Switch Mode

Chapter – 31

မှော်ဆေးရည်

အခန်း (၃၁) မှော်ဆေးရည်

ဒန်းစမစ်ဟာ စကားတစ်လုံး မဆိုဘဲ မီးခိုးရောင် မျက်လုံးတွေနဲ့ ကလိုင်းကို တစ်မိနစ်ကြာအောင် စိုက်ကြည့်ပါတယ်။
ကလိုင်းဟာ ဒန်းစမစ်ရဲ့ အကြည့်အောက်မှာ အမြီးကုပ်မသွားဘဲ ဒန်းစမစ်ရဲ့ မျက်လုံးတွေကို ပြန်ပြီးတော့ စိုက်ကြည့်ပါတယ်။
“မင်း မှော်ဆေးရည်ကို သောက်လိုက်ပြီဆိုတာနဲ့ နောင်တရခွင့်တောင် မရှိတော့ဘူး… သေချာပြီလား” ဒန်းစမစ်ဟာ ခံစားချက်မပါတဲ့ အသံနက်နဲ့ ထပ်မေးပါတယ်။
ကလိုင်းဟာ သွားပေါ်အောင် ပြုံးလိုက်ပါတယ် “ကျွန်တော် သိပါတယ်… ဒါပေမဲ့ ကျွန်တော် ရင်ထဲကလာတဲ့အသံကို ယုံကြည်တယ်”
ပြောရရင် အအိပ်မဲ့က ကလိုင်းရဲ့ လိုအပ်ချက်နဲ့ မကိုက်ညီပါဘူး။ တဲရော့ကလပ်ကနေ ကလိုင်းကြားခဲ့တဲ့ ပွဲကြည့်ပရိသတ်ကလည်း ဒီအတိုင်းပါပဲ။ ကလိုင်းဟာ ဘယ်တော့မှ တခြား သာလွန်သူ လမ်းကြောင်းတွေနဲ့ ထိတွေ့ခွင့်ရမလဲဆိုတာ မသိပါဘူး။
အလျင်လိုတဲ့အခြေအနေမှာ အေးအေးဆေးဆေး လုပ်နေလို့ မရပါဘူး။ အဲဒါကြောင့် ကလိုင်းဟာ မသေချာမရေရာတဲ့ အနာဂတ်ကို ထိုင်မ‌စောင့်တာပါ။ ဒီယုတ္တိဗေဒနဲ့ စဉ်းစားရင် အလောင်းစုသမားကိုလည်း ဖယ်လိုက်လို့ ရပါတယ်။ အဲဒီတော့ လျှို့ဝှက်ဆန်းကြယ် စပ်စုသမားနဲ့ အမြင်ဆရာပဲ ကျန်ပါတော့တယ်။
မှော်ဆေးရည်ရဲ့ ဘယ်ဆုံမှတ်တွေပဲဖြစ်ဖြစ် အကုန်လုံး အန္တရာယ်ရှိပါတယ်။ သတင်းအချက်အလက်ကလည်း ပြည့်ပြည့်စုံစုံ မရှိပါဘူး။ နောက်ပြီး လျှို့ဝှက်ဆန်းကြယ် စပ်စုသမားနဲ့ အမြင်ဆရာက ကလိုင်း လိုအပ်နေတာနဲ့ ကွက်တိပါပဲ။
ဧကရာဇ်ရစ်ဆဲလ်က စာသင်သမား၊ သူခိုးနဲ့ အမြင်ဆရာကို မရွေးချယ်မိခဲ့လို့ နောင်တရတယ်ဆိုတဲ့ စကားက ဒီအတိုင်း မှတ်ချက်ပေးတာပဲဖြစ်ဖြစ် တကယ် နောင်တရပဲဖြစ်ဖြစ် ဒီအချက်က ကလိုင်းရဲ့ ဆုံးဖြတ်ချက်ကို တစ်ခြမ်းစောင်းသွားစေဖို့ လုံလောက်ပါတယ်။
နောက်ပြီး ကလိုင်းဟာ ဒိုင်ယာရီပါ အကြောင်းအရာတွေကနေ ချေဖျက်တာနဲ့ သရုပ်ဆောင်တယ်ဆိုတဲ့ စကားလုံးတွေရဲ့ အဓိပ္ပာယ်စစ်စစ်ကို ဆုပ်ကိုင်နိုင်မယ်ဆိုရင် မှော်ဆေးရည်ရဲ့ ဆိုးကျိုးတွေကို အတိုင်းအတာတစ်ခုအထိ ရှောင်ကြဉ်နိုင်လိမ့်မယ်လို့ ခံစားမိပါတယ်။ သာလွန်သူတွေကို ရူးသွပ်အောင် တွန်းပို့နိုင်တဲ့ ရေရွတ်သံတွေနဲ့ သွေးဆောင်ဖြားယောင်းတဲ့ ပုံရိပ်ယောင်တွေကတော့ သာလွန်သူ မဟုတ်လည်း သူ ကြုံတွေ့နေရပြီ မဟုတ်ပါလား။
“ကောင်းပြီလေ”
ဒန်းစမစ်ဟာ မတ်တတ်ရပ်ပြီး ဦးထုပ်ကောက်ဆောင်းလိုက်ပါတယ်။
“ငါ့နောက်လိုက်ခဲ့”
ကလိုင်းဟာ ခေါင်းညိတ်ပြီး ကျေးဇူးတင်တဲ့အနေနဲ့ အနည်းငယ် ဦးညွှတ်လိုက်ပါတယ်။ ဒါက လူကြီးလူကောင်းတွေ ကျေးဇူးတင်တဲ့အခါ လုပ်လေ့လုပ်ထရှိတဲ့ အပြုအမူတစ်ခုပါ။
“ရှပ်… ရှပ်… ရှပ်…”
ကလိုင်းနဲ့ ဒန်းစမစ် မြေအောက်ခန်းကို ဆင်းတဲ့အခါ သူတို့နှစ်ယောက်ရဲ့ ခြေသံက တိတ်ဆိတ်တဲ့ လှေကားမှာ ပဲ့တင်ထပ်သွားပါတယ်။
ကလိုင်းဟာ ရုတ်တရက်ဆိုသလို စိတ်မငြိမ်မသက် ဖြစ်လာတာကြောင့် အာရုံလွှဲတဲ့အနေနဲ့ စကားစ ရှာလိုက်ပါတယ်။
“ကပ္ပတိန်… ကျွန်တော် မှော်ဆေးရည်သောက်လို့ သက်ဆိုင်တဲ့ ဂမ္ဘီရအသိပညာတွေကို တစ်ခါတည်း မရဘူး၊ လေ့လာဖို့ပဲ အရည်အချင်း ရှိသွားတာဆိုရင် အဲဒီ ဂမ္ဘီရ အခြေခံ အသိပညာတွေက ဘယ်ကနေ လာတာလဲ… ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေက သက်စွန့်ဆံဖျား စူးစမ်းရှာဖွေပြီး ဖော်ထုတ်ခဲ့ကြတာလား… ဒါမှမဟုတ် တခြား နည်းလမ်းတစ်ခုခုနဲ့ ရလာခဲ့တာလား…”
ကလိုင်းဟာ မြေအောက်ခန်းကို ဆင်းတိုင်း လေထုက သန့်ရှင်းလတ်ဆတ်နေတာကို ခံစားမိပါတယ်။ လေဝင်လေထွက်စနစ်က တကယ်ကို ချီးကျူးဖို့ ကောင်းပါတယ်။ ဒါပေမဲ့ မကြာမကြာ တိုက်ခိုက်လေ့ရှိတဲ့ လေပြင်းက ကလိုင်းကို ကြက်သီးမွေးညင်း ထစေပါတယ်။
ဒန်းစမစ်ဟာ ကလိုင်းကို တစ်ချက်ကြည့်လိုက်ပါတယ်။ အမှောင်ထုထဲက ဒန်းစမစ်ရဲ့ မီးခိုးရောင် မျက်လုံးတွေဟာ ထူးထူးခြားခြားကို နက်နဲနေပါတယ်။
ဒန်းစမစ်ဟာ ခပ်တည်တည်ပဲ အဖြေပေးပါတယ် “တစ်ခုက မင်းပြောသလိုပဲ… လက်တွေ့စမ်းသပ်မှု၊ အကျဉ်းချုပ်မှုနဲ့ ပိုကောင်းအောင် တိုးမြှင့်မှုတွေကနေ လာတာ… ဒုတိယတစ်ခုက နတ်ဘုရားတွေ ပေးသနားတာ… တတိယကတော့… ဟီးဟီး… တခြားလူတွေ မကြားနိုင်တဲ့ ရေရွတ်သံတွေက အမြဲတမ်း အော်ဟစ်ညည်းညူနေတာ မဟုတ်ဘူး… မကြာမကြာ ဂမ္ဘီရနယ်ပယ်နဲ့ ပတ်သက်တဲ့ကိစ္စတွေကို ပြောလေ့ရှိတယ်…”
“ဒါပေမဲ့ ငါသိထားတာကို ပြောရမယ်ဆိုရင် အဲဒီရေရွတ်သံတွေကို ရေရှည် နားထောင်တဲ့လူမှန်သမျှ ရူးသွပ်သွားကြတာချည်းပဲ… မရူးရင်လည်း ဖောက်လွဲဖောက်ပြန်ဖြစ်ပြီး မွန်းစတားတွေ ဖြစ်ကုန်တယ်… ဒီလိုဆိုပေမဲ့ ငါတို့တွေ သူတို့ကို ကျေးဇူးတင်ရမယ်… သူတို့ချန်ထားခဲ့တဲ့ မှတ်စုစာအုပ်တွေက ဂမ္ဘီရနယ်ပယ်မှာ တော်တော်လေး တန်ဖိုးရှိတယ်”
‘လူသား အစမ်းသပ်ခံတွေလား…’ မြေအောက်လမ်းရဲ့ အေးစက်တဲ့လေကြောင့် ကလိုင်းဟာ ရုတ်တရက်ဆိုသလို ကျောရိုးထဲ စိမ့်တက်သွားပါတယ်။
‘ဒါဆိုရင် အဲဒီရေရွတ်သံတွေကြောင့် ငါရဲ့ ကံကောင်းစေတဲ့ အစီအရင်က လူမှုကွန်ရက်အစီအရင် ပြောင်းသွားတာလား’
လမ်းဆုံရောက်တဲ့ အခါမှာတော့ ဒန်းစမစ်ဟာ ချန်စီဂိတ်ဆီ ဆက်မသွားသလို လက်နက်ခန်း သိုလှောင်ခန်းနဲ့ မော်ကွန်းတိုက်ဘက်လည်း မလှည့်ပါဘူး။ အဲဒီအစား ဘယ်ဘက်ကွေ့ပြီး သူတော်စင် ဆယ်လီနာ ဘုရားရှိခိုးကျောင်းဆီ သွားပါတယ်။
လမ်းတစ်ဝက်အရောက်မှာတော့ ဒန်းစမစ်ဟာ တုံ့ခနဲရပ်ပြီး တစ်နေရာရာကို ကောက်ထိလိုက်တဲ့အခါ လျှို့ဝှက်တံခါးတစ်ခု ပွင့်လာပါတယ်။
“ဒါက ငါတို့ ညသိမ်းငှက်အဖွဲ့ရဲ့ အဂ္ဂိရတ်ခန်းပဲ… ငါ လူအိုကြီးနီးလ်ကို အမြင်ဆရာ မှော်ဆေးရည် ဖော်မြူလာနဲ့ လိုအပ်တဲ့ပစ္စည်းတွေကို ချန်စီဂိတ်ထဲက ထုတ်ခိုင်းလိုက်မယ်… ဟီးဟီး… မင်း ကံကောင်းတယ်… နတ်ဘုရားမက မင်းကို ကောင်းချီးပေးထားတယ်နဲ့ တူတယ်… ငါတို့ဆီမှာ အမြင်ဆရာ မှော်ဆေးရည်နှစ်ဖုံအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ ရှိနေသေးတယ်… မဟုတ်ရင် မင်း နည်းနည်း စောင့်ရဦးမှာ…”
ဒန်းစမစ်ဟာ တံခါးနောက်က အခန်းတစ်ခုကို လက်ညှိုးထိုးပြီး “အဲဒီမှာ စောင့်နေ… နောက်ကျလို့ လူအိုကြီးနီးလ် ရောက်လာရင် သူ ဆေးရည်ဖော်စပ်တာကို သေချာလိုက်ကြည့်… ဆေးရည်ဖော်စပ်တာက ဂမ္ဘီရနယ်ပယ်ရဲ့ အခြေခံအကျဆုံး အစိတ်အပိုင်းပဲ… အို… ဒါနဲ့ ဒီထဲက ပစ္စည်းတွေကို လျှောက်မကိုင်နဲ့… ဒီထဲကဟာတွေက အန္တရာယ်မများရင် ဈေးအရမ်းကြီးတယ်… တချို့ဟာတွေဆို ဈေးလည်းကြီးတယ်၊ အန္တရာယ်လည်း များတယ်”
“အို… ငါ မေ့တော့မလို့… မင်း သာလွန်သူ ဖြစ်လာတာက အန္တရာယ်ကို ရင်ဆိုင်ရမှာနဲ့ မှတ်စုစာအုပ်ကို ရှာရမှာကြောင့်ပဲ… မင်းရဲ့ အကျိုးဆောင်မှုက ဒီထဲမှာ တစ်စိတ်တစ်ပိုင်းပဲ ပါတယ်… အဲဒါကြောင့် လောလောဆယ်မှာ မင်းက ငါတို့ရဲ့ အဖွဲ့ဝင် ဖြစ်ဦးမှာ မဟုတ်သေးဘူး… အရင်လစာနဲ့ အရပ်ဘက်ဝန်ထမ်းအဖြစ် ဆက်ရှိနေတုန်းပဲ… ငါ အရင် ညွှန်ကြားထားတာကို မင်း ဆက်လုပ်ဦး.. နောက်ပြီး မင်း လူအိုကြီးနီးလ်နဲ့ ဂမ္ဘီရအကြောင်း လေ့လာရမယ်… အချိန်ကိုတော့ မင်းဘာသာ လူအိုကြီးနီးလ်နဲ့ ညှိပြီး စီစဉ်ချည်”
“ဟုတ်ကဲ့ပါ”
ကလိုင်းဟာ လစာမတိုးလို့ စိတ်ချဉ်ပေါက်တာကလွဲရင် ကျန်တာတွေကို လုံးဝ သဘောတူပါတယ်။
ဒန်းစမစ်ရဲ့ အဆိုအရ ဆေးရည်ကို သောက်သုံးပြီးရင် လေ့လာသင်ယူမှုတွေ လုပ်ရသလို ဆေးရည်ရဲ့ စွမ်းအားကိုလည်း ဆုပ်ကိုင်နိုင်အောင် ကြိုးစားရပါတယ်။ ကလိုင်းသာ ဆေးရည် ‌သောက်ပြီးပြီးချင်း ညသိမ်းငှက်အဖွဲ့ရဲ့ တရားဝင်အဖွဲ့ဝင် ဖြစ်လာပြီး တာဝန်တွေ ဆောင်ရွက်ရမယ်ဆိုရင် သေဖို့ရာခိုင်နှုန်းက ၉၉.၉၉ ရာခိုင်နှုန်း သေချာပါတယ်။
ဒန်းစမ်ဟာ ချာခနဲလှည့်ပြီး လမ်းဆုံဆီ ဦးတည်ပါတယ်။ ဒါပေမဲ့ ခြေသုံးလှမ်း မပြည့်ခင်မှာပဲ နောက်ပြန်လှည့်လာပြီး…
“နောက်ထပ်တစ်ခု ရှိသေးတယ်…”
‘ငါ ထင်တယ်…’ ကလိုင်းဟာ ဒန်းစမစ်ရဲ့ အပြုအမူကို အသားကျနေပါပြီ။
“ငါတို့တွေ လျှို့ဝှက်ဂိုဏ်းကနေ တစ်ခု ရထားတယ်” ဒန်းစမစ်ဟာ မျက်နှာသေနဲ့ ပြောပါတယ် “သူတို့တွေ မင်းကို ဒီရက်ထဲ ဘာမှလုပ်မှာ မဟုတ်လောက်ဘူး… ဒါပေမဲ့ သတိမလွတ်နဲ့… အန်တီဂိုနပ်မိသားစုရဲ့ မှတ်စုစာအုပ်က သူတို့အတွက် အရေးကြီးလားဆိုတာကို လောလောဆယ် အတည်မပြုရသေးဘူး… ငါတို့ ရှာတွေ့ထားသလောက် သူတို့က ရှေးဟောင်းဓလေ့ တချို့ကို ဆက်ထိန်းသိမ်းထားတယ်… အဲဒီတော့ သူတို့က ဆော်လမွန်အင်ပါယာနဲ့ အဲဒီအချိန်က အကျင့်ပျက်ခြစားတဲ့ သူကောင်းမျိုးတွေနဲ့ ပတ်သက်နေတယ်ဆိုတာ အတည်ပြုနိုင်တယ်…”
“ကျွန်တော် သိပြီ… ကျေးဇူးပါပဲ ကပ္ပတိန်” ကလိုင်းဟာ အသက်ရှူထုတ်လိုက်ပါတယ်။ ကလိုင်း သာလွန်သူဖြစ်ဖို့ အလျင်လိုနေရတဲ့ အကြောင်းရင်းထဲမှာ ဒီကိစ္စလည်း ပါပါတယ်။
ကလိုင်းဟာ ဒန်းစမစ် ထွက်သွားတာကို ကြည့်နေပြီး နောက်ပြန် လှည့်မလာတော့ဘူးဆိုတာ သေချာတော့မှ အဂ္ဂိရတ်ခန်းထဲကို တစ်လှမ်းချင်း လှမ်းဝင်လိုက်ပါတယ်။
အဂ္ဂိရတ်ခန်းထဲမှာ စားပွဲရှည်တွေ၊ စမ်းသပ်ပြွန်တွေ၊ အစက်ချပြွန်တွေ၊ အတိုင်းအတာ အချိန်အတွယ်တွေနဲ့ အလုံပိတ်အိုးတွေ ရှိနေပါတယ်။ ဒီအဂ္ဂိရတ်ခန်းဟာ ကလိုင်း ဘဝဟောင်းတုန်းက ဓာတုဗေဒ ဓာတ်ခွဲခန်းနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ဒီအဂ္ဂိရတ်ခန်းဟာ ဓာတုဗေဒ ဓာတ်ခွဲခန်းထက် ပိုကျဉ်းကျပ်ပြီး ရှေးကျပါတယ်။
အဲဒါအပြင် ဒီအဂ္ဂိရတ်ခန်းထဲမှာ ဆေးအိုးကြီးတစ်လုံး၊ သစ်သားနက် ယောက်ချိုတစ်ချောင်း၊ အလင်းဖောက်ဝင်နိုင်အောင် ကြည်လင်လှတဲ့ သလင်းလုံးတစ်လုံးနဲ့ တခြားပစ္စည်းတွေ ရှိနေပါတယ်။ အမှောင်ထု တံဆိပ်တော်နဲ့ တခြား ထူးဆန်းတဲ့ တံဆိပ်တွေကိုလည်း နေရာတိုင်းမှာ တွေ့မြင်နိုင်ပါတယ်။ ဒီအရာတွေက အဂ္ဂိရတ်ခန်းကို လျှို့ဝှက်ဆန်းကြယ်တဲ့ ခံစားချက် ရစေပါတယ်။
ကလိုင်းဟာ အခန်းပတ်လည်ကို စိတ်ဝင်တစား လိုက်ကြည့်ပေမဲ့ ဒီပစ္စည်းတွေကို လိုက်ကိုင်တဲ့အထိတော့ မတုံးအပါဘူး။
တစ်အောင့်ကြာတဲ့အခါမှာတော့ ကလိုင်းဟာ ခြေသံတွေ ကြားလိုက်ရပါတယ်။ လူအိုကြီးနီးလ်ဟာ သင်္ကေတတွေ ရှုပ်ယှက်ခတ်နေတဲ့ ငွေသေတ္တာ သေးသေးလေး တစ်လုံးကို သယ်လာပါတယ်။ လူအိုကြီးနီးလ်ဟာ သူ့ပုံစံအတိုင်း ရှေးကျတဲ့ ဂန္တဝင် ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး ဒီအဝတ်အစားနဲ့ လိုက်ဖက်နဲ့ ဦးထုပ်နက်တစ်လုံးကို ဆောင်းထားပါတယ်။
“ကောင်လေး… မင်း အမြင်ဆရာကို ရွေးလိမ့်မယ်လို့ ငါ လုံးဝ မထင်မိဘူး” လူအိုကြီးနီးလ်ဟာ ငွေသေတ္တာလေးကို အောက်ချပြီး သူ့ရဲ့ ကြည်ကြည်လင်လင် မရှိတဲ့ မျက်လုံးတွေနဲ့ ကလိုင်းကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်ပါတယ်။
“မင်းက ငါ ငယ်ငယ်တုန်းကလိုပဲ… လူအများနောက်ကို မလိုက်ချင်ဘူး… မဆိုးဘူး… ဒီဓာတ်ငွေ့မီးအိမ်တွေကို မီးထွန်းပြီးရင် တံခါးပိတ်လိုက်”
“ဟုတ်ကဲ့”
ကလိုင်းဟာ စိတ်ငြိမ်အောင် ကြိုးစားထိန်းသိမ်းရင်း အဂ္ဂိရတ်ခန်းထဲက ဓာတ်ငွေ့မီးအိမ်တွေကို ထွန်းလိုက်ပါတယ်။ ဓာတ်ငွေ့မီးအိမ်တွေရဲ့ အလင်းရောင်ကြောင့် မှေးမှိန်နေတဲ့ အခန်းဟာ လင်းလင်းကျင်းကျင်း ဖြစ်သွားပါတယ်။
ကလိုင်းဟာ လျှို့ဝှက်တံခါးကို ပိတ်ပြီးနောက် ပြန်လှည့်ကြည့်လိုက်တဲ့အခါ ဆံပင်တွေ ဖြူဖွေးပြီး ပါးရေတွန့်နေတဲ့ လူအိုကြီးနီးလ်က ထူးဆန်းတဲ့ သစ်ကိုင်းခက်တွေ စုချည်ထားတာနဲ့ ဆေးအိုးနက်ကို သန့်ရှင်းနေတာ တွေ့လိုက်ရပါတယ်။
“ဆုံမှတ်‌ဆေးရည် ဖော်တာက လွယ်ပါတယ်… ဆုံမှတ် ၇ နဲ့ ဆုံမှတ် ၇ အောက်က ဆေးရည်တွေအတွက် ဆိုရင်ပေါ့… အထူးမီးလျှံတွေ မလိုသလို ထပ်ဆောင်း အစီအရင်တွေလည်း လုပ်စရာ မလိုဘူး… မန္တန် မန္တရားတွေလည်း ရွတ်ဖတ်စရာ မလိုဘူး… စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ပါဝင်ဖို့လည်း မလိုဘူး… လိုအပ်တာဆိုလို့ သူ့ဆေးရည်ဖော်မြူလာအတိုင်း အဆင့်တိုင်းကို တိတိကျကျ ဖော်စပ်ဖို့ပဲ…”
လူအိုကြီးနီးလ်ဟာ ကလိုင်းကို အပြုံးနဲ့ ရှင်းပြပါတယ်။
“တကယ်ကြီးလား” ကလိုင်းဟာ တအံ့တဩ မေးမိလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆေးရည်ဖော်တာက သူ့ရဲ့ ကံကောင်းစေတဲ့ အစီအရင်လိုမျိုး ရိုးရှင်းနေလို့ပါ။ ဒါပေမဲ့ သေချာတွေးကြည့်ရင် ဒါက ပိုကြောက်ဖို့ ကောင်းပါတယ်။
“အင်း… ဒါက နတ်ဘုရားတွေရဲ့ ဆုလာဘ်ပဲ ထင်ပါတယ်… အရှင်မကို ချီးမွမ်းကြလော့” လူအိုကြီးနီးလ်ဟာ သူ့ရင်ဘက်ကို စက်ဝိုင်းပုံ တို့ထိလိုက်ပါတယ်။
အဲဒီနောက် လူအိုကြီးနီးလ်ဟာ ငွေသေတ္တာ သေးသေးလေးကို ဖွင့်ပြီး သိုးသားရေကို ထုတ်ယူလိုက်ပါတယ်။ လူအိုကြီးနီးလ်ဟာ ဝါကျင့်ကျင့် သိုးသားရေကို တစ်လက်မချင်း ဖြန့်လိုက်တဲ့အခါ စာလုံးတွေ ပေါ်လာပါတယ်။
ကလိုင်းဟာ မလှမ်းမကမ်းကနေ လှမ်းကြည့်တဲ့အခါ ဒီစာလုံးတွေက သူ ရင်းနှီးတဲ့ ဟာမီး ဘာသာစကား ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ သွေးလိုမျိုးမှင်နဲ့ ရေးထားတဲ့ ဒီစာလုံးတွေဟာ ရေးပြီးခါစမှင်လိုမျိုး မခြောက်သေးတဲ့ပုံ ရှိနေပါတယ်။ ဒီအချက်ကလွဲရင် တခြားထူးခြားတာ ဘာမှရှိပုံ မပေါ်ပါဘူး။
“အမြင်ဆရာ… ရေသန့် ၁၀၀ မီလီလီတာ၊ ညသစ်ခွရည် ၁၃ စက်၊ ရွှေပင်စိမ်းရွက် ၅ ရွက်…” ကလိုင်းဟာ ဆေးရည်ဖော်မြူလာကို စိတ်ထဲကနေ ဖတ်လိုက်ပါတယ်။ ကျန်တဲ့အပိုင်းကတော့ လူအိုကြီးနီးလ်ရဲ့ လက်ကောက်ဝတ်နဲ့ ကာနေတဲ့အတွက် ဆက်ဖတ်လို့ မရပါဘူး။
“ရေသန့်က ထပ်ခါထပ်ခါ စစ်ထားတဲ့ရေပဲ… ကံကောင်းချင်တော့ ငါအရင်က စစ်ထားတာ ကျန်သေးတယ်… ဒီတော့ ဒီအတွက် အချိန်မကုန်တော့ဘူး” လူအိုကြီးနီးလ်ဟာ ကလိုင်းကို ရေသန့်အကြောင်း ပြောရင်း စားပွဲပေါ်က အလုံပိတ် ဖန်ပုလင်းကို ကျွမ်းကျင်စွာ ကောက်ယူလိုက်ပါတယ်။
အဲဒီနောက် လူအိုကြီးနီးလ်ဟာ အဖုံးချွတ်ပြီး ဘာမှမတွေးဘဲ ရေသန့် ၁၀၀ မီလီလီတာလောက်ကို ဆေးအိုးထဲ လောင်းထည့်လိုက်ပါတယ်။
ကလိုင်းဟာ ဆေးရည်ဖော်စပ်တာ အနှောင့်အယှက် ဖြစ်မှာစိုးတဲ့အတွက် လူအိုကြီးနီးလ်ကို ဘာမှ မမေးရဲပါဘူး။ ဒီဆေးရည်က သူ သောက်ရမှာ မဟုတ်ပါလား။
“ညသစ်ခွက်ရည် ၁၃ စက်… ဒါက ကြိုပြီးထုတ်ထားရတဲ့ မရှိမဖြစ်ဆီပဲ” လူအိုကြီးနီးလ်ဟာ ငွေသေတ္တာထဲက အညိုရောင် ပုလင်းသေးသေးလေးကို ထုတ်ယူပြီး အစက်ချပြွန်နဲ့ ဆေးအိုးထဲ ၁၃ စက် ချလိုက်တဲ့အခါ ရေးတေးတေးနဲ့ ကိုယ်စိတ်ပြေလျော့စေတဲ့ ရနံ့သင်းသင်းလေး ထွက်ပေါ်လာပါတယ်။
ဒီရနံ့သင်းသင်းက ကလိုင်းကို စိတ်အေးချမ်းသွားစေပါတယ်။
“ရွှေပင်စိမ်း ၇ ရွက်…” လူအိုကြီးနီးလ်ဟာ ငွေရောင်သံဘူးကို ကောက်ယူပြီး အဖုံးဖွင့်လိုက်ပါတယ်။ အဲဒီနောက် လက်ဗလာနဲ့ လေးငါးခြောက်ရွက် ကောက်ယူပြီး ဆေးအိုးထဲ ဖြန့်ထည့်လိုက်ပါတယ်။ လူအိုကြီးနီးလ်ဟာ ရွှေပင်စိမ်းရဲ့ သန့်ရှင်း လတ်ဆတ်တဲ့ ရနံ့ကို ရှူရှိုက်လိုက်ပါတယ်။
“၄ ၅ ၆ ၇… ကွက်တိပဲ” လူအိုကြီးနီးလ်ဟာ တစ်ချက်ရယ်ပြီး သိုးသားရေပေါ်က ဆေးရည် ဖော်မြူလာကို ကြည့်လိုက်ပါတယ်။
“ထင်းရှူးပန်းပွင့်ဖြူအဆိပ် ၃ စက်… ဒါက မင်း သောက်ချင်တိုင်း လျှောက်သောက်လို့ရတာ မဟုတ်ဘူး… ဒီအဆိပ်က မင်းရဲ့ ခန္ဓာကိုယ်ကို ထုံထိုင်းပြီး သေစေနိုင်တယ်… ရှေးတုန်းကဆိုရင် ဒီအဆိပ်က ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ အကောင်းဆုံး ရွေးချယ်မှုပဲ”
‘ကျွန်တော် အဲဒီလောက်တော့ မအပါဘူး…’
လူအိုကြီးနီးလ်ဟာ အစက်ချပြွန်ပြောင်းပြီး ထင်းရှူးပန်းပွင့်ဖြူအဆိပ်ကို ဆေးအိုးထဲ ထည့်လိုက်တဲ့အခါ ဒီရောစပ်မှုကြောင့် စိတ်ကြည်လင် လန်းဆန်းစေတဲ့ ထူးဆန်းတဲ့ အနံ့တစ်မျိုး ထွက်ပေါ်လာပါတယ်။
“နဂါးသွေးမြက်မှုန့် ၉ ဂရမ်” လူအိုကြီးနီးလ်ဟာ ငွေသေတ္တာလေးကို လှမ်းကိုင်ပြီး စမ်းသပ်ပြွန်တစ်ခုကို ထုတ်ယူလိုက်ပါတယ်။ ဒီစမ်းသပ်ပြွန်ထဲမှာ နက်မှောင်တဲ့ အမှုန့်တချို့ ရှိနေပါတယ်။ လူအိုကြီးနီးလ်ဟာ ချိန်ခွင်နဲ့ ၉ ဂရမ် ချိန်ပြီး နဂါးသွေးမြက်မှုန့်ကို ဆေးအိုးထဲ လောင်းထည့်ပါတယ်။ ပြီးတဲ့အခါမှာတော့ ယောက်ချိုနက်နဲ့ ရောသမအောင် မွှေလိုက်ပါတယ်။
ကလိုင်းဟာ လူအိုကြီးနီးလ်ရဲ့ ဆေးရည် ဖော်စပ်ပုံကို ကြည့်ပြီး နည်းနည်း စိုးရိမ်သွားပါတယ်။
“တကယ်တော့ ငါ အခုထည့်လိုက်တဲ့ ပါဝင်ပစ္စည်းတွေက အရန်ပစ္စည်းတွေ… ဆေးရည်ရဲ့ နောက်ဆုံးရလဒ်ကို မသက်ရောက်နိုင်ပါဘူး… ငါ နည်းနည်း ပိုထည့်လိုက်ရမလား…” လူအိုကြီးနီးလ်ဟာ ကလိုင်းကို နောက်လိုက်ပါတယ်။
“နောက်ဆုံးနှစ်ခုကမှ တကယ် အရေးကြီးတာ… သတ်မှတ်ထားတဲ့ ပမာဏထက် နည်းနည်းလေး နည်းသွားလို့တော့ ရတယ်… အများကြီးတော့ မရဘူး… မဟုတ်ရင် မင်း အောင်မြင်မှာ မဟုတ်ဘူး… အင်း… သတ်မှတ်ထားတဲ့ ပမာဏထက်တော့ နည်းနည်းလေးတောင် များသွားလို့ မရဘူး… မဟုတ်ရင် မင်း ရူးလိမ့်မယ်… ချက်ချင်းကြီးတော့ မသေနိုင်ပါဘူး”
လူအိုကြီးနီးလ် ငွေသေတ္တာထဲက ဖန်ပုလင်းနက်တစ်လုံး ထုတ်ယူလိုက်တာကို ကြည့်ပြီး ကလိုင်းဟာ အကြောတွေတင်းသွားပါတယ်။
“လာဗိုကင်းမွန်သွေး ၁၀ မီလီလီတာ… ဒီကင်းမွန်မျိုးက ထူးခြားမျိုးစိတ်လို့ ပြောလို့ရတယ်… သိသိသာသာကို သန္ဓေပြောင်းသွားတာ… ဆန်းလည်း ဆန်းကြယ်တယ်… သူ့သွေးက နေရောင်အောက်မှာဆိုရင် ပျော်ကျပြီး သာလွန်ဂုဏ်သတ္တိ ဆုံးရှုံးသွားရော… အဲဒါကြောင့် သူ့ကို အလင်းပိတ်တဲ့ဟာနဲ့ သိမ်းရတယ်”
လူအိုကြီးနီးလ်ဟာ အရင်လိုမျိုး အေးအေးဆေးဆေး မရှိတော့ပါဘူး။ လူအိုကြီးနီးလ်ဟာ သွက်သွက်လက်လက်နဲ့ လာဗိုကင်းမွန်သွေး ၁၀ မီလီလီတာကို စမ်းသပ်ပြွန်ထဲ ကောက်ထည့်လိုက်ပါတယ်။
လာဗိုကင်းမွန်သွေးက ကောင်းကင်ပြာရောင်ရှိပြီး မကြာမကြာ ပူဖောင်းပုံရိပ်ယောင်တွေ ထုတ်လွှတ်ပါတယ်။ စိတ်ဝိညာဉ်လောကနဲ့ ဆက်စပ်နေတဲ့ အတိုင်းပါပဲ။
“ဒီစမ်းသပ်ပြွန်ထဲက လာဗိုကင်းမွန်သွေးကို ဆေးအိုးထဲ လောင်းထည့်ပြီးရင် ကျန်တဲ့ အကပ်အသပ်ကို ဒီအတိုင်းထားလိုက်ရတယ်… သတ်မှတ်ထားတဲ့ ပမာဏာထက် များသွားမှာစိုးလို့ပဲ”
အပြာရောင် လာဗိုကင်းမွန်သွေး ဆေးအိုးထဲက အရည်နဲ့ ထိတွေ့မိတာနဲ့ ပူဖောင်းတွေ ထလာပါတယ်။ ဘေးနားပတ်ဝန်းကျင်က အလင်းရောင်ဟာလည်း ပြာလဲ့သွားပြီး ကလိုင်းကို ထူးဆန်းပေမဲ့ ရင်းနှီးတဲ့ ခံစားချက်မျိုး ရစေပါတယ်။ အမေရဲ့ ဝမ်းဗိုက်ထဲမှာ နေရတဲ့ ခံစားချက်မျိုးလိုပါပဲ။
“နောက်ဆုံးဟာက ကြယ်ရေသလင်းခဲ ၅၀ ဂရမ်ပဲ”
လူအိုကြီးနီးလ်ရဲ့ အသံကြောင့် ကလိုင်းဟာ ဆတ်ခနဲ သတိပြန်ဝင်လာကာ စားပွဲပေါ်ကို ကြည့်လိုက်ပါတယ်။ လူအိုကြီးနီးလ်ရဲ့ လက်ထဲမှာ ကြည့်လင်သန်ရှင်းလွန်းတဲ့ သလင်းခဲတစ်ခဲ ရှိနေပါတယ်။ ဒီသလင်းခဲက ကျောက်ကျောလိုမျိုးရှိပြီး ၂၁ ရာစုက ဂျယ်လီနဲ့ တူပါတယ်။ မာကျောမှု မရှိပါဘူး။
ပြာလဲ့လဲ့ အလင်းရောင်အောက်မှာ ကြယ်ရေသလင်းခဲဟာ ကြယ်တွေ တောက်ပနေသလို ရောင်ပြန်ဟပ်နေပါတယ်။
“ဒါက သလင်းကျောက် ရှေ့ဖြစ်ဟောတာအတွက် အရမ်းကောင်းတဲ့ ပစ္စည်းပဲ… အမှားအယွင်း မဖြစ်အောင် နည်းနည်းလေး လျှော့ထည့်” လူအိုကြီးနီးဟာ ချိန်တွယ်ရင်း ငွေဓားလေးနဲ့ သလင်းကျောက်ကို လှီးယူပါတယ်။
‘ရေသန့်၊ ညသစ်ခွ၊ ရွှေပင်စိမ်းရွက်၊ ထင်းရှူးပန်းပွင့်ဖြူအဆိပ်၊ နဂါးသွေးမြက်၊ လာဗိုကင်းမွန်သွေးနဲ့ ကြယ်ရေသလင်းခဲ…’ ကလိုင်းဟာ ဆေးရည်ဖော်မြူလာကို ပြန်တွေးလိုက်ပါတယ်။
လိုအပ်တာ လုပ်ပြီးသွားတဲ့အခါ လူအိုကြီးနီးလ်ဟာ ကြယ်ရေသလင်းခဲ လေးငါးတုံးကို ဆေးအိုးထဲ လောင်းထည့်လိုက်ပါတယ်။
ရှဲခနဲ မြည်သွားပြီး ပုံရိပ်ယောင် မြူခိုးတွေ ရုတ်ခြည်း ထွက်ပေါ်လာကာ အဂ္ဂိရတ်ခန်းကို ဝေဝါးသွားစေပါတယ်။
ကလိုင်းဟာ မြူခိုးကြားထဲမှာ ကျယ်ပြောလှတဲ့ ကြယ်အစီအရင်ကို တွေ့မြင်လိုက်ရသလိုမျိုး ခံစားလိုက်ရပြီး မမြင်နိုင်တဲ့ တည်ရှိမှုတစ်ခုခုက သူ့ကို ထောက်လှမ်းနေတယ်လို့ ခံစားလိုက်ရပါတယ်။
လေးငါးစက္ကန့် အကြာမှာတော့ မြူခိုးတွေ လွှင့်ပါး ပျောက်ကွယ်သွားပါတယ်။ လူအိုကြီးနီးလ်ဟာ ယောက်ချိုနက်သုံးပြီး ဆေးအိုးထဲက ပြာနက်ပျစ်ချွဲတဲ့ အရည်တွေကို ခပ်ယူပါတယ်။ ဒီအရည်က စေးကပ်ပြီး ခွဲထုတ်လို့မရတဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဆေးအိုးထဲမှာ နည်းနည်းကလေးတောင် ကျန်မနေခဲ့ပါဘူး။
လူအိုကြီးနီးလ်ဟာ ပြာနက်စေးကပ်တဲ့ အရည်ကို အလင်းပိတ်ခွက်ထဲ လောင်းထည့်ပြီး ပြောလိုက်ပါတယ်။
“ပြီးပြီ… မင်းရဲ့ အမြင်ဆရာ ဆေးရည် ရပြီ”

Comment

Leave a Reply

Options

not work with dark mode
Reset