Switch Mode

Chapter – 34

ကြိုတင် ပေးချေမှု

အခန်း (၃၄) ကြိုတင် ပေးချေမှု

ပြတင်းပေါက်မရှိတဲ့ မြေအောက်ခန်းတစ်ခုမှာ ခန္ဓာကိုယ် ကြံ့ခိုင်တဲ့ အယ်ဂျာဝဲလ်ဆင်ဟာ ပစ္စည်းအမျိုးမျိုးနဲ့ ဆိတ်သားရေ စာရွက်တွေ တင်ထားတဲ့ စားပွဲရှည်နားမှာ ထိုင်နေပါတယ်။
သူ့ရှေ့မှာ တစ်ဝက်လောင်ကျွမ်းသွားပြီ ဖြစ်တဲ့ ဖယောင်းတိုင်တစ်တိုင် ရှိနေပါတယ်။ ဖျော့တော့ ဝါဝင်းနေတဲ့ မီးလျှံဟာ အရာဝတ္ထုတွေနဲ့ စားပွဲရဲ့ အရိပ်တွေကို တံလျှပ်လိုမျိုး ရွှေ့လျားစေပါတယ်။
အယ်ဂျာရဲ့ ဆံပင်တွေဟာ အပြာရောင်ရှိပြီး အနက်ရောင်နဲ့ဆင်တဲ့ ပင်လယ်ရေညှိလိုမျိုး ရှုပ်ပွနေပါတယ်။ အယ်ဂျာဟာ လျှပ်စီးသင်္ကေတပါတဲ့ ဝတ်ရုံကို ဝတ်ဆင်ထားပါတယ်။ အယ်ဂျာဟာ လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး လက်မနှစ်ချောင်းကို တစ်ချောင်နဲ့ တစ်ချောင်း ထိထားပါတယ်။ အယ်ဂျာရဲ့ အကြည့်ကတော့ ဖယောင်းတိုင်ဘေးက အနက်ရောင် အရည် တစ်ဝက်ပါတဲ့ ပုလင်းတစ်လုံးကို အာရုံစိုက်နေပါတယ်။
“ဝှစ်… ဝှစ်… ဝှစ်…”
“ဗွမ်း… ဗွမ်း… ဗွမ်း…”
လေပြင်းတိုက်ခိုက်သံ မဟုတ်ရင် ပင်လယ်လှိုင်းထန်သံတွေဟာ ဒီချိပ်ပိတ်ထားတဲ့ ပုလင်းထဲကနေ ထွက်ပေါ်နေပါတယ်။ မှင်နက်မပျောက်ကွယ်တဲ့ နေရာမှာတော့ ခပ်ယဲ့ယဲ့ မြူခိုးတွေ ချာချာလည် လည်နေပါတယ်။ မျက်စိနဲ့ ပါးစပ် ကြီးထွားလာတဲ့အတိုင်းပါပဲ။
အယ်ဂျာဟာ ခေါင်းငဲ့ပြီး နံရံမှာ ဆွဲထားတဲ့ နာရီကို တစ်ချက် ကြည့်လိုက်တဲ့အခါ နာရီလက်တံက သုံးရောက်သွားတာ တွေ့လိုက်ရပါတယ်။
အယ်ဂျာ သူ့နားထင်ကို ဖိလိုက်တဲ့အချိန်မှာပဲ သူ့မျက်လုံးတွေ မှောင်မည်းသွားပါတယ်။ စားပွဲပေါ်က ပစ္စည်းမျိုးစုံကနေ အရောင်မျိုးစုံ ထွက်ပေါ်လာပါတယ်။
ဒီအချိန်မှာ အယ်ဂျာဟာ နီရဲတဲ့အလင်းက ဒီရေလိုမျိုး ဘယ်ကနေမှန်းမသိ ထွက်ပေါ်လာပြီး သူ့ကို ရုတ်ခြည်း လွှမ်းမိုးသွားတာ တွေ့လိုက်ရပါတယ်။
…..
ဘက်ကလင်၊ ဧကရီမြို့နယ်၊ ဟောလ်မိသားစု ဇိမ်ခံအိမ်တော် အတွင်း။
အကဆရာမကို ပြန်လွှတ်ပြီးနောက် အော်ဒရီဟာ အခန်းတံခါးကို လော့ချပြီး မှန်တင်ခုံရှေ့မှာ မတ်မတ် ထိုင်လိုက်ပါတယ်။
အပြင်ဘက်က နေမင်းဟာ တောက်ပြီး ရွှန်းရွှန်းစိုနေပါတယ်။ အော်ဒရီရှေ့က မှန်တင်ခုံပေါ်မှာ ဆိတ်သားရေနဲ့ အနုစိတ် ပြုလုပ်ထားတဲ့ အညိုရောင်ဖျော့ဖျော့ မှတ်စုစာအုပ်တစ်အုပ် ရှိနေပါတယ်။ ဒီမှတ်စုစာအုပ်ဟာ ပွင့်နေပြီး ဗလာစာမျက်နှာကို လှန်ထားပါတယ်။ မှတ်စုစာအုပ်ရဲ့ ညာဘက်မှာတော့ ပတ္တမြားတွေ စီခြယ်ထားတဲ့ ရွှေဘောပင်တစ်ချောင်း ရှိနေပါတယ်။
အော်ဒရီဟာ တဲရော့ကလပ် စုဝေးပွဲကနေ ထွက်ခွာတာနဲ့ ဆေးရည် ဖော်မြူလာကို ချက်ချင်း ချရေးနိုင်အောင် စမ်းသပ်ကြည့်ပြီး သေချာအောင် လုပ်ပါတယ်။
‘ဒါက ငါ မျှော်လင့်ချက်ပဲ…’ အော်ဒရီဟာ အသက်ရှူထုတ်ပြီး လှုပ်ရှားနေတဲ့ ခံစားချက်တွေကို သိမ်းဆည်းရင်း နှုတ်ခမ်းကိုက်ကာ မှန်ထဲက သူ့ရုပ်သွင်ကို ကြည့်လိုက်ပါတယ်။
ဒါပေမဲ့ အော်ဒရီဟာ သူ့ပုံရိပ်ကို ပြန်မမြင်ရဘဲ နီရဲနက်မှောင်ပြီး ဝေဝါးတဲ့ အလင်းရောင်တစ်ခု သူ့ခန္ဓာကိုယ်ထဲကနေ ဖြာထွက်လာတာကို တွေ့လိုက်ရပါတယ်။
…..
မီးခိုးရောင် မြူခိုးထက်မှာ ဘီလူးကြီးတွေရဲ့ နန်းတော်အလား ကြီးကျယ် ခမ်းနားထည်ဝါတဲ့ နန်းတော်ကြီးတစ်ဆောင် တည်ရှိနေပါတယ်။
ကြေးစားပွဲရဲ့ နှစ်ဖက်နှစ်ချက်မှာ နီရဲနက်မှောင်တဲ့ အရောင်တွေ တောက်ပနေပါတယ်။ ဒီအရောင်တွေဟာ ရေပန်းလိုမျိုး အပေါ်ကို ထိုးတက်ပြီး အောက်ပြန်ကျသွားတဲ့အခါ အရင်တုန်းက နေရာမှာပဲ လူနှစ်ယောက် ပေါ်လာပါတယ်။
နူးညံ့အိစက်တဲ့ ရွှေရောင်ဆံပင်နဲ့ ခန္ဓာကိုယ်သွယ်လျတဲ့ အော်ဒရီဟာ ထိပ်ဆုံးထိုင်ခုံကို အလိုလို ကြည့်မိလိုက်တဲ့အခါ ထူထဲတဲ့ မီးခိုးရောင် မြူခိုးတွေကြားက ရုပ်သွင်တစ်သွင်ကို တွေ့လိုက်ရပါတယ်။ ဒီရုပ်သွင်ရဲ့ လက်တစ်ဖက်က စားပွဲပေါ် တင်ထားပြီး ကျန်တစ်ဖက်ကတော့ မေးစေ့ကို ပွတ်နေပါတယ်။
“မင်္ဂလာ နေ့လယ်ခင်းပါ… မစ္စတာအရူး…” အော်ဒရီဟာ ရွှင်ပျတဲ့အသံနဲ့ နှုတ်ဆက်ပါတယ်။
အဲဒီနောက် အော်ဒရီဟာ ခေါင်းလှည့်ပြီး မျက်နှာချင်းဆိုင်က လူပုဂ္ဂိုလ်ကိုလည်း စောစောက လေသံအတိုင်းပဲ နှုတ်ဆက်ပါတယ် “မင်္ဂလာ နေ့လယ်ခင်းပါ… မစ္စတာ လူဇောက်ထိုး”
‘ဒီမိန်းကလေးက အတွေ့အကြုံမရှိတာ သေချာတယ်… ငါက လူကောင်းဆိုတာကို အတပ်သိတာ ကျနေတာပဲ… ဘာဖြစ်လို့ နည်းနည်းလေးတောင် မကြောက်ရတာလဲ… ငယ်ငယ်လေးကတည်းက ကောင်းကောင်းမွန်မွန် ကြီးပြင်းလာတဲ့ အထက်တန်းလွှာထင်တယ်…’
ကလိုင်းဟာ ပြုံးရုံသာပြုံးပြီး သူ့ရဲ့ နက်နဲတဲ့ ပုံရိပ်ကို ထိန်းသိမ်းပါတယ်။
“မင်္ဂလာ နေ့လယ်ခင်းပါ… မစ္စတရားမျှတမှု…”
ကလိုင်းဟာ အော်ဒရီကို နှုတ်ဆက်ရင်း ခေါင်းအနည်းငုံ့ကာ ဘယ်လက်နဲ့ နဖူးလယ်ကို နှစ်ချက် တောက်လိုက်ပါတယ်။ ဒီအခါမှာ ကလိုင်းရှေ့က မြင်ကွင်းဟာ ရုတ်ခြည်း ပြောင်းလဲသွားပြီး တရားမျှတမှုနဲ့ လူဇောက်ထိုးက ထုတ်လွှတ်နေတဲ့ ရောင်ဝါတွေကို တွေ့မြင်လိုက်ရပါတယ်။
ပတ်ဝန်းကျင်က မီးခိုးရောင် မြူခိုးနဲ့ နီရဲနက်မှောင်တဲ့ ကြယ်တွေကတော့ ဘာမှ မပြောင်းလဲပါဘူး။ မတည်ရှိဘူး ထင်ရသလိုနဲ့ အသက်ဓာတ်သာ ပိုင်ဆိုင်တဲ့ ရွှန်းရွှန်းစိုအောင် တောက်ပတဲ့ အလင်းရောင်ကိုလည်း မြင်ရပြန်ပါတယ်။
ကလိုင်းဟာ တရားမျှတမှုကို ကြည့်လိုက်တဲ့အခါ သူ့ရောင်ဝါက လူအိုကြီးနီးလ်ပြောတာနဲ့ တစ်ထပ်တည်း ကျနေတာကို တွေ့လိုက်ရပါတယ်။ အနီရောင် ခရမ်းရောင် အပြာရောင်နဲ့ တခြားအရောင်တွေဟာ သူ့နေရာနဲ့သူ ရှိနေပြီး အဖြူရောင်ကလည်း တစ်ကိုယ်လုံးကို လွှမ်းခြုံထားပါတယ်။ ဒါ့အပြင် တရားမျှတမှုရဲ့ ရောင်ဝါတွေဟာ ရွှန်းရွှန်းစိုအောင် တောက်ပပြီး တော်တော် ထူထပ်ပါတယ်။ ဒီရောင်ဝါ အနေအထားကို ကြည့်ပြီး တရားမျှတမှုက လန်းဆန်းတက်ကြွတဲ့ မိန်းမပျိုငယ်လေးဆိုတာ အတပ်ပြောနိုင်ပါတယ်။
တရားမျှတမှုရဲ့ ခံစားချက်အရောင်တွေက အနီရောင်နဲ့ အဝါရောင်ပါ။ ဒါက ပျော်ရွှင်မှု စိတ်အားထက်သန်မှုနဲ့ စိတ်လှုပ်ရှားမှုကို ကိုယ်စားပြုပါတယ်။ ကလိုင်းဟာ တရားမျှတမှုရဲ့ အခြေအနေကို ကောက်ချက်ချပြီးနောက် လူဇောက်ထိုးကို လှမ်းကြည့်လိုက်ပါတယ်။
တရားမျှတမှုလိုပဲ လူဇောက်ထိုးရဲ့ ရောင်ဝါတွေက ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ သူ့ခံစားချက်ကတော့ အပြာရောင်ရှိပြီး လိမ္မော်ရောင်တချို့ ရောနေပါတယ်။
‘တည်ငြိမ်တယ်… စဉ်းစားချင့်ချိန်တယ်… သတိထားတယ်… နည်းနည်း ကျေနပ်တယ်…’
ပထဆုံးအကြိမ် စမ်းကြည့်တာမလို့ ကလိုင်းဟာ ဒီအတိုင်းပဲ ကောက်ချက်ချလိုက်ပါတယ်။ ပထမဆုံးအကြိမ်မလို့ ကလိုင်းဟာ သူ့ကိုယ်သူတော့ သိပ်ယုံကြည်ချက် မရှိပါဘူး။
ကလိုင်း သူ့အကြည့်ကို လူဇောက်ထိုးဆီကနေ ရွှေ့ပြောင်းလိုက်ချိန်မှာပဲ ထူးဆန်းတာတစ်ခုကို ရုတ်တရက် သတိထားမိလိုက်ပါတယ်။ လူဇောက်ထိုးရဲ့ အတွင်းဆုံးအလွှာက အရောင်တူနီးပါး ဖြစ်နေတာပါ။
ကလိုင်းဟာ သေချာစူးစိုက်ပြီး ကြည့်လိုက်တဲ့အခါ လူဇောက်ထိုးရဲ့ အီသာခန္ဓာကိုယ် အတွင်းပိုင်းဟာ ပင်လယ်ရောင်လိုမျိုး နက်ပြာနေတာကို ခပ်ယဲ့ယဲ့ တွေ့လိုက်ရပါတယ်။ ဒီရောင်ဝါက ဒီရေမုန်တိုင်းလိုမျိုး ခံစားရပါတယ်။
‘သူ့ရဲ လိပ်ပြာလား… ဒါမှမဟုတ် သူ့လိပ်ပြာရဲ့ မျက်နှာပြင်လား… ကြည့်ရတာ သူက တကယ်ကို သာလွန်သူပဲ… လူအိုကြီးနီးလ်ထက် စွမ်းအားပိုကြီးတာတော့ သေချာတယ်’ ကလိုင်းဟာ စိတ်ထဲမှာ စိစစ်ဆုံးဖြတ်လိုက်ပါတယ် ‘မဟုတ်သေးဘူး… ဒါက ဒီတစ်မူထူးခြားတဲ့ ပတ်ဝန်းကျင်နဲ့ ပတ်သတ်နေနိုင်တယ်… ဒါက ငါ့အိမ်ကွင်းဆိုတော့ လူအိုကြီးနီးလ်ဆီမှာ ငါ မမြင်နိုင်တာကို ဒီမှာ မြင်ရတာလည်း ဖြစ်နိုင်တာပဲ’
ကလိုင်းဟာ တရားမျှတမှုကို နောက်တစ်ခါ လှည့်ကြည့်ပြီး ဒါက သာလွန်သူပဲ ပိုင်ဆိုင်တဲ့ လက္ခဏာဆိုတာ အတည်ပြုလိုက်ပါတယ်။
ဒီအချိန်မှာ အယ်ဂျာလည်း နှုတ်ဆက်တာ ပြီးသွားပါတယ်။
အော်ဒရီဟာ မျှော်လင့်ချက်နဲ့ မေးလိုက်ပါတယ် “မစ္စတာ လူဇောက်ထိုး… ငါးမန်းသရဲသွေး သေတ္တာကို ရလား”
အယ်ဂျာဟာ ကလိုင်းကို တစ်ချက်ကြည့်လိုက်တဲ့အခါ နဖူးလယ်ကို နှစ်ချက်တောက်လိုက်တာ တွေ့လိုက်ရတဲ့အတွက် တခြားကိစ္စကို စဉ်းစားနေတာလို့ တွေးလိုက်ပါတယ်။
“ကျေးဇူးပဲ… ငါ မျှော်လင့်ထားတာနဲ့ ကွက်တိပဲ… မင်း ဒီလောက်မြန်မြန်ကြီး ပိုလာလိမ့်မယ်လို့ ငါ ထင်မထားမိခဲ့ဘူး… ငါးမန်းသရဲသွေးက သာမန်ထူးခြားသက်ရှိမျိုးမှ မဟုတ်တာ” အယ်ဂျာဟာ ပွင့်ပွင့်လင်းလင်း ပြောပါတယ်။
အော်ဒရီဟာ အညတရ ပြုံးလိုက်ပါတယ် “ရှင် အဆင်ပြေတယ်ဆိုတော့ ကျွန်မ ဝမ်းသာပါတယ်”
အော်ဒရီဟာ ငယ်ရွယ်စဉ်ကတည်းက ဂမ္ဘီရပညာနဲ့ ပတ်သတ်တာမှန်သမျှ နှစ်သက်ခဲ့ပါတယ်။ ဒီလိုမျိုး စိတ်ဝင်စားတဲ့ အထက်တန်းလွှာတွေနဲ့လည်း မိတ်ဆွေဖွဲ့ခဲ့ပါတယ်။ သူတို့တွေဟာ သတင်းအချက်အလက်တွေ စာအုပ်တွေနဲ့ ရှားပါးပစ္စည်းတွေကို အချင်းချင်း လဲလှယ်လေ့ ရှိပါတယ်။
ဒါပေမဲ့ဒီမတိုင်ခင်မှာ သူတို့ထဲက တစ်ယောက်မှ သာလွန်သူအစစ်ဖြစ်နိုင်တဲ့ သဘာဝလွန်စွမ်းအားမျိုးကို တစ်ခါမှ မရရှိခဲ့ဖူးပါဘူး။ မင်းသားတချို့ကတော့ သူတို့နဲ့ လက်ထပ်ရင် ဒီလိုသဘာဝလွန် စွမ်းအားမျိုး ရနိုင်တယ်လို့ အရိပ်အမြွက် ပြောကြပါတယ်။
ဒါပေမဲ့ အော်ဒရီဟာ ငါးမန်းသရဲသွေးကို တခြားလူတွေဆီက ရခဲ့တာ မဟုတ်ပါဘူး။ သူ့မိသားစု ဘဏ်တိုက်ထဲက ရခဲ့တာပါ။ စာရင်းထဲမှာက ပုလင်းကြီးတစ်လုံးလို့ပဲ ရေးထားပြီး ဘယ်လောက် မီလီလီတာပါတယ် ပုလင်း ဘယ်လောက်ထိ ပါတယ်ဆိုတာကို မရေးထားပါဘူး။ အဲဒါကြောင့် အော်ဒရီဟာ သူ နည်းနည်းလေး ယူတာက သတိမထားမိနိုင်ဘူးလို့ ယုံကြည်ထားပါတယ်။ မတော်တဆ ဒီကိစ္စပေါ်သွားရင်တောင် သူ့မိဘတွေက သူ့ကို အပြစ်တင်မှာ မဟုတ်ပါဘူး။
အယ်ဂျာဟာ မြူခိုးတွေ ဖုံးလွှမ်းနေတဲ့ အရူးကို နက်နက်ရှိုင်းရှိုင်း ကြည့်ပြီးနောက် အော်ဒရီဘက်လှည့်ကာ ပြုံးလိုက်ပါတယ်။
“သဘောတူထားတဲ့အတိုင်း ငါ မင်းကို ပွဲကြည့်ပရိသတ် ဆေးရည် ဖော်မြူလာ ပြောပြမယ်”
“ကျွန်မကိုယ် ကျွန်မ ပြင်ဆင်လိုက်ဦးမယ်… ရပြီ… စပြောတော့…” အော်ဒရီဟာ အသက်ရှူပြီး အာရုံအပြည့်စိုက်ပါတယ်။
“အဆင့်နိမ့် ဆုံမှတ်ဆေးရည်တွေက ဖော်စပ်ဖို့ လွယ်ပါတယ်… ငါ ပြောတဲ့အဆင့်အတိုင်း လိုက်လုပ်ရုံပဲ… ပါဝင်ပစ္စည်းတွေရဲ့ အရေအတွက်က နည်းနည်း နည်းလို့တော့ရတယ်… ဒါပေမဲ့ များလို့တော့ မရဘူး… မဟုတ်ရင် ပြဿနာ အကြီးကြီး တက်လိမ့်မယ်… သာလွန်သူ စိတ်လွတ်တဲ့ သတင်းတွေကို မင်းလည်း ကြားဖူးမှာပဲ… ငါ ထပ်ပြီး ပြောဖို့ မလိုဘူး ထင်တယ်”
အယ်ဂျာဟာ ဂရုစိုက်ရမဲ့ အကြောင်းအရာတွေကို ပထမဆုံး ပြောပါတယ်။
အော်ဒရီဟာ ခေါင်းညိတ်လိုက်ပါတယ် “ကျွန်မ နားလည်ပါတယ်”
အော်ဒရီဟာ စကားပြောရင်းနဲ့ မစ္စတာအရူးကို လှမ်းကြည့်လိုက်ပါတယ်။ အော်ဒရီဟာ ဒီလျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်က ဘာများ ထပ်ပြောဦးမလဲဆိုတာကို သိချင်နေပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာပဲ မစ္စတာအရူးက ကျောက်ရုပ်လိုမျိုး မလှုပ်မယှက် ထိုင်နေပါတယ်။
အယ်ဂျာဟာ တစ်ခဏတွေးတောပြီး “နည်းနည်း နည်းလို့ရတာက အများကြီး နည်းလို့ရတာ မဟုတ်ဘူးနော်… ကူညီမဲ့လူမရှိရင် ဓာတုဗေဒ စမ်းသပ်မှုတွေနဲ့ ရင်းနှီးအောင် အရင်လုပ်သင့်တယ်”
“ဒီလိုကိစ္စမျိုးတွေအတွက် ကျွန်မမှာ ဆရာရှိပါတယ်” အော်ဒရီဟာ ပေါ့ပေါ့ပါးပါး ပြန်ဖြေပါတယ်။
အယ်ဂျာဟာ အများဆုံးမှားလို့ရတဲ့ ပမာဏကို ပြောပြီးနောက် ဆေးရည်ဖော်မြူလာကို တစ်ချက်ကလေးတောင် မထောက်ဘဲ ရွတ်ဆိုပြပါတယ်။
“ပွဲကြည့်သမား၊ ဆုံမှတ် ၉ ဆေးရည်၊ ရေသန့် ၈၀ မီလီလီတာ၊ ဆောင်းဦးကုံကုမံဆီ ၅ စက်၊ နွားသွား ဖိုင်ရော့နော်မှုန့် ၁၃ ဂရမ်၊ နတ်သူငယ်ပန်း ပွင့်ချပ် ၇ ချပ်၊ အရွယ်ရောက်ပြီးသား မန်ဟယ်ငါးမျက်စိ၊ ဆိတ်ချိုငါးနက်သွေး ၃၅ မီလီလီတာ”
“နောက်ဆုံးနှစ်ခုက အဓိက ပါဝင်ပစ္စည်းပဲ… သူတို့က ပင်လယ်မှာ ကျက်စားတဲ့ ထူးခြားသတ္တဝါတွေ… ဂရုစိုက်ဖို့ မမေ့နဲ့”
“အင်းပါ” အော်ဒရီဟာ ဆေးရည်ဖော်မြူလာကို ပြန်တွေးပြီး ရွတ်လိုက်ပါတယ် “ရေသန့် ၈၀ မီလီလီတာ၊ ဆောင်းဦးကုံကုမံဆီ ၅ စက်၊ နွားသွား….”
“ဖိုင်ရော့နော်မှုန့် ၁၃ ဂရမ်…” အယ်ဂျာက ထောက်ပေးပါတယ်။
အယ်ဂျာရဲ့ အကူအညီနဲ့ အော်ဒရီဟာ ဆေးရည်ဖော်မြူလာကို တဖြည်းဖြည်းနဲ့ အစဉ်အတိုင်း အလွတ်ရသွားပါတယ်။ ဒါပေမဲ့ အော်ဒရီဟာ တစ်ခုခု မှားသွားမှာကို စိုးရိမ်တဲ့အတွက် ထပ်ခါထပ်ခါ ရွတ်ဆိုပါတယ်။
“မင်း တွေးခေါ်မှုကို သိလား”
တရားမျှတမှုက ခေါင်းညိတ်တဲ့အတွက် အယ်ဂျာဟာ ဆက်ပြောပါတယ် “မင်း တွေးခေါ်မှုအကြောင်း ဘယ်လောက် သိထားလဲဆိုတာ ငါ မသိဘူး… ငါ တစ်ခေါက် ပြောပြမယ်….. ဆေးရည် သောက်ပြီးရင် မင်းရဲ့ စိတ်ဝိညာဉ်နဲ့ စွမ်းအားကို ထိန်းချုပ်ဖို့ တွေးခေါ်မှု အခြေအနေထဲ မြန်မြန်ဝင်… ဆေးရည်ရဲ့ စွမ်းအားကို အမှန်တကယ် ဆုပ်ကိုင်နိုင်ဖို့ နေ့တိုင်း လေ့ကျင့်ချည်… သူ့ရဲ့ သင်္ကေတ၊ အဓိပ္ပာယ်နဲ့ လျှို့ဝှက်ချက်တွေကို တူးဖော်ချည်… အဲဒီလိုဆိုရင် စိတ်လွတ်တဲ့ အန္တရာယ်ကို အတတ်နိုင်ဆုံး ရှောင်ကြဉ်နိုင်လိမ့်မယ်… ဆေးရည်ရဲ့ အဓိပ္ပာယ်က သူ့နာမည်ပေါ်မှာ တည်နေတယ်… ဥပမာ ပွဲကြည့်သမားဆိုရင်ပေါ့…”
ကလိုင်းဟာ တရားမျှတမှုနဲ့ လူဇောက်ထိုး ပြောတာကို ဘာမှဝင်မပြောဘဲ တိတ်တဆိတ် နားထောင်ပါတယ်။ ကလိုင်းလုပ်တာက စိတ်ထဲမှာ အရမှတ်ပြီး ပြန်လေ့လာဖို့ပါ။ ဒါပေမဲ့ လူဇောက်ထိုးရဲ့ နောက်ဆုံးစကားကို ကြားလိုက်ရတဲ့အခါမှာတော့ ကလိုင်းဟာ ရုတ်တရက်ဆိုသလို အကြံတစ်ခု ရသွားပါတယ်။
အော်ဒရီဟာ လူဇောက်ထိုးရဲ့ ရှင်းပြချက်ကို စိတ်ဝင်တစား နားထောင်ပြီး သူ သိတာကို အသေးစိတ် မေးမြန်းဖို့ ပြင်လိုက်ချိန်မှာ တဒေါက်ဒေါက် အသံကို ရုတ်တရက် ကြားလိုက်ရတာကြောင့် နှစ်ယောက်စလုံး အသံလာရာကို လှမ်းကြည့်လိုက်တဲ့အခါ မစ္စတာအရူး ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
မစ္စတာအရူးက အသံနက်နဲ့ “ဆုပ်ကိုင်တာ မဟုတ်ဘူး… ချေဖျက်တာ… ရှာတွေ့တာ မဟုတ်ဘူး… သရုပ်ဆောင်တာ… ဆေးရည်နာမည်က သင်္ကေတတင် မဟုတ်ဘူး… နိမိတ်လည်း ဟုတ်တယ်… ချေဖျက်ဖို့ သော့ချက်လည်း ဟုတ်တယ်”
အော်ဒရီဟာ ဒီစကားကို ကြားပြီး ခေါင်းရှုပ်သွားပါတယ်။ အော်ဒရီဟာ မစ္စတာအရူးက ဘာပြောချင်လဲဆိုတာကို နားမလည်ပါဘူး။
အော်ဒရီဟာ သူ နားမလည်တဲ့အတွက် လူဇောက်ထိုးကို မျက်လုံးထောင့်ကနေ လှမ်းကြည့်လိုက်တဲ့အခါ လူဇောက်ထိုးက ဆတ်ခနဲ လန့်သွားတာကို တွေ့လိုက်ရပါတယ်။ သာမန်လူတစ်ယောက်က ကျယ်လောင်တဲ့ မိုးခြိမ်းသံကို နွေခေါင်ခေါင်ကြီး ကြားလိုက်ရသလိုပါပဲ။
“ချေဖျက်တယ်၊ သရုပ်ဆောင်တယ်… ချေဖျက်တယ်၊ သရုပ်ဆောင်တယ်… ချေဖျက်တယ်၊ သရုပ်ဆောင်တယ်…”
အယ်ဂျာဟာ ထပ်ခါတလဲလဲ ရေရွတ်နေတာက သော့ချက်ကျတဲ့ အယူအဆကို ဆုပ်ကိုင်မိသွားတာ မဟုတ်ရင် ထူးဆန်းတဲ့ကျိန်စာတစ်ခု မိနေသလိုပါပဲ။
အတန်ကြာတဲ့အခါမှာတော့ အယ်ဂျာဟာ ခေါင်းမော့ပြီး အသံဩဩနဲ့ “ကျေးဇူးပါပဲ မစ္စတာအရူး… လူကြီးမင်းရဲ့ အရိပ်အမြွက်က ကျွန်တော့်ရဲ့ အသက်လိုပဲ တန်ဖိုးရှိလှပါတယ်… ကျွန်တော်ကို ဉာဏ်အလင်း ဖွင့်ပေးလိုက်တာပါပဲ… ဒီလိုဆိုပေမဲ့ ကျွန်တော် ဒီအယူအဆကို အပြည့်အဝ နားမလည်သေးဘူးလို့ ယုံကြည်တယ်”
ကလိုင်းဟာ သူ့ရဲ့ လျှို့ဝှက်ဆန်းကြယ် နက်နဲတဲ့ ပုံရိပ်ကို ထိန်းသိမ်းရင်း အပြုံးနဲ့ ပြောလိုက်ပါတယ် “ဒါက ကြိုတင်ပေးချေတာ”
တကယ်တော့ ကလိုင်းဟာ ဒီစကားရဲ့ အဓိပ္ပာယ်ကို သေချာ နားမလည်ပါဘူး။ ကလိုင်း သေချာသိတာက ဧကရာဇ်ရစ်ဆဲလ်ဟာ လူဇောက်ထိုးထက် စွမ်းအားပိုကြီးတဲ့ သာလွန်သူဆိုတာပါ။
‘ကြိုတင်ပေးချေမှု…’ အော်ဒရီဟာ လူဇောက်ထိုးရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး ခုနက အရိပ်အမြွက်ဟာ တော်တော်လေး တန်ဖိုးရှိမှန်း သိလိုက်ပါတယ်။
အော်ဒရီဟာ သေချာစဉ်းစားပြီး မေးလိုက်ပါတယ် “မစ္စတာအရူး… လူကြီးမင်းက ကျွန်မတို့ကို ဘာလုပ်ခိုင်းချင်တာလဲ”
အော်ဒရီနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ အယ်ဂျာကလည်း ခေါင်းညိတ်လိုက်ပါတယ် “ကျွန်တော်တို့ကို ဘယ်လိုတာဝန်မျိုး ပေးချင်တာလဲ”
ကလိုင်းဟာ ကုလားထိုင်ကို ကျောမှီပြီး တရားမျှတမှုနဲ့ လူဇောက်ထိုးကို တစ်ချက်ကြည့်ကာ လေသံအေးနဲ့ ပြောလိုက်ပါတယ် “ရစ်ဆဲလ်ဂူစတာရဲ့ လျှို့ဝှက် ဒိုင်ယာရီကို ငါ့ကိုယ်စား စုဆောင်းပေး… တစ်မျက်နှာဆိုရင်လည်း ကိစ္စမရှိဘူး”

Comment

Leave a Reply

Options

not work with dark mode
Reset