အခန်း (၃၆) ဘာခက်လို့လဲ
အော်ဒရီဟာ သူ့အဖေနဲ့ သူ့အစ်ကိုကြီးတို့ စကားပြောတာကို ပြန်တွေးလိုက်ပါတယ် “အစိုးရဖွဲ့စည်းပုံက တော်တော်လေး ဝရုန်းသုန်းကားနိုင်တယ်လို့ သူတို့ ယုံကြည်ထားတယ်… ရွေးကောက်ပွဲတိုင်း အနိုင်ရပါတီ ပြောင်းသွားရင် ထိပ်ဆုံးကနေ အောက်ခြေအထိ လူတွေ လိုက်ပြောင်းတော့ ကိစ္စတွေ ပိုရှုပ်ထွေးပြီး တော်တော်နဲ့ အလုပ်မတွင်တော့ဘူး… အဲဒါက တိုက်ပွဲမှာ ဆုံးရှုံးတာအပြင် အရပ်သားတွေကိုလည်း တော်တော်လေး အဆင်မပြေ ဖြစ်စေတယ်”
ကလိုင်းဟာ လိုအင်နိုင်ငံမှာ ဝန်ထမ်းစစ်စာမေးပွဲ မရှိသေးတာကို ကောင်းကောင်းကြီး သိပါတယ်။ အတုယူစရာလည်း မရှိဘူး မဟုတ်ပါလား။ လိုအင်နိုင်ငံရဲ့ နိုင်ငံရေး အခြေအနေက စမ်းသပ်အဆင့်မှာပဲ ရှိနေသေးတော့ ရွေးကောက်ပွဲပြီးတိုင်း ရာထူးတွေကို ပါတီဝင်တွေနဲ့ ထောက်ခံသူတွေဆီ ပေးကြပါတယ်။
‘ဟမ်… ဧကရာဇ်ရစ်ဆဲလ်က ဒီလိုကိစ္စမျိုးကို အင်ထစ်မှာ ဘာလို့ မလုပ်ခဲ့တာလဲ… ဒါက သူ့စရိုက် မဟုတ်ဘူး… သူ့ဘဝနောက်ပိုင်းမှာ တခြားကိစ္စတွေကို အာရုံစိုက်ခဲ့လို့များလား…’
လူဇောက်ထိုးဟာ အယ်ဂျာရဲ့ စကားကို ကြားရတဲ့အခါ တစ်ချက်ရယ်လိုက်ပါတယ် “ဟီးဟီး… သူတို့က ယုံကြည်တယ်… အဲဒါဆို သူတို့ ယုံကြည်တာက နည်းနည်း နှေးနေသေးတယ်… ခြင်နက်ကိုက်တာ တစ်နှစ်ကြာမှ ယားတာလား…”
ခြင်နက်က လိုအင်နိုင်ငံ တောင်ပိုင်းမှာ ကျက်စားတဲ့ ခြင်မျိုးစိတ် တစ်မျိုးပါ။ ဒီခြင်မျိုးစိတ်က အဆိပ်ပြင်းပြီး အကိုက်ခံရတဲ့နေရာကို ဆွဲဖြဲချင်စိတ်လောက်အောင် ယားယံစေပါတယ်။
အော်ဒရီဟာ အယ်ဂျာရဲ့ စကားကို နားထောင်ပြီးနောက် ပါးစပ်ကို လက်ဝါးနဲ့ ကာလိုက်ရပါတယ်။ အော်ဒရီဟာ လူဇောက်ထိုးရဲ့ လှောင်ပြောင်မှုကို လျစ်လျူရှုပြီး အဓိကသတင်းကို ဆက်ပြောပါတယ် “ကံဆိုးချင်တော့ သူတို့တွေ ဒီစနစ်ကို အစားထိုးဖို့ နည်းလမ်းကောင်း ရှာမတွေ့သေးဘူး”
ကလိုင်းဟာ ဂရုတစိုက် နားထောင်ရင်းက ဒီကိစ္စကို သူ ဖြေရှင်းနိုင်တယ်လို့ ခံစားရတာကြောင့် ခပ်ယဲ့ယဲ့ ပြုံးလိုက်ပါတယ် “ဒါက ဘာခက်လို့လဲ”
သူတို့ တရုတ်ပြည်မှာ ဒီပြဿနာကို ဖြေရှင်းဖို့ ဝန်ထမ်းရွေးချယ်တဲ့ စာမေးပွဲကို ဟိုးပဝေသဏီကတည်းက ကျင်းပခဲ့တာ မဟုတ်ပါလား။
“မခက်ဘူးလား…” အော်ဒရီဟာ နားမလည်တဲ့မျက်နှာနဲ့ မေးလိုက်ပါတယ်။
အော်ဒရီဟာ နိုင်ငံရေးကို မသင်ရပေမဲ့ သူ့အဖေ၊ သူ့အစ်ကိုနဲ့ တခြားလူတွေ ဆွေးနွေးတာကို ကြားဖူးပါတယ်။ အဲဒါကြောင့် ဒီလိုကိစ္စမျိုးရဲ့ အခက်အခဲကို လုံလုံလောက်လောက် နားလည်ပါတယ်။
“စာမေးပွဲ… ကောလိပ်ဝင်ခွင့် စာမေးပွဲလိုပဲ… လူအများဖြေနိုင်တဲ့ စာမေးပွဲ ကျင်းပလိုက်… အဲဒီစာမေးပွဲကို နှစ်ဆင့်ပဲဖြစ်ဖြစ် သုံးဆင့်ပဲဖြစ်ဖြစ် ခွဲလိုက်… အခြေခံအကျဆုံး နည်းလမ်းသုံးပြီး လူတော်တွေကို ရွေးချည်ချည်”
“ဒါပေမဲ့..” အော်ဒရီဟာ ကလိုင်းရဲ့ ဖြေရှင်းချက်ကို ကြားလိုက်ရတဲ့အခါ ဒီဖြေရှင်းချက်က ဘယ်လို့ ကန့်ကွက်မှုမျိုးတွေ ပေါ်လာမလဲဆိုတာ သိလိုက်ပါတယ်။ ဒါပေမဲ့ သူ စကားလုံးစီလို့ မပြီးခင်မှာပဲ ကလိုင်းက ဆက်ပြောပါတယ်။
“ ပြီးရင် ဒီလူတော်တွေနဲ့ အစိုးရအဖွဲ့ကိုဖြည့်… ကိစ္စတွေကို တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းရတဲ့နေရာမှာ သူတို့ကိုထား… မတူတဲ့နေရာအတွက် လိုအပ်ချက်ကလည်း မတူကွဲပြားလိမ့်မယ်… ပရော်ဖက်ရှင်နယ် ကိစ္စကို ပရော်ဖက်ရှင်နယ် လက်ထဲပဲ အပ်သင့်တယ်”
“ဝန်ကြီးတို့ မြို့စားတို့ မြို့ဝန်တို့လို နိုင်ငံရေးနေရာတွေကိုတော့ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီအတွက် ချန်ထားလိုက်ပေါ့… ဒါက သူတို့နဲ့ ထိုက်တန်ပါတယ်”
ဒီလိုကိစ္စမျိုးတွေကို စိတ်မဝင်စားတဲ့ အယ်ဂျာဟာ မသိမသာနဲ့ ခေါင်းလှည့်ပြီး စိတ်ဝင်တစား နားထောင်ပါတယ်။ အော်ဒရီဟာလည်း မျက်မှောင် နည်းနည်းကြုတ်ပြီး အတွေးနက်သွားပါတယ်။
“လူတိုင်းကို တစ်ခါတည်း အစားထိုးစရာ မလိုဘူး… အဲဒီလိုသာဆိုရင် အစိုးရအဖွဲ့အစည်းတစ်ခုလုံး အိုနာကျိုးကန်း ဖြစ်သွားလိမ့်မယ်… တစ်နှစ်တစ်ခါဖြစ်ဖြစ် သုံးနှစ်တစ်ခါဖြစ်ဖြစ် စာမေးပွဲ ကျင်းပပြီး တဖြည်းဖြည်း အစားထိုးသွားချည်… နောက်ကျရင် နိုင်ငံက ကျယ်ပြန့်သွားတာပဲဖြစ်ဖြစ် လခစားဝန်ထမ်းတွေ အနားယူသွားရင်ပဲဖြစ်ဖြစ် နေရာလွတ်တွေ ပေါ်လာလိမ့်မယ်… အဲဒီအခါကျရင် စနစ်တကျ နေရာချထားလို့ရပြီ”
ကလိုင်းဟာ သူ့ရဲ့ ကီးဘုတ် နိုင်ငံရေးသမား အရည်အချင်းကို အပြည့်အဝ ထုတ်သုံးပါတယ်။
“ဒီလိုလုပ်တာက နိုင်ငံရဲ့ လူတော်တွေကို အစိုးရအဖွဲ့ထဲ ဆွဲသွင်းနိုင်တယ်… အာဏာရပါတီက ဘယ်ပါတီပဲဖြစ်ဖြစ် ဝန်ကြီးတွေက ဘယ်သူပဲဖြစ်ဖြစ် အရပ်ဘက်ဝန်ထမ်းတွေက နိုင်ငံကို ပုံမှန်အတိုင်း လည်ပတ်စေလိမ့်မယ်”
ကလိုင်း မပြောတာ တစ်ခုတော့ ရှိပါတယ်။ အဲဒါက မသေနိုင်တဲ့ ဗျူရိုကရေစီ နတ်ဆိုးတစ်ကောင် မွေးဖွားလာတာပါ။
အော်ဒရီဟာ ကလိုင်းရဲ့ အကြံပြုချက်ကို စဉ်းစားရင်း သံသယနဲ့ မေးလိုက်ပါတယ် “လူကြီးမင်းက အဲဒီဝန်ကြီးတွေ မျောက်ဖြစ်လာရင်တောင် သက်ရောက်မှု သိပ်မရှိဘူးလို့ ဆိုလိုချင်တာလား”
“မဟုတ်ဘူး” အယ်ဂျာဟာ ရုတ်တရက် ထငြင်းပါတယ် “အဲဒီလက်ရှိ ဝန်ကြီးတွေထက် မျောက်တွေကမှ ပိုကောင်းဦးမယ်”
အယ်ဂျာဟာ ခဏရပ်ပြီး ထပ်ပြောပါတယ် “မျောက်တွေက အိပ်စားကာမ သုံးမျိုးပဲ သိတာ… အဲဒီသုံးစားမရတဲ့ အကြံဉာဏ်တွေနဲ့ ဦးနှောက်မရှိတဲ့ ပရော့ဂျက်တွေကို လုပ်ခိုင်းမှာ မဟုတ်ဘူး”
‘မစ္စတာ လူဇောက်ထိုး… ကြည့်ရတာ မင်းရဲ့ အထက်လူကြီးက တော်တော် ဆိုးမဲ့ပုံပဲ’ ထိပ်ဆုံးထိုင်ခုံမှာ ထိုင်နေတဲ့ ကလိုင်းဟာ ခေါင်းခါကာ စိတ်ထဲမှာ ပြုံးမိလိုက်ပါတယ်။
အော်ဒရီဟာ မစ္စတာအရူးပြောတဲ့ အကြံပြုချက်ကို တစ်အောင့်ကြာအောင် စဉ်းစားပြီးနောက် တအံ့တဩ ပြောလိုက်ပါတယ် “ဒီအကြံက အလုပ်ဖြစ်နိုင်လောက်တယ်… ရိုးရှင်းပြီး လက်တွေ့ အသုံးကျမဲ့ ဖြေရှင်းချက်ပဲ”
အော်ဒရီဟာ ကလိုင်းကို ကြည့်ပြီး စိတ်ရင်းနဲ့ ကျေးဇူးတင်စကား ဆိုပါတယ် “မစ္စတာအရူး… လူကြီးမင်းက အမြော်အမြင်ရှိပြီး ဘဝအတွေ့အကြုံများတဲ့ လူကြီးတစ်ယောက် ဖြစ်ရမယ်”
ကလိုင်းဟာ အော်ဒရီရဲ့ စကားကို နားထောင်ပြီး နှုတ်ခမ်းထောင့် တွန့်တက်သွားပါတယ်။ အဲဒီနောက် လူဇောက်ထိုးနဲ့ မစ္စတရားမျှတမှုကို သုံးလေးစက္ကန့်လောက် တိတ်တဆိတ် ကြည့်လိုက်ပါတယ်။
“ဒီနေ့ တွေ့ဆုံမှုကို ဒီမှာပဲ ရပ်လိုက်ကြရအောင်”
‘မစ္စတရားမျှတမှုသာ သူ့မိသားစုကို လွှမ်းမိုးပြီး ဒီကိစ္စကို ပြောင်းလဲအောင် လုပ်နိုင်ရင် ငါ ဘန်ဆင်ကို အရပ်ဘက်ဝန်ထမ်း ဖြစ်လာအောင် ကြိုပြီးတော့ လမ်းညွှန်ပေးလို့ရတယ်… သေချာတွေးကြည့်ရင် ဘန်ဆင်က ဒီလိုအလုပ်မျိုးနဲ့ တကယ်ကို သင့်လျော်တယ်’
ကလိုင်းဟာ မစ္စတရားမျှတမှုက ဒီကိစ္စကို သူ့ဘာသာ မလုပ်ဘူးဆိုတာတော့ သိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုလုပ်ရင် သူနဲ့ လူဇောက်ထိုးက ဒီကိစ္စကို အကြံပေးတဲ့ အထက်တန်းလွှာကနေ သူမ ဘယ်သူဘယ်ဝါလဲဆိုတာကို ခန့်မှန်းနိုင်သွားမှာမလို့ပါပဲ။
အဲဒါကြောင့် မစ္စတရားမျှတမှုက ဒီကိစ္စကို လှည့်ပတ်ပြီး သိုသိုသိပ်သိပ် လုပ်မှာပါ။
“လူကြီးမင်းရဲ့ အလိုဆန္ဒ အတိုင်းပါ” အော်ဒရီနဲ့ အယ်ဂျာဟာ အတူတူ မတ်တတ်ရပ်လိုက်ပါတယ်။
ကလိုင်းဟာ ကုလားထိုင်မှာ ကျောမှီထိုင်ပြီး ဆက်သွယ်မှုကို ဖြတ်တောက်လိုက်တဲ့အခါ တရားမျှတမှုနဲ့ လူဇောက်ထိုးရဲ့ ဝေဝါးလှတဲ့ ပုံရိပ်ယောင်က ရုတ်ခြည်း ကွဲကြေပြီး လွင့်ပါး ပျောက်ကွယ်သွားတာကို တွေ့လိုက်ရပါတယ်။
မီးခိုးရောင်မြူခိုးထက်က နတ်ဘုရားတွေ စံမြန်းတဲ့ ခမ်းနားထည်ဝါတဲ့ နန်းတော်ထက်မှာ ကလိုင်းတစ်ယောက်တည်း ကြေးစားပွဲရဲ့ ထိပ်ဆုံးမှာထိုင်ရင်း ကျန်ရစ်နေခဲ့ပါတယ်။ ကလိုင်းဟာ အရင်တစ်ခါလို မီးခိုးရောင်မြူခိုးထဲ ထိုးကျမသွားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သာလွန်သူဖြစ်လာပြီးနောက် ကလိုင်းရဲ့စိတ်က ပိုအားကောင်းလာလို့ပါ။
ကလိုင်း တဲရော့ကလပ်ကို စောစော အဆုံးသတ်လိုက်တာက ညသိမ်းငှက်တွေ အန်တီဂိုနပ် မှတ်စုစာအုပ်ကို ဘယ်လို သဘောထားတယ်ဆိုတာ သိလိုက်ရလို့ပါ။ ကလိုင်းဟာ ဒီမှတ်စုစာအုပ်ကို သေချာဂရုတစိုက်ရှာပြီး တစ်ချိန်လုံး အိပ်မနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မဟုတ်ရင် ဒန်းစမစ်က သူ အိမ်မှာ ဘာတွေလုပ်နေလဲဆိုပြီး သံသယဝင်လာမှာပါ။
နောက်ပြီး ကလိုင်းဟာ ဒီတစ်ခေါက် တော်တော်လေး အကျိုးအမြတ် ရလိုက်ပါတယ်။
ကလိုင်းဟာ ကြေးစားပွဲရဲ့ ထိပ်ဆုံးကုလားထိုင်မှာ ကျောမှီထိုင်ရင်း လက်နှစ်ဖက်ကို ကုလားထိုင်ရဲ့ လက်ရန်းပေါ် တင်လိုက်ပါတယ်။ ကလိုင်းဟာ လက်ချောင်းတွေကို တစ်ချောင်းနဲ့တစ်ချောင်း ယှက်ထားရင်း အတောမသတ်နိုင်အောင် ကျယ်ပြောလှတဲ့ မီးခိုးရောင် မြူခိုးတွေကို သေချာဂရုတစိုက် ကြည့်ရှုပါတယ်။
ဒီနေရာရဲ့ မြင်ကွင်းက နှစ်ဆယ်သန်းချီကြာတာတောင် လူတစ်ယောက်မှ ခြေမချဖူးတဲ့ပုံပါပဲ။
ကလိုင်းဟာ လူဇောက်ထိုးနဲ့ တရားမျှတမှုကို ဆင့်ခေါ်ဖို့ ဆက်သွယ်မှု တည်ဆောက်တုန်းက တစ်စုံတစ်ရာကို သတိထားမိခဲ့ပါတယ်။ အဲဒါက သာလွန်သူဖြစ်လာတဲ့သူဟာ နောက်ထပ် နီမှောင်ရောင် ကြယ်တစ်လုံးကို ထိတွေ့နိုင်စွမ်း ရှိလာတာပါ။
“ဒါက ငါ နောက်ထပ် လူတစ်ယောက်ကို ဆင့်ခေါ်နိုင်တယ်လို့ ဆိုလိုတာလား..” ကလိုင်းဟာ အဲဒီခံစားချက်ကို ပြန်တွေးရင်း ရေရွတ် အတည်ပြုလိုက်ပါတယ်။
ဒါပေမဲ့ ကလိုင်းဟာ ချက်ချင်း မကြိုးစားကြည့်ပါဘူး။ နောက်ထပ် ရောက်လာမဲ့လူက ဘယ်သူဘယ်ဝါမှန်း မသိရတဲ့အပြင် ဘယ်လို သဘောထားမျိုး ရှိမလဲဆိုတာကိုလည်း မသိရဘူး မဟုတ်ပါလား။
လူတိုင်းက တရားမျှတမှုနဲ့ လူဇောက်ထိုးလိုမျိုး အလွယ်တကူ ဝင်ရောနိုင်ပြီး သူတို့လိုတာ ရယူကြတဲ့ တစ်မူထူးခြားတဲ့ စရိုက်မျိုး ရှိကြတာ မဟုတ်ပါဘူး။ သူတို့နှစ်ယောက်က ဒီကိစ္စကို လျှို့ဝှက်ထားဖို့တောင် ဆန္ဒရှိကြပါတယ်။
မတော်လို့ ကလိုင်းသာ ဒန်းစမစ်လိုမျိုး ပုဂ္ဂိုလ်ကို ဆင့်ခေါ်မိခဲ့ရင် သူရဲ့ တည်ထောင်ခါစ လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်းက ချက်ချင်း ဘုရားကျောင်းရဲ့ စောင့်ကြည့်မှုအောက်ကို ရောက်သွားမှာပါ။
ဒီလိုဆိုရင် မိစ္ဆာအဖွဲ့အစည်းရဲ့ ခေါင်းဆောင်အနေနဲ့ ကလိုင်းရဲ့ အနာဂတ်ကလည်း မတွေးဝံ့စရာပါ။
ကလိုင်းဟာ မီးခိုးရောင်မြူခိုးက ထူးခြားမှန်း သိပါတယ်။ ဒန်းစမစ်လိုမျိုး သာလွန်သူတစ်ယောက် ထိုးဖောက် မမြင်နိုင်မှန်းလည်း သိပါတယ်။ ဒါပေမဲ့ ပြဿနာက သူ့မှာ သာလွန်သူစွမ်းအားရှိတော့ နတ်ဘုရားတွေရဲ့ တည်ရှိမှုကို ထည့်သွင်းစဉ်းစားဖို့ လိုလာပါတယ်။
ကလိုင်းဟာ နတ်ဘုရား ၇ ပါးက တကယ် တည်ရှိခဲ့တယ်လို့ ယုံကြည်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဒီလိုဆိုပေမဲ့ ကလိုင်းဟာ နတ်ဘုရားတွေကို အနှိုင်းမဲ့ စွမ်းအားကြီးတယ်လို့ မျက်စိစုံမှိတ်ပြီး ယုံကြည်တာ မဟုတ်ပါဘူး။ နတ်ဘုရားတွေက အဆင့်မြင့် ဆုံမှတ် သာလွန်သူတွေထက် စွမ်းအားပိုကြီးရုံပဲလို့ ယုံကြည်ထားတာပါ။
နောက်ပြီး နတ်ဘုရားတွေက တင်းကျပ်တဲ့ ကန့်သတ်မှုအောက်မှာ ရှိနေနိုင်ပါတယ်။ အနည်းဆုံး ပဥ္စမယုဂ်ကတည်းက ဗျာဒိတ်တချို့ကလွဲရင် သူတို့တွေ လူမြင်ကွင်းမှာ ထပ်ပေါ်မလာတော့ပါဘူး။
“ဟင်း… လူတွေကို အတင်းဆွဲသွင်းတာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး… ဘယ်သူမှ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းထဲကို မရေရာတဲ့ အကြောင်းအရင်း တချို့ကြောင့် ဆွဲသွင်းခံချင်မှာ မဟုတ်ဘူး… ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့…”
ကလိုင်းဟာ သက်ပြင်းချပြီး မတ်တတ်ရပ်လိုက်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ပြီး သူ့ခန္ဓာကိုယ်ရဲ့ တည်ရှိမှုကို အာရုံခံပါတယ်။ ပြီးတဲ့အခါမှာတော့ မြန်မြန်ဆန်ဆန် ပြုတ်ကျသွားတဲ့ လေးလံတဲ့ ခံစားချက်ကို မြင်ယောင်ကြည့်ပါတယ်။
ဒီအခါမှာ ကလိုင်းရှေ့က မြင်ကွင်းဟာ ပြောင်းလဲသွားပါတယ်။ မီးခိုးရောင်မြူခိုးနဲ့ နီမှောင်ရောင်ဟာ ကလိုင်းဆီကနေ ရုတ်ခြည်း ထွက်ခွာသွားပါတယ်။ ကလိုင်းဟာ အဆုံးမရှိတဲ့ ရေအမြှေးပါးတွေ စုတ်ဖြဲခံရသလိုမျိုး ခံစားလိုက်ရပြီး နောက်ဆုံးမှာ လက်တွေ့လောက မှောင်မိုက်တဲ့ သူ့အခန်းကို မြင်လိုက်ရပါတယ်။
ဒီတစ်ကြိမ်မှာတော့ ကလိုင်းဟာ လုံးဝ နိုးနေပြီး အတွေ့အကြုံတစ်ခုလုံးကို သေသေချာချာ ခံစားလိုက်ရပါတယ်။
‘ထူးဆန်းတယ်… မီးခိုးရောင် မြူခိုးနဲ့ စိတ်ဝိညာဉ်လောကက ကွဲပြားမှုတချို့ ရှိနေတယ်…’ ကလိုင်းဟာ ခြေလက်တွေ လှုပ်ရှားပြီး ခန္ဓာကိုယ်ရဲ့ တည်ရှိမှုကို ခံစားပါတယ်။
ကလိုင်းဟာ အတွေ့အကြုံတစ်ခုလုံးကို သေချာ ပြန်တွေးပြီးနောက် ခေါင်းခါလိုက်ပါတယ်။ အဲဒီနောက် စားပွဲဆီ လျှောက်သွားပြီး လိုက်ကာကို ဆွဲဖွင့်လိုက်တဲ့အခါ နေရောင်ခြည်က အခန်းထဲ ဝင်လာပါတယ်။
ကလိုင်းဟာ ပြတင်းပေါက် အပြင်ဘက်က လမ်းပေါ်မှာ သွားလာလှုပ်ရှားနေကြတဲ့ လမ်းသွားလမ်းလာတွေကို ကြည့်ရင်း အသက်အရှည်ကြီး ရှူကာ ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ် “အပြင်ထွက်ပြီး အလုပ်လုပ်ဖို့ အချိန်ကျပြီ”
‘ငါ အမြင်ဆရာလိုမျိုး ဘယ်လို သရုပ်ဆောင်ရမှာလဲ…’
‘အလျင်မလိုစမ်းနဲ့… အခုအချိန်မှာ ငါ လုပ်နိုင်တာက စိတ်ဝိညာဉ်အာရုံပဲ ရှိတယ်’
…..
ဘက်ကလင်၊ ဧကရီမြို့နယ်။
အော်ဒရီဟောလ်ဟာ မှန်ထဲက သူ့ရုပ်သွင်ကို ကြည့်လိုက်တဲ့အခါ စိတ်လှုပ်ရှားမှုကြောင့် ပါးပြင်တွေ နီရဲနေတာကို တွေ့လိုက်ရပါတယ်။ သူ့မျက်လုံးတွေကလည်း ကြည့်မိတဲ့လူတိုင်းကို တုန်လှုပ်သွားစေနိုင်တဲ့အထိ တောက်ပနေပါတယ်။
အော်ဒရီဟာ ဒါတွေကို စိတ်မဝင်စားဘဲ ပွဲကြည့်သမားဆေးရည်ကို ပြန်တွေးလိုက်ပါတယ်။ အဲဒီနောက် မှန်တင်ခုံပေါ်မှာ အသင့်ချထားတဲ့ ဖော့ပင်ကို ကောက်ယူပြီး ဆေးရည်ဖော်မြူလာကို အနုစိတ်လှတဲ့ သိုးသားရေ စာရွက်ပေါ်မှာ ချရေးလိုက်ပါတယ်။
“ရေသန့် ၈၀ မီလီလီတာ၊ ဆောင်းဦးကုံကုမံဆီ ၅ စက်၊ နွားသွား ဖိုင်ရော့နော်မှုန့် ၁၃ ဂရမ်၊ နတ်သူငယ်ပန်း ပွင့်ချပ် ၇ ချပ်၊ အရွယ်ရောက်ပြီးသား မန်ဟယ်ငါးမျက်စိ၊ ဆိတ်ချိုငါးနက်သွေး ၃၅ မီလီလီတာ”
“ဟူး…” အော်ဒရီဟာ သူချရေးထားတဲ့ ဆေးရည်ဖော်မြူလာကို သုံးလေးကြိမ်စစ်ပြီးမှ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ အော်ဒရီဟာ ကခုန်ချင်စိတ် ပေါ်လာပေမဲ့ သူ့စိတ်ကို အမြန်ထိန်းလိုက်ပါတယ်။
တစ်ခဏ တွေးတောပြီးနောက် အော်ဒရီဟာ ဆေးရည် ဖော်မြူလာပတ်လည်မှာ ဓာတုနာမည် အမျိုးမျိုးကို လျှောက်ရေးပါတယ်။ အော်ဒရီဟာ သိုးသားရေ စာရွက်ကို ရှုပ်ပွတဲ့ ဓာတုဗေဒ မှတ်စုအဖြစ် ပြောင်းလိုက်ပါတယ်။
‘ဟုတ်တယ်… သေချာ မဖတ်ဘဲ ဟိုလှန်ဒီလှန် လုပ်တာဆိုရင် ဒီဆေးရည် ဖော်မြူလာကို သတိထားမိမှာ မဟုတ်ဘူး… ဟီးဟီး… ငါက တကယ်ကို တော်တာပဲ…’ အော်ဒရီဟာ သူ့ကိုယ်သူ ချီးကျူးလိုက်ပြီး ပါဝင်ပစ္စည်းတွေအကြောင်း ဆက်တွေးပါတယ်။
‘အိမ်က မိသားစုဘဏ်တိုက်တွေထဲမှာ ပထမဆုံး လိုက်ရှာရမယ်… အဲဒီမှာ မရှိတဲ့ပစ္စည်းတွေကို တခြားလူတွေနဲ့ အလဲအလှယ် လုပ်ရမယ်… အဲဒါတောင်မှ ပါဝင်ပစ္စည်းတွေ အကုန်လုံးကို မစုဆောင်းနိုင်ရင်တော့ လူဇောက်ထိုးနဲ့ မစ္စတာအရူးဆီက အကူအညီတောင်းရမှာပဲ… ဒါပေမဲ့ တန်ကြေးအနေနဲ့ ငါ ဘာပေးနိုင်လဲ…’
တစ်ခဏ တွေးတောပြီးနောက် အော်ဒရီဟာ မှတ်စုစာအုပ်ကို ပိတ်ကာ စာအုပ်စင်သေးသေးလေးမှာ ထားလိုက်ပါတယ်။ အဲဒီနောက် အော်ဒရီဟာ တံခါးဆီ လျှောက်သွားပြီး တံခါးဆွဲဖွင့်လိုက်တဲ့အခါ အခန်းအပြင်မှာ လိမ်လိမ်မာမာ ထိုင်နေတဲ့ ရွှေရောင်အမွေးတွေနဲ့ ခွေးတစ်ကောင်ကို တွေ့လိုက်ရပါတယ်။
အော်ဒရီရဲ့ ပါးစပ်ထောင့်ဟာ တွန့်တက်သွားပြီး တောက်ပတဲ့အပြုံးတစ်ခု ပေါ်လာပါတယ်။
“ဆူဇီ… နင့်တာဝန် ၁၀၀ ရာခိုင်နှုန်း အောင်မြင်တယ်”
“သတင်းစာမှာပါတဲ့ အခန်းဆက်ဝတ္ထုရှည်တွေထဲမှာ စုံထောက်တွေက အမြဲတမ်း ကျွမ်းကျင်တဲ့အကူတစ်ယောက် ရှိတယ်… ဒီတော့ ငါ့အထင် ပွဲကြည့်သမားစစ်စစ်ကို ကူညီမဲ့ ခွေးကြီးတစ်ကောင် ရှိသင့်တယ်”
…..
မှိတ်တုတ်မှိတ်တုတ် အလင်းရောင်ပဲရှိတဲ့ မြေအောက်ခန်းမှာ အယ်ဂျာဝဲလ်ဆင်ဟာ လက်ဝါးမြှောက်ပြီး သေချာဂရုတစိုက် ကြည့်လိုက်ပါတယ်။ အတန်ကြာတဲ့အခါမှာတော့ အယ်ဂျာဟာ သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။
“အံ့အားသင့်ဖို့ ကောင်းနေတုန်းပဲ… ငါ ဘာအကြောင်းမှ ရှာမတွေ့နိုင်ဘူး…”
လုံလုံလောက်လောက် ပြင်ဆင်ထားတာတောင် အယ်ဂျာဟာ မစ္စတာအရူးက ဘယ်လိုဆင့်ခေါ်လဲဆိုတာ နားမလည်နိုင်ပါဘူး။
အဲဒီနောက် အယ်ဂျာရဲ့အကြည့်ဟာ စားပွဲပေါ်က သိုးသားရေစာရွက်ဆီ ရောက်သွားပါတယ်။ ဒီဝါကျင့်ကျင့်စာရွက်ရဲ့ ခေါင်းစီးဟာ ဟာမီးဘာသာစကားဖြစ်ပြီး ပြာနက်တဲ့မှင်နဲ့ ရေးသားထားပါတယ်။
“ဆုံမှတ် ၇ သင်္ဘောသား”