Switch Mode

Chapter – 27

မေ့မရနိုင်မဲ့ ညစာ

အခန်း (၂၇) မေ့မရနိုင်မဲ့ ညစာ

ကလိုင်းဟာ ဘန်ဆင်ရဲ့ စကားကြောင့် အသံထွက်အောင် ရယ်မောမိသွားပါတယ်။ အဲဒီနောက် ကလိုင်းဟာ ဘဝဟောင်းက အတွေ့အကြုံတွေကို အသုံးချပြီး အနာပေါ် ဆားဖြူးလိုက်ပါတယ်။
“ဟုတ်တယ်… ပြောရရင် သူတို့တွေမှာ ဦးနှောက်ရှိတယ်လို့ သက်သေပြစရာကို မရှိတာ”
“မှန်တယ်… သွေးထွက်အောင် မှန်တယ်…” ဘန်ဆင်ဟာ အားရပါးရ ရယ်မောပြီး လက်မထောင်ပြပါတယ် “ကလိုင်း မင်းလည်း အရင်ကထက် ဟာသဉာဏ် ရွှင်လာပြီပဲ”
ဘန်ဆင်ဟာ အသက်တစ်ချက် ရှူရှိုက်ပြီးနောက်…
“ငါ ဒီနေ့ခင်း ဆိပ်ကမ်းကို သွားရဦးမယ်… မနက်ဖြန်ကျမှ ငါအားမှာ… အဲဒီကျမှာ ထင်းဂန်မြို့ အိမ်ခြံမြေကုမ္ပဏီဆီ သွားပြီး ဈေးသက်သက်သာသာနဲ့ ငှားလို့ရမဲ့ ခေါင်မိုးဆက်အိမ် ရှာကြတာပေါ့… နောက်ပြီး ငါ မစ္စတာ ဖရန်ကီနဲ့လည်း စကားပြောဖို့ လိုသေးတယ်”
“အိမ်ပိုင်ရှင်နဲ့ စကားပြောမှာလား…” ကလိုင်းက မေးလိုက်ပါတယ် ‘ငါတို့ရဲ့ လက်ရှိအိမ်ပိုင်ရှင်မှာ ခေါင်မိုးဆက်အိမ်ရှိလို့လား…’
ဘန်ဆင်ဟာ ကလိုင်းကို တစ်ချက်ကြည့်ပြီး…
“ငါတို့ သူနဲ့ တစ်နှစ်စာချုပ် ချုပ်ထားတာ မေ့သွားပြီလား… အခု ငါတို့နေတာ ခြောက်လပဲ ရှိသေးတယ်”
“ဟစ်စ်…”
ကလိုင်းဟာ ဒီကိစ္စကို တကယ်ပဲ မေ့သွားတာပါ။
အိမ်ငှားခက တစ်ပတ်တစ်ခါပဲ ပေးရတာဆိုပေမဲ့ စာချုပ်က တစ်နှစ်ချုပ်ထားတာမလို့ သူတို့တွေ အခုအိမ်ပြောင်းရင် စာချုပ်ဖောက်ဖျက်တာနဲ့ အတူတူပါပဲ။ အဲဒါကြောင့်မလို့ တရားစွဲခံရပြီး တရားရုံးရောက်ရင် လျော်ကြေးငွေ အများကြီး ပေးလျော်ရမှာပါ။
“မင်း အတွေ့အကြုံ နုသေးတယ်… အဲဒီတုန်းက ဒီအချက်ကိုရဖို့ ငါ အာပေါက်အောင် ပြောခဲ့ရတာ… မဟုတ်ရင် မစ္စတာဖရန်ကီက ငါတို့ကို သုံးလစာချုပ်ပဲ ချုပ်မှာ… ပိုက်ဆံရှိတဲ့လူတွေဆိုရင်တော့ အိမ်ပိုင်ရှင်တွေက တည်ငြိမ်တဲ့ ဝင်ငွေရဖို့ တစ်နှစ် နှစ်နှစ် သုံးနှစ် စာချုပ် ချုပ်ကြတယ်… ဒါပေမဲ့ ငါတို့လို… အရင်တုန်းက ငါတို့ကို ပြောတာ… ငါတို့ အိမ်နီးနားချင်းတွေလို ဆင်းရဲတဲ့လူတွေကိုတော့ တစ်ခုခုဖြစ်ပြီး အိမ်ငှားခမရမှာစိုးလို့ ရေတိုစာချုပ်ပဲ ချုပ်ကြတယ်”
“အဲဒီလိုဆိုတော့ သူတို့တွေ အခြေအနေပေါ် မူတည်ပြီး အိမ်ငှားခ တိုးတောင်းလို့ ရတာပေါ့” ကလိုင်းဟာ အရင်ကလိုင်းရဲ့ မှတ်ဉာဏ်တွေနဲ့ သူ့ရဲ့ အိမ်ငှားဖူးတဲ့ အတွေ့အကြုံအပေါ် အခြေခံပြီး ကောက်ချက်ချလိုက်ပါတယ်။
ဘန်ဆင်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း… ဟုတ်တယ်… ဒါက ဒီနေ့ လူမှုအသိုင်းအဝိုင်းရဲ့ ရက်စက်တဲ့ အမှန်တရားပဲ… စာချုပ်ကိစ္စက ရှင်းလို့ လွယ်ပါတယ်… ရှင်းရှင်းပြောရရင် ငါတို့တွေ အိမ်ငှားခ တစ်ပတ်စာ မပေးမိတာနဲ့ မစ္စတာဖရန်ကီက ငါတို့ကို မောင်းချပြီး ငါတို့မှာရှိတဲ့ တန်ဖိုးရှိ ပစ္စည်းမှန်သမျှ သိမ်းပစ်မှာ… သူ့အသိဉာဏ်က မျောက်လောက်တောင် မရှိတော့ ရှုပ်ယှက်ခတ်တဲ့ ကိစ္စတွေကို နားလည်မှာ မဟုတ်ဘူး”
ဒီစကားကြောင့် ကလိုင်းဟာ ဟာသတစ်ခုကို ရုတ်တရက်ဆိုသလို သတိရသွားပြီး ခေါင်းခါကာ လေးလေးနက်နက် ပြောလိုက်ပါတယ် “မဟုတ်ဘူး… ဘန်ဆင်… အစ်ကို မှားနေပြီ”
“ဘာမှားလို့လဲ” ဘန်ဆင်ဟာ ပဟေဠိ ဖြစ်သွားပါတယ်။
“မစ္စတာ ဖရန်ကီရဲ့ အသိဉာဏ်က မျောက်ထက် နည်းနည်းသာသေးတယ်” ကလိုင်းရဲ့ လေးနက်တဲ့ စကားကို ဘန်ဆင်ဟာ အပြုံးနဲ့ တုံ့ပြန်ပါတယ်။ ဒီအချိန်မှာပဲ ကလိုင်းက ဆက်ပြောလိုက်ပါတယ် “သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်ချိန်မှာပေါ့”
“ဟားဟား…” ဘန်ဆင်ဟာ အူတက်အောင် ရယ်မိသွားပါတယ်။ ဘန်ဆင်ဟာ အူလှိုက်သည်းလှိုက် ရယ်မောပြီးနောက်…
“ငါတို့က အမျိုးကောင်းသားတွေဆိုတော့ ဒီလိုအရှက်မရှိတဲ့ နည်းလမ်းတွေ သုံးလို့ မဖြစ်ဘူး… ငါ ဒီကိစ္စကို မစ္စတာဖရန်ကီနဲ့ မနက်ဖြန် ဆွေးနွေးလိုက်မယ်… ငါပြောတာကို ယုံ… မစ္စတာဖရန်ကီက ဖျောင်းဖျဖို့ လွယ်ပါတယ်”
ကလိုင်းဟာ ဘန်ဆင်ရဲ့ စကားကို သံသယ မရှိပါဘူး။ ဓာတ်ငွေ့ပိုက်က အကောင်းဆုံး သက်သေ မဟုတ်ပါလား။
ကလိုင်းနဲ့ ဘန်ဆင်ဟာ ထွေရာလေးပါး ပြောဆိုပြီးနောက် မနေ့ကကျန်တဲ့ ငါးကြော်ကို ဟင်းသီးဟင်းရွက်တချို့နဲ့ စွပ်ပြုတ်လုပ်ပါတယ်။ စွပ်ပြုတ် ပြုတ်နေစဉ်အတွင်းမှာ ရေနွေးငွေ့က ဂျုံပေါင်မုန့်ကို စွတ်စိုသွားစေပါတယ်။
ပေါင်မုန့်ပေါ်ကို ထောပတ်နည်းနည်း သုတ်ပြီးနောက် ကလိုင်းနဲ့ ဘန်ဆင်းဟာ ရိုးရိုးရှင်းရှင်းပဲ စားသောက်ကြပါတယ်။ ဖွယ်ဖွယ်ရာရာ မရှိပေမဲ့ ကလိုင်းနဲ့ ဘန်ဆင်ဟာ ဒီမနက်စာကို နှစ်ထောင်းအားရ ရှိကြပါတယ်။ ထောပတ်ရဲ့ သင်းရနံ့နဲ့ ချိုမြမှုက ပါးစပ်ထဲမှာ စွဲကျန်နေခဲ့တယ် မဟုတ်ပါလား။
ဘန်ဆင် ထွက်သွားတဲ့အခါ ကလိုင်းဟာ သုံးဆိုလီနဲ့ ပဲနိတချို့ အိတ်ထဲ ထည့်ပြီး ဆလတ်ရွက်နဲ့ အသားဈေးကို ဦးတည်ပါတယ်။ ကလိုင်းဟာ ခြောက်ပဲနိနဲ့ အမဲသားတစ်ပေါင် ဝယ်ပြီး ခုနစ်ပဲနိနဲ့ အရိုးနည်းကာ သန့်ရှင်းလတ်ဆတ်တဲ့ ငါးတစ်ကောင် ဝယ်ပါတယ်။ ဒါ့အပြင် ကလိုင်းဟာ အာလူး၊ ပဲ၊ မုန်လာဥ၊ ပီတမုန်လာ၊ ဆလတ်ရွက်၊ တရုတ်မုန်လာနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေလည်း ဝယ်ယူပါသေးတယ်။
ဒီတစ်ချိန်လုံးမှာ ကလိုင်းဟာ စောင့်ကြည့်ခံရသလိုမျိုး ဆက်ပြီးတော့ ခံစားရပါတယ်။ ဒါပေမဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတော့ မရှိပါဘူး။
စမရင်မုန့်ဆိုင်မှာ အချိန်နည်းနည်း ဖြုန်းပြီးနောက် ကလိုင်းဟာ အိမ်ပြန်ကာ စာအုပ်လိုမျိုး လေးလံတဲ့ ပစ္စည်းတွေမပြီး လက်မောင်းသန်အောင် လေ့ကျင့်ပါတယ်။
ကလိုင်းဟာ ပထမတော့ စစ်သင်တန်းမှာ သင်ခဲ့ရတဲ့ လက်သီးထိုးနည်းကို လေ့ကျင့်မလို့ပါ။ ဒါပေမဲ့ ကျောင်းရေဒီယိုကနေ နေ့တိုင်းလာတဲ့ လေ့ကျင့်ခန်းတွေကိုတောင် မေ့သွားတာဆိုတော့ တစ်လတောင် မကြာတဲ့ စစ်သင်တန်းမှာ သင်ခဲ့တာတွေကတော့ ပြောမနေပါတော့နဲ့။ အဲဒါကြောင့် ကလိုင်းဟာ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းတချို့ပဲ လုပ်နိုင်ပါတယ်။
ကလိုင်းဟာ အလွန်အကျွံတော့ မလေ့ကျင့်ပါဘူး။ မောပန်းနွမ်းနယ်လွန်းရင် သူ့အတွက် ပိုပြီးတော့ အန္တရာယ်များတယ် မဟုတ်ပါလား။
ကလိုင်းဟာ သင့်တင့်အောင် အနားယူပြီးနောက် အရင်ကလိုင်းရဲ့ မှတ်စုတွေကို ဖတ်ရှုလေ့လာပါတယ်။ ကလိုင်းဟာ စတုတ္ထယုဂ်နဲ့ ပတ်သက်တာမှန်သမျှ အကုန်လုံး ဖတ်ချင်ပါတယ်။
…..
ညနေစောင်းအချိန်မှာ ဘန်ဆင်နဲ့ မလီဆာဟာ စားပွဲရှေ့ ထိုင်နေပါတယ်။ အစားအသောက်တွေကိုတော့ အခြေခံကျောင်းက ကလေးတွေလိုမျိုး သေသေသပ်သပ် စီထားပါတယ်။
အမဲသားနပ်ရဲ့ သင်းပျံ့မွှေးကြိုင်တဲ့ ရနံ့၊ နူးညံ့အိစက်တဲ့ အာလူး၊ အီစိမ့်နေတဲ့ ပဲဟင်း၊ အရည်ရွှမ်းတဲ့ အသီးအရွက်တွေနဲ့ ချိုမြိန်လှတဲ့ ထောပတ်သုတ်ပေါင်မုန့်တွေက ဝိညာဉ်ဖမ်းစားနိုင်တဲ့ သံစဉ်တစ်ခုလိုပါပဲ။
ဘန်ဆင်ဟာ တံတွေးမျိုချပြီး လှည့်ကြည့်လိုက်တဲ့အခါ ကလိုင်းက ငါးကြော်တစ်ကောင်ကို ပန်းကန်ထဲ ထည့်နေတာ တွေ့လိုက်ရပါတယ်။ ဘန်ဆင်ဟာ ဆီရနံ့က သူ့နှာခေါင်းကနေ လည်ချောင်းထဲ ဝင်ရောက်ပြီး အစာအိမ်ထဲ ရောက်သွားတယ်လို့ ခံစားလိုက်ရပါတယ်။
“ဂွီဂွီ…”
ဘန်ဆင်ရဲ့ အစာအိမ်ဟာ ဆန္ဒပြလာပါတယ်။
ကလိုင်းဟာ အင်္ကျီလက်စသိမ်းပြီး ငါးကြော်ပန်းကန်ကို စားပွဲရဲ့ အလယ်မှာ ချလိုက်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ ဗီရိုဆီ လျှောက်သွားပြီး ဂျင်းဘီယာ ခွက်ကြီးနှစ်ခွက်ကို ထုတ်ယူကာ ဘန်ဆင်နဲ့ သူ့ထိုင်တဲ့နေရာရှေ့မှာ ချလိုက်ပါတယ်။
ကလိုင်းဟာ မလီဆာကို ပြုံးပြပြီး လီမွန်ပူတင်း ချပေးလိုက်ပါတယ် “အစ်ကိုတို့က ဘီယာသောက်မယ်… ညီမကတော့ ဒါပဲစား”
“ကျေးဇူးပါပဲ” မလီဆာဟာ လီမွန်ပူတင်းကို ယူလိုက်ပါတယ်။
ဒါကို မြင်တဲ့ ဘန်ဆင်ဟာ ခွက်မြှောက်ပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “ဒါက ကလိုင်း အလုပ်ကောင်းရတာကို ဂုဏ်ပြုတာပဲ”
ကလိုင်းဟာ ခွက်မြှောက်ပြီး ဘန်ဆင်ရဲ့ခွက်နဲ့ တိုက်လိုက်ပါတယ်။ အဲဒီနောက် မလီဆာရဲ့ လီမွန်ပူတင်းနဲ့လည်း အသာတိုက်လိုက်ပါတယ်။
“အရှင်မအား ချီးကျူးကြလော့”
“ဂလု”
ကလိုင်းဟာ ဂျင်းဘီယာကို တစ်ခါတည်း မော့သောက်လိုက်တဲ့အခါ လည်မျိုတစ်လျှောက် ပူဆင်းသွားပါတယ်။
ဂျင်းဘီယာက ဘီယာလို့ခေါ်ပေမဲ့ အရက်တစ်စက်မှ မပါပါဘူး။ ဂျင်းရဲ့ ပူစပ်တဲ့ အရသာနဲ့ လီမွန်ရဲ့ ချဉ်တဲ့အရသာကို ပေါင်းစပ်ပြီး ဘီယာလိုမျိုး အရသာထွက်အောင် လုပ်ထားတာပါ။ ဒါက မိန်းမတွေရော ကလေးတွေရော လက်ခံနိုင်တဲ့ အဖျော်ရည်ဆိုပေမဲ့ မလီဆာဟာ ဒီအရသာကို မကြိုက်ပါဘူး။
“အရှင်မကို ချီးမွမ်းကြလော့”
ဘန်ဆင်ဟာ ဂျင်းဘီယာတစ်ကျိုက် မော့သောက်လိုက်ပါတယ်။ မလီဆာကလည်း လီမွန်ပူတင်း တစ်လုတ် ခပ်စားလိုက်ပါတယ်။ မလီဆာဟာ လီမွန်ပူတင်းကို လေးငါးဆယ်ကြိမ် ဝါးစားပြီးမှ မမျိုချချင် မျိုချချင်နဲ့ မျိုချပါတယ်။
“စားကြရအောင်” ကလိုင်းဟာ ဘီယာခွက်ကိုချပြီး ဇွန်းနဲ့ခက်ရင်းကိုင်ကာ အစားအသောက်တွေ ပြည့်နေတဲ့ စားပွဲကို ကြည့်လိုက်ပါတယ်။
ကလိုင်းဟာ သူ့ရဲ့ ပဲဟင်းပျစ်ပျစ်ကို မကြိုက်ဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ ၂၁ ရာစုမှာတုန်းက ဒီလောက်ထူးဆန်းတာကို တစ်ခါမှ မစားဖူးခဲ့ဘူး မဟုတ်ပါလား။ အဲဒါကြောင့် ကလိုင်းဟာ အရင်ကလိုင်းရဲ့ မှတ်ဉာဏ် အပိုင်းအစထဲက ဟင်းချက်နည်းကိုပဲ အားကိုးရပါတယ်။
အစ်ကိုအကြီးဆုံးအနေနဲ့ ဘန်ဆင်ဟာ စကားအပိုမပြောဘဲ အာလူးဟင်းကို တစ်ဇွန်းခပ်ပြီး ပါးစပ်ထဲ ထည့်လိုက်ပါတယ်။ ပြုတ်ပြီး ဆားတန်ရုံထည့်ကာ ဝက်ဆီနဲ့ ကြော်ထားတဲ့ အာလူးရဲ့ အရသာဟာ တကယ်ကို ခံတွင်းတွေ့စေပါတယ်။
“မဆိုးဘူး… မဆိုးဘူး….” ဘန်ဆင်ဟာ အာလူးကြော်ဝါးရင်း ချီးကျူးလိုက်ပါတယ် “ငါ အလုပ်မှာ စားဖူးတဲ့ အာလူးကြော်ထက် ပိုကောင်းတယ်… သူတို့က ထောပတ်ပဲ သုံးတာ”
‘ဒါက ငါ့ရဲ့ အထူးလက်ရာလေ…’ ကလိုင်းဟာ ဘန်ဆင်ရဲ့ ချီးကျူးမှုကို စိတ်ထဲကနေ လက်ခံလိုက်ပါတယ်။
“ဒါတွေ အကုန်လုံးက ဝဲလ်စားဖိုမှူးရဲ့ ကျေးဇူးကြောင့်ပဲ”
မလီဆာဟာ အမဲသားစွပ်ပြုတ်ကို ကြည့်လိုက်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်နဲ့ အဖြူရောင် မုန်လာဥကာ အရောင်မရှိတဲ့ဟင်းထဲမှာ မြှုပ်နေပြီး နူးညံ့တဲ့ အမဲသားကို ဖုံးထားပါတယ်။ ဒီစွပ်ပြုတ်က ကြည်လင်ပြီး သင်းပျံ့မွှေးကြိုင်တဲ့ ဟင်းရနံ့က မစား စားချင်အောင် ဆွဲဆောင်နေပါတယ်။
မလီဆာဟာ အမဲသားတစ်ဖက်ကို ခက်ရင်းနဲ့ ထိုးပြီး ပါးစပ်ထဲထည့်ကာ ဝါးစားပါတယ်။ အမဲသားက နှပ်ထားလို့ နူးညံ့အိစက်နေပေမဲ့ တင်းမာမှု နည်းနည်းတော့ ကျန်ရှိနေပါသေးတယ်။ ရောနှောပေါင်းစပ်နေတဲ့ ဟင်းခတ်အမွှေးအကြိုင်နဲ့ ဟင်းသီးဟင်းရွက်တွေရဲ့ အရသာက အမဲသားရဲ့ အရသာကို အားဖြည့်ထားတာကြောင့် အမဲသားဟာ ပုံမှန်ထက် ပိုပြီးတော့ အရသာ ရှိနေပါတယ်။
“…”
မလီဆာဟာ အလိုမကျတဲ့ စကားတစ်လုံးမှ မပြောနိုင်တော့ပါဘူး။ တရစပ် ဝါးစားပါတယ်။
ကလိုင်းဟာ အမဲသားက အရသာရှိတယ်လို့ ခံစားရပေမဲ့ နှစ်ထောင်းအားရတော့ မရှိပါဘူး။ ဒါက သူစားနေကျ အမဲသား အရသာကိုမီဖို့ တော်တော် လိုနေပါသေးတယ်။ တချို့ပစ္စည်းတွေနေရာမှာ မရှိရှိတဲ့ပစ္စည်းတွေ အစားထိုး သုံးရတာဆိုတော့ အရသာကွာတာ အဆန်းတော့ မဟုတ်ပါဘူး။ ဒီလောက် အရသာရှိတာပဲ မဆိုးဘူးလို့ ပြောရပါမယ်။
ရုတ်တရက်ဆိုသလို ကလိုင်းဟာ ဘန်ဆင်နဲ့ မလီဆာကို သနားသွားပါတယ်။ သူတို့ရဲ့မျက်လုံးထဲမှာ သူချက်တဲ့ ဟင်းပွဲတွေက အရသာအရှိဆုံး ဖြစ်နေတယ် မဟုတ်ပါလား။
အမဲသားတစ်ဖက် ဝါးစားပြီးနောက် ကလိုင်းသာ ထာ့ဆစ်ငါးကြော်ကို ဖဲ့စားလိုက်ပါတယ်။ ထာ့ဆစ်ငါးကြော်က အပြင်ပိုင်းမှာ ကြွပ်ပေမဲ့ အတွင်းပိုင်းမှာတော့ နူးအိနေပါတယ်။ ဆားနဲ့ ဆီရဲ့ အရသာက ငါးရဲ့ အရသာနဲ့ အရသာ တစ်ခုတည်းအဖြစ် ပေါင်းစပ်နေတော့ တော်တော်လေး အရသာ ရှိလှပါတယ်။
ခေါင်းအသာညိတ်ပြီးနောက် ကလိုင်းဟာ အမဲသားနှပ်ထဲက ဟင်းရွက်တစ်ဖက်ကို ခပ်စားကြည့်တဲ့အခါ စားလို့အဆင်ပြေတာကို တွေ့လိုက်ရပါတယ်။ ဒီဟင်းရွက်ရဲ့ အရသာက အသားရဲ့ အီစိမ့်တဲ့ အရသာကို ပြေလျော့စေပါတယ်။
နောက်ဆုံးမှာတော့ ကလိုင်းဟာ ရှိသမျှ သတ္တိစုပြီး ပဲဟင်းပျစ်ပျစ် တစ်ဇွန်း မြည်းကြည့်လိုက်ပါတယ်။
‘ချိုလွန်း ချဉ်လွန်းတယ်…’ ကလိုင်းဟာ မျက်မှောင်မကြုတ်ဘဲ မနေနိုင်ပါဘူး။
ဒါပေမဲ့ ဘန်ဆင်နဲ့ မလီဆာက နှစ်နှစ်ခြိုက်ခြိုက် သောက်နေတာကို ကြည့်ပြီး ကလိုင်းဟာ သူ့လျှာကို သံသယဝင်သွားပါတယ်။ ကလိုင်းဟာ ဂျင်းဘီယာ တစ်ကျိုက်မော့ပြီး လျှာဆေးလိုက်ပါတယ်။
စားလို့ ဝသွားတဲ့အခါ မောင်နှမသုံးယောက်ဟာ ကုလားထိုင်ကိုမှီပြီး တစ်ခဏ အဆီရစ်ပါတယ်။
“အရှင်မကို နောက်တစ်ခါ ချီးကျူးကြရအောင်” ဘန်ဆင်ဟာ တစ်မော့စာပဲ ကျန်တော့တဲ့ ဘီယာခွက်ကို မြှောက်လိုက်ပါတယ်။
“အရှင်မကို ချီးကျူးကြလော့” ကလိုင်းဟာ နောက်ဆုံးကျန်တဲ့ အဖျော်ရည်ကို ကုန်အောင် သောက်လိုက်ပါတယ်။
“အရှင်မကို ချီးကျူးကြလော့” မလီဆာဟာ ကျန်နေသေးတဲ့ လီမွန်ပူတင်းကို ပါးစပ်ထဲ ထည့်ပြီး ကောင်းကောင်းကြီး အရသာခံပါတယ်။
ဒါကိုမြင်တဲ့ ကလိုင်းဟာ မူးဝေဝေဖြစ်နေတာကို အခွင့်ကောင်းယူပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “မလီဆာ… နင်လုပ်တာ မဟုတ်သေးဘူး… အရသာ အရှိဆုံးကို အစောဆုံး စားသင့်တယ်… အဲဒါမှ အရသာ ဘယ်လောက်ရှိလဲဆိုတာကို ပြည့်ပြည့်ဝဝ ခံစားနိုင်မှာ… ဗိုက်ပြည့်သွားမှ စားရင် အဲဒီလောက် အရသာရှိတော့မှာ မဟုတ်ဘူး”
“မဟုတ်ပါဘူး… ဘယ်အချိန်စားစား အရသာရှိတာက ရှိတာပဲ” မလီဆာဟာ ခေါင်းမာမာနဲ့ ပြတ်ပြတ်သားသား ပြန်ဖြေပါတယ်။
မောင်နှမသုံးယောက်ဟာ စားသောက်ပြီးတဲ့အခါ ပျော်ပျော်ပါးပါး စကားပြောဆိုကြပါတယ်။ အဲဒီနောက် ပန်းကန်ခွက်ယောက်တွေ ဆေးကြောပြီး ငါးကြော်လို့ ပိုတဲ့ဆီကို ဗီရိုထဲ ထည့်သိမ်းလိုက်ပါတယ်။
အဲဒါတွေ ပြီးတဲ့အခါမှာတော့ ကလိုင်းတို့ မောင်နှမသုံးယောက်ဟာ သူတို့လုပ်စရာရှိတာ လုပ်ကြပါတယ်။ တစ်ယောက်က သူ့ရဲ့ စာရင်းအင်း အသိဉာဏ်ပညာတွေကို ထပ်ဖြည့်ပြီး တစ်ယောက်ကတော့ မှတ်စုတွေနဲ့ စာရွက်စာတမ်းတွေကို ဖတ်ရှုပါတယ်။ မောင်နှမ သုံးယောက်စလုံး အချိန်ကို အကျိုးရှိရှိ အသုံးချကြပါတယ်။
ဒီလိုနဲ့ ၁၁ နာရီ ထိုးတဲ့အခါမှာတော့ ကလိုင်းတို့ မောင်နှမသုံးယောက်ဟာ ဓာတ်ငွေ့မီးအိမ်ကို မှိတ်ပြီး ခြေလက်ဆေးကာ အိပ်ရာဝင်ကြပါတယ်။
…..
ကလိုင်းဟာ သူ့ရှေ့က အမှောင်ထုကို စိုက်ကြည့်ရင်း ယိမ်းယိုင်သွားတယ်လို့ ခံစားလိုက်ရပါတယ်။ အနက်ရောင် လေကာအင်္ကျီဝတ်ပြီး သက္ကလပ်ဦးထုပ် ဆောင်းထားတဲ့ လူတစ်ယောက်ဟာ ကလိုင်းရဲ့ မြင်ကွင်းထဲမှာ ရုတ်တရက် ပေါ််လာပါတယ်။ ဒန်းစမစ်ပါ။
“ကပ္ပတိန်” ကလိုင်းဟာ ဆတ်ခနဲ နိုးသွားပြီး သူ အိပ်မက် မက်နေတယ်ဆိုတာ သိလိုက်ပါတယ်။
ဒန်းစမစ်ရဲ့ မျက်လုံးတွေဟာ ဘာမဟုတ်တာကို စောင့်ကြည့်နေသလိုမျိုး တည်တည်ငြိမ်ငြိမ် ရှိလှပါတယ် “လူတစ်ယောက် မင်းအခန်းထဲ ခိုးဝင်လာတယ်… သေနတ်ကိုင်ပြီး သူ့ကို စင်္ကြံဘက်ပြေးအောင်လုပ်… ကျန်တာ ငါတို့ရှင်းမယ်”
‘လူတစ်ယောက် ငါ့အခန်းထဲ ခိုးဝင်လာတယ်… ငါ့ကို စောင့်ကြည့်နေတဲ့လူက နောက်ဆုံးတော့ လှုပ်ရှားပြီပေါ့’
ကလိုင်းဟာ လန့်ပြီး ထခုန်လိုက်ပေမဲ့ ဘာမှ ထပ်မမေးတော့ဘဲ ခေါင်းညိတ်လိုက်ပါတယ် “ဟုတ်ကဲ့ပါ”
အဲဒီနောက် ကလိုင်းရှေ့ဟာ မြင်ကွင်းဟာ ချက်ချင်း ပြောင်းလဲသွားပြီး လေပူဖောင်းတွေ ပေါက်သလိုမျိုး အရောင်စုံ ပေါ်လာပါတယ်။
ကလိုင်းဟာ မျက်လုံးဖွင့်ပြီး သတိကြီးကြီးထားကာ ပြတင်းပေါက်ဘက် လှမ်းကြည့်လိုက်တဲ့အခါ သူ့စားပွဲရှေ့မှာ ရပ်နေတဲ့ သူမရင်းနှီးတဲ့ ပိန်ပါးတဲ့ လူတစ်ယောက်ရဲ့ ကျောပြင်ကို တွေ့မြင်လိုက်ရပါတယ်။

Comment

Leave a Reply

Options

not work with dark mode
Reset