပေါ်ဆုံးကဒ်ကိုယူပြီး ကလိုင်းရှေ့ တွန်းပို့လိုက်ပါတယ်။ တဲရော့ကဒ်က အလျားလိုက် ရှိနေပါတယ်။
“ကဒ်ကို ဒေါင်လိုက်ဖြစ်တဲ့အထိ နာရီလက်တံအတိုင်း လှည့်… ပြီးရင် ဖွင့်ကြည့်လို့ရပြီ… ကဒ်က ပြောင်းပြန် ဖြစ်နေရင် ကဒ်မှာပါတဲ့ပုံက မိတ်ဆွေလေးနဲ့ အဝေးကို မျက်နှာမူနေတာပဲ… အဲဒါဆို ပျောက်သွားတဲ့ ပစ္စည်းကို ပြန်မတွေ့နိုင်ဘူးလို့ ဆိုလိုတာပဲ… ကဒ်က အတည့်အတိုင်းဆိုရင်တော့ ဗေဒင်ဆက်တွက်ပြီး ဘယ်နေရာမှာ ရှိနေလဲဆိုတာကို ရှာဖွေလို့ရတယ်”
ကလိုင်းဟာ ဂလက်ဆစ်ရဲ့ ညွှန်ကြားချက်အတိုင်း အလျားလိုက်ဖြစ်နေတဲ့ တဲရော့ကဒ်ကို ဒေါင်လိုက်ဖြစ်အောင် လှည့်ကာ ဖွင့်ကြည့်လိုက်ပါတယ်။
တဲရော့ကဒ်က ပြောင်းပြန် ဖြစ်နေပါတယ်။
“စိတ်မကောင်းစရာပဲ” ဂလက်ဆစ်ဟာ သက်ပြင်းချလိုက်ပါတယ်။
ကလိုင်းဟာ ဘာမှ မတုံ့ပြန်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့အာရုံက သူ့ရှေ့မှာရှိတဲ့ တဲရော့ကဒ်ဆီ လုံးဝ ရောက်နေလို့ပါ။
ဒီပြောင်းပြန် တဲရော့ကဒ်ရဲ့ ပုံရိပ်က တောက်တောက်ပြောင်ပြောင် အဝတ်အစားနဲ့ ခမ်းနားတဲ့ ခေါင်းဆောင်း ဆောင်းထားတဲ့ အရူးပါ။
‘အရူးပဲလား… ဒါက တိုက်ဆိုင်မှုတော့ မဖြစ်နိုင်လောက်ဘူး… လူဇောက်ထိုးနဲ့ လူအိုကြီးနီးလ်ရဲ့ စကားအရဆိုရင် ဗေဒင်ဟောတာက စိတ်ဝိညာဉ်နဲ့ ဒိုင်မေးရှင်းအဆင့်မြင့်တဲ့ စိတ်ဝိညာဉ်လောကက ‘ငါ’ နဲ့ ဆက်သွယ်တာ… တဲရော့ကဒ်တွေက အမှန်တရားရဲ့ နိမိတ်ကို ဖတ်ဖို့ လွယ်ကူတဲ့ ပစ္စည်းတစ်ခုပဲ… သီအိုရအရဆိုရင် ဘယ်ဗေဒင်ဟောတဲ့ ပစ္စည်းကိုပဲသုံးသုံး အရေးမကြီးဘူး… ရလဒ်ကို ပြောင်းလဲသွားမှာ မဟုတ်ဘူး…’
ကလိုင်း တွေးရင် မျက်မှောင်ကြုတ်သွားပါတယ်။
“အဲဒီပစ္စည်းက တခြားလူတွေလက်ထဲမှာလား ဆိုတာကို တွက်ကြည့်လို့ရလား”
“ရတယ်… ခုနကအတိုင်းပဲ ထပ်လုပ်” ဂလက်ဆစ်က ခေါင်းညိတ်လိုက်ပါတယ်။
ကလိုင်းဟာ မေးခွန်းကို တွေးတောရင်း တဲရော့ကို ကုလားဖန်ထိုးကာ ထက်ဝက်ပိုင်းလိုက်ပါတယ်။ အဲဒီနောက် ကဒ်တစ်ကဒ် ဆွဲထုတ်ပြီး အလျားလိုက်ထားကာ ဒေါင်လိုက်ဖြစ်တဲ့အထိ နာရီလက်တံအတိုင်း လှည့်လိုက်ပါတယ်။ ကလိုင်းဟာ အစကနေ အဆုံးအထိ အဆင့်တိုင်းကို လေးလေးနက်နက်ထားပြီး လုပ်ပါတယ်။
အဲဒီနောက် အသက်အရှည်ကြီး ရှူသွင်းကာ တဲရော့ကဒ်ကို လှန်ကြည့်လိုက်ပါတယ်။
‘ဘုရားသခင်ကယ်ပါ… အရူးကဒ် ထပ်မဖြစ်ပါစေနဲ့’
ဆုတောင်းရင်းနဲ့ ကလိုင်းဟာ တစ်ကိုယ်လုံး ပြေလျော့သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တဲရော့ကဒ်က ကြယ်ကဒ်ဖြစ်ပြီး ပြောင်းပြန်ဖြစ်နေလို့ပါ။
“ကြည့်ရတာ အဲဒီပစ္စည်းက အခုထိ တခြားလူတွေလက်ထဲ မရောက်သေးဘူး” ဂလက်ဆစ်က အပြုံးနဲ့ နိမိတ်ဖတ်လိုက်ပါတယ်။
ကလိုင်းဟာ ခေါင်းညိတ်ပြီး ညာလက်ကိုမြှောက်ကာ တစ်စုံတစ်ခုကို အလေးအနက် တွေးသလိုမျိုးနဲ့ နဖူးလယ်ကို တောက်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ အိတ်ကပ်ထဲက နှစ်ပဲနိထုတ်ယူပြီး ဂလက်ဆစ်ရှေ့ တွန်းပို့လိုက်ပါတယ်။
“ကျွန်တော် အလကားလို့ ပြောထားတယ်လေ” ဂလက်ဆစ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ကလိုင်းဟာ ရယ်မောရင်း မတ်တတ်ရပ်လိုက်ပါတယ်။
“ဒါက ဗေဒင်ဟောသူတွေနဲ့ ထိုက်တန်တဲ့ လေးစားမှုပဲ”
“ကောင်းပြီလေ… ရက်ရောမှုအတွက် ကျေးဇူးပဲ” ဂလက်ဆစ်ဟာ မတ်တတ်ရပ်ပြီး လက်ဆန့်ထုတ်လိုက်ပါတယ်။
လက်ဆွဲနှုတ်ဆက်ပြီးတဲ့နောက် ကလိုင်းဟာ ခြေနှစ်လှမ်း နောက်ဆုတ်ကာ တစ်ဖက်လှည့်လိုက်ပါတယ်။ ပြီးတဲ့အခါ တံခါးဆီ လျှောက်သွားပြီး တံခါးဘုကို လှည့်လိုက်ပါတယ်။ ကလိုင်းဟာ အခန်းထဲက ထွက်သွားခါနီးမှာပဲ ရုတ်တရက် ဂလက်ဆစ်ကို ခေါင်းလှည့်ကြည့်ပြီး တိုတိုတုတ်တုတ် အကြံပေးလိုက်ပါတယ်။
“မစ္စဂလက်ဆစ်… တစ်ခုလောက် အကြံပေးပါရစေ… ဆရာဝန်နဲ့တွေ့ပြီး အဆုတ်ကို စစ်ဆေးလိုက်တာ ကောင်းလိမ့်မယ်”
“ဘာဖြစ်လို့လဲ” ဂလက်ဆစ်က တအံ့တဩ မေးပါတယ်။
‘ဗေဒင်ဟောတဲ့ရလဒ်ကို မကြိုက်လို့ ငါ့ကို ကျိန်ဆဲတာလား’
ကလိုင်းဟာ တစ်ခဏ တွေးပြီးမှ ဖြေပါတယ် “ခင်ဗျားရဲ့ မျက်နှာအရောင်ကို ကြည့်ပြီး ပြောတာ… ခင်ဗျားရဲ့ နဖူးလယ်က မည်းတဲ့ပုံ ပေါ်နေတယ်”
“နဖူးလယ်က မည်းတဲ့ပုံ ပေါ်နေတယ်…” ဂလက်ဆစ်က ဒီလိုစကာမျိုးကို ပထမဆုံးအကြိမ် ကြားရတာပါ။
ကလိုင်းဟာ ထပ်မရှင်းပြတော့ဘဲ အခန်းထဲက အပြုံးနဲ့ ထွက်သွားပါတယ်။ အပြင်ရောက်တဲ့အခါမှာတော့ ကလိုင်းဟာ သူ့နောက်က သစ်သားတံခါးကို ပိတ်လိုက်ပါတယ်။
“သူက လိုင်စင်မရှိတဲ့ ဆရာဝန်လား ဒါမှမဟုတ် ဗိန္ဓောဆရာလား” ဂလက်ဆစ်ဟာ ခေါင်းခါရင်း ပြုံးရယ်မိလိုက်ပါတယ်။ အဲဒီနောက် ဂလက်ဆစ်ဟာ ဗေဒင်ဟောဖို့သုံးတဲ့ တစ်ဖက်မျက်မှန်ကို ကောက်ယူပြီး သူ့ကိုယ်သူ ပြန်ကြည့်လိုက်ပါတယ်။
သေချာကြည့်တဲ့အခါ သူ့နဖူးလယ်က တကယ် မည်းနေတယ်ဆိုတာကို ဂလက်ဆစ် တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ ဒါက ပတ်ဝန်းကျင်ကြောင့် ဖြစ်နိုင်ပါတယ်။ လိုက်ကာတွေ ပိတ်ထားတဲ့ အခန်းထဲမှာ အမှောင်ထု ကြီးစိုးနေတာမလို့ သူ့နဖူးလယ်တင် မဟုတ်ဘဲ သူ့မျက်နှာတစ်ခုလုံးကိုတောင် အမှောင်ထုက လွှမ်းမိုးနေပါတယ်။
“ဒါက ရယ်ဖို့ကောင်းတဲ့ ပြက်လုံးတော့ မဟုတ်ဘူး” ဂလက်ဆစ်ဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။
ဒါပေမဲ့ ဂလက်ဆစ်ဟာ သူ့ကျန်းမာရေးအတွက် တွက်ချက်ပြီး အကုန်လုံး အဆင်ပြေတယ်ဆိုတာကို သေချာအောင် လုပ်ပါတယ်။
…..
ဗေဒင်ကလပ်ကနေ ထွက်လာပြီးနောက် ကလိုင်းဟာ သူ့အနာဂတ်အတွက် အစီအစဉ်တစ်ခု ရှိသွားပါတယ်။ အဲဒါကတော့ ဗေဒင်ကလပ်ထဲဝင်နိုင်ဖို့ အဖွဲ့ဝင်ကြေးရအောင် ပိုက်ဆံ မြန်မြန် စုဖို့ပါ။ ဗေဒင်ကလပ်ထဲ ဝင်လိုက်ရင် အမြင်ဆရာအဖြစ် စပြီးတော့ သရုပ်ဆောင်နိုင်ပြီ မဟုတ်ပါလား။
ကလိုင်းဟာ ကိုယ့်ဘာသာ ဗေဒင်မဟောတာက လောလောဆယ် သူ့မှာ ရင်းမြစ်နဲ့ အဆက်အသွယ် မရှိလို့ပါ။ လမ်းဘေးမှာရပ်ပြီး လမ်းဘေးဈေးသည်လို ဗေဒင်တွက်ဖို့ တကြော်ကြော် အော်ခေါ်တာက နာမည်ကို ထိခိုက်စေနိုင်တယ် မဟုတ်ပါလား။
သုံးလေးမိနစ် ကြာတဲ့အခါမှာတော့ အများသုံးမြင်းလှည်း ရောက်လာပါတယ်။ ကလိုင်းဟာ နှစ်ပဲနိသုံးပြီး ဇိုးတလန်လမ်းဆီ စီးပါတယ်။
ကလိုင်း ဆူးနက်လုံခြုံရေး ကုမ္ပဏီတံခါးကို တွန်းဖွင့်လိုက်တဲ့အခါ မြင်နေကျ ရိုဇန်းကို မမြင်ရဘဲ အနက်ရောင် ဆံပင် အစိမ်းရောင် မျက်လုံးနဲ့ ကဗျာဆရာလိုမျိုး ပုံစံရှိတဲ့ လန်န့ာဒ်မစ်ချယ်ကို ဧည့်ကြိုကောင်တာမှာ တွေ့လိုက်ရပါတယ်။
“မင်္ဂလာ နေ့လယ်ခင်းပါ… ရိုဇန်း ဘယ်သွားလဲ” ကလိုင်းဟာ ဦးထုပ်ချွတ်ကာ ဦးညွှတ်ပြီးနောက် မေးလိုက်ပါတယ်။
လန်နာ့ဒ်ဟာ ပြုံးပြီး အခန်းခွဲတွေကို ညွှန်ပြပါတယ်။
“ဒီည သူ လက်နက်တိုက် စောင့်ရမှာ”
ကလိုင်း နောက်ထပ် မေးခွန်း မေးတာကို မစောင့်ဘဲ လန်နာ့ဒ်ဟာ ပြဿနာတစ်ခုကို စဉ်းစားလို့ မရသလိုမျိုး ပြောလိုက်ပါတယ် “ကလိုင်း… ငါနားမလည်တာ တစ်ခုရှိတယ်”
“ဘာကို နားမလည်တာလဲ” ကလိုင်းဟာ ပဟေဠိ ဖြစ်သွားပါတယ်။
လန်နာ့ဒ်ဟာ မတ်တတ်ရပ်ပြီး အပြုံးမပျက် လေသံအေးနဲ့ မေးပါတယ် “ဝဲလ်နဲ့ နာယာက နေရာမှာတင် သတ်သေပြီး မင်းကျတော့ ဘာဖြစ်လို့ အိမ်ပြန်ရတာလဲ”
“အဲဒီအမျိုးအမည်မသိတဲ့ တည်ရှိမှုက ကျွန်တော်ကို အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ကို တစ်နေရာရာမှာ ဝှက်စေချင်လို့ နေမှာပေါ့” ကလိုင်းဟာ ဖြေနေကျအတိုင်း အဖြေပေးလိုက်ပါတယ်။
လန်နာ့ဒ်ဟာ တစ်ခေါက်နှစ်ခေါက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပြီးမှ ကလိုင်းဘက်လှည့်ကာ မျက်လုံးထဲ စိုက်ကြည့်လိုက်ပါတယ်။
“မင်းရဲ့ သတ်သေမှုက သဲလွန်စ မှန်သမျှကို ဖျောက်ပစ်ဖို့ဆိုရင် အဲဒီမှတ်စုစာအုပ်ကို ဘာလို့ အဲဒီနေရာ အဲဒီအချိန်မှာ မဖျက်ဆီးတာလဲ