Switch Mode

Chapter – 37

ဗေဒင်ကလပ်

အခန်း (၃၇) ဗေဒင်ကလပ်

ပူပြင်းတဲ့ နေ့လယ်ခင်း နေရောင်ခြည်အောက်မှာ ကလိုင်းဟာ အိမ်ကနေ ထွက်လိုက်ပါတယ်။
ကလိုင်းဟာ သံကြက်ခြေခတ်လမ်းကနေ ဝဲလ်ရဲ့နေရာဆီ လမ်းလျှောက်ရမှာမလို့ ကျကျနန မဝတ်စားဘဲ ရှပ်အင်္ကျီ၊ အညိုရောင် ကုတ်အင်္ကျီ၊ ဦးထုပ်ဝိုင်းတစ်လုံးနဲ့ သားရေဖိနပ်ဟောင်းကိုသာ ဝတ်ဆင်ပါတယ်။ ဒီလိုဝတ်စားလိုက်တော့ သူ့ရဲ့တန်ဖိုးကြီးလှတဲ့ဝတ်စုံ ချွေးတွေကြောင့် နံစော်မှာကို စိုးရိမ်စရာ မလိုတော့ပါဘူး။
ကလိုင်းဟာ ဒက်ဖဒိုလမ်းအတိုင်း ဆင်းပြီး သံကြက်ခြေခတ်လမ်းဆီ အေးအေးလူလူ လျှောက်သွားပါတယ်။ လမ်းဆုံကို ဖြတ်လို့ တစ်ချက်လှမ်းကြည့်မိတဲ့အခါ တဲတွေမရှိတော့တာကို တွေ့လိုက်ရပါတယ်။ ဆပ်ကပ်အဖွဲ့က ကပြဖျော်ဖြေပြီးလို့ ထွက်သွားပုံပါပဲ။
ကလိုင်းဟာ ပထမတော့ သူ့ကို ရှေးဖြစ်ဟောပေးတဲ့ တိရစ္ဆာန်ဆရာက ပုန်းလျှိုးကွယ်လျှိုးနေတဲ့ ဆရာကြီးလို့ စိတ်ကူးယဉ်မိခဲ့ပါတယ်။ သူ့ရဲ့ တစ်မူထူးခြားမှု တစ်ခုခုကို ရှာတွေ့သွားလို့ ရည်ရွယ်ချက်ရှိရှိ ပေါ်လာပြီး လမ်းညွှန်ပေးတာလို့လည်း ယုံကြည်ခဲ့ပါတယ်။ နောက်ထပ်လည်း ထပ်တွေ့ပြီး အနာဂတ်အတွက် အရိပ်အမြွက်တွေ ပြောလိမ့်မယ်လို့ ထင်ထားခဲ့ပါတယ်။
ဒါပေမဲ့ ကလိုင်း ထင်ထားတာ တစ်ခုမှ ဖြစ်မလာပါဘူး။ တိရစ္ဆာန်ဆရာက ဆပ်ကပ်အဖွဲ့နဲ့ တစ်ခါတည်း ထွက်သွားပါတယ်။
‘လောကမှာ ဘယ်လိုလုပ်ပြီး ဒီလောက်ထိ တိုက်ဆိုင်မှုတွေ ရှိနိုင်မှာလဲ…’ ကလိုင်းဟာ ခေါင်းခါပြီး မဲ့ပြုံးပြုံးကာ သံကြက်ခြေခတ်လမ်းဆီ ဦးတည်ပါတယ်။
သံကြက်ခြေခတ်လမ်းက တစ်လမ်းတည်း မဟုတ်ပါဘူး။ သူ့နာမည်အတိုင်း ကြက်ခြေခတ်ဖြတ်ထားတဲ့ လမ်းနှစ်လမ်းပါ။ လမ်းဆုံကို ဗဟိုထားပြီး ဘယ်လမ်း ညာလမ်း အထက်လမ်းနဲ့ အောက်လမ်းဆိုပြီး လမ်းလေးလမ်း ခွဲထားပါတယ်။ ကလိုင်းတို့ မောင်နှမ သုံးယောက် အရင်နေခဲ့တဲ့နေရာက အောက်လမ်းပါ။
ဒါပေမဲ့ ကလိုင်းတို့ အရင်နေခဲ့တဲ့နေရာက အိမ်ငှားတွေက သူတို့ပတ်ဝန်းကျင်ကို အောက်လမ်းလို့ မထင်ကြပါဘူး။ အဲဒါကြောင့် အလယ်လမ်းဆိုပြီး ခေါ်ဝေါ်သုံးစွဲကြပါတယ်။ ဒီလိုလုပ်လိုက်တော့ ဟိုအောက်ဘက် မီတာနှစ်ရာမှာ နေထိုင်ကြတဲ့ လူဆင်းရဲတွေနဲ့ သိသိသာသာ ခြားနားသွားပါတယ်။
အဲဒီအောက်လမ်းမှာက အိပ်ခန်းတစ်ခန်းကို လူငါးယောက် ခြောက်ယောက် နေထိုင်တာဖြစ်ပြီး တစ်ခါတစ်လေကျရင် လူဆယ်ယောက်တောင် နေထိုင်ကြပါတယ်။
ကလိုင်းဟာ ဘယ်လမ်းရဲ့ အစွန်းပိုင်းတစ်လျှောက် လမ်းလျှောက်ရင်း ရောက်တတ်ရာရာ လျှောက်တွေးပါတယ်။ အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်က ဘယ်လို ပျောက်သွားတယ်၊ ညသိမ်းငှက်တွေက ဒီမှတ်စုစာအုပ်ကို ဘယ်လောက် တန်ဖိုးထားတယ်၊ ဒီစာအုပ်ကြောင့် ဝဲလ်နဲ့ နာယာ ဘယ်လို သေသွားရတဲ့ စတဲ့ အကြောင်းအရာတွေကို တွေးတောပါတယ်။
တွေးရင်းတွေးရင်းနဲ့ ကလိုင်းဟာ ရင်ထဲမှာ လေးလံသွားပြီး မျက်နှာလည်း ဖြူဖပ်ဖြူရော် ဖြစ်သွားပါတယ်။
ဒီအချိန်မှာပဲ ကလိုင်းဟာ ရင်းနှီးလှတဲ့ အသံတစ်သံကို ကြားလိုက်ရပါတယ်။
“ကောင်လေး…”
ကလိုင်းဟာ သိချင်စိတ်နဲ့ လှည့်ကြည့်လိုက်တဲ့အခါ နွေးထွေးတဲ့အပြုံးနဲ့ နှုတ်ဆက်နေတဲ့ မစ္စဝင်ဒီကို တွေ့လိုက်ရပါတယ်။ ဒီတော့မှ ကလိုင်းဟာ သူ စမရင် မုန့်ဆိုင်ရှေ့ ရောက်နေတာကို သတိထားမိလိုက်ပါတယ်။
“ကောင်လေး… မင်းကြည့်ရတာ မပျော်ပုံပဲ” ဝင်ဒီက ကြင်ကြင်နာနာ မေးမြန်းပါတယ်။
ကလိုင်းဟာ မျက်နှာကို သပ်ချပြီး ပြန်ဖြေပါတယ် “နည်းနည်းပါးပါးပါ”
“မင်း ဘာတွေပဲ စိုးရိမ်စိုးရိမ် မနက်ဖြန်က ရောက်လာမှာပဲ” မစ္စဝင်ဒီက အပြုံးနဲ့ ပြန်ပြောပါတယ် “ဒီမှာ အဘွားရဲ့ လက်ဖက်ရည် ချိုချိုအေးအေးလေးကို မြည်းကြည့်ပါဦး… ဒီကလူတွေ အကြိုက်တွေ့ပါ့မလား မသိဘူး”
“ဒီကလူတွေ… အဘွားက ဒီက မဟုတ်ဘူးလား…” ကလိုင်းဟာ ခေါင်းခါပြီး တအံ့တဩ မေးလိုက်ပါတယ် ‘မြည်းကြည့်တာဆိုတော့ အလကားပေါ့… ဟုတ်တယ်မလား…’
ဝင်ဒီစမရင်ဟာ ခေါင်းနည်းနည်း မော့လိုက်ပါတယ် “မင်းမှန်းတာ မှန်တယ်… အဘွားက တကယ်တော့ တောင်ပိုင်းသားပဲ… ထင်းဂန်မြို့ကို အဘွားယောက်ျားနဲ့ လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်က ရောက်လာခဲ့တာ… ဟီးဟီး… အဲဒီတုန်းက ဘန်ဆင် မမွေးသေးဘူး… မင်းမိဘတွေလည်း တစ်ယောက်နဲ့ တစ်ယောက် သိသေးတာ မဟုတ်ဘူး”
“အဘွားက မြောက်ပိုင်းသားတွေရဲ့ အကြိုက်ကို သိပ်ပြီးတော့ နေသားမကျဘူး… အမြဲတမ်း အဘွားရဲ့ မွေးရပ်မြေက အစားအစားကို စားချင်နေတာ… ဝက်အူချောင်း၊ အာလူးပေါင်မုန့်၊ မုန့်အိုးကင်းကြော်၊ ဝက်ဆီနဲ့ကြော်ထားတဲ့ ဟင်းသီးဟင်းရွက်၊ စပါယ်ရှယ်အချဉ်နဲ့ တို့စားရတဲ့ အသားကင်… အဲဒီအစားအစာတွေကို အဘွား သတိရတယ်”
“အို… လက်ဖက်ရည် ချိုချိုအေးအေးလေးလည်း ပါတယ်”
ကလိုင်းဟာ မစ္စစမရင်ရဲ့ စကားကို ကြားရတဲ့အခါ ပြုံးမိလိုက်ပါတယ် “မစ္စစမရင်… ဒီအကြောင်းပြောရင် ကျွန်တော် ဗိုက်ဆာလာလိမ့်မယ်… ဒါပေမဲ့ ကျွန်တော် နေလို့ထိုင်လို့ ပိုကောင်းသွားပြီ… ကျေးဇူးပါပဲ”
“အချိုပွဲက ဝမ်းနည်းမှုကို အမြဲတမ်း ကုသပေးနိုင်တယ်” ဝင်ဒီဟာ ကလိုင်းကို နီညိုရောင်အရည်ပါတဲ့ ခွက်တစ်ခွက် ကမ်းပေးပါတယ် “ဒါက အဘွားလုပ်ထားတဲ့ လက်ဖက်ရည် ချိုချို‌အေးအေးလေး… သောက်ကြည့်ပြီးရင် ကောင်းလား ပြောပါဦး”
မစ္စစမရင်ကို ကျေးဇူးတင်စကား ဆိုပြီးနောက် ကလိုင်းဟာ လက်ဖက်ရည်ခွက်ကို တစ်ငုံ မော့သောက်လိုက်တဲ့အခါ ကမ္ဘာမြေက လက်ဖက်ရည်အေးကို သတိရသွားပါတယ်။ ဒါပေမဲ့ မစ္စစမရင်ရဲ့ လက်ဖက်ရည်က လက်ဖက်အရသာ ပိုကောင်းပြီး လန်းဆန်းသွားတယ်လို့ ပိုပြီးတော့ ခံစားရစေပါတယ်။ ပူပြင်းတောက်လောင်တဲ့ နေမင်းရဲ့ အပူရှိန်ကိုလည်း တစ်ခါတည်း ဖယ်ရှားလိုက်ပါတယ်။
“အရမ်းကောင်းတယ်”
“အဲဒါဆိုရင်တော့ အဘွား စိတ်အေးရပြီ” ဝင်ဒီဟာ ပြုံးလိုက်ပြီး ကလိုင်း လက်ဖက်ရည် တစ်ခွက်လုံး ကုန်အောင် သောက်တာကို ဖော်ရွေတဲ့အမူအရာနဲ့ ကြည့်နေပါတယ်။
မစ္စစမရင်နဲ့ အိမ်ပြောင်းတဲ့အကြောင်း အာလာပသလ္လာပ ပြောပြီးနောက် ကလိုင်းဟာ သူနဲ့ အရင်းနှီးဆုံးလမ်းပေါ် ပြန်ရောက်သွားပါတယ်။
နေ့လယ်ခင်းမလို့ လမ်းဘေးဈေးသည်တွေလည်း တော်တော် နည်းသွားပါပြီ။ ညနေရောက်မှ သူတို့တွေ ပြန်ပေါ်လာမှာပါ။ အခုရှိနေတဲ့ ဈေးသည်တွေကလည်း ငိုက်မျဉ်းပြီး ပင်ပန်းနွမ်းနယ်နေကြပါတယ်။
ကလိုင်းဟာ နေရာတစ်ခုကို ရောက်တယ်ဆိုရင်ပဲ နှလုံးတစ်ခုလုံး အမှောင်ထု ဖုံးလွှမ်းတာကို ရုတ်တရက် ခံစားလိုက်ရပါတယ်။ ကလိုင်းရဲ့ နှလုံးသားဟာ အကြောင်းရင်းရှာမရတဲ့ အကြောင်းပြချက်တစ်ခုကြောင့် လေးလံထိုင်မှိုင်းသွားပါတယ်။
‘ဘာဖြစ်တာလဲ’ ကလိုင်းဟာ သူ တစ်ခုခု မှားနေတယ်ဆိုတာကို ချက်ချင်း သိလိုက်ပါတယ်။ ကလိုင်းဟာ လမ်းလျှောက်တာ ချက်ချင်း ရပ်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်ပေမဲ့ ထူးဆန်းတာ ဘာမှ မတွေ့ရပါဘူး။
တစ်ခဏ တွေးတောပြီးနောက် ကလိုင်းဟာ လက်မြှောက်ကာ တစ်ခုခုကို တွေးနေသလို အမူအရာမျိုးနဲ့ နဖူးလယ်ကို နှစ်ချက် တောက်လိုက်ပါတယ်။ ချက်ချင်းဆိုသလို ကလိုင်းရဲ့ အမြင်အာရုံဟာ ပြောင်းလဲသွားပြီး လမ်းဘေးဈေးသည်တွေနဲ့ လမ်းသွားလမ်းလာတွေရဲ့ ရောင်ဝါတွေ ပေါ်လာပါတယ်။
သူတို့တွေရဲ့ ကျန်းမာရေးကို ကလိုင်း အကဲမခတ်နိုင်ခင်မှာဘဲ မှောင်မှိုက်မှုကို ကိုယ်စားပြုတဲ့ အရောင်တွေက ကလိုင်းရဲ့ အာရုံကို လုံးဝ ဆွဲဆောင်လိုက်ပါတယ်။ ဘယ်လို မှောင်မိုက်မှုမျိုးလဲ ဆိုတာတော့ ကလိုင်း အတိအကျ မပြောတတ်ပါဘူး။
စိတ်ပျက် အားလျှော့တာ မျှော်လင့်ချက် ကင်းမဲ့တာ စိတ်မပါတာ ဝမ်းနည်းအားငယ်တာ စတဲ့ ခံစားချက်တွေက ကလိုင်းရဲ့ နှလုံးသားထဲကို တိုးဝင်လာပါတယ်။
ကလိုင်းဟာ ဒီနေရာကို စစ်ဆေးကြည့်တဲ့အခါ နေရောင်ခြည်တောင် ဒီအနက်ရောင်ကို မဖယ်ရှားနိုင်တာ တွေ့လိုက်ရပါတယ်။ နှစ်ပေါင်းများစွာ ဖိနှိပ်မှုကြောင့် ဖြစ်တည်လာတဲ့ မှောင်မှိုက်မှုမျိုးလိုပါပဲ။
ဒါကိုကြည့်ပြီး ကလိုင်းဟာ အကြောင်းရင်းကို ရုတ်ခြည်း နားလည်သွားပါတယ်။
လူအိုကြီးနီးလ် ပြောသလိုပဲ စိတ်ဝိညာဉ်အာရုံကို အသုံးပြုတာက မရင်းနှီးတဲ့ ပတ်ဝန်းကျင်ဆီ ရောက်သွားပြီး မသက်မသာဖြစ်ဖို့ လွယ်ကူပါတယ်။ တခြားလူတွေရဲ့ ခံစားချက်တွေကလည်း သူ့ကို အလွယ်လေး သက်ရောက်နိုင်ပါတယ်။
ဒီလိုနိယာမမျိုးကို သိမြင်နားလည်တဲ့ စွမ်းရည်မျိုးမှာလည်း အသုံးပြုနိုင်ပါတယ်။ ဒါက အမြင်ဆရာ ဖြစ်လာပြီးရင် ဘာမှမလေ့ကျင့်ရဘဲ အပိုရတဲ့စွမ်းရည်ပါ။ ဒါက ပိတ်ထားလို့မရတဲ့ အလိုအ‌လျောက် အာရုံခံမှုမျိုးပါ။ ဒီစွမ်းရည်က ကလိုင်းကို သာမန်မဟုတ်တဲ့ ဘယ်တည်ရှိမှုကိုမဆို တိုက်ရိုက် အာရုံခံနိုင်စေပါတယ်။
တခြားအရာဝတ္ထုတွေကို လေ့လာကြည့်ရှုရင် အပြန်အလှန် သက်ရောက်မှုက အဆင့်တစ်ခုထိတော့ ရှိပါတယ်။ အဲဒါကြောင့် နတ်ဝင်သည်လိုမျိုး သာလွန်သူတွေရဲ့ မျက်လုံးထဲမှာ လူတိုင်းရဲ့ သိမြင်နားလည်စွမ်းက သိသာရှင်းလင်းပါတယ်။ ညအမှောင်ထုထဲက မီးရောင်လိုပါပဲ။ အဲဒါကြောင့် သိမြင်နားလည်နိုင်စွမ်း မြင့်မားတဲ့ လူတွေက သာမန်မဟုတ်တဲ့ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို အနည်းနဲ့အများ ခံရပါတယ်။ ထပ်ခါထပ်ခါ လေ့ကျင့် ထိန်းချုပ်မှသာ ဒီလိုဖြစ်တာကို နေသားကျသွားမှာပါ။
‘ဒီလိုအရောင်မျိုးက အချိန်တစ်ခုကြာအောင် ဖြစ်တည်လာတာ ဖြစ်လိမ့်မယ်’ ကလိုင်းဟာ သက်ပြင်းချပြီး ခေါင်းခါလိုက်ပါတယ်။
ကလိုင်းဟာ နဖူးလယ်ကို နှစ်ချက် ထပ်တောက်ပြီး သူ့စိတ်ဝိညာဉ်ကို စုစည်းဖို့ ကြိုးစားပါတယ်။
“ရှပ်… ရှပ်… ရှပ်…”
ကလိုင်းဟာ တိုက်ခန်းဆီ လျှောက်သွားပြီး သာမန်မဟုတ်တဲ့ တည်ရှိမှုတွေ သူ ဝှက်ထားခဲ့လောက်တဲ့ အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်နဲ့ ပတ်သက်တဲ့ ဆက်သွယ်မှု သေးသေးလေးလေးတွေကို အာရုံခံပါတယ်။
လမ်းတွေက ပုံမှန်အတိုင်းပါပဲ။ ရေဆိုးတွေနဲ့ အမှိုက်တွေ ပြန့်ကျဲနေပါတယ်။ တိုက်ခန်း ဝင်ပေါက်ကို ရောက်တဲ့အခါမှပဲ သန့်ရှင်းသွားပါတယ်။
ကလိုင်းဟာ တစ်ဝက်ပိတ်ထားတဲ့ တံခါးကို တွန်းဖွင့်ပြီး နေအလင်းရောင် မရောက်နိုင်တဲ့ ပထမထပ်က အမှောင်ထုကို စက်ဝိုင်းပုံ ပတ်ကြည့်ပါတယ်။ ကလိုင်း အပေါ်ထပ် တက်တဲ့အခခါ သစ်သားလှေကားက တကျွီကျွီ အဆက်မပြတ် မြည်သွားပါတယ်။
ဒုတိယထပ်ကလည်း မှုန်ဝါးနေပါတယ်။ ကလိုင်းဟာ သူ့ရဲ့ အမြင်ကို ထုတ်လွှတ်ပြီး အမှောင်ထုထဲကို ကြည့်ပါတယ်။ ဒါပေမဲ့ ကလိုင်းဟာ အန်တီဂိုနပ် မှတ်စုစာအုပ်နဲ့ ပတ်သက်တဲ့ ဘာသဲလွန်စမှ မတွေ့ရတဲ့အပြင် ကိုယ်ပျောက် စိတ်ဝိညာဉ် ခန္ဓာကိုယ်တွေကိုတောင် လုံးဝ မတွေ့ရပါဘူး။
‘စိတ်ဝိညာဉ် ခန္ဓာကိုယ်တွေက ဒီလောက်တွေ့ဖို့ လွယ်ရင် သာမန်လူအများစုက ထူးခြားကိစ္စတွေကို အာရုံခံမိနေလောက်ပြီ’ ကလိုင်းဟာ သက်ပြင်းချရင်း သုံးသပ်လိုက်ပါတယ်။
ကလိုင်းဟာ စိတ်ဝိညာဉ် အများစုက စိတ်ဝိညာဉ် ခန္ဓာကိုယ်အနေနဲ့ မတည်ရှိဘဲ စိတ်ဝိညာဉ်ပုံစံမျိုးနဲ့ တည်ရှိနေတာကို နားလည် သဘောပေါက်ပြီးပါပြီ။ နတ်ဝင်သည်ဘဲ သူတို့နဲ့ ထိထိရောက်ရောက် ဆက်သွယ်နိုင်တာပါ။
တတိယထပ်ကို ပတ်ကြည့်ပြီးနောက် ကလိုင်းဟာ တိုက်ခန်းက ထွက်ကာ သူ့မှတ်ဉာဏ်ထဲက ခြေလှမ်းတွေအတိုင်း ဝဲလ်ရဲ့နေရာဆီ ဦးတည်ပါတယ်။ ကလိုင်းဟာ တစ်နာရီကြာအောင် လမ်းလျှောက်ပေမဲ့ လမ်းတစ်လျှောက် ဘာမှရှာမတွေ့ပါဘူး။
ဥယျာဉ်ပါတဲ့ တိုက်အိမ်ရဲ့ အပြင်ဘက်မှာ မတ်တတ်ရပ်ရင်း ကလိုင်းဟာ အထဲက တိုက်အိမ်ကို သော့ခတ်ထားတဲ့ သံတံခါးကနေ လှမ်းကြည့်ကာ တီးတိုး ရေရွတ်လိုက်ပါတယ် “ဝဲလ်ရဲ့ နေရာကိုတော့ ငါ ထပ်ရှာဖို့ မလိုတော့ဘူးထင်တယ်… ကပ္ပတိန်နဲ့ မစ္စဒေလီက အပ်တိုတစ်စ မကျန်အောင် ရှာပြီးလောက်ပြီ… နောက်ပြီး ငါ့ဆီမှာ သော့ရှိတာလည်း မဟုတ်ဘူး… သူတို့တွေက ငါ့ကို နံရံပေါ်တော့ ကျော်မတက်ခိုင်းလောက်ပါဘူး…”
“မနက်ဖြန်ကျရင် ငါ နောက်လမ်းတစ်လမ်း စမ်းကြည့်မယ်… ဒီနေ့ ငါ လမ်းလျှောက်တာ တော်တော်များတယ်… ဒါပေမဲ့ ခြေလှမ်းအရေအတွက် အဆင့် မရှိတာ ဆိုးတယ်”
အဲဒီနောက် ကလိုင်းဟာ အများဆုံး မြင်းလှည်းစီးပြီး ဆူးနက် လုံခြုံရေးကုမ္ပဏီဆီ သွားကာ သူနေ့တိုင်းရတဲ့ ကျည်ဆံအတောင့် ၃၀ ကို ယူဖို့ စီစဉ်ပါတယ်။ ကလိုင်းဟာ သူ့အချိန်ကို အကောင်းဆုံး အသုံးချပြီး သေနတ်ပစ် လေ့ကျင့်ဖို့ လိုပါတယ်။
အမြင်ဆရာက တိုက်ခိုက်နိုင်စွမ်း မရှိတော့ ကလိုင်းဟာ သေနတ်နဲ့ လက်ကိုင်တုတ်ကိုပဲ အားကိုးရပါတယ်။
ဝဲလ်နေထိုင်တဲ့ ရပ်ကွက်က သန့်တယ်လို့ ပြောလို့ရပါတယ်။ သန့်ရှင်းသပ်ရပ်တဲ့ ဈေးဆိုင်တွေက လမ်းရဲ့ ဘေးနှစ်ဖက်မှာ ရှိနေပါတယ်။
လမ်းကွေ့ရောက်လို့ မြင်းလှည်းမှတ်တိုင်ကို သွားခါနီးမှာ ကလိုင်းဟာ တစ်ချက်ဝေ့ကြည့်လိုက်တဲ့အခါ ဒုတိယထပ်က ဆိုင်းဘုတ်တချို့ကို တွေ့လိုက်ရပါတယ်။
“ဟဲရစ် ကုန်တိုက်”
“စစ်မှုထမ်းဟောင်းများ စုံစည်းရာ”
“ဗေဒင်ကလပ်”
…..
‘ဗေဒင်ကလပ်…’ ကလိုင်းဟာ စိတ်ထဲမှာ တိတ်တဆိတ် ရေရွတ်ရင်း အမြင်ဆရာအဖြစ် သရုပ်ဆောင်ရမှာကို ပြန်တွေးမိလိုက်ပါတယ် ‘ဟုတ်တယ်… ငါ တစ်ချက်လောက် ဝင်ကြည့်ပြီး အတွေးအသစ် အမြင်သစ်တွေ ရှာဖွေရမယ်’
အတွေးမျိုးစုံနဲ့ ကလိုင်းဟာ လမ်းဖြတ်ကူးပြီး ဒုတိယထပ် တက်လိုက်ပါတယ်။ ကလိုင်းဟာ အဓိကဝင်ပေါက်ကနေ လှမ်းဝင်လိုက်တဲ့အခါ ချောမောလှပတဲ့ မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်ရပါတယ်။
ဒီမိန်းမပျိုဟာ ဝါညိုရောင်ဆံပင်တွေရှိပြီး ကလိုင်းကို ‌ခေါင်းအစ ခြေအဆုံး ကြည့်ကာ အပြုံးနဲ့ နှုတ်ဆက်ပါတယ် “လူကြီးမင်း… ဗေဒင်တွက်ချက်လို့လား ဒါမှမဟုတ် ကျွန်မတို့ရဲ့ ကလပ်ထဲ ဝင်ချင်လို့လား”
“ဝင်ခွင့်အတွက် သတ်မှတ်ချက်တွေ ရှိလား” ကလိုင်းက သာမန်ကာလျှံကာ မေးလိုက်ပါတယ်။
“ဖောင်ဖြည့်ပြီး တစ်နှစ်စာ အဖွဲ့ဝင်ကြေး သွင်းရုံပဲ… ပထမနှစ်အတွက် အဖွဲ့ဝင်ကြေးက ငါးပေါင်… နောက်နှစ်တွေအတွက်က တစ်နှစ်ကို တစ်ပေါင်… မစိုးရိမ်ပါနဲ့… ကျွန်မတို့ ကလပ်က နိုင်ငံရေး စီးပွားရေး ကလပ်တွေလိုမျိုး ပုံမှန်အဖွဲ့ဝင်ရဲ့ ထောက်ခံချက် မလိုပါဘူး”
“အဖွဲ့ဝင်တွေက ကလပ်ရဲ့ အစည်းအဝေးခန်း၊ ဗေဒင်ဟောခန်းတွေနဲ့ ပစ္စည်းမျိုးစုံကို အလကား သုံးနိုင်တယ်… ကလပ်က ထောက်ပံ့ပေးတဲ့ လက်ဖက်ရည်နဲ့ ကော်ဖီကိုလည်း သုံးဆောင်နိုင်တယ်… ကျွန်မတို့ အခပေးဝယ်ထားတဲ့ သတင်းစာနဲ့ မဂ္ဂဇင်းတွေကိုလည်း အလကား ဖတ်နိုင်တယ်… နေ့လည်စာ၊ ညစာ၊ ယာမကာနဲ့ အဖျော်ရည်တွေကို အရင်းဈေးနဲ့ ဝယ်ယူသုံးဆောင်နိုင်တယ်… ဗေဒင်ဟောဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေလည်း ဒီအတိုင်းပဲ”
“နောက်ပြီး ကျွန်မတို့ဆီမှာ လတိုင်း အနည်းဆုံး နာမည်ကြီး ဗေဒင်ဆရာတစ်ယောက်က လာဟောပြောတယ်… ဘယ်မေးခွန်းကိုမဆိုလည်း ဖြေကြားပေးတယ်”
“အရေးအကြီးဆုံးက ဝါသနာတူတဲ့လူတွေနဲ့ မိတ်ဆွေဖွဲ့နိုင်ပြီး အချင်းချင်း အလဲအလှယ် လုပ်နိုင်တယ်…”
‘နားထောင်ရတာတော့ ကောင်းတယ်… ဒါပေမဲ့ ငါ့မှာ ပိုက်ဆံမရှိဘူး…’ ကလိုင်းဟာ ကိုယ့်ကိုယ်ကိုယ် သရော်ပြုံး ပြုံးလိုက်ပါတယ် “အဲဒါဆိုကယ ငါက ဗေဒင်တွက်ချင်ရင်ရော…”

Comment

Leave a Reply

Options

not work with dark mode
Reset