Switch Mode

Chapter – 25

ဘုရားရှိခိုးကျောင်း

အခန်း (၂၅) ဘုရားရှိခိုးကျောင်း

အက်ဇစ်ဟာ သူ့ဘာသာ ရေရွတ်ရင်း ကွမ်တင်ကိုဟင်ကို တစ်ချက် ကြည့်လိုက်ပါတယ်။ အက်ဇစ်ဟာ ကွမ်တင်ကိုဟင်ဆီက အရိပ်အမြွက်ရဖို့ မျှော်လင့်နေပါတယ်။
သမုဒ္ဒရာလို မျက်လုံးနဲ့ ကိုဟင်ဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ခေါင်းခါလိုက်ပါတယ် “ငါလည်း မသိဘူး”
“အင်း… အဲဒါဆို ရင်းမြစ်စကားလုံး မျှသုံးတာနဲ့ တူတယ်” အက်ဇစ်ဟာ ဘယ်လက်ချပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်ပါတယ်။
ကလိုင်းဟာ ဘာသဲလွန်စမှမရလို့ စိတ်ပျက်သွားပေမဲ့ မနေနိုင်ဘဲ ထပ်ပြောလိုက်ပါတယ် “ဆရာနဲ့ မစ္စတာအက်ဇစ် သိတဲ့အတိုင်းပဲ… ကျွန်တော်က စတုတ္ထယုဂ် သမိုင်းကြောင်းကို စူးစမ်းရှာဖွေပြီး သမိုင်းမှန် ဖော်ထုတ်ရတာကို တော်တော်လေး စိတ်ဝင်စားတယ်… အဲဒါကြောင့်မလို့ ဆရာတို့နှစ်ယောက် ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခုခု တွေးမိရင်ပဲဖြစ်ဖြစ် သတင်းအချက်အလက် ရှာတွေ့ရင်ပဲဖြစ်ဖြစ် ကျွန်တော်ဆီကို စာရေးပေးဖို့ တောင်းဆိုချင်တယ်”
“ရတယ်… ကိစ္စမရှိပါဘူး…”
ကလိုင်းရဲ့ ဒီနေ့အပြုအမှုကို ငွေရောင်ဆံပင်နဲ့ အကြီးတန်း တွဲဖက်ပါမောက္ခ ကိုဟင်ဟာ တော်တော်လေး သဘောကျပါတယ်။
အက်ဇစ်ကလည်း ခေါင်းညိတ်လိုက်ပါတယ် “မင်းရဲ့ အိမ်လိပ်စာက အရင်အတိုင်းပဲလား”
“အခုတော့ အရင်အတိုင်းပဲ… ဒါပေမဲ့ မကြာခင် ကျွန်တော် အိမ်ပြောင်းတော့မှာ… အဲဒီအချိန်ကျရင် ကျွန်တော် စာရေးပြီး အကြောင်းကြားပါ့မယ်” ကလိုင်းဟာ ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်ပါတယ်။
ကိုဟင်ဟာ သူ့လက်ထဲက အနက်ရောင် လက်ကိုင်တုတ်ကို လှုပ်ခါလိုက်ပါတယ် “အင်း… ဟုတ်တယ်… မင်း ဒီထက်ပိုကောင်းတဲ့ ပတ်ဝန်းကျင်ကို ပြောင်းသင့်နေပြီ”
အဲဒီအချိန်မှာပဲ ကလိုင်းဟာ အက်ဇစ်လက်ထဲက သတင်းစာကို တစ်ချက်ကြည့်ပြီး…
“ဆရာ… ဝဲလ်နဲ့ နာယာရဲ့ အမှုကို သတင်းစာက ဘယ်လိုရေးထားလဲ… ကျွန်တော်လည်း လာစုံစမ်းတဲ့ ရဲဆီကနေ နည်းနည်းပဲ သိထားတယ်”
အက်ဇစ်က ဖြေဖို့ ပြင်လိုက်စဉ်မှာပဲ ကိုဟင်ဟာ အိတ်ကပ်ထဲကနေ အိတ်ဆောင်နာရီကို ရုတ်တရက် ဆွဲထုတ်လိုက်ပါတယ်။ ဒီအိတ်ဆောင်နာရီရဲ့ ရွေချိန်းကြိုးဟာ ကိုဟင်ရဲ့ ဝတ်စုံနဲ့ ချိတ်ထားပါတယ်။
“ကလစ်…”
ကိုဟင်ဟာ အိတ်ဆောင်နာရီကို ဖွင့်ပြီး ကြည့်လိုက်ပါတယ်။
“ညီလာခံ စတော့မယ်… အက်ဇစ် အချိန်မရှိတော့ဘူး… မိုရက်တီကို သတင်းစာ ပေးထားခဲ့လိုက်”
“အင်း…” အက်ဇစ်ဟာ သူဖတ်ပြီးသား သတင်းစာကို ကလိုင်းဆီ ပေးလိုက်ပါတယ် “ငါတို့ အပေါ်တက်တော့မယ်… ငါတို့ဆီ စာရေးဖို့ မမေ့နဲ့နော်… ငါတို့ရဲ့ လိပ်စာက မပြောင်းသေးဘူး… ခွိုင်းတက္ကသိုလ် သမိုင်းဌာန ရုံးခန်းပဲ… ဟားဟား…”
အက်ဇစ်ဟာ ရယ်မောရင်း ကိုဟင်နဲ့အတူ အခန်းထဲကနေ ထွက်ခွာသွားပါတယ်။
ကလိုင်းဟာ ဦးထုပ်ချွတ်ပြီး ဦးညွှတ်လိုက်ပါတယ်။ သူ့ဆရာနဲ့ မစ္စတာအက်ဇစ် မြင်ကွင်းကနေ ပျောက်ကွယ်သွားတော့မှ ကလိုင်းဟာ ရုံးခန်းပိုင်ရှင် ဟာဗင်စတုန်းကို နှုတ်ဆက်ပြီး အခန်းထဲကနေ ထွက်လာခဲ့ပါတယ်။ ကလိုင်းဟာ လူသွားစင်္ကြန်မှာ တစ်လမ်းချင်း လျှောက်ရင်း မီးခိုးရောင် သုံးထပ် အဆောက်အဦးကနေ ထွက်လိုက်ပါတယ်။
ကလိုင်းဟာ နေကို ကျောပေးပြီး လက်ကိုင်တုတ်ကိုမကာ သတင်းစာ ဖွင့်ဖတ်လိုက်ပါတယ်။ ကလိုင်း ပထမဆုံး တွေ့လိုက်ရတာက ထင်းဂန် မနက်ခင်း သတင်းစာဆိုတဲ့ ခေါင်းစီးပါ။
‘ထင်းဂန်က တကယ်ကို သတင်းစာမျိုးစုံ မဂ္ဂဇင်းမျိုးစုံပဲ… မနက်ခင်း သတင်းစာ… ညနေခင်း သတင်းစာ… သတင်းမှန်… ဘက်ကလင် နေ့စဉ်သတင်းစာ… ထာ့ဆစ်တိုမ်း သတင်းစာ… မိသားစုမဂ္ဂဇင်းနဲ့ စာအုပ်သုံးသပ်ချက်… အို… စုံနေတာပဲ…’
ကလိုင်းဟာ စိတ်ထဲမှာ ပေါ်လာတဲ့ နာမည်တချို့ကို ဒီအတိုင်း တွေးမိလိုက်ပါတယ်။ သတင်းစာတချို့က နယ်ခံသတင်းစာတွေ မဟုတ်ပါဘူး။ မီးရထားနဲ့ သယ်လာတဲ့ နယ်ကျော် သတင်းစာတွေပါ။
အခုခေတ်မှာ စက္ကူထုတ်လုပ်တာနဲ့ ပုံနှိပ်တာက ပိုပိုပြီး ခေတ်မီလာတဲ့အတွက် သတင်းစာ ဈေးနှုန်းကလည်း တစ်စောင်ကို တစ်ပဲနိပဲ ကျတဲ့အထိ ကျဆင်းသွားပါတယ်။ ဈေးနှုန်းချိုသာတော့ သတင်းစာဖတ်တဲ့ လူတွေလည်း ပိုပိုများလာပါတယ်။
ကလိုင်းဟာ သတင်းစာကို အသေးစိတ် မဖတ်ဘဲ လက်နက်ကိုင် ဖောက်ထွင်းသမားများ လူသတ်မှု ကျူးလွန်ခြင်းဆိုတဲ့ စာမျက်နှာကို ချက်ချင်း ကောက်လှန်လိုက်ပါတယ်။
“ရဲဌာနရဲ့ အဆိုအရ မစ္စတာဝဲလ်ရဲ့ နေအိမ် မြင်ကွင်းဟာ ကြောက်စရာ တော်တော် ကောင်းပါတယ်… ရွှေငွေ ကျောက်မျက်ရတနာတွေ ပိုက်ဆံတွေနဲ့ လွယ်လင့်တကူ ယူဆောင်လို့ရတဲ့ တန်ဖိုးကြီး ပစ္စည်းတွေ အကုန်လုံး ပျောက်ဆုံးနေပြီး တစ်ပဲနိတောင် ချန်မထားခဲ့ဘူးလို့ သိရပါတယ်… ဒီအမှုကို ကျူးလွန်သူတွေက ရက်စက်ကြမ်းကြုတ်တဲ့ လက်နက်ကိုင် ဖောက်ထွင်းသမားတွေ ဖြစ်နိုင်ပါတယ်… သူတို့ရဲ့ မျက်နှာတွေ ပေါ်သွားလို့ အပြစ်မရှိတဲ့ မစ္စတာဝဲလ်နဲ့ မစ္စနာယာကို သတ်ဖြတ်သွားတာလို့ ရဲဌာနက ကောက်ချက် ချထားပါတယ်”
“ဒီအမှုက ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဥပေဒကို မထီမဲ့မြင်လုပ်တာပါ… ဒါက ကျွန်တော်တို့ရဲ့ လုထူလုံခြုံရေးကို စိန်ခေါ်တာဆိုရင်လည်း မမှားပါဘူး… ဘယ်သူမှ ဒီလိုအဖြစ်ဆိုးမျိုး မကြုံချင်ကြပါဘူး… ဒါပေမဲ့ သတင်းကောင်းတစ်ခုက ရဲဌာနဟာ လူသတ်သမားတွေရဲ့ တည်နေရာကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး အဓိကတရားခံကို ဖမ်းဆီးနိုင်ခဲ့ပြီလို့ သိရပါတယ်… ဆက်စပ်သတင်းတွေ ရှိလာခဲ့ရင်လည်း အကောင်းဆုံး ကြိုးစားပြီး တင်ဆက်သွားပါ့မယ်”
“သတင်းထောက် – ဂျွန်ဘရောင်းနင်း”
‘သူတို့တွေ ဒီကိစ္စကို သေချာကိုင်တွယ်လိုက်ပြီပဲ…’ ကလိုင်းဟာ ဘေးနှစ်ဘက်မှာ သစ်ပင်တွေ တန်းစီစိုက်ထားတဲ့ လမ်းကျယ်ကြီးမှာ လျှောက်ရင်း မသိမသာ ခေါင်းညိတ်လိုက်ပါတယ်။
အဲဒီနောက် ကလိုင်းဟာ သတင်းစာကို လှန်လှောကြည့်ပြီး တခြားသတင်းတွေ လျှောက်ဖတ်ရင်း လမ်းမကြီးအတိုင်း ဆက်လျှောက်ပါတယ်။
အဲဒီအချိန်မှာပဲ ကလိုင်းဟာ ရုတ်တရက်ဆိုသလို လည်ပင်းနောက်က ဆံပင်မွေးတွေ ထောင်သွားပြီး အပ်ထိုးခံရသလိုမျိုး ခံစားလိုက်ရပါတယ်။
‘တစ်ယောက်ယောက်က ငါ့ကို ကြည့်နေတယ်… ငါ့ကို အကဲခတ်နေတာလား… စောင့်ကြည့်နေတာလား…’ အတွေးမျိုးစုံ ကလိုင်းရဲ့ ခေါင်းထဲကို လှိမ့်ဝင်လာပါတယ်။
၂၁ ရာစုမှာတုန်းကလည်း ကလိုင်းဟာ တစ်ယောက်ယောက်က သူ့ကို စိုက်ကြည့်နေတယ်လို့ ခံစားရဖူးပါတယ်။ အဲဒီတုန်းက သူ နောက်လှည့်ကြည့်လိုက်တဲ့အခါ သူ့ကို ဘယ်သူ ကြည့်နေလဲဆိုတာ ရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ခံစားချက်ဟာ အခုလောက်ထိ မရှင်းလင်းလွန်းပါဘူး။
ကလိုင်းရဲ့ အရင်မှတ်ဉာဏ် အပိုင်းအစတွေထဲမှာလည်း ဒီလိုပါပဲ။
‘ငါ ဘဝကူးပြောင်းလာလို့ ဒီလို ရှင်းရှင်းလင်းလင်း ခံစားနိုင်တာလား… ဒါမှမဟုတ် ကံကောင်းစေတဲ့ အစီအရင်က ငါ့ရဲ့ ဆဋ္ဌမအာရုံ အားကောင်းလာတာလား…’
ကလိုင်းဟာ ပြန်လှည့်ကြည့်ချင်တဲ့ စိတ်ကို ကြိုးစားချိုးနှိမ်လိုက်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ ဝတ္ထုတွေ ဇာတ်ကားတွေထဲက အတိုင်း ခြေလှမ်းကို နှေးနှေးလျှောက်ပြီး သတင်းစာကို သိမ်းကာ ခွိုင်းမြစ်ဆီ ကြည့်လိုက်ပါတယ်။
အဲဒီနောက် ကလိုင်းဟာ သဘာဝရှုခင်းကို ကြည့်ရှုခံစားနေသလိုမျိုး ဟိုဟိုဒီဒီ လိုက်ကြည့်ပြီး အရပ်ရှစ်မျက်နှာကို လျှောက်ကြည့်ပါတယ်။ ကလိုင်းဟာ သဘာဝကျကျ သရုပ်ဆောင်ပြီး သူ့ပတ်ဝန်းကျင်မှာရှိ အရာမှန်သမျှကို အကဲခတ်တာပါ။
သစ်ပင်တွေ မြက်ခင်းပြင်တွေ အဝေးမှာ လမ်းလျှောက်နေတဲ့ ကျောင်းသားတွေကလွဲရင် တခြားလူ တစ်ယောက်မှ မရှိပါဘူး။ ဒါပေမဲ့ ကလိုင်းဟာ သူ့ကို တစ်ယောက်ယောက်က စိုက်ကြည့်နေတယ်လို့ ခံစားရတုန်းပါ။
‘ဒါ…’
ကလိုင်းဟာ နှလုံးခုန်မြန်ပြီး တစ်ကိုယ်လုံး ထူပူလာပါတယ်။ ကလိုင်းဟာ သတင်းစာကို ဖြန့်ပြီး မျက်နှာကို ကာလိုက်ပါတယ်။ တစ်ယောက်ယောက်က သူ့မျက်နှာ မူမမှန်တာကို ရှာတွေ့သွားမှာစိုးလို့ပါ။ တစ်ချိန်တည်းမှာပဲ ကလိုင်းဟာ လက်ကိုင်တုတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး သေနတ်ဆွဲထုတ်ဖို့ အသင့်ပြင်လိုက်ပါတယ်။
ပထမခြေလှမ်း။
ဒုတိယခြေလှမ်း။
တတိယခြေလှမ်း။
ကလိုင်းကို ရှေ့ကို ဖြည်းဖြည်းချင်း လျှောက်ပါတယ်။
ချောင်းကြည့်ခံရတဲ့ ခံစားချက်က ပျောက်မသွားသေးပါဘူး။ ဒါပေမဲ့ ဘေးအန္တရာယ်က ရုတ်တရက်ကြီး ကျရောက်မလာသေးပါဘူး။
ကလိုင်းဟာ လမ်းကျယ်ကြီးပေါ်မှာ စက်ရုပ်လို လမ်းလျှောက်ရင်း အများသုံး မြင်းလှည်း မှတ်တိုင်ကို ရောက်သွားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အများသုံး မြင်းလှည်းတစ်းစီးလည်း ရောက်လာပါတယ်။
“သံ… ဇိုးတ… မဟုတ်ဘူး… ရှန်ပိန်လမ်း”
ကလိုင်းဟာ ပထမတော့ အိမ်ချက်ချင်း ပြန်ဖို့ပါ။ ဒါပေမဲ့ ကလိုင်းဟာ အမျိုးအမည်မသိတဲ့ စောင့်ကြည့်သူကို သူ့အိမ်ဆီ ခေါ်မသွားချင်ပါဘူး။ အဲဒါကြောင့် အိမ်ပြန်ဖို့ အစီအစဉ်ကို ဖျက်လိုက်ပါတယ်။ အဲဒီနောက် ကလိုင်း တွေးမိတာက ဇိုးတလန်လမ်းဆီသွားပြီး ညသိမ်းငှက်ဆီက အကူအညီယူဖို့ပါ။ ဒါပေမဲ့ အဲဒီလိုလုပ်ရင် သူ့ရန်သူကို သတိပေးသလို ဖြစ်သွားပြီး ညသိမ်းငှက်ရဲ့ တည်ရှိမှု ပေါ်သွားနိုင်ပါတယ်။ အဲဒါကြောင့် ကလိုင်းဟာ တခြားနေရာတစ်ခုကို ရွေးချယ်လိုက်တာပါ။
“ခြောက်ပဲနိ”
လက်မှတ်ဖြတ်တဲ့ အရာရှိက ထုံးစံအတိုင်း ပြန်ဖြေပါတယ်။
ကလိုင်းဟာ ဒီနေ့တော့ ဘာရွှေပေါင်မှ ယူမလာပါဘူး။ သိမ်းနေကျနေရာမှာ သိမ်းထားခဲ့ပြီး တစ်ဆိုလီတန် နှစ်ရွက်ပဲ ယူလာခဲ့ပါတယ်။ ဒီကိုလာတုန်းကလည်း မြင်းလှည်းငှားစီးလာခဲ့တာကြောင့် ကလိုင်းဆီမှာ လောလောဆယ် တစ်ဆိုလီနဲ့ ခြောက်ပဲနိပဲ ကျန်ပါတော့တယ်။ အဲဒါကြောင့် ကလိုင်းဟာ အကြွေစေ့တွေ အကုန်လုံး ထုတ်ယူပြီး လက်မှတ်ဖြတ် အရာရှိကို ပေးလိုက်ပါတယ်။
ကလိုင်းဟာ မြင်းလှည်းထဲမှာ နေရာလွတ် တစ်နေရာရှာပြီး ဝင်ထိုင်လိုက်ပါတယ်။ နောက်ဆုံး မြင်းလှည်းတံခါး ပိတ်လိုက်တဲ့ အချိန်မှာတော့ စောင့်ကြည့်ခံရတဲ့ ခံစားချက်လည်း ပျောက်ကွယ်သွားပါတယ်။
ကလိုင်းဟာ လေပူတစ်ချက် မှုတ်ထုတ်မိလိုက်ပါတယ်။
‘ငါ ဘာလုပ်ရမလဲ’
‘ငါ ဘာဆက်လုပ်သင့်လဲ’
ကလိုင်းဟာ မြင်းလှည်းအပြင်ဘက်ကို လှမ်းကြည့်ရင်း ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ဦးနှောက်ကို မွှေနှောက်ပြီး အဖြေရှာပါတယ်။
သူ့ကို စောင့်ကြည့်နေတဲ့လူရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရမချင်း ကလိုင်းဟာ ဒီလူက မကောင်းတဲ့ ရည်ရွယ်ချက် ရှိတယ်လို့ ယူဆပါတယ်။
အတွေးမျိုးစုံ ပေါ်လာပေမဲ့ ကလိုင်းဟာ ဒီအတွေးတွေကို ချက်ချင်း ဖျောက်ပစ်ပါတယ်။ ကလိုင်းဟာ ဒီလိုကိစ္စမျိုးကို တစ်ခါမှ မကြုံဖူးပါဘူး။ အဲဒါကြောင့် ဆုံးဖြတ်ချက်မှန်မှန် ချနိုင်ဖို့ ခေါင်းအေးအေးထားပြီး စဉ်းစားဖို့ လိုပါတယ်။
သူ ညသိမ်းငှက်တွေကို အသိပေးဖို့ လိုပါတယ်။ ညသိမ်းငှက်ပဲ ဒီခြိမ်းခြောက်မှုကို ရှင်းလင်းနိုင်မှာပါ။
‘ဒါပေမဲ့ ငါ အဲဒီနေရာကို တိုက်ရိုက်သွားလို့ မဖြစ်ဘူး… ညသိမ်းငှက်ရဲ့ တည်ရှိမှု ပေါ်သွားနိုင်တယ်… ဒါက ငါ့ကို စောင့်ကြည့်နေတဲ့လူရဲ့ ရည်ရွယ်ချက်လည်း ဖြစ်နိုင်တယ်…’
ကလိုင်းဟာ ဖြစ်နိုင်ခြေမျိုးစုံကို စဉ်းစားရင်း အတွေးတွေက ရှင်းလင်း ပြတ်သားလာပါတယ်။
“ဟူး…”
ဒီလိုနဲ့ ကလိုင်းဟာ ပြန်ပြီးတော့ တည်ငြိမ်သွားပါတယ်။ ကလိုင်းဟာ မြင်းလှည်းအပြင်ဘက်က တရိပ်ရိပ်ဖြတ်သွားတဲ့ မြင်ကွင်းကို သေချာကြည့်ရှုပါတယ်။
ရှန်ပိန်လမ်းဆီ သွားတဲ့လမ်းမှာ ဘာမတော်တဆမှုမှ မတွေ့ရပါဘူး။ ဒါပေမဲ့ ကလိုင်း မြင်းလှည်းပေါ်က ဆင်းလိုက်တဲ့အခါမှာ‌တော့ စောင့်ကြည့်ခံရတဲ့ မသက်မသာ မခံစားချက်က ပြန်ပေါ်လာပါတယ်။
ကလိုင်းဟာ ဘာမှမသိသလိုမျိုး ဟန်ဆောင်ပြီး သတင်းစာနဲ့ လက်ကိုင်တုတ်ကို ကိုင်ကာ ဇိုးတလန်လမ်းဆီ လျှောက်ပါတယ်။ ဒါပေမဲ့ ကလိုင်းဟာ ဇိုးတလန်လမ်းထဲ မဝင်ဘဲ ဇိုးတလန်လမ်း နောက်မှာရှိတဲ့ လရောင်နီလမ်းဆီ ဦးတည်ပါတယ်။
လရောင်နီလမ်းမှာ ရှုမငြီးတဲ့ အဖြူရောင် ပလာဇာနဲ့ ခေါင်မိုးချွန် ဘုရားရှိခိုးကျောင်းကြီး ရှိပါတယ်။
သူတောင်စင် ဆယ်လီနာ ဘုရားရှိခိုးကျောင်း။
ထာဝရညနတ်ဘုရားမ ဘုရာကျောင်း ထင်းဂန်ရုံးချုပ်။
ထာဝရည နတ်ဘုရားမ ကိုးကွယ်သူအနေနဲ့ အားလပ်ရက်မှာ ဘုရားကျောင်းသွားတာက ဘာမှထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ သံသယ ဝင်စရာလည်း မရှိပါဘူး။
ဘုရားရှိခိုးကျောင်းရဲ့ ဗိသုကာလက်ရာက ရှေးခေတ်ဥရောပ ဗိသုကာလက်ရာနဲ့ ဆင်တူပါတယ်။ ဒီဘုရားရှိခိုးကျောင်းမှာ ရှည်လျားနက်မှောင်ပြီး ခန့်ညားထည်ဝါတဲ့ နာရီစင်လည်း ရှိပါတယ်။ ဒီနာရီမျှော်စင်က ကျားကွက်ပုံစံရှိတဲ့ အပြာရောင် အနီရောင် ပြတင်းပေါက်တွေကြားမှာ တည်ရှိနေပါတယ်။
ကလိုင်းဟာ ဘုရားရှိခိုးကျောင်းထဲ ဝင်ပြီးနောက် မင်းလမ်းအတိုင်းလျှောက်ကာ ဆုတောင်းခန်းမဆီ ရောက်သွားပါတယ်။ လမ်းတစ်လျှောက်မှာရှိတဲ့ မှန်ကာပြတင်းပေါက်တွေကလည်း အနီရောင်နဲ့ အပြာရောင် ကျားကွက်ပုံရှိတာကြောင့် ရောင်ခြယ်အလင်းရောင်ဟာ ခန်းမထဲမှာ တောက်ပနေပါတယ်။
အပြာရောင်က အနက်ရောင်ဘက် နီးပြီး အနီရောင်ကတော့ ကြက်သွေးရောင် လရောင်နဲ့ အတူတူပါပဲ။ ဒီအလင်းရောင် နှစ်ရောင်က ဘေးပတ်ဝန်းကျင်ကို နက်မှောင်ပြီး လျှို့ဝှက်ဆန်းကြယ်တယ်လို့ ခံစားရစေပါတယ်။
စောင့်ကြည့်ခံရတဲ့ ခံစားချက်ဟာ ပျောက်ကွယ်သွားပါတယ်။ ကလိုင်းဟာ ဘာမှမဖြစ်သလိုမျိုး တံခါးဖွင့်ထားတဲ့ ဆုတောင်းခန်းမထဲ ဝင်လိုက်ပါတယ်။
ဒီနေရာမှာ ပြတင်းပေါက် မြင့်မြင့်တွေ မရှိတာကြောင့် အမှောင်ထုက တော်တော်လေး နက်ရှိုင်းပါတယ်။ ဒါပေမဲ့ စက်ဝန်းပုံ ပူဇော်စားပွဲရဲ့ နောက်မှာတော့ စက်ဝိုင်းပုံစံရှိတဲ့ လက်သီးဆုပ်အရွယ် အလင်းပေါက် နှစ်ဆယ် ရှိနေပါတယ်။ ဒီအလင်းပေါက် နှစ်ဆယ်က ဆုတောင်းခန်းမ တံခါးရဲ့ မျက်နှာချင်းဆိုင်နံရံမှာ ရှိနေတာပါ။ နေရာင်ခြည်ဟာ ဒီအလင်းပေါက် နှစ်ဆယ်ကို ဖြတ်သန်းပြီး ခန်းမထဲ ကျဆင်းနေပါတယ်။
ဒီအလင်းပေါက်တွေဟာ ညအမှောင်ထုထဲက ကြယ်တာယာတွေလိုပါပဲ။
ကလိုင်းဟာ နတ်ဘုရားတွေကို ပိုင်းခြားစိတ်ဖြာပြီး နားလည်နိုင်တယ်လို့ ယုံကြည်ထားပေမဲ့ ဒီနေရာမှာတော့ ခေါင်းမငုံ့ဘဲ မနေရဲပါဘူး။
ဂိုဏ်းအုပ်ဘုန်းတော်ကြီးဟာ အေးချမ်းသာယာတဲ့အသံနဲ့ တရားဟောနေပါတယ်။ ကလိုင်းဟာ လူသွားလမ်းနဲ့နီးတဲ့ နေရာလွတ်တစ်ခုရှာကာ ဝင်ထိုင်လိုက်ပါတယ်။
ကလိုင်းဟာ လက်ကိုင်တုတ်ကို သူ့ရှေ့က ခုံမှာ မှီလိုက်ပါတယ်။ အဲဒီနောက် ဦးထုပ်ချွတ်ပြီး သတင်းစာနဲ့အတူ ပေါင်ပေါ် တင်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ လက်နှစ်ဖက်ဆုပ်ပြီး ခေါင်းငုံ့လိုက်ပါတယ်။ မသိရင် တကယ် လာဆုတောင်းသလိုပါပဲ။
ကလိုင်းဟာ မျက်လုံးမှိတ်ပြီး ဂိုဏ်းအုပ် ဘုန်းတော်ကြီးရဲ့ အသံကို တိတ်တဆိတ် နားထောင်ပါတယ်။
“အဝတ်အစားနဲ့ စားစရာ ရှားပါပြီး အအေးဒဏ်ကို ကာကွယ်ဖို့ ဘာမှမရှိဘူး”
“နားခိုစရာမရှိလို့ မိုးရေတွေ စိုရွှဲပြီး ကျောက်စိုင်ကျောက်ခဲတွေဘေးမှာ တိုးဝှေ့နေရတယ်”
“သူတို့တွေက မျှော်လင့်ချက် မရှိတော့တဲ့ မိဘမဲ့ကလေးငယ်တွေ… လမ်းမှန်ကနေ မောင်းချခံရတဲ့ ဆင်းရဲသားတွေ…”
“ထာဝရညက သူတို့ကို မစွန့်ပစ်ဘူး… သူတို့ကို ချစ်ခြင်းမေတ္တာနဲ့ ထွေးပိုက်တယ်”
…..
နားထဲဝင်လာပြီး ပဲ့တင်ထပ်သွားတဲ့ အသံနဲ့အတူ ကလိုင်းဟာ စိတ်လက်ပေါ့ပါးသွားတယ်လို့ ခံစားလိုက်ရပါတယ်။ ကလိုင်းဟာ ဂိုဏ်းအုပ် ဘုန်းတော်ကြီး တရားဟောပြီးလို့ ဓမ္မသီချင်း သီဆိုတဲ့အထိ တည်တည်ငြိမ်ငြိမ်နဲ့ အများနည်းတူ လိုက်လုပ်ပါတယ်။
အဲဒီနောက် ဂိုဏ်းအုပ်ဘုန်းတော်ကြီးဟာ သူ့ဘေးက အပြစ်ဝန်ခံခန်းကို ဖွင့်လိုက်ပါတယ်။ ယောက်ျား မိန်းမတွေဟာ စပြီးတော့ တန်းစီပါတယ်။
ကလိုင်းဟာ မျက်လုံးဖွင့်ပြီး ဦးထုပ် ပြန်ဆောင်းလိုက်ပါတယ်။ အဲဒီနောက် လက်ကိုင်တုတ်နဲ့ သတင်းစာကို ကောက်ယူပြီး မတ်တတ်ရပ်ကာ ဝင်တန်းစီပါတယ်။
မိနစ် ၂၀ ကျော် စောင့်ပြီးတဲ့နောက်မှာတော့ ကလိုင်းရဲ့ အလှည့်ကို ရောက်လာပါတယ်။
ကလိုင်းဟာ အထဲဝင်ပြီး နောက်က တံခါးကို ပိတ်လိုက်ပါတယ်။ သူ့ရှေ့မှာ အမှောင်ထုပဲ ရှိပါတယ်။
“ငါ့သား… ဘာဝန်ခံချင်လဲ” ဂိုဏ်းအုပ် ဘုန်းတော်ကြီးရဲ့အသံဟာ သစ်သားဆန်ကာ နောက်ကနေ ထွက်ပေါ်လာပါတယ်။
ကလိုင်းဟာ အဖွဲ့ခုနစ် အထူးစစ်ဆင်ရေးဌာန တံဆိပ်ကို အိတ်ကပ်ထဲက ထုတ်ယူပြီး ပွင့်နေတဲ့တံခါးကနေ ဂိုဏ်းအုပ်ဘုန်းကြီးဆီ လှမ်းပေးလိုက်ပါတယ်။
“တစ်ယောက်ယောက်က ကျွန်တော့်နောက်ကို လိုက်နေတယ်… ကျွန်တော် ဒန်းစမစ်ကို တွေ့ချင်တယ်”
အမှောင်ထုရဲ့ လွှမ်းမိုးမှုကြောင့်လား မပြောတတ်ပါဘူး။ ကလိုင်းရဲ့ လေသံဟာ ပျော့ပျောင်းနေပါတယ်။
ဂိုဏ်းအုပ်ဘုန်းကြီးဟာ တံဆိပ်ကို ယူကြည့်ပြီးနောက် လေးငါးစက္ကန့်လောက် တိတ်ဆိတ်သွားပါတယ်။ ပြီးတော့မှ…
“ဒီအခန်းက ထွက်သွားပြီးရင် ညာဘက်ကွေ့လိုက်… ပြီးရင် အဆုံးထိလျှောက်… အဲဒီနားမှာ လျှို့ဝှက်တံခါးရှိတယ်… အထဲရောက်ရင် တစ်ယောက်ယောက်က လမ်းပြပေးလိမ့်မယ်”
ဂိုဏ်းအုပ်ဘုန်းကြီးဟာ ပြောပြောဆိုဆို အခန်းထဲက ကြိုးတစ်ချောင်းကို ဆွဲလိုက်ပါတယ်။ ဘုန်းတော်ကြီးတစ်ပါးပါးကို ခေါင်းလောင်းကြိုးဆွဲပြီး အချက်ပေးလိုက်တာပါ။
ကလိုင်းဟာ သူ့တံဆိပ်ကို ပြန်ယူပြီး ဦးထုပ်ချွတ်ကာ ရင်ဘက်ပေါ် တင်လိုက်ပါတယ်။ အဲဒီနောက် အသာဦးညွှတ်ပြီး အခန်းထဲက ထွက်လိုက်ပါတယ်။
စောင့်ကြည့်ခံရတဲ့ ခံစားချက် ပျောက်ကွယ်သွားတာကို အတည်ပြုပြီးမှ ကလိုင်းဟာ ဦးထုပ် ပြန်ဆောင်းလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ညာဘက်ကွေ့ပြီး ဆက်လျှောက်တဲ့အခါ စားပွဲခုံးတစ်ခုဆီ ရောက်သွားပါတယ်။ အဲဒီနားမှာ ကလိုင်းဟာ လျှို့ဝှက်တံခါးတစ်ခုကို ရှာတွေ့သွားပါတယ်။
ကလိုင်းဟာ ဘေးဘီဝန်းကျင်ကို အကဲခတ်ပြီးနောက် လျှို့ဝှက်တံခါးထဲ ခပ်မြန်မြန် ဝင်လိုက်ပါတယ်။
လျှို့ဝှက်တံခါး ပြန်ပိတ်သွားတဲ့အခါ ဓာတ်ငွေ့မီးအိမ်ရဲ့ အလင်းရောင်အောက်မှာ သတ်လတ်ပိုင်းအရွယ် အနက်ရောင်ဝတ်ရုံနဲ့ ဘုန်းတော်ကြီးတစ်ပါး ပေါ်လာပါတယ်။
“ဘာကိစ္စလဲ” ဘုန်းတော်ကြီးက တိုတိုတုတ်တုတ် မေးပါတယ်။
ကလိုင်းဟာ သူ့တံဆိပ်ကို ပြပြီး ဂိုဏ်းအုပ်ဘုန်းတော်ကြီးကို ပြောခဲ့တဲ့အတိုင်း ထပ်ပြောလိုက်ပါတယ်။
သက်လတ်ပိုင်း ဘုန်းတော်ကြီးဟာ ဘာမှထပ်မမေးတော့ဘဲ ရှေ့ကနေ တိတ်တဆိတ် လျှောက်ပြီး လမ်းပြပါတယ်။
ကလိုင်းဟာ ခေါင်းညိတ်ပြီး ဦးထုတ်ချွတ်ကာ နောက်ကနေ တိတ်တဆိတ် လိုက်ပါတယ်။
ချန်စီဂိတ်ဆီသွားတဲ့ လမ်းဆုံမှာ ဘယ်ဘက်သွားတဲ့လမ်းက သူတော်စင်ဆယ်လီနာ ဘုရားရှိခိုးကျောင်းကို ရောက်တယ်လို့ ရိုဇန်း တစ်ခါက ပြောဖူးပါတယ်။

Comment

Leave a Reply

Options

not work with dark mode
Reset