Switch Mode

Chapter – 32

စိတ်ဝိညာဉ်အာရုံ

အခန်း (၃၂) စိတ်ဝိညာဉ်အာရုံ

ကလိုင်းဟာ ပျစ်ခဲနေတဲ့ အမြင်ဆရာ ဆေးရည်ကို ကြည့်ပြီး အရည်လား အခဲလား မပြောတတ်တော့ပါဘူး။ တံတွေးကိုလည်း ခက်ခက်ခဲခဲ မျိုချမိလိုက်ပါတယ်။
“ကျွန်တော် ဒီအတိုင်း သောက်ရမှာလား… တခြား ဘာမှ ပြင်ဆင်စရာ မလိုတော့ဘူးလား… အစီအရင်တို့ မန္တန်ရွတ်တာတို့ ဆုတောင်းတာတို့ မလိုဘူးလား…”
လူအိုကြီးနီးလ်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ပြင်ဆင်စရာလား… လိုတာပေါ့… အင်ထစ် အော်မီယာ ဝိုင်အရက် တစ်ခွက် သောက်ပြီး ဒေစီ စီးကရက် တစ်ချက်ဖွာလိုက်… ပြီးရင် သူကောင်းမျိုးတွေလိုမျိုး ကခုန်ချည်… မင်း မြူးကြွတာကြိုက်ရင် မြူးမြူးကြွကြွ ကခုန်လို့လည်း ရတယ်… ပြီးရင် နောက်ဆုံးအနေနဲ့ ဖဲတစ်ပွဲလောက် ကစားလိုက်…”
လူအိုကြီးနီးလ်ဟာ ကလိုင်း ကြက်သေသေသွားတာကို ကြည့်ပြီး ရယ်မောကာ နိဂုံးချုပ်လိုက်ပါတယ် “မင်း ရင်တုန်နေရင်ပေါ့…”
‘တော်တော် နောက်တက်တာပဲ… ငါက အတည်မှတ်လို့…’ ကလိုင်းဟာ နှုတ်ခမ်းတွန့်သွားပြီး သေနတ်ဆွဲထုတ်ချင်တဲ့စိတ်ကို မနည်း တားဆီးလိုက်ရပါတယ်။
ကလိုင်းဟာ လက်ကိုင်တုတ်ချပြီး ဆေးရည် ထည့်ထားတဲ့ ခွက်ကို ညာလက်နဲ့ လှမ်းကိုင်ကာ ဖြည်းဖြည်းချင်း မလိုက်ပါတယ်။ ဆေးရည်ရဲ့ အနံက ညှီစို့စို့တော့ ရှိပါတယ်။
“ကောင်လေး… တုံ့ဆိုင်းမနေနဲ့… မင်း တုံ့ဆိုင်းနေလေလေ ပိုပြီးတော့ ကြောက်လာလေလေ ဖြစ်လာလိမ့်မယ်… အဲဒါက မင်းရဲ့ ဆေးရည် စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေနိုင်တယ်” လူအိုကြီးနီးလ်ဟာ ကလိုင်းကို ကျောပေးထားရင်းက သာမန်ကာလျှံကာ ပြောလိုက်ပါတယ်။
အဲဒီနောက် လူအိုကြီးနီးလ်ဟာ ဘေစင်ဆီ ရောက်သွာပြီး ရေပိုက်ခေါင်းဖွင့်ကာ လက်ဆေးပါတယ်။
ကလိုင်းဟာ တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး အသက်အရှည်ကြီး ရှူသွင်းလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကလေးဘဝတုန်းကလိုမျိုး နှာခေါင်းကို လက်နဲ့ပိတ်ပြီး ဆေးရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပါတယ်။
အေးစက်ညက်ညောတဲ့ ခံစားချက်ဟာ ကလိုင်းရဲ့ ပါးစပ်တစ်ခုလုံးကို ပြည့်နှက်သွားပြီးနောက် လည်ချောင်းကနေ ဝမ်းဗိုက်ထဲကို စီးဆင်းသွားပါတယ်။ ဒီပြာနက်ပျစ်ခဲနေတဲ့ ဆေးရည်ဟာ လက်တံတွေအများကြီး ရုတ်တရက် ပေါက်လာသလိုမျိုး ကလိုင်းရဲ့ ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်းကို လှုံ့ဆော်ပါတယ်။ ကလိုင်းဟာ သူ့ဆဲလ်တွေဆီကနေ အေးမြတဲ့ ခံစားချက်ကို ရလိုက်ပါတယ်။
အဲဒီနောက် ကလိုင်းဟာ သိမ့်ခနဲ ဖြစ်သွားပြီး အမြင်အာရုံ ဝေဝါးသွားပါတယ်။ အရောင်အားလုံးဟာ ပိုပြီးတော့ ထင်ရှား ပြတ်သားလာပါတယ်။ အနီရောင်ဟာ ပိုနီလာပြီး အပြာရောင်က ပိုပြာလာပါတယ်။ အနက်ရောင်ကလည်း ပိုနက်လာပါတယ်။ အရောင်စုံဟာ ခံစားချက်ကို ဖော်ပြတဲ့ ပန်းချီကားချပ် တစ်ချပ်လိုမျိုး ရောစပ်နေပါတယ်။။
ကလိုင်းဟာ ဒီလိုမြင်ကွင်းမျိုးကို အရင်ကလည်း မြင်ဖူးပါတယ်။ နတ်ဝင်သည် ဒေလီ သူ့ကို စစ်မေးတုန်းကပါ။ အဲဒီတုန်းကလည်း သူ့မြင်ကွင်း ဝေဝါးပြီး ပင်လယ်ထဲမှာ မျောပါနေသလိုမျိုး ခံစားခဲ့ရပါတယ်။
တဖြည်းဖြည်းနဲ့ ဘေးပတ်ဝန်းကျင်ကို ကောင်းကောင်း မမြင်ရတော့ပါဘူး။ အရောင်မျိုးစုံဟာ သူတို့ရဲ့ မူလအရောင်ကို ပြောင်းလဲသွားပြီး မီးခိုးရောင်မြူခိုးတွေ ထွက်ပေါ်လာပါတယ်။
ကလိုင်းဟာ သူ့ခန္ဓာကိုယ် ပတ်လည်မှာ စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ ခန္ဓာကိုယ်တွေကို တွေ့လိုက်ရပါတယ်။ တကယ်မတည်ရှိဘူးလို့ ထင်ရတဲ့ ဖောက်မြင်ရတဲ့ အလင်းပေါက် အရာဝတ္ထုတွေလည်း ရှိနေပါတယ်။ နက်ရှိုင်းတဲ့ တစ်နေရာမှာတော့ အရောင်စုံ အလင်းတန်းတွေ စုဝေးနေပါတယ်။ အလင်းရောင်ကလည်း အသက်ရှိပြီး ဧရာမ အသိဉာဏ်ပညာတွေ ပါဝင်နေသလိုပါပဲ။
ဒါက ကလိုင်း ကံကောင်းစေတဲ့ အစီအရင်ကို လုပ်တုန်းက မြင်ခဲ့ရတာနဲ့ နည်းနည်း ဆင်တူပါတယ်။ ကလိုင်းဟာ အောက်ကို ငုံ့ကြည့်မိလိုက်တဲ့အခါ အရင်နေရာမှာ ရပ်နေသေးတဲ့ သူ့ခန္ဓာကိုယ်ကို တွေ့လိုက်ရပါတယ်။
ရုတ်တရက်ဆိုသလို ကလိုင်းဟာ သိမ့်ခနဲ ဖြစ်သွားပါတယ်။ အဲဒီနောက် ကလိုင်းဟာ တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး သူ့သိစိတ်ဟာ သူ့ခန္ဓာကိုယ်နဲ့ ပြန်ပေါင်းစပ်ကာ တစ်စုံတစ်ခုထဲ ထိုးကျသွားပါတယ်။
“ဝုန်း…”
မြူခိုးတွေ လွင့်ပါးပျောက်ကွယ်ပြီး အရောင်တွေဟာ အရင်တိုင်း ပုံမှန် ပြန်ဖြစ်သွားပါတယ်။ တောက်ပတဲ့ အလင်းရောင်နဲ့ မတည်ရှိဘူးလို့ ထင်ရတဲ့ အရာဝတ္ထုတွေလည်း တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားပါတယ်။
အဂ္ဂိရတ်ခန်းရဲ့ မြင်ကွင်းဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပေမဲ့ ကလိုင်းဟာ ခေါင်းတစ်ခုလုံး ကိုက်ခဲနေပါတယ်။ တစ်ယောက်ယောက်က သူ့ခေါင်းကို ဆွဲဖြဲလိုက်သလိုမျိုးပါပဲ။ ကလိုင်းဟာ အရိပ်ကျန် အမြောက်အမြားကို တွေ့မြင်လိုက်ရသလို နားထဲမှာလည်း ရေရွတ်ညည်းညူသံတွေကို ထပ်ကြားလိုက်ရတာကြောင့် မနိုင်ဝန်ထမ်းထားရသလို ဖြစ်သွားပါတယ်။
“ဟွန်းနာဆစ်… ဖလဲဂွေယာ… ဟွန်းနာဆစ်… ဖလဲ‌ဂွေယာ… ဟွန်းနာဆစ်… ဖလဲဂွေယာ…”
ကလိုင်းဟာ နဖူးကို သံချွန်နဲ့ ထိုးခံရသလိုမျိုး တဆစ်ဆစ် နာကျင်မှုကို ခံစားရတာကြောင့် ပေါက်ကွဲချင်စိတ်တွေ ပေါ်လာပါတယ်။ ကလိုင်းဟာ မျက်မှောင်ကြုတ်သွားပြီး ခေါင်းခါကာ ဒီအတွေးတွေကို ဖျောက်ပစ်ပါတယ်။
“မင်းရဲ့ အမြင်အာရုံက တစ်မူထူးခြားနေလား… ကြားလေ့ကြားထ မရှိတဲ့ အသံတွေကိုလည် ကြားနေရလား” လူအိုကြီးနီးလ်ဟာ ဘေးကနေ မပြုံးတပြုံးနဲ့ မေးလိုက်ပါတယ်။
“ဟုတ်တယ်… မစ္စတာနီးလ်… ကျွန်တော် ဘာလုပ်သင့်လဲ” ကလိုင်းဟာ မသက်မသာဖြစ်မှုကို သည်းခံပြီး မေးလိုက်ပါတယ်။
လူအိုကြီးနီးလ်ဟာ တစ်ချက် ရယ်လိုက်ပါတယ် “ဒါက ဆေးရည်စွမ်းအား စိမ့်ထွက်တာပဲ… မင်း မထိန်းချုပ်နိုင်လို့ ဖြစ်ရတာ… အင်း… ငါ ပြောတဲ့အတိုင်း လိုက်လုပ်… မင်းစိတ်ထဲမှာ အရာဝတ္ထုတစ်ခုကို တွေးလိုက်… အဲဒီအရာဝတ္ထုက မင်း နေ့တိုင်းတွေ့နေကျ ဖြစ်ရမယ်… ရိုးရိုးရှင်းရှင်းနဲ့ လွယ်လွယ်ကူကူ ပုံဖော်နိုင်ရမယ်”
ကလိုင်းဟာ ချက်ချင်းပဲ သူ့ဦးထုပ်နက်ကို ချက်ချင်း အာရုံစိုက်လိုက်ပါတယ်။ ကလိုင်းဟာ သူ့ဦးထုပ်နက်နဲ့ ထိတွေ့မိတဲ့ ခံစားချက်ကို ပြန်တွေးပြီး ဦးထုပ်နက်ကို အတိအကျ ပုံဖော်ပါတယ်။
“မင်းရဲ့ အာရုံကို အဲဒီမှာပဲထား… ပုံကြမ်းကို ထပ်ခါထပ်ခါ ပြန်ပုံဖော်… နည်းနည်း နေသာထိုင်သာ ရှိသွားတယ်မလား”
လူအိုကြီးနီးလ်ရဲ့ အသံဟာ တည်ငြိမ်အေးချမ်းတဲ့ သီချင်းတစ်ပုဒ်လိုမျိုး ကလိုင်းရဲ့ စိတ်ထဲကို ဖောက်ဝင်လာပါတယ်။
ကလိုင်းဟာ သူ့ဦးထုပ်နက်ပုံကို ဖြည်းဖြည်းချင်း ပုံဖော်ယူပါတယ်။ အဲဒီအခါ ရေရွတ်ညည်းညူသံတွေဟာ တီးတိုးသံတွေအဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံး ပျောက်ကွယ်သွားပါတယ်။ အရိပ်ကျန်တွေကလည်း ထပ်မနေတော့ဘဲ တစ်ခုပြီးတစ်ခု ဝေဝါးသွားပါတယ်။
“နေလို့ ပိုကောင်းသွာပြီ” ကလိုင်းဟာ သူ့ရဲ့ ပရမ်းပတာ ခံစားချက်တွေကို ထိန်းသိမ်းပြီးနောက် အသက်ရှူထုတ်လိုက်ပါတယ်။
ကလိုင်းဟာ သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်တဲ့အခါ သာမန်မဟုတ်တာ ဘာမှမဖြစ်တာကို တွေ့လိုက်ရပါတယ်။ ကလိုင်းဟာ ခြေတွေလက်တွေ လှုပ်ရှားပြီး မျှော်လင့်ချက်တစ်ဝက် သံသယတစ်ဝက်နဲ့ မေးလိုက်ပါတယ်။
“ကျွန်တော် အောင်မြင်သွားတာလား… ကျွန်တော် အခု အမြင်ဆရာ ဖြစ်ပြီလား”
လူအိုကြီးနီးလ်ဟာ မှန်တစ်ချပ်ထုတ်ပြီး ကလိုင်းရှေ့မှာ ထားလိုက်ပါတယ်။
“မင်းရဲ့ မျက်လုံးတွေ ကြည့်လိုက်”
လူအိုကြီးနီးလ်ရဲ့ စကားကြောင့် ကလိုင်းဟာ မှန်ထဲကို ကြည့်လိုက်ပါတယ်။ မှန်ထဲက သူဟာ ဦးထုပ်နက်ဆောင်းထားပြီး မျက်နှာအသွင်အပြင်နဲ့ ကိုယ်ဟန်က ပုံမှန်ပါပဲ။ ဘာမှ ထူးခြားမှု မရှိပါဘူး။ မျက်နှာမှာ ချွေးထွက်နေတာကလွဲရင်ပေါ့။
ဒါပေမဲ့ သူ့မျက်လုံးတွေကို သေချာစိုက်ကြည့်လိုက်တဲ့အခါ သူ့ရဲ့ အညိုရောင်မျက်လုံးတွေက သိသိသာသာ နက်ရှိုင်းနေတာကို သတိထားမိသွားပါတယ်။ ညအမှောင်ထုလိုမျိုး လုံးဝကို နက်ရှိုင်းနေတာပါ။ တခြားလူတွေရဲ့ ဝိညာဉ်ကို စုပ်ယူနိုင်တဲ့ တွင်းနက်လိုပါပဲ။
ပုံမှန်ဆိုရင် နက်ညိုရောင် မျက်ဆံကို အနက်ရောင်လို့ပဲ သဘောထားတက်ကြပါတယ်။ သေချာ စိုက်မကြည့်ဘူးဆိုရင် ကလိုင်းတောင် သူ့ကိုယ်သူ သတိထားမိမှာ မဟုတ်ပါဘူး။
“ဒါက ဆေးရည်စွမ်းအားရဲ့ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ထင်ပြမှုပဲ… မင်း တွေးခေါ်မှုနဲ့ စွမ်းအားကို ဘယ်လို စုစည်းရမလဲဆိုတာ သင်ပြီးသွားရင် မင်းရဲ့ မျက်လုံးတွေ ပုံမှန် ပြန်ဖြစ်သွားလိမ့်မယ်”
လူအိုကြီးနီးလ်ဟာ ပြုံးရင်း ညာလက် ဆန့်ထုတ်လိုက်ပါတယ် “ဂုဏ်ယူပါတယ်… ငါတို့ရဲ့ သာလွန်သူအသစ်… ငါတို့ရဲ့ အမြင်ဆရာ”
“ကျေးဇူးပါ” ကလိုင်းဟာ လက်ဆွဲနှုတ်ဆက်လိုက်ပါတယ် “မစ္စတာနီးလ်… ကျွန်တော် တွေးခေါ်တာကို ဘယ်တော့ သင်ရမှာလဲ”
“အခုသင်လို့ ရတယ်… တွေးခေါ်တာရဲ့ အစပိုင်း အဆင့်တွေက တော်တော်လေး လွယ်တယ်… သာလွန်သူတွေ အတွက်ဆို ပိုလို့တောင် လွယ်သေးတယ်” လူအိုကြီးနီးလ်ဟာ ပြုံးလိုက်ပါတယ် “အခု မင်းစိတ်ထဲမှာ အရာဝတ္ထုတစ်ခု ပုံဖော်တာက မင်းရဲ့ အာရုံကို ပြောင်းလဲတာပဲ… မင်းရဲ့ စွမ်းအားကို အတွင်းပိုင်းဆီ စီးဆင်းအောင်လုပ်တာ တွေးခေါ်တာရဲ့ ပထမဆုံးခြေလှမ်းပဲ… ထပ်ပြီး လုပ်ကြည့်ချည်”
ကလိုင်းဟာ မျက်လုံး ပြန်မှိတ်ပြီး ဦးထုပ်ပုံ ပြန်မြင်ယောင်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကလိုင်းဟာ အရင်ကထက် ပိုပြီးတော့ အာရုံစူးစိုက်နိုင်လာပါတယ်။ မကြာခင်မှာပဲ ကျပမ်းပေါ်လာတဲ့ အတွေးတွေဟာ ချက်ချင်း ပြန်ပျောက်ကွယ်ပြီး ဦးထုပ်ပုံကြမ်းပဲ ကျန်နေခဲ့ပါတယ်။
“မင်းရဲ့ ခေါင်းကို ဗလာဖြစ်အောင် ထားလိုက်… မင်း စိတ်ကူးထားတဲ့ အရာဝတ္ထုကို ပြောင်းလဲကြည့်ချည်… ဒီလောကမှာမရှိတဲ့ အရာဝတ္ထုတစ်ခုကို စိတ်ကူးနဲ့ ပုံဖော်ကြည့်ချည်”
“မင်း ဒီစည်းမျဉ်းကို လိုက်နာဖို့လိုတယ်… ဒါမှပဲ မင်း တွေးခေါ်တဲ့ အခြေအနေကို ဝင်နိုင်မှာ… အဲဒီတော့မှ ‘ငါ’ ဆိုတဲ့ အယူအဆကို ကျော်လွန် တွေးခေါ်နိုင်လိမ့်မယ်… အကန့်အသတ်မဲ့ ‘ငါ’ က စကြဝဠာနဲ့ တစ်သားတည်းကျပြီး အမှန်တရားကို သိမြင်နားလည်နိုင်စွမ်း ပေးသနားလိမ့်မယ်… မင်းပဲ နားလည်နိုင်တဲ့ အသိပညာကို ရလိမ့်မယ်… ဂမ္ဘီရပညာကို လေ့လာတဲ့ နယ်ပယ်မှာ ဒါကို ဂမ္ဘီရ အတွေ့အကြုံလို့ ခေါ်တယ်” လူအိုကြီးနီးလ်ဟာ နှစ်သိမ့်သံနဲ့ ပြောပါတယ်။
“မင်း ငါ ပြောတာကို နားပဲနားထောင်… အရေးအကြီးဆုံးက တွေးခေါ်မှုအခြေအနေထဲ ဝင်ရောက်ဖို့ပဲ”
‘ဒီကမ္ဘာမှာ မတည်ရှိတဲ့အရာ… အသစ်တစ်ခုခုကို စိတ်ကူးယဉ်ရမယ်… ဒါဆို ကမ္ဘာမြေက အရာတွေကို တွေးလို့ရလား…’
ကလိုင်းဟာ ဘဝဟောင်းတုန်းက တီဗီမှာ ကြည့်ဖူးတဲ့ တိုက်ချင်းပစ်ဒုံးကျည်ကို ပုံဖော်ဖို့ ကြိုးစားပါတယ်။ ကလိုင်းဟာ သူ့ဦးထုပ်နက် နေရာမှာ ရှည်လျားထူထပ်တဲ့ ဒုံးကျည်ကို အစားထိုးကြည့်ပါတယ်။
ဒါပေမဲ့ ကလိုင်း ဘယ်လိုပဲ ပုံကြမ်းဆွဲဆွဲ ဘယ်လိုပဲ ပုံဖော်ပုံဖော် အရာမရောက်ပါဘူး။ လုံးဝ အလုပ်မဖြစ်သလိုပါပဲ။ အဲဒါကြောင့် ကလိုင်းလည်း ရွေးချယ်စရာမရှိဘဲ တခြားဟာ စဉ်းစားရပါတော့တယ်။
ကလိုင်းဟာ အလင်းစက်လုံးကို ပုံကြမ်းဆွဲပြီး တခြားဆင်တူတဲ့ အရာဝတ္ထုတွေကို ပုံဖော်ယူပါတယ်။ ပြီးတဲ့အခါမှာတော့ အဲဒီအရာဝတ္ထုတွေ အကုန်လုံးကို စုစည်းလိုက်ပါတယ်။ အလင်းစက်လုံးတွေ တစ်ခုနဲ့တစ်ခု ထပ်ထားတာက စိတ်ကူးယဉ်ပစ္စည်းတစ်ခုလိုပါပဲ။ ကလိုင်းရဲ့ အတွေးတွေဟာ တဖြည်းဖြည်းနဲ့ နူးညံ့သိမ်မွေ့ပြီး ပေါလောပေါ်လာပါတယ်။
ကလိုင်းရဲ့ ကိုယ်စိတ်နှစ်ပါးလည်း ငြိမ်ကျသွားပါတယ်။ တကယ်မရှိဘူးလို့ ထင်ရတဲ့ အရာဝတ္ထုတွေ တောက်ပတဲ့ အလင်းရောင်နဲ့ မြူခိုးတွေ ရှုပ်ထွေးတဲ့ အရောင်မျိုးစုံဟာ တစ်ဖန်ပြန်ပြီးတော့ ပေါ်လာပါတယ်။ သူတို့တွေဟာ ကောင်းကင်ဟာ ပေါလောမျောနေပြီး ကလိုင်းရဲ့ လက်တစ်ကမ်းမှာ ရှိနေပါတယ်။
ကလိုင်းဟာ သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို တစ်လက်မချင်း ချဲ့ပြီး ဒီအရာတွေကို အပေါ်စီးကနေ ငုံ့ကြည့်ပါတယ်။ ကလိုင်းဟာ ဒီအရာတွေကို အာရုံခံပြီး သူ့အနား ဆွဲယူပါတယ်။
“ကောင်းတယ်… အမြင်ဆရာလို့ မပြောရဘူး… တွေးခေါ်မှုထဲ ချောချောမွေ့မွေ့ ရောက်သွားတယ်… မင်း အရင်တုန်းကငါ့ကို မှီဖို့ နည်းနည်းပဲ လိုတယ်” လူအိုကြီးနီးလ်ဟာ တစ်ချက်ရယ်ပြီး ပြောလိုက်ပါတယ်။
“ဒီလိုဆိုမှတော့ ငါ မင်းကို အသုံးအများဆုံးနဲ့ တတ်မြောက်ဖို့ အလွယ်ဆုံး၊ ဂမ္ဘီရနယ်ပယ်မှာ အသုံးဝင်ဆုံး စွမ်းရည်တစ်ခုဖြစ်တဲ့ စိတ်ဝိညာဉ်အာရုံရအောင် သင်ပေးမယ်”
လူအိုကြီးနီးလ်ဟာ ဓာတ်ငွေ့မီးအိမ်တွေကို လိုက်ပိတ်ပြီး အဂ္ဂိရတ်ခန်း တံခါးကို ဖွင့်လိုက်ပါတယ်။ ဒီအခါ ကလိုင်းထိုင်နေတဲ့ နေရာဟာ မှောင်သွားပါတယ်။ ဒါပေမဲ့ အခန်းထဲက ပစ္စည်းတွေကို မမြင်ရတဲ့အထိတော့ မမှောင်ပါဘူး။
“ကောင်းပြီ… မင်းရဲ့ လက်ရှိအခြေအနေကနေ လက်နှစ်ဖက် မြှောက်ပြီး မျက်လုံးရှေ့ ထားလိုက်… မင်းရဲ့ လက်ညှိုးတွေက တစ်ချောင်းနဲ့တစ်ချောင်း မျက်နှာချင်းဆိုင်နေဖို့ လိုတယ်… ဒါပေမဲ့ တစ်ချောင်းနဲ့ တစ်ချောင်း မထိရဘူး”
“မျက်လုံးဖွင့်… အမှောင်ထုကို အသားကျတဲ့အထိ မျက်လုံးတွေကို ဖွင့်ထား…”
ကလိုင်းဟာ လူအိုကြီးနီးလ်ပြောတဲ့ အဆင့်တိုင်းကို လိုက်လုပ်ပါတယ်။ ကလိုင်းဟာ အမှောင်ထုနဲ့ အသားကျသွားတဲ့အခါ သူ့လက်ချောင်းတွေနဲ့ ဘေးနားပတ်ဝန်းကျင်က ပစ္စည်တွေရဲ့ မည်းမည်းပုံရိပ်တွေကို တွေ့လိုက်ရပါတယ်။
“တကယ်တော့ မင်း ဒီဟာကို လဲလျောင်းပြီး တစ်ကိုယ်လုံး ပြေလျော့နေချိန်မှာ လုပ်သင့်တာ… ဒါပေမဲ့ မင်းရဲ့ တွေးခေါ်မှု အခြေအနေက သိပ်မဆိုးတော့ ဒီအတိုင်းပဲ… ဆက်လုပ်ကြမယ်… ဟီးဟီး…” လူအိုကြီးနီးလ်ဟာ ရယ်မောလိုက်ပါတယ်။
“မင်းရဲ့ အကြည့်ကို မင်းလက်နောက်က နေရာတစ်ခုမှာ အာရုံစိုက်… မင်းလက်နောက်က နေရာနော်… ပြီးရင် မင်းရဲ့ လက်ချောင်းတွေကို အနေအထားမပျက် ဖြည်းဖြည်းချင်း လှုပ်ရှား… တစ်ချောင်းနဲ့ တစ်ချောင်းလည်း မထိစေနဲ့… မင်းရဲ့ မြင်ကွင်းထဲကနေလည်း ဘေးမရောက်သွားစေနဲ့”
ကလိုင်းဟာ လူအိုကြီးနီးလ်ရဲ့ စကားကို နားထောင်ပြီး သူ့လက်ဖဝါးတွေနောက်က ဘာမှမရှိတဲ့ နေရာတစ်ခုကို စူးစိုက်ကြည့်လိုက်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ သူ့လက်ညှိုးတွေကို သူ့မြင်ကွင်းထဲမှာပဲ ဖြည်းဖြည်းချင်း လှုပ်ရှားပါတယ်။
တစ်ကြိမ်။
နှစ်ကြိမ်။
သုံးကြိမ်…။
ရုတ်တရက်ဆိုသလို ကလိုင်းဟာ သူ့လက်ချောင်းတွေကြားမှာ မီးလျှံလိုနီရဲတဲ့ အရောင်တစ်ရောင်ကို တွေ့မြင်လိုက်ရပါတယ်။
“ဟင်…”
“မင်း အရောင် မြင်ရပြီလား… ဟုတ်တယ်… ဒါက စိတ်ဝိညာဉ်အာရုံရဖို့ ကနဦးခြေလှမ်းပဲ… မင်း အခုမြင်နေရတဲ့ အရောင်က မင်းရဲ့ ရောင်ဝါပဲ” လူအိုကြီးနီးလ်ဟာ တစ်ချက်ရယ်ပြီး ဆက်ပြောပါတယ် “အလျင်လိုစရာ မလိုဘူး… နောက်ထပ် လေးငါးကြိမ် ထပ်လုပ်ကြည့်ချည်… အဲဒါကို တည်ငြိမ်အောင် လုပ်ပြီးရင် တခြားနေရာတစ်ခုကို ကြည့်လိုက်… ငါ ဒီအခွင့်အရေးကို အသုံးချပြီး မတူညီတဲ့ အရောင်တွေရဲ့ အဓိပ္ပာယ်ကို ရှင်းပြပေးမယ်”
“ဟုတ်ကဲ့” ကလိုင်းဟာ လက်ချောင်းတွေကို ဟိုဟိုဒီဒီလှုပ်ရှားပြီး သူ့အမြင်အာရုံကို မီးလျှံလိုနီရဲတဲ့ အရောင်နဲ့ လေ့ကျင့်ပါတယ်။
လူအိုကြီးနီးလ်ဟာ တစ်ချက်စဉ်းစားပြီး ပြောလိုက်ပါတယ် “ရှင်းအောင်ပြောရရင်ကွာ ဂမ္ဘီရနယ်ပယ်မှာ လူသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ မဟုတ်တဲ့ အစိတ်အပိုင်းကို လေးဆင့်ခွဲထားတယ်… ဗဟိုမှာရှိတာက စိတ်ဝိညာဉ်ခန္ဓာကိုယ်… လူတိုင်းရဲ့ အခြေခံစိတ်ဝိညာဉ်ပဲ… ဇီဝသက်ရှိတိုင်းက စိတ်ဝိညာဉ်နဲ့ စိတ်ဝိညာဉ် ခန္ဓာကိုယ်ရှိတယ်လို့ ယုံကြည်တဲ့ အတွေးအခေါ် ကျောင်းတစ်ကျောင်းလည်း ရှိတယ်”
“တခြားဟာတွေတော့ ငါ မသိဘူး… ဒါပေမဲ့ လျှို့ဝှက်ဆန်းကြယ် စပ်စုသမားတွေရဲ့ တွေးခေါ်မှု ပန်းတိုင်နဲ့ စွမ်းအားတိုးစေတဲ့ နည်းလမ်းက စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို တိုက်ရိုက်ဦးတည်တယ်”
“စိတ်ဝိညာဉ်ခန္ဓာကိုယ်ရဲ့ အပြင်မှာ လိပ်ပြာရှိတယ်… လိပ်ပြာက စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို စိတ်ဝိညာဉ်လောက ကြယ်တာရာအာကာသတို့နဲ့ ဆက်သွယ်ပေးတယ်… စိတ်ဝိညာဉ်ခန္ဓာကိုယ်ရဲ့ ပြင်ပသရုပ်လို့ ယူဆလို့ရတယ်… လိပ်ပြာက မင်းရဲ့ ရည်မှန်းချက်၊ ခံစားချက်တွေနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်…”
“မင်း ဆေးရည်သောက်ပြီး မြင်ခဲ့ရတဲ့ မြင်ကွင်းတွေက မင်းလိပ်ပြာ စိတ်ဝိညာဉ်လောကမှာ လျှောက်သွားတုန်း မြင်ခဲ့ရတာ… ရူပဗေဒ သဘောတရားတွေက အဲဒီစိတ်ဝိညာဉ်လောကကို မသက်ရောက်နိုင်ဘူး… အဲဒီလောကက ‘ငါ’ ဆိုတဲ့ အယူအဆ၊ အကန့်အသတ်မဲ့ ‘ငါ’ နဲ့ စကြဝဠာ ‘ငါ’ဆိုတဲ့ အရာတွေထက် ကျော်လွန်တယ်… အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်က အဲဒီမှာ တစ်ထပ်တည်း ရှိနေနိုင်တော့ ရှေးဖြစ်ဟောတာရဲ့ ရင်းမြစ် ဖြစ်နေတယ်”
“စိတ်ဝိညာဉ်လောကမှာ မင်း မြင်ရတာတွေက နိမိတ်နဲ့ သင်္ကေတတွေပဲ… မင်း အဲဒီအရာတွေရဲ့ ဆိုလိုရင်းကို နားလည်ချင်တယ်ဆိုရင် အဓိပ္ပာယ်ပြန်ဖို့ လိုလိမ့်မယ်”
“ရှေးဖြစ်ဟောတာနဲ့ မှော်မန္တန် တော်တော်များများက လိပ်ပြာကနေတစ်ဆင့်သွားတာ… လိပ်ပြာနဲ့ စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို အမှတ်မမှားနဲ့…”
‘စိတ်ဝိညာဉ်ခန္ဓာကိုယ်က ခန္ဓာကိုယ်တစ်မျိုး… လိပ်ပြာက စိတ်ဝိညာဉ်ခန္ဓာကိုယ်ရဲ့ အသွင်တစ်မျိုး…’ ကလိုင်းဟာ သူ့လက်ချောင်းကြားထဲက ရောင်ဝါကို ကြည့်ရင်း စိတ်ထဲမှာ ရိုးရိုးရှင်းရှင်း ကောက်ချက် ချလိုက်ပါတယ်။
“အဲဒီအပြင်ဘက်မှာက စိတ်နှလုံးခန္ဓာကိုယ် ရှိတယ်… ဒီကစပြီး ရုပ်ခန္ဓာနဲ့ ပေါင်းစပ်သွားပြီ… ဒီခန္ဓာကိုယ်မှာက မင်းဦးနှောက်ရဲ့ အစွမ်းအစတွေဖြစ်တဲ့ ကောက်ချက်ချတာ ပိုင်းခြားစိတ်ဖြာတာ စူးစမ်းလေ့လာတာနဲ့ ခွဲခြားရွေးထုတ်တာတွေ ပါတယ်… တချို့ဆေးရည်တွေက ဒီအစွမ်းအစတွေကို မြှင့်တင်ပေးတယ်… မှော်မန္တန် တော်တော်များများကလည်း ဒါကိုပဲ ပစ်မှတ်ထားကြတယ်”
လူအိုကြီးနီးလ်ဟာ အသေးစိတ် ရှင်းပြပါတယ် “အပြင်ဘက်ဆုံးအလွှာကတော့ အီသာခန္ဓာကိုယ်ပဲ… အီသာခန္ဓာကိုယ်က မင်းရဲ့ အသက်ဓာတ်နဲ့ ရုပ်ခန္ဓာရဲ့ သရုပ်ပဲ”
“မင်း မြင်နေရတဲ့အရောင်က မင်းအီသာခန္ဓာကိုယ်ရဲ့ ပြင်ပဖြစ်စဉ်ပဲ… တခြားစကားနဲ့ပြောရရင် စိတ်ဝိညာဉ်ခန္ဓာကိုယ် သရဲနဲ့ တစ္ဆေတွေကလွဲရင် ကျန်တာကို မင်း စိတ်ဝိညာဉ်အာရုံနဲ့ ကြည့်လို့ရတယ်… ဒါပေမဲ့ တချို့ မမြင်သင့်တဲ့ တည်ရှိမှုတွေကိုလည်း မင်း မြင်ရမှာ မဟုတ်ဘူး… မင်း တခြားလူတွေရဲ့ အီသာခန္ဓာကိုယ်နဲ့ ရောင်ဝါကိုတော့ မြင်နိုင်တယ်… သူတို့တွေရဲ့ ထူထပ်မှု တောက်ပမှုနဲ့ အရောင်အဝါကို ကြည့်ပြီး သူတို့ရဲ့ ကျန်းမာရေးနဲ့ စိတ်ခံစားချက် အခြေအနေကို ဆုံးဖြတ်နိုင်တယ်”
“မင်းရဲ့ စိတ်ဝိညာဉ်အာရုံ တိုးတက်လာမယ်… ဂမ္ဘီရအသိပညာတွေကိုလည်း ပိုပြီးတော့ တတ်မြောက်လာမယ်ဆိုရင် မင်း အသေးစိတ် ပိုပြီးတော့ မြင်ရလိမ့်မယ်… တခြားလူတွေရဲ့ သက်တမ်းကိုတောင် ခန့်မှန်းနိုင်လိမ့်မယ်”
“ဒါနဲ့ ငါပြောတဲ့ စိတ်ခံစားချက် အခြေအနေကလည်း မင်းရဲ့ လိပ်ပြာလွှင့်မှုကြောင့် သူ့ဘာသာ သရုပ်ပေါ်လာလိမ့်မယ်… မင်း ဆုံမှတ်အမြင့်ကို ရောက်သွားရင် မင်းရဲ့ စိတ်ဝိညာဉ်အာရုံကလည်း လိုက်တိုးတက်လိမ့်မယ်… တခြားလူတွေရဲ့ လိပ်ပြာကိုတောင် မြင်နိုင်လိမ့်မယ်… အဲဒီလိုဆိုရင် မင်း ပိုပြီးတော့ လေ့လာနိုင်လိမ့်မယ်… ဒါက အမြင်ဆရာနဲ့ လျှို့ဝှက်ဆန်းကြယ် စပ်စုသမားတွေပဲ ရနိုင်တဲ့အရာ”
“အစွမ်းအထက်ဆုံး စိတ်ဝိညာဉ်အာရုံက နေရာတိုင်း အရာတိုင်းကို မြင်နိုင်ပြီး အတိတ်နဲ့ အနာဂတ်ကိုလည်း မြင်နိုင်တာလို့ တချို့တွေက ပြောကြတယ်… ဒါပေမဲ့ ငါကတော့ ဒီစကားကို မယုံချင်ဘူး”
‘နားထောင်ရတာ တော်တော် စွမ်းအားကြီးတဲ့ပုံပဲ’ ကလိုင်းဟာ ဒီလိုစိတ်ဝိညာဉ်အာရုံမျိုးကို ချက်ချင်း လိုချင်သွားပါတယ်။
လူအိုကြီးနီးလ်ဟာ ချောင်းတစ်ချက် ဟန့်လိုက်ပါတယ် “အဟွတ်… အီသာခန္ဓာကိုယ်နဲ့ ရောင်ဝါတွေအကြောင်း ဆက်ပြောရအောင်… မင်းရဲ့ခြေလက်တွေနဲ့ လှုပ်ရှားဖို့လိုတဲ့ အစိတ်အပိုင်းတွေက အနီရောင်အနေနဲ့ ပေါ်လာလိမ့်မယ်… ခေါင်းနဲ့ ဦးနှောက်မျက်နှာပြင်က ခရမ်းရောင် ပေါ်လိမ့်မယ်… အညစ်အကြေး စွန့်ထုတ်တဲ့နေရာတွေက လိမ္မော်ရောင် ပေါ်လိမ့်မယ်… အစာချေစနစ်က အဝါရောင် ပေါ်လိမ့်မယ်… နှလုံးနဲ့ တခြားခန္ဓာကိုယ် ထိန်းကျောင်းတဲ့စနစ်တွေက အစိမ်းရောင် ပေါ်လိမ့်မယ်.. မင်းရဲ့ လည်ချောင်းနဲ့ တခြားအာရုံကြောစနစ်တွေက အပြာရောင် ပေါ်လိမ့်မယ်… ခန္ဓာကိုယ်တစ်ခုလုံး ဟန်ချက်ညီနေရင် အဖြူရောင်လွှမ်းခြုံထားသလိုမျိုး ဖြစ်နေလိမ့်မယ်… ဒါက ကျန်းမာခြင်းရဲ့ သင်္ကေတပဲ”
“အရောင် မှောင်သွားတာပဲဖြစ်ဖြစ် ထူထပ်နေရာကနေ ပါးသွားတာပဲဖြစ်ဖြစ် အရောင် ပြောင်းသွားလိမ့်မယ်… ဒါက အဲဒီအစိတ်အပိုင်းမှာ ပြဿနာဖြစ်နေတာကို ပြတာပဲ… ပင်ပန်းလွန်းတာ မဟုတ်ရင် ဖျားနာတာပဲ”
“နောက်ပြီး လိပ်ပြာရဲ့ အတွင်းပိုင်းက စိတ်ခံစားချက်ကို ကိုယ်စားပြုတယ်… အနီရောင်က စိတ်ပြင်းပြမှုနဲ့ စိတ်လှုပ်ရှားမှုကို ပြတယ်… လိမ္မော်ရောင်က နွေးထွေးမှုနဲ့ ကျေနပ်မှုကို ပြတယ်… အဝါရောင်က ပျော်ရွှင်မှုနဲ့ ပွင့်လင်းမှုကို ပြတယ်… အစိမ်းရောင်က တည်ငြိမ်မှုနဲ့ အေးချမ်းမှုကို ပြတယ်… အပြာရောင်က အေးစက်မှုနဲ့ အတွေးထဲနစ်မျောနေတာကို ပြတယ်… အဖြူ‌ရောင်က တောက်ပမှုနဲ့ တိုးတက်လိုစိတ်ကို ပြတယ်… အနက်ရောင်က စိုးရိမ်မှု ဝမ်းနည်းမှုနဲ့ တိတ်ဆိတ်မှုကို ပြတယ်… ခရမ်းရောင်က စိတ်ဝိညာဉ်ပိုင်းဆိုင်ရာက ဦးဆောင်ထိန်းချုပ်မှုကို ပြတယ်…”
ကလိုင်းဟာ လူအိုကြီးနီးလ် ပြောတာကို စိတ်ထဲမှာ လိုက်မှတ်ပြီး သူ့ရဲ့ စိတ်ဝိညာဉ်အာရုံကို တည်ငြိမ်အောင် လုပ်ပါတယ်။
“ကောင်းတယ်… မင်း တခြားအရာဝတ္ထုတွေကို ကြည့်လို့ရပြီ” လူအိုကြီးနီးလ်ဟာ ခေါင်းညိတ်ရင်း ဘာမှ ထပ်မပြောတော့ပါဘူး။
ကလိုင်းဟာ ဖြည်းဖြည်းချင်း ခေါင်းရွှေ့ပြီး လူအိုကြီးနီးလ်ကို ကြည့်လိုက်ပါတယ်။ ကလိုင်းဟာ လူအိုကြီးနီးလ် ပြောတဲ့အတိုင်းပဲ လူအိုကြီးနီးလ်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ အရောင်အမျိုးမျိုးကို တွေ့မြင်လိုက်ရပါတယ်။
တချို့နေရာတွေမှာ ရောင်ဝါက ထူထပ်ပြီး တချို့နေရာမှာတွေတော့ ပါးပါတယ်။ ‌ခေါင်းမှာရှိတဲ့ ခရမ်းရောင်ကတော့ အတောက်ပဆုံးပါ။ ခြေလက်တွေရဲ့ အနီရောင်ကတော့ နည်းနည်း မှောင်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားတဲ့ အဖြူရောင်ကလည်း နည်းနည်း မှေးမှိန်နေပါတယ်။
‘သူက တကယ်ကို အိုလာတာပဲ…’ ကလိုင်းဟာ စိတ်ထဲမှာ မှတ်ချက်ချလိုက်ပါတယ်။
ကလိုင်းဟာ ဒီလိုမြင်ရတော့မှပဲ သာလွန်သူ ဖြစ်ပြီလို့ ခံစားလိုက်ရပါတယ်။
‘ငါက အခု သာလွန်သူပဲ’
ကလိုင်းဟာ အကြည့်ရွှေ့ပြီး လူအိုကြီးနီးလ်ကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်တဲ့အခါ လူအိုကြီးနီးလ်နောက်က ဟင်းလင်းပြင်မှာ မျက်ခုံးမရှိဘဲ အေးစက်ပြီး အညှာအတာကင်းမဲ့တဲ့ မျက်လုံးတစ်စုံကို ရုတ်တရက် တွေ့မြင်လိုက်ရပါတယ်။
ဒီဝေဝါးတဲ့ မျက်လုံးတစ်စုံဟာ လူအိုကြီးနီးလ်နဲ့ သူ့ကို စူးစူးစိုက်စိုက် ကြည့်နေပါတယ်။
‘ဒါ…’ ကလိုင်းဟာ ကြက်သီးမွေးညင်း ထသွားပါတယ် “ခင်ဗျားနောက်မှာ မျက်လုံးတစ်စုံ ရှိနေတယ်”
လူအိုကြီးနီးလ်ဟာ တအံ့တဩ ဖြစ်သွားပြီး ဟန်လုပ်ပြုံးလိုက်ပါတယ်။
“အဲဒါကို ဂရုမစိုက်နဲ့”

Comment

Leave a Reply

Options

not work with dark mode
Reset