Switch Mode

Chapter – 30

အသစ်အသစ်များ စတင်ခြင်း

အခန်း (၃၀) အသစ်အသစ်များ စတင်ခြင်း

ဒက်ဖဒိုလမ်းရဲ့ အမှတ် ၂၊ ၄ နဲ့ ၆ ကလည်း ခေါင်မိုးဆက်အိမ်တွေပါပဲ။ ဒီအိမ်တွေရဲ့ အပြင်ပန်းအရောင်ဟာ ပြာမှိုင်းမှိုင်းရှိပြီး မီးခိုးတိုင် သုံးတိုင် ထိုးထွက်နေပါတယ်။ ဒီနေရာမှာ မြက်ခင်းတွေ ဥယျာဉ်တွေ အိမ်ရှေ့မျက်နှာစာတွေ မရှိပါဘူး။ အိမ်တံခါးကို လမ်းနှင့် တစ်ခါတည်း မျက်နှာချင်းဆိုင်ထားပါတယ်။
ထင်းဂန်မြို့ အိမ်ရာတိုးတက်ရေး ကုမ္ပဏီက စကာတာဟာ သော့တွဲတစ်တွဲထုတ်ယူပြီး အိမ်တံခါးဖွင့်ကာ အိမ်အကြောင်း မိတ်ဆက်ပါတယ်။
“အစ်ကိုတို့ရဲ့ ခေါင်မိုးဆက်အိမ်က အဝင်ခန်း မရှိဘူး… အဲဒီတော့ အိမ်ထဲဝင်လိုက်တာနဲ့ ဧည့်ခန်းပဲ… ဒက်ဖဒိုလမ်းကို မျက်နှာမူထားတဲ့ ပြတင်းပေါက်လည်းရှိတော့ အလင်းရောင်လည်း ကောင်းကောင်း ရတယ်”
ကလိုင်းတို့ မောင်နှမသုံးယောက်ဟာ ရွှေရောင် နေရောင်ခြည် ဖြာကျနေတဲ့ ဖိုင်ဘာဆိုဖာနဲ့ သူတို့ရဲ့ ပြီးခဲ့တဲ့ အိပ်ခန်းနှစ်ခန်း တိုက်ခန်းထက် ပိုကျယ်ဝန်းတဲ့ နေရာကို တွေ့လိုက်ရပါတယ်။
“ဒီဧည့်ခန်းကို ဧည့်ခန်းမလည်း သုံးလို့ရတယ်… ညာဘက်က ထမင်းစားခန်းပဲ… ဘယ်ဘက်က ဆောင်းရာသီမှာ အနွေးဓာတ်ပေးနိုင်တဲ့ မီးဖိုပဲ…” စကာတာဟာ ဘေးပတ်ဝန်းကျင်ကို လိုက်ပြပြီး တစ်ခုချင်း မိတ်ဆက်ပါတယ်။
ကလိုင်းဟာ ဘေးဘီဝန်းကျင်ကို ကြည့်ပြီး ဒီအိမ်ဆောက်လုပ်ထားတဲ့ပုံစံက ရှင်းရှင်းလင်းလင်း ရှိပေမဲ့ နည်းနည်း လိုနေသေးတယ်လို့ ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထမင်းစားခန်းနဲ့ ဧည့်ခန်းကြားမှာ ဘာအကာမှ မရှိပေမဲ့ ပြတင်းပေါက်နဲ့ ဝေးလွန်းတဲ့အတွက် တချို့အကွယ်တွေက နည်းနည်း မှောင်နေပါတယ်။
ထောင့်မှန်စတုဂံ အနီရောင် စားပွဲကို ကော်ဇောတပ် သစ်မာသားထိုင်ခုံ ခြောက်လုံးက ဝိုင်းထားပါတယ်။ ဘယ်ဘယ်နံရံမှာရှိတဲ့ မီးဖိုက ကလိုင်း ကြည့်ဖူးတဲ့ အနောက်တိုင်း အလယ်ခေတ် ဇာတ်ကားတွေထဲက တစ်ပုံစံတည်းပါပဲ။
“ထမင်းစားခန်းနောက်မှာ မီးဖိုချောင်ရှိတယ်… ဒါပေမဲ့ အစ်ကိုတို့က မီးဖိုချောင်သုံးပစ္စည်းတွေကိုတော့ မထောက်ပံ့ဘူး… ဧည့်ခန်းနဲ့ မျက်နှာချင်းဆိုင် ဧည့်သည်ခန်းလေးနဲ့ ရေချိုးခန်းပဲ…” စကာတာဟာ လိုက်လျှောက်ပြပြီး အိမ်ရဲ့ အပြင်အဆင်ကို ရှင်းပြပါတယ်။
ရေချိုးခန်းက နှစ်ပိုင်း ခွဲထားပါတယ်။ အပြင်ပိုင်းနေရာက မျက်နှာသစ် ရေချိုး သွားတိုက်ဖို့ ဖြစ်ပြီး အတွင်းပိုင်းနေရာကတော့ အိမ်သာပါ။ ဒီနေရာနှစ်ခုကို ဘေးတိုက်ဆွဲတံခါးက ခြားထားပါတယ်။
ဧည့်သည်ခန်းက သေးတယ်ဆိုပေမဲ့ မလီဆာ လက်ရှိနေတဲ့ အခန်းထက် အများကြီး ပိုကျယ်ပါတယ်။ မလီဆာဟာ ဒီအခန်းကို မြင်မြင်ချင်းပဲ မှင်တက်သွားပါတယ်။
ပထမထပ်ကို လျှောက်ကြည့်ပြီးနောက် စကာတာဟာ ကလိုင်းတို့ မောင်နှမတို့ သုံးယောက်ကို ရေချိုးခန်းဘေးမှာရှိတဲ့ လှေကားဆီ ခေါ်သွားပါတယ်။
“အောက်ဆင်းရင် မြေအောက်ခန်းဆီ ရောက်တယ်… မြေအောက်ခန်းက ပိတ်လှောင်နေတာဆိုတော့ အထဲမဝင်ခင် လေကောင်းလေသန့်တွေ အရင်ဝင်အောင် ခဏစောင့်ဖို့ မမေ့နဲ့”
ဘန်ဆင်ဟာ ခေါင်းညိတ်လိုက်ပြီး စကာတာနောက်ကနေ ဒုတိယထပ်ဆီ လိုက်သွားပါတယ်။
“အစ်ကိုရဲ့ ဘယ်ဘက်မှာက ရေချိုးခန်းနဲ့ အိပ်ခန်းနှစ်ခန်းရှိတယ်… ညာဘက်မှာလည်း အဲဒီအတိုင်းပဲ… ဒါပေမဲ့ ဒီဘက်မှာရှိတဲ့ သန့်စင်ခန်းက လေသာခန်းဘေးမှာ”
စကာတာဟာ ပြောပြောဆိုဆို ရေချိုးခန်းတံခါး ဖွင့်ပြီး ကလိုင်းတို့ မောင်နှမသုံးယောက် အထဲကို ကြည့်နိုင်အောင် ဘေးရွှေ့ ရပ်လိုက်ပါတယ်။
ရေချိုးခန်းမှာ ‌ရေချိုးကန် အပိုတစ်ခုပါပါတယ်။ တခြားရေချိုးခန်းတွေလိုပါပဲ။ ဘေးနားက အိမ်သာနဲ့ ဘေးတိုက်ဆွဲတံခါးတစ်ခု ခြားထားပါတယ်။ ရေချိုးခန်းက နည်းနည်း ဖုန်တက်နေပေမဲ့ ညစ်ပတ်နံစော်ပြီး ကျဉ်းကျဉ်းကျပ်ကျပ် မရှိပါဘူး။
မလီဆာဟာ စကာတာ ဘေးနားက အိပ်ခန်းကို လျှောက်မသွားခင်အထိ ငေးကြည့်နေမိပါတယ်။ တစ်ယောက်တည်း ကျန်နေခဲ့တာကို သတိထားမိတော့မှ မလီဆာဟာ ငေးကြည့်နေတာရပ်ပြီး ကျန်တဲ့လူတွေနောက် လိုက်ပါတယ်။
မလီဆာဟာ ခြေလှမ်း လေးငါးဆယ်လှမ်း လှမ်းပြီးတဲ့အခါ ပြန်မလှည့်ကြည့်ဘဲ မနေနိုင်ပါဘူး။
လောကဓံကို ကြုံတွေ့ခံစားဖူးတဲ့ ကလိုင်းလည်း ဝမ်းသာပြီး စိတ်လှုပ်ရှားနေပါတယ်။ သူတို့ရဲ့ အိမ်ပိုင်ရှင်က ရေချိုးခန်းကို သန့်ရှင်းရေးလုပ်တာ ကြီးကြပ်ပေမဲ့ သူတို့ရဲ့ ရေချိုးခန်းက သန့်သန့်ရှင်းရှင်း မရှိလှပါဘူး။ မကြာခဏ ပျို့အန်ချင်စရာကောင်းတဲ့ အခြေအနေတွေကို ကြုံတွေ့ရပါတယ်။ အရေးကြီးလာတဲ့ အချိန်ကျရင်လည်း တန်းစီစောင့်ရတာမျိုး ရှိပါတယ်။
တခြားရေချိုးခန်းတွေကလည်း မလီဆာ ငေးကြည့်ခဲ့တဲ့ ရေချိုးခန်းနဲ့ ခပ်ဆင်ဆင်ပါပဲ။ ဘာမှ သိပ်မကွာပါဘူး။ အိပ်ခန်းလေးခန်းထဲမှာ တစ်ခန်းက တခြားအိပ်ခန်းတွေထက် နည်းနည်း ပိုကြီးပြီး စာအုပ်စင် ရှိပါတယ်။ ကျန်တဲ့အခန်းတွေကတော့ အရွယ်အစားဆင်တူပြီး အခန်းတိုင်းမှာ ခုတင်တစ်လုံး စားပွဲတစ်လုံးနဲ့ အဝတ်ဗီရိုတစ်လုံး ပါပါတယ်။
“လေသာခန်းက တော်တော်သေးတော့ ငါ့ညီတို့တွေ အဝတ်တွေ အများကြီး တစ်ခါတည်း လှန်းလို့ရမှာ မဟုတ်ဘူး” စကာတာ စင်္ကြံအဆုံးမှာရပ်ပြီး တံခါးတစ်ခုကို လက်ညှိုးထိုးကာ ပြောလိုက်ပါတယ်။
“ဒီမှာ မြေအောက်ရေနုတ်မြောင်း၊ ဓာတ်ငွေ့ပိုက်လိုင်း၊ မီတာနဲ့ တခြားပစ္စည်းပစ္စယတွေ ပြည့်ပြည့်စုံစုံရှိတယ်… ဒီအိမ်က ငါ့ညီတို့လို အမျိုးကောင်းသား အမျိုးကောင်းသမီးတွေအတွက် တော်တော်လေး သင့်လျော်တယ်… အိမ်ငှားခကလည်း ပရိဘောဂတွေ အသုံးပြုခ အပါအဝင် တစ်ပတ်ကို ၁၃ ဆိုလီနဲ့ ၅ ပဲနိပဲ ရှိတယ်… စရန်ငွေကတော့ လေးပတ်စာ တင်ရလိမ့်မယ်”
ဘန်ဆင် ဘာမှမပြောခင်မှာပဲ ကလိုင်းဟာ ဘေးဘီကို တစ်ချက်ကြည့်ပြီး စပ်စုလိုက်ပါတယ် “ဒီလိုအိမ်မျိုးဝယ်ရင် အကြမ်းဖျင်း ဘယ်လောက်လောက် ကျလဲ”
တရုတ်နိုင်ငံကနေ ဘဝကူးပြောင်းလာတဲ့လူမလို့ ကလိုင်းရဲ့ အိမ်ပိုင်ချင်စိတ်က တော်‌တော်လေး အားကောင်းနေပါသေးတယ်။
ဒီမေးခွန်းကြောင့် ဘန်ဆင်နဲ့ မလီဆာဟာ လန့်သွားပါတယ်။ သူတို့နှစ်ယောက်ဟာ ကလိုင်းကို မွန်းစတား တစ်ကောင်လို ဝိုင်းကြည့်ကြပါတယ်။
စကာတာကတော့ တည်တည်ငြိမ်ငြိမ် ပြတ်ပြတ်သားသား ပြန်ဖြေပါတယ် “အိမ်ဝယ်မလို့လား… မရဘူး… အစ်ကိုတို့က အိမ်မရောင်းဘူး… ငှားပဲငှားတာ”
“ကျွန်တော်က ဒီအတိုင်း ဈေးသိရအောင် မေးတာပါ” ကလိုင်းဟာ ကသိကအောက် ရှင်းပြလိုက်ပါတယ်။
စကာတာ သုံးလေးစက္ကန့်လောက် တုံ့ဆိုင်းသွားပြီးနောက် “အရင်လက ဒက်ဖဒိုလမ်း အမှတ် (၁၁) ပိုင်ရှင်က ဒီလိုအိမ်မျိုးကို အချိန် အကန့်အသတ် ပိုင်ဆိုင်ခွင့်နဲ့ ရောင်းလိုက်တယ်… ဆယ့်ငါးနှစ်ကို ပေါင် ၃၀၀… ငှားတာထက် ပိုတန်တယ်ဆိုပေမဲ့ ဒီလောက်များတဲ့ငွေကို လူတိုင်း ပေးနိုင်တာ မဟုတ်ဘူး… အပိုင်ဝယ်ချင်ရင်တော့ ပိုင်ရှင် သတ်မှတ်ထားတဲ့ဈေးက ပေါင် ၈၅၀ ပဲ”
‘ပေါင် ၈၅၀…’ ကလိုင်းဟာ စိတ်ထဲမှာ တွက်ချက်ကြည့်လိုက်ပါတယ်။
‘ငါ့ရဲ့ တစ်ပတ်လစာက သုံးပေါင်… ဘန်ဆင်ရဲ့ တစ်ပတ်လစာက တစ်ပေါင်နဲ့ ဆယ်ဆိုလီ… အိမ်ငှားခက ၁၃ ဆိုလီ… ငါတို့ နေ့တိုင်း ကောင်းကောင်းစားရင် တစ်ပတ်ကို နှစ်ပေါင်လောက်တော့ ကုန်မယ်… အဝတ်အစား၊ ခရီးစရိတ်၊ ပွဲတက်တာနဲ့ ကျန်တဲ့ ဗာဟီရစရိတ်တွေကလည်း ရှိသေးတယ်… ဒီတော့ ငါတို့တွေ တစ်ပတ်ကို ဆိုလီ ၂၀ မနည်း စုရမယ်… ဒီလိုဆို တစ်နှစ် ၃၅ ပေါင်ပဲ စုနိုင်မယ်… ပေါင် ၈၅၀ ရဖို့ဆိုရင် နှစ် ၂၀ ကျော် ကြာလိမ့်မယ်… အချိန်အကန့်အသတ်နဲ့ ဝယ်ရင်တောင် ပေါင် ၃၀၀ ရဖို့က ငါတို့တွေ ရှစ်နှစ်ကျော် ကိုးနှစ်နီးပါး စုဆောင်းရလိမ့်မယ်… ဒါတောင် ဒီထဲမှာ အိမ်ထောင်ပြုပြီး ကလေးမွေးတာ ခရီးထွက်တာတွေ မပါသေးဘူး…’
‘အိမ်ချေးငွေ မရှိတဲ့ ကမ္ဘာမှာ လူတွေ အိမ်ငှားဖို့ပဲ ရွေးချယ်ကြတာ မဆန်းပါဘူး’
ဒီအတွေးကြောင့် ကလိုင်းဟာ နောက်ဆုတ်ပြီး ဘန်ဆင်ကို တစ်ချက် ကြည့်လိုက်ပါတယ်။ ကလိုင်းဟာ ဘန်ဆင်ကို စကာတာနဲ့ ဈေးစကားပြောဖို့ အချက်ပြလိုက်တာပါ။
မလီဆာရဲ့ စိတ်ကူးကတော့ သူမရဲ့ မျက်လုံးတွေကို ကြည့်ရုံနဲ့ ဘာတွေးနေလဲဆိုတာ အသိသာကြီးပါ။
ဘန်ဆင်ဟာ လက်ကိုင်တုတ်နဲ့ ကြမ်းပြင်ကို တစ်ချက်နှစ်ချက် တောက်ရင်း ဘေးဘီဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပါတယ်။ အဲဒီနောက်…
“ကျွန်တော်တို့တွေ တခြားအိမ်တွေကိုလည်း ကြည့်ဦးမယ်… ဒီအိမ်ရဲ့ ထမင်းစားခန်းက အလင်းရောင် ကောင်းကောင်း မရဘူး… လေသာဆောင်ကလည်း တော်တော်လေး ကျဉ်းတယ်… ကြည့်… အဲဒီအိပ်ခန်းမှာပဲ မီးလင်းဖို ပါတယ်… နောက်ပြီး ပရိဘောဂတွေကလည်း ဟောင်းလွန်းတယ်… ကျွန်တော်တို့တွေ ဒီအိမ်မှာနေရင် အနည်းဆုံး တစ်ဝက်လောက် ပြန်ပြင်ရမှာ…”
ဘန်ဆင်ဟာ အားနည်းချက်တွေကို တစ်ခုပြီးတစ်ခု ထောက်ပြရင်း အိမ်ငှားခကို ၁၂ ဆိုလီ ပရိ‌ဘောဂ အသုံးပြုခွင့်ကို ၃ ပဲနိထိ လျှော့ချနိုင်ခဲ့ပါတယ်။ ဒီတော့ စရန်ငွေက နှစ်ပေါင်ကျော်ရုံလေးပဲ ရှိပါတယ်။
ကလိုင်းတို့ မောင်နှမသုံးယောက်ဟာ အပိုတွေ ပြောမနေတော့ဘဲ စကာတာနဲ့ ထင်းဂန်မြို့ အိမ်ရာတိုးတက်ရေးကုမ္ပဏီဆီ ပြန်ကာ အိမ်ငှားစာချုပ် ချုပ်ပါတယ်။ ပြီးတဲ့အခါမှာတော့ ထင်းဂန်မြို့ စာချုပ်စာတမ်း သက်သေခံရုံးဆီသွားပြီး စာချုပ်ကို မှတ်ပုံတင်ပါတယ်။
စရန်ငွေနဲ့ ပထမအပတ် အိမ်ငှားခကို ပေးပြီးတဲ့အခါမှာတော့ ကလိုင်းနဲ့ ဘန်ဆင်ရဲ့ လက်ထဲမှာ ၉ ပေါင် ၁၀ ဆိုလီနဲ့ ၈ ပဲနိ ကျန်ပါသေးတယ်။
အမှတ် (၂) ဒက်ဖဒိုလမ်းရှေ့မှာ ရပ်ရင်း ကလိုင်းတို့ မောင်နှမသုံးယောက်ဟာ ကြေးသော့တစ်ချောင်းစီ ကိုင်ထားကြပါတယ်။ သူတို့သုံးယောက်ရဲ့ အကြည့်တွေဟာ အိမ်ဆီကနေ မခွာနိုင်သလို ရင်ထဲမှာလည်း ဝမ်းသာပီတီ ဂွမ်းဆီထိ ဖြစ်နေပါတယ်။
“အိပ်မက် မက်နေသလိုပဲ…” တစ်အောင့်ကြာတဲ့အခါမှာတော့ မလီဆာက ခေါင်းမော့ပြီး ခပ်တိုးတိုး ပြောလိုက်ပါတယ် “မိုရက်တီဂေဟာ”
ဘန်ဆင်ဟာ အသက်ရှူထုတ်ပြီး ပြုံးလိုက်ပါတယ် “အဲဒါဆိုလည်း နိုးမလာနဲ့”
ကလိုင်းကတော့ ဘန်ဆင်နဲ့ မလီဆာလောက် ဝမ်းမြောက်ဝမ်းသာ မခံစားရပါဘူး။ ကလိုင်းဟာ ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ် “ကျွန်တော်တို့တွေ ပင်မတံခါးနဲ့ လေသာခန်းတံခါးက သော့တွေကို ခပ်မြန်မြန် ပြောင်းဖို့ လိုတယ်”
“အလျင်မလိုနဲ့… ထင်းဂန်မြို့ အိမ်ရာတိုးတက်ရေး ကုမ္ပဏီရဲ့ ဂုဏ်သတင်းက တော်တော် ကောင်းတယ်… ကျန်တဲ့ငွေက မင်းအတွက် အလုပ်တက်ဝတ်စုံ ဝယ်ဖို့ပဲ… ဒါပေမဲ့ အဲဒီမတိုင်ခင် ငါတို့တွေ မစ္စတာဖရန်ကီဆီ သွားဖို့ လိုလိမ့်မယ်” ဘန်ဆင်ဟာ တိုက်ခန်းရှိရာကို လက်ညှိုးထိုးပြီး ပြောလိုက်ပါတယ်။
…..
ကလိုင်းတို့ မောင်နှမသုံးယောက်ဟာ အိမ်မှာရှိတဲ့ ဂျုံပေါင်မုန့် လက်ကျန်ကို စားပြီးနောက် သံကြက်ခြေခတ်လမ်းက ခေါင်မိုးဆက်အိမ်တစ်အိမ်ဆီ ဦးတည်ပါတယ်။ အဲဒီနောက် ကလိုင်းတို့ဟာ သူတို့တိုက်ခန်းပိုင်ရှင် မစ္စတာဖရန်ကီရဲ့ အိမ်တံခါးကို ခေါက်လိုက်ပါတယ်။ မစ္စတာ ဖရန်ကီဟာ တံခါးဖွင့်လို့ ကလိုင်းတို့ကို တွေ့တာနဲ့ ဆီးပြောပါတယ်။
“ငါ့စည်းကမ်းကို မင်းသိပါတယ်… ဘယ်သူမှ အိမ်ငှားခ နောက်ကျပြီး ပေးလို့မရဘူး”
ဘန်ဆင်ဟာ အိမ်ထဲဝင်ပြီး ပြုံးလိုက်ပါတယ်။
“မစ္စတာဖရန်ကီ ကျွန်တော်တို့တွေ စာချုပ် လာဖျက်သိမ်းတာ”
‘တဲ့တိုးကြီးလား… ဒီလိုလည်း ညှိနှိုင်းလို့ရတာပဲလား’ ဘန်ဆင်ဘေးမှာ ရပ်နေတဲ့ ကလိုင်းဟာ ဘန်ဆင်ရဲ့ စကားကို ကြားပြီး အံ့ဩသွားပါတယ်။
ဒီကိုလာတဲ့လမ်းမှာ ဘန်ဆင်ဟာ သူအများဆုံးပေးနိုင်တဲ့ လျော်ကြေးငွေက ၁၂ ဆိုလီလို့ ပြောခဲ့ပါတယ်။
“စာချုပ်ဖျက်သိမ်းမယ်… မရဘူးလေ… ငါတို့စာချုပ်က နှစ်ဝက်တောင် ကျန်သေးတယ်” ဖရန်ကီဟာ ဘန်ဆင်ကို စိန်းစိန်းဝါးဝါးကြည့်လိုက်ပါတယ်။
ဘန်ဆင်ဟာ ဖရန်ကီကို လေးလေးနက်နက် ကြည့်ပြီး တစ်ခဏကြာမှ တည်တည်ငြိမ်ငြိမ် ပြောလိုက်ပါတယ် “မစ္စတာဖရန်ကီ… စာချုပ်ဖျက်သိမ်းရင် မစ္စတာဖရန်ကီ ပိုက်ဆံ ပိုရမှာနော်”
“ပိုက်ဆံ ပိုရမယ်… ဟုတ်လား” ဖရန်ကီဟာ စိတ်ဝင်တစား ဖြစ်သွားပါတယ်။
ဘန်ဆင်ဟာ အပြုံးနဲ့ ရှင်းပြပါတယ် “အိပ်ခန်းနှစ်ခန်းပါတဲ့ တိုက်ခန်းက ကျွန်တော်တို့ မောင်နှမသုံးယောက်ကို ၅ ဆိုလီ ၆ ပဲနိနဲ့ ငှားထားတာ… ဒါပေမဲ့ ငါးယောက် ခြောက်ယောက်ရှိတဲ့ မိသားစုကို ငှားမယ်ဆိုရင် သူတို့တွေ ဒီထက် ပိုပေးလိမ့်မယ်… ရာဇဝတ်မှုများတဲ့ အောက်လမ်းထက်စာရင် ဒီမှာက ပိုပြီးတော့ နေလို့ထိုင်လို့ကောင်းမယ်မလား… ကျွန်တော်အထင် ၅ ဆိုလီ ၁၀ ပဲနိ ဒါမှမဟုတ် ၆ ဆိုလီလောက် ရလိမ့်မယ်ထင်တယ်”
ဖရန်ကီရဲ့ မျက်လုံးတွေဟာ တောက်ပသွားပြီး တံတွေးမျိုချလိုက်ပါတယ်။ ဘန်ဆင်ဟာ ဆက်ပြီးတော့ ပြောပါတယ်။
“နောက်ပြီး ဒီနှစ်တွေမှာ အိမ်ငှားခတွေ တိုးနေတာ မစ္စတာဖရန်ကီလည်း သတိထားမိမှာပါ… ကျွန်တော်တို့တွေ ဒီမှာ ကြာကြာနေလေလေ မစ္စတာဖရန်ကီအတွက် ဆုံးရှုံးမှုကြီးလေလေပဲ”
“ဒါပေမဲ့ အိမ်ငှားသစ်ရှာဖို့က အချိန်လိုတယ်” မစ္စတာဖရန်ကီဟာ ဘန်ဆင်ရဲ့ အကြံကို တော်တော် ကြိုက်သွားပါတယ်။
“မစ္စတာဖရန်ကီကလည်း… မစ္စတာဖရန်ကီရဲ့ အရည်အချင်းနဲ့ အဆက်အသွယ်နဲ့ဆိုရင် အိမ်ငှားသစ်ရှာဖို့က ဘာမှ မခက်ပါဘူး… နှစ်ရက်သုံးရက်လောက်နဲ့ အိမ်ငှားသစ်ရမှာပါ… အဲဒီနှစ်ရက်သုံးရက်အတွက် ဆုံးရှုံးမှုကို ကျွန်တော်တို့ ပေးမယ်လေ… ၃ ဆိုလီဆို ဘယ်လိုလဲ… အဆင်ပြေတယ်မလား” ဘန်ဆင်ဟာ ချက်ချင်းပဲ ဖရန်ကီအတွက် ဆုံးဖြတ်ချက် ချပေးလိုက်ပါတယ်။
ဖရန်ကီဟာ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပါတယ် “ဘန်ဆင် မင်းက တာဝန်သိပြီး ရိုးသားတဲ့ လူငယ်လေးပဲ… ကောင်းပြီလေ… စာချုပ်ဖျက်သိမ်းကြတာပေါ့”
ကလိုင်းဟာ သူ့ရှေ့က အဖြစ်အပျက်ကို ကြည့်ပြီး ကြက်သေသေသွားပါတယ်။ မစ္စတာဖရန်ကီကို ဖျောင်းဖျဖို့ ဘယ်လောက်တောင် လွယ်ကူလဲ ဆိုတာလည်း နားလည်သွားပါတယ်။
‘ဒါက လွယ်လွန်းတယ်’
စာချုပ်ဟောင်း ပြဿနာကို ဖြေရှင်းပြီးနောက် ဘန်ဆင်နဲ့ မလီဆာဟာ ပထမဆုံး ကလိုင်းအတွက် အလုပ်တက်ဝတ်စုံ ဝယ်ဖို့ ကူညီပါတယ်။ ပြီးတဲ့အခါမှာတော့ အိမ်ပြောင်းဖို့ အလုပ်များကြပါတယ်။
ကလိုင်းတို့ မောင်နှမသုံးယောက်ဟာ ကြီးမားလေးလံတဲ့ ပစ္စည်းတွေ မရှိသလို ပစ္စည်းများများစားစားလည်း မရှိပါဘူး။ အဲဒါကြောင့် ဘန်ဆင်နဲ့ မလီဆာဟာ ကလိုင်းရဲ့ မြင်းလှည်းငှားဖို့ အကြံကို ပယ်ချပြီး သူတို့ဘာသာပဲ သယ်ပါတယ်။ သူတို့တွေဟာ ဒက်ဖဒိုလမ်းနဲ့ သံကြက်ခြေခတ်လမ်းကို ခေါက်တုံ့ခေါက်ပြန် လျှောက်ကြရပါတယ်။
ပူလောင်တဲ့ နေမင်းကြီးဟာ အနောက်အရပ်မှာ မေးတင်သွားပြီး ညနေခင်းဆည်းဆာ အလင်းရောင်ဟာ ပြတင်းပေါက်ကို ဖြတ်သန်းကာ စားပွဲပေါ် ကျဆင်းနေပါတယ်။ ကလိုင်းဟာ စာအုပ်တွေ မှတ်စုစာအုပ်တွေကို စာအုပ်စင်ပေါ်မှာ သပ်သပ်ရပ်ရပ် စီပြီးနောက် မှင်ဘူးနဲ့ ဖောင်တိန်ကို သူ စောစောက သုတ်လိုက်တဲ့ စားပွဲပေါ်မှာ ထားလိုက်ပါတယ်။
‘နောက်ဆုံးတော့ ပြီးသွားပြီပဲ…’ ကလိုင်းဟာ သက်ပြင်းချလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကလိုင်းဟာ သူ့ဗိုက်ထဲက တဂွီဂွီအော်သံကို ကြားလိုက်ရပါတယ်။ ကလိုင်းဟာ အင်္ကျီလက်စ ကြယ်သီးကို ဖြုတ်ပြီး တံခါးဆီ လျှောက်သွားပါတယ်။
အခု ကလိုင်းဆီမှာ သူပိုင်တဲ့ ခုတင်တစ်လုံး ရှိသွားပါပြီ။ အဖြူရောင် အိပ်ရာခင်းနဲ့ စောင်က ဟောင်းပေမဲ့ သန့်ပါတယ်။
ကလိုင်းဟာ တံခါးဘုကို လှည့်ပြီး အိပ်ခန်းထဲကနေ ထွက်လိုက်ပါတယ်။ ကလိုင်းဟာ တစ်ခုခုပြောဖို့ ပြင်လိုက်စဉ်မှာပဲ မျက်နှာချင်းဆိုင် တံခါးနှစ်ခုဟာ တစ်ပြိုင်နက်တည်း ပွင့်သွားပြီး ဘန်ဆင်နဲ့ မလီဆာ ပေါ်လာပါတယ်။
သူတို့မျက်နှာပေါ်က ဖုန်မှုန့်တွေနဲ့ အမှိုက်တွေကို ကြည့်ပြီး ကလိုင်းနဲ့ ဘန်ဆင်ဟာ ရုတ်တရက် ဟားတိုက် ရယ်မောမိလိုက်ပါတယ်။
မလီဆာဟာ နှုတ်ခမ်းကို အသာကိုက်လိုက်ပါတယ်။ ဒါပေမဲ့ ကလိုင်းနဲ့ ဘန်ဆင်ရဲ့ ရယ်သံဟာ မလီဆာဆီ ကူးစက်သွားတာကြောင့် မလီဆာဟာ အသာရယ်မိလိုက်ပါတယ်။
…..
နောက်နေ့ မနက်မှာ…
ကလိုင်းဟာ အက်ရာမရှိတဲ့ ကိုယ်လုံးပေါ်မှန်ရှေ့ရပ်ပြီး အင်္ကျီကော်လံနဲ့ အင်္ကျီလက်စကို သေသပ်အောင် လုပ်ပါတယ်။ ကလိုင်းဝယ်တဲ့ ဝတ်စုံမှာ အဖြူရောင် ရှပ်အင်္ကျီ၊ အနက်ရောင် ထက်ဆီဒို၊ ပိုးဦးထုပ်၊ စွပ်ကျယ်နက်၊ ဘောင်းဘီတစ်စုံ၊ ဖိနပ်နဲ့ နက်ကတိုင်တို့ ပါပြီး ၈ ပေါင် ပေးခဲ့ရပါတယ်။
ဒါပေမဲ့ ဒီဝတ်စုံက ပေးရတာ တန်ပါတယ်။ ကလိုင်းဟာ မှန်ထဲက သူ့ရုပ်သွင်ကို ကြည့်လိုက်တဲ့အခါ ပိုချောပြီး ပညာရှင် ပိုဆန်တာကို တွေ့လိုက်ရပါတယ်။
“ကလစ်…”
ကလိုင်းဟာ အိတ်ဆောင်နာရီကို ပိတ်ပြီး အတွင်းအိတ်ကပ်ထဲ ထည့်လိုက်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ လက်ကိုင်တုတ်ကို ယူပြီး ခြောက်လုံးပြူးကို ဖွက်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ သံလမ်းနဲ့သွားတဲ့ မြင်းလှည်းစီးပြီး ဇိုးတလန်လမ်းဆီ ရောက်သွားပါတယ်။
ကလိုင်း ဆူးနက် လုံခြုံရေးကုမ္ပဏီထဲ ဝင်လိုက်တယ်ဆိုရင်ပဲ အကျင့်ဖြစ်နေလို့ မလီဆာကို ပိုက်ဆံအပိုပေးဖို့ မေ့ခဲ့တယ်ဆိုတာ သတိရသွားပါတယ်။
ကလိုင်းဟာ ခေါင်းခါလိုက်ပြီး ဆူးနက်လုံခြုံရေး ကုမ္ပဏီထဲ ဝင်လိုက်တဲ့အခါ ဆံပင်ညိုနဲ့ ရိုဇန်းက ကော်ဖီဖျော်နေတာ တွေ့လိုက်ရပါတယ်။ ကော်ဖီရနံ့ဟာ ရုံးခန်းတစ်ခုလုံး သင်းနေပါတယ်။
“မင်္ဂလာ မနက်ခင်းပါ ကလိုင်း… ဒီနေ့ ရာသီဥတု သာယာတယ်နော်” ရိုဇန်းဟာ အပြုံးနဲ့ နှုတ်ဆက်ပါတယ် “ရိုးရိုးသားသား ပြောရရင် ကျွန်မ ရှင့်ကို မေးချင်တာ တစ်ခုရှိတယ်… ဒီလို ရာသီဥတုမျိုးမှာ ဒီလိုမျိုးဝတ်စုံ ဝတ်ထားရတာ ရှင်တို့ယောက်ျားတွေ မအိုက်ဘူးလား… ထင်းဂန်မြို့ရဲ့ နွေရာသီက တောင်ပိုင်းလောက် မပူဘူးဆိုတာ ကျွန်မ သိပါတယ်… ဒါပေမဲ့ နွေရာသီက နွေရာသီပဲလေ”
“ကြည့်ကောင်းချင်ရင် ဒီလောက်တော့ ပေးဆပ်ရမှာပေါ့” ကလိုင်းဟာ ဟာသနှောပြီး ပြန်ပြောလိုက်ပါတယ် “မင်္ဂလာ မနက်ခင်းပါ ရိုဇန်း… ကပ္ပတိန် ဘယ်မှာရှိလဲ”
“အရင်နေရာပဲ” ရိုဇန်းဟာ အထဲကို လက်ညှိုးထိုးပြပါတယ်။
ကလိုင်းဟာ ခေါင်းညိတ်လိုက်ပါတယ်။ ကလိုင်းဟာ အခန်းခွဲထားတဲ့ နေရာကို ဖြတ်လျှောက်ပြီး ဒန်းစမစ်ရဲ့ ရုံးခန်းတံခါးကို ခေါက်လိုက်ပါတယ်။
“ဝင်ခဲ့လေ” ဒန်းစမစ်ရဲ့ အသံဟာ အရင်လိုနက်ရှိုင်းပြီး သိမ်မွေ့ညင်သာပါတယ်။
ဒန်းစမစ်ဟာ ကလိုင်းရဲ့ အရင်နဲ့မတူတဲ့ အဝတ်အစားကို ကြည့်ပြီး ခေါင်းညိတ်ကာ ပြုံးလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့…
“မင်း ဆုံးဖြတ်ပြီးပြီလား” ဒန်းစမစ်က မေးလိုက်ပါတယ်။
ကလိုင်းဟာ အသက်အရှည်ကြီး ရှူသွင်းပြီး လေးလေးနက်နက် ဖြေလိုက်ပါတယ် “အင်း… ဆုံးဖြတ်ပြီးပြီ”
ဒန်းစမစ်ဟာ ဖြည်းဖြည်းချင်း ခါးမတ်လိုက်ပါတယ်။ သူ့မျက်နှာကလည်း လေးနက် တည်ကြည်သွားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မီးခိုးရောင်မျက်လုံးတွေကတော့ အရင်အတိုင်းပါပဲ။
“မင်းရဲ့အဖြေကို ပြော”
ကလိုင်းဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ အဖြေ‌ပေးလိုက်ပါတယ် “အမြင်ဆရာ”

Comment

Leave a Reply

Options

not work with dark mode
Reset